Pages

.

“ အားလုံးအတွက် ကုရ်အာန် ” - ၁၉

“ အားလုံးအတွက် ကုရ်အာန် ” - ၁၉
***************************
ဘာသာတရားသုံးရပ် ၏ အချိတ်အဆက်
=====================
အစ္စလာမ်၊ ခရစ်ယာန် နှင့် ဂျူးတို့၏ ယေဘူယျဖြစ်သောအခြေခံအကြောင်းရပ်ကို ကုရ်အာန်မှ နည်းလမ်းသုံးသွယ်ဖြင့် ပြသထား၏။
* ဖန်ဆင်းရှင်တစ်ပါးတည်းအပေါ်ထားရှိသော ဘာသာရေးယုံကြည်မှု
* ယေဘူယျကျသည့် ဗျာဒိတ်တော်လာဥပဒေသများ
* တမန်တော်တို့၏ဖြစ်စဉ်ဖော်ပြချက် တူညီနေမှု

၁။ တစ်ဆူရှင်ဝါဒ၌သာ ညီညွတ်စွာယုံကြည်မှု
-----------------------------------------------
ကုရ်အာန်က ဂျူး နှင့် ခရစ်ယာန်တို့အား ရည်ညွှန်းထားသည်မှာ -

အို - ကျမ်းဂန်ရရှိသူအပေါင်းတို့။ ကျွန်ုပ်တို့နှင့်အသင်တို့အကြား ယေဘူယျဖြစ်သော စကားဖက်သို့အသင်တို့မှ လာရောက်ကြကုန်။ (ထိုစကားရပ်သည်ကား) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည်ကိုမျှ မကိုးကွယ်၊ ငါတို့သည် ထိုအရှင်မြတ်နှင့်မည်သည့်အရာကိုမျှ ယှဉ်ပြိုင် တွဲဖက်မပြု၊ ငါတို့သည် အလ္လာဟ်အရှင်မြတ်ကို ဖယ်ကြဉ်၍ မိမိတို့အနက်မှလူအချို့ကို အရှင်သခင် နှင့် ဂိုဏ်းနာယကအဖြစ် မပြုလုပ်။ ကုရ်အာန် ( ၃း ၆၄ )

ဂျူး နှင့် ခရစ်ယာန်တို့သည် တစ်ဆူရှင်တည်းအပေါ်ယုံကြည်မှု၌ တစ်ချိန်က ကြပ်ကြပ်မတ်မတ် ရှိခဲ့ကြသည့်ယေဘူယျသဘောကို ကုရ်အာန်မှ ထောက်ပြထားသည်။ ယင်းယုံကြည်မှု၌ တမန်တော်နှင့်သူတော်စင်များအားကိုးကွယ်ခြင်း အလျဉ်းမရှိ။ ၄င်းတို့ကို ထာဝရဖန်ဆင်းရှင်အလား အရာထားခြင်း အလျဉ်းမရှိချေ။


'' စင်စစ်တမူကား ထို (အလ္လာဟ်)အရှင်မြတ်သည်သာ ကျွန်ုပ်တို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း ဖန်ဆင်းမွေးမြူစောင့်ရှောက်တော်မူသောအရှင်သခင်တည်း '' (၂း ၁၃၉ ) ဟု ရှေးကျမ်းရသူများကို ကုရ်အာန်အားဖြင့် မုဟမ္မဒ် (ဆွ)မှတစ်ဆင့် အသိပေးပြောကြားစေခဲ့ပါသည်။ ဤသို့အားဖြင့် ၄င်းတို့အနက် တစ်ဆူရှင်ဝါဒ၌ တည်ရှိနေကြသူများ နှင့် မုစ်လင်မ်တို့အကြား ကျမ်းဂန်နှင့်စပ်လျဉ်းပြီး အငြင်းပွါးရန် မလိုအပ်တော့ချေ။
ကျမ်းမြတ်ကုရ်အာန်သည် သတိပေးနှိုးဆော်ချက် ဆိုသည့် ဂုဏ်ပုဒ်အတိုင်း ဂျူး နှင့် ခရစ်ယာန်တို့အား ဖန်ဆင်းရှင်နှင့်ပြုခဲ့သည့် ၄င်းတို့၏မဟာပဋိညာဉ်ကို ပြန်ပြောင်းသတိရစေသည်။ ၄င်းကား ဖန်ဆင်းရှင်တစ်ပါးတည်းကိုသာ ယုံကြည်ကိုးကွယ်ရေး ဖြစ်ပါသည်။ ကုရ်အာန်ကလည်း မူရင်းသမ္မာကျမ်း၏ ပဋိညာဉ်ခံသူများအပေါ် ထောက်ခံချီးမွှမ်းထားပါ၏။
'' ငါ၏ရှေ့တော်မှောက်၌ ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင် ရုပ်ဆင်းတုကို ကိုယ်အဖို့ မလုပ်နှင့်။ ဦးမချ ဝတ်မပြုနှင့်။ အကြောင်းမူကား .... ''
ကြည့် - ထွက်မြောက်ရာကျမ်း ( ၂ဝး ၃ - ၅ )။
အလားတူအဓိပ္ပာယ်ထွက်သောကျမ်းချက်များကို ကုရ်အာန်၌ ကြိမ်ဖန်များစွာ တွေ့ရပေမည် (ဥပမာ - ၄း ၄၈ )။
ကုရ်အာန်သည် သမ္မာကျမ်းဖော်ပြမှုအတိုင်း '' အလ္လာဟ်အရှင်မြတ်သည် အနန္တစကြဝဠာ၏ဖန်ဆင်းတော်ရှင် ''ဟု တူညီစွာဖော်ပြထား၏။ ကြည့် - ကုရ်အာန် ( ၇း ၅၄ )။ သမ္မာကျမ်း၊ ရှင်မဿဲ ( ၁ဝး ၂၉ - ၃၁ )၏ ဦးတည်သွန်သင်ချက်အတိုင်း '' အရာရာအားလုံးမှာ ဖန်ဆင်းရှင်အလိုတော်အရသာ ဖြစ်ပျက်ရသည် '' ဟု ကုရ်အာန် ( ၆း ၅၉ ) ၌လည်း ဖော်ပြထားသည်။
ဤတစ်ဆူရှင်ဝါဒအရိပ်အောက်တွင် ဘာသာတရားအချင်းချင်း အပြန်အလှန်ဆွေးနွေးမှုကို ပြုလုပ်နိုင်ကြောင်း၊ ထိမ်းမြားလက်ထပ်မှု နှင့် အစားအသောက်ခွင့်ပြုချက်ပုံဟန်များ၌လည်း တူညီကြောင်း ကုရ်အာန်က တင်ပြထားပေသည် ( ၂၉း၄၆ ၊ ၅း ၅ ) ။

၂။ ဗျာဒိတ်ဥပဒေသများ၏ ပေါင်းကူးတံတား
-----------------------------------------------
သာသနာ နှင့် ယဉ်ကျေးမှုရေးရာ အနောက်တိုင်းဝေဖန်ရေးသမားတို့သည် အစ္စလာမ့်ဥပဒေ နှင့် ဂျူး - ခရစ်ယာန် ပေါင်းစပ်ဥပဒေများမှာ လုံးလုံးလျားလျား ဖီလာဆန့်ကျင်နေသယောင် မကြာခဏ ရုပ်လုံးဖော်တတ်ကြ၏။ တကယ်တမ်းမှာ မမှန်ကန်ပေ။ Torah နှင့် Bible ရှိ ဥပဒေများစွာသည် ကုရ်အာန်၌လည်း ပါဝင်လျက် ရှိနေသည်။ စင်စစ်မှာကား လွန်လေပြီးသော ဗျာဒိတ်တော်လာဥပဒေများ၏ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှု နှင့် အတည်ပြုမှု တို့ကို ကုရ်အာန်အဖြစ် အစ္စလာမ့်ဓလေ့အတွင်းမှ ဖော်ပြထားခြင်းဖြစ်ပါသည်။

** ပညတ်တော် ဆယ်ပါး
ဂျူး နှင့် ခရစ်ယာန်တို့ထံ၌ တူညီစွာရှိကြသော ပညတ်တော်ဆယ်ပါးကို ကျမ်းမြတ်ကုရ်အာန်၌လည်း ထပ်တူနီးပါးမျှ တွေ့မြင်ရ၏။ သို့ရာတွင် ကုရ်အာန်တွင်မူ ဓမ္မဟောင်းကျမ်းရှိ ထွက်မြောက်ရာကျမ်း ( ၂ဝး ၂ - ၁၇ ) ပါဝင်သည့်အတိုင်း အစီအစဉ်တကျဖော်ပြထားခြင်းမျိုးတော့ မဟုတ်ချေ။
ဓမ္မဟောင်းကျမ်းမှ ပထမပညတ်တော်သည် ဖန်ဆင်းရှင်မှအပ မည်သည့်အရာကိုမျှ ဘုရားအဖြစ် မကိုးကွယ်ရန် တားမြစ်ချက်ဖြစ်သည်။ ကုရ်အာန်ကလည်း ဖန်ဆင်းရှင်နှင့်မည်သည့်အရာကိုမျှ တန်းတူထားယှဉ်ဖက် မပြုရန် တင်းကြပ်စွာတားမြစ်ထားသည်။ ထိုအချက်ကို “ရှိရ်က်” ဟုခေါ်ဆိုပြီး အကြီးမားဆုံးခွင့်မလွှတ်နိုင်ဖွယ်ပြစ်မှု ဖြစ်သည်။ ယင်းဝါဒနောက်လိုက်သူသည် နောင်တမရ မပြုပြင်ဘဲ သေဆုံးပါက ထာဝရငရဲရောက်၏ ( ၄း ၄၈ )။
ဒုတိယပညတ်တော်သည် ဖန်ဆင်းရှင်အား ရုပ်ပွါးဆင်းတုအသွင် မဖန်တီးရန် တားမြစ်ထားသည်။ ကုရ်အာန်ကလည်း ဖန်ဆင်းရှင်အား ရုပ်ပွါးဆင်းတုအသွင်ဖန်တီးခြင်း နှင့် ရုပ်ဝါဒကို လက်မခံရန် သတိပေးထားသည် ( ၆း ၁ဝ၃ ၊ ၁၄း ၃ ၅ )။
တတိယပညတ်တော်သည် အချည်းနှီးကိစ္စ၌ ဖန်ဆင်းရှင်၏အမည်နာမကို အသုံးမပြုရန် တားမြစ်ထားသည်။ ကုရ်အာန်ကလည်း မုစ်လင်မ်တို့အား အဓိပ္ပါယ်မဲ့ကျိန်ဆိုခြင်းတွင် ဖန်ဆင်းရှင်၏အမည်နာမတော် သုံးခြင်းကို တားမြစ်ပိတ်ပင်ထား၏ ( ၂း ၂၂၄ )။
စတုတ္ထပညတ်တော်သည် ညဥ့်လယ်စာစားသောက်ခြင်းက မွန်မြတ်သည် ဟုဖော်ပြ၏။ ဤပညတ်မှာ ကျမ်းမြတ်ကုရ်အာန်၌ မပါဝင်ပါ။ အဘယ်ကြောင့်ဆိုသော် ၄င်းသည် အစ္စရာအီလ်မျိုးနွယ်ဝင်များအတွက်သာ သတ်မှတ်ထားခြင်းကြောင့်ပင် ( ၁၆း ၁၂၄ )။ (ကုရ်အာန်သည် လူသားမျိုးနွယ်အားလုံးအတွက် ဓမ္မခန်ကျမ်းဖြစ်သည်)
ပဉ္စမပညတ်တော်သည် မိဘနှစ်ပါးကို ဂုဏ်ပေးလေးစားရန်ဖြစ်သည်။ ကုရ်အာန်ကလည်း မိမိ၏မိဘနှစ်ပါးအပေါ် '' အုဖ် '' ဟူသည့် ငြိုငြင်သံမျိုးဖြင့်ပင် မပြောဆိုရန်အထိ လေးစားစွာ ဆက်ဆံစေသည် ( ၁၇း ၂၃ )။
ဆဌမပညတ်တော်သည် မတရားသတ်ဖြတ်ခြင်းကို တားမြစ်သည်။ ကုရ်အာန်ကလည်း လူသတ်ခြင်းကို တားမြစ်ပိတ်ပင်ပြီး၊ အသက်တစ်ချောင်းအား မတရားသတ်ဖြတ်ခြင်းမှာ လူသားမျိုးနွယ်တစ်ရပ်လုံးအား သတ်ဖြတ်ခြင်းမည်ကြောင်း နှိုင်းယှဉ်တင်ပြထားသည် ( ၅း ၃၂ ၊ ၁၇း ၃၃ )။
အဌမပညတ်တော်သည် ခိုးဝှက်ခြင်းကို တားမြစ်သည်။ ကုရ်အာန်က ခိုးဝှက်ခြင်းသည် အကြီးမားဆုံးပြစ်မှုအနက်မှဖြစ်ပြီး ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ပေးရန် ဖော်ပြထားသည် ( ၅း ၃၈ - ၃၉ )။
နဝမပညတ်တော်သည် မုသားဆိုခြင်း နှင့် လိမ်လည်သက်သေခံခြင်းတို့အား တားမြစ်ထားသည်။ ကုရ်အာန်က ယင်းအမှုနှစ်မျိုးလုံးကို တင်းကြပ်စွာတားမြစ်သည်သာမက မုစ်လင်မ်တို့အနေနှင့် ကိုယ်ကျိုးအတ္တ သို့မဟုတ် မိသားစုအား ဆန့်ကျင်ရသည့်တိုင်အောင် မှန်ရာကိုသာဆိုပါ ဟု ပညတ်သည် (၂း ၂၈၃ ၊ ၂၄း ၇ ၊ ၄း ၁၃၅ )။
ဒဿမပညတ်တော်သည် လိုချင်တပ်မက်ခြင်းကို တားမြစ်ထားသည်။ ကုရ်အာန်ကလည်း သူတစ်ပါး ၏ပိုင်ဆိုင်မှုအပေါ် လိုချင်တပ်မက်မှုအရင်းခံသည့်မကောင်းမှုလုပ်ရပ်များကို တားမြစ်ထားပေသည် ( ၂ဝး၁၃၁ )။

အခြားဥပဒေသများ
=========
အစ္စလာမ့်ဥပဒေသများ၌ ဖော်ပြထားသည့် နေ့စဉ်ကျင့်ဝတ်များမှာ သောင်ရားဟ်ကျမ်းရှိဥပဒေများနှင့် အတော်ပင်ဆင်တူလှ၏။ ဥပမာ - လင်နှင့်မယား ကိုယ်လက်နှီးနှောမှုပြီးလျှင် သန့်စင်မှုပြုရေးသည် သောင်ရားဟ်ကျမ်းရှိ ဝတ်ပြုရာကျမ်း - leviticus ( ၁၆ - ၁၈ )ဥပဒေ နှင့် အစ္စလာမ့်ဥပဒေ၌ ထပ်တူထပ်မျှ ဖြစ်နေပါ၏။
ကုရ်အာန် နှင့် သောင်ရားဟ်ရှိ ရာဇဝတ်မှုဆိုင်ရာဥပဒေများမှာလည်း တစ်ထပ်တစ်ညီတည်းသာ။ လိင်ဖောက်ပြန်မှုအပေါ် သေဒဏ်စီရင်သော အစ္စလာမ့်ရာဇဝတ်မှုဆိုင်ရာဥပဒေအား မကြာခဏ ဝေဖန်တတ်ကြ၏။ သို့သော် သောင်ရားဟ်ကျမ်းဂန်တွင်လည်း တရားမဝင်ကာမမှု နှင့် သွေးရင်းအချင်းချင်းလိင်ဆက်ဆံမှုအပေါ် သေဒဏ်အဖြစ် စီရင်စေကြောင်း တွေ့ရ၏။ ကြည့် - ဝတ်ပြုရာကျမ်း - leviticus ( ၂ဝး ၁ဝ - ၁၆ )။ အလားတူစွာပင် သေကြောင်းကြံစည်မှု နှင့် သတ်ဖြတ်မှုအား ကျမ်းဂန်နှစ်ရပ်စလုံးက သေစားသေစေပြစ်ဒဏ်ကိုပေးရန် ဖော်ပြထားသည်။ ကြည့် - ကုရ်အာန် ( ၂း ၁၇၈ - ၁၇၉ )။ ကမ္ဘာဦးကျမ်း ( ၉း ၆ )။

တူညီသောဥပဒေ၊ ကွဲပြားသောအကြောင်းခံ
--------------------------------------------
ရံဖန်ရံခါ ကျမ်းဂန်များ၌ တူညီလှသည့်ဥပဒေသများကို တွေ့မြင်ရသော်လည်း ယင်းဥပဒေသတို့၏ နောက်ကွယ်အကြောင်းတရားများမှာမူ ခြားနားမှုရှိတတ်ပါသည်။ အမျိုးသမီးများမှ ဆံပင်ကိုဖုံးအုပ်ကာကွယ်ရမည့် ဥပဒေတစ်မျိုးကို ဥပမာထား ဆွေးနွေးပါအံ့။ အမျိုးသမီးများ ဦးခေါင်းခြုံပုဝါဆောင်းရသည့်အချက်နှင့်ပတ်သက်၍ လူတို့မှ အစ္စလာမ်အား ရှုတ်ချလျက်ရှိသည်။ ခြုံပုဝါဆောင်းခြင်းကို အရဗီလို ဟိဂျာ့ဗ် ဟုခေါ်သည်။ သို့တစေ ကောရိန်သုသြဝါဒစာ ပထမစောင် ( ၁၁း ၃ - ၁ဝ )၌ ဖတ်ရှုကြည့်ပါလျှင် အကြင်အမျိုးသမီးတစ်ဦးသည် ဝတ်ပြုဆုတောင်းပါက ဆံပင်ဦးခေါင်းကိုဖုံးကာရမည် သို့တည်းမဟုတ် ဆံရိတ်လိုက်ရမည် ဟု တွေ့နိုင်ပါသည်။ ထိုနည်းတူ ဂျူးဘုန်းတော်ကြီးတို့၏ အစဉ်အဆက်ခံဝိနည်း၌ အိနြေ္ဒ နှင့် မြင့်မြတ်မှုအလို့ငှာ ဆံပင်ကို ဖုံးအုပ်ကာကွယ်ရမည်ဟု ဆိုထား၏။ အပျိုစင်မေရီ (မရ်ယံမ်သခင်မ) အပါအဝင် ရှေးကာလ ဂျူး နှင့် ခရစ်ယာန်အနွယ်ဝင်အမျိုးသမီးတို့၏ပုံကို ဖော်ပြထားသော ခေတ်သစ်ပန်းချီကားများ၌ ဤကျက်သရေဆောင်ဝတ်စားဆင်ယင်မှုကိုပင် သရုပ်ဖော်ထားပေသည်။
ဦးခေါင်းဖုံးအုပ်ခြင်းမှာ အစ္စလာမ် နှင့် ဂျူးတို့ထံ၌ တစ်သဘောတည်းဖြစ်၏။ အမျိုးသမီး၏ ဂုဏ်သိက္ခာ နှင့် ကောင်းမြတ်ခြင်းကို တန်ဖိုးထားစေလို၍ဖြစ်သည်။ သမ္မာကျမ်းလာစာပိုဒ်များတွင် ဦးခေါင်းခြုံ အမျိုးသမီးကို '' အမျိုးသားတို့၏ဘုန်းအသရေ '' ဟုပင် ဂုဏ်ပေးထားပါသည်။
ဥပဒေစည်းမျဉ်း၌တူညီသော်လည်း အကြောင်းခံကွဲပြားတတ်သည်ရှိရာ ဟိဂျာ့ဗ်သည် ဖိနှိပ်မှုသင်္ကေတ ဟူသော အနောက်တိုင်း၏အမြင်မှားကြီးကိုလည်းကောင်း၊ လက်ရှိဥရောပ၌ ဘာသာရေးနှင့်မဆိုင်သည့် အငြင်းပွားဖွယ်ဦးတည်အကြောင်းအရာကိုလည်းကောင်း ဤဖော်ပြချက်က ရှင်းပြနိုင်ပါလိမ့်မည်။

၃။ တမန်တော်ဖြစ်စဉ်များမှ တူညီသောအမွေအနှစ်
=========================
ကုရ်အာန်အရ တမန်တော်အိဘ်ရာဟီမ်၏လမ်းစဉ်ကို '' အစ္စလာမ် '' ဟုသတ်မှတ်ထားသည်။ အစ္စလာမ်၏ဆိုလိုချက်သည် '' ဖန်ဆင်းရှင်၏အလိုဆန္ဒတော်သို့ မာန်လျှော့အညံ့ခံခြင်း သို့မဟုတ် နာခံအပ်နှင်းခြင်း'' ဟူ၍ဖြစ်သည်။ ဤသည်မှာ တမန်တော်အပေါင်း၏ စကြဝဠာလုံးဆိုင်ရာသာသနာပင် ဖြစ်ကြောင်း ဖော်ကျူးနေပေသည်။
ကုရ်အာန်က မုစ်လင်မ်တို့အား ဤသို့ သင်ကြားထားပါ၏။

အသင် (မုစ်လင်မ်)တို့မှ ဤသို့ပြောဆိုကုန်။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၊ ၄င်းအပြင် ကျွန်ုပ်တို့ထံ ထုတ်ပြန်ပို့ချချက် (ကုရ်အာန်)ကိုလည်းကောင်း၊ (တမန်တော်များဖြစ်သည့်) အိဗ်ရာဟီမ်၊ အစ္စမာအီလ်၊ အစ္စဟာ့က်၊ ယအ်ကူးဘ် တို့၏မျိုးနွယ်များထံ ထုတ်ပြန်ပိုဗ့ချခဲ့သော ဓမ္မဒေသနာများကိုလည်းကောင်း၊ မူစာနှင့်အီစာတို့ထံ ချီးမြှင့်သော ဓမ္မဒေသနာများကိုလည်းကောင်း၊ နဗီတမန်တော်များထံ ၄င်းတို့၏အရှင်သခင်မှချီးမြှင့်သော ဓမ္မဒေသနာတော်များကိုလည်းကောင်း သက်ဝင်ယုံကြည်ကြပါသည်။ ကျွန်ုပ်တို့သည် ထိုတမန်တော်များအနက် တစ်ပါးနှင့်တစ်ပါးအကြား (ချိုးနှိမ်)ခွဲခြားခြင်း အလျဉ်းမပြုကြပါ။ ထိုမှတစ်ပါး ကျွန်ုပ်တို့သည် ထိုအလ္လာဟ်အရှင်မြတ်ထံ နာခံအပ်နှင်းကြသူများ ဖြစ်ကြကုန်၏။ ကုရ်အာန် ( ၂း ၁၃၆ )

ကျမ်းမြတ်ကုရ်အာန်တွင် ဖော်ပြထားသော တမန်တော်(၂၆)ပါးအနက် (၅)ဦးမှအပ ကျန်ရှိအမည်နာမများအားလုံးကို သမ္မာကျမ်းစာ၌တွေ့ရသည်။ တမန်တော်များ၏ဘဝဖြစ်စဉ်တင်ပြထားခြင်းတွင်မူ ရှုထောင့်အမြင် ကွဲပြားနေပေသည်။ ထို့ကြောင့် တမန်တော်အီစာ - Jesus အပါအဝင် တမန်တော်တိုY၏ဖြစ်စဉ်ဖော်ပြချက်၌ ကုရ်အာန်သည် ယေရှုခေတ်မတိုင်မီထုတ်ပြန်ခံရသော သောင်ရားဟ်ကျမ်းဂန်နှင့် (တင်ပြပုံ) မတူညီခြင်းဖြစ်သည်။
တမန်တော်မူစာ - Moses အကြောင်းကို ကျမ်းမြတ်ကုရ်အာန်၌ (၄၄)ကြိမ်အထိပင် ဖော်ပြထားသည်။ အကြောင်းမှာ သူ၏တမန်တော်ဖြစ်စဉ် နှင့် တမန်တော်မုဟမ္မဒ် (ဆွ)၏ တမန်တော်ဖြစ်စဉ်တို့သည် အလွန်ပင် ကောက်ကြောင်းတူညီနေ၍ဖြစ်သည်။
** တမန်တော်နှစ်ပါးစလုံးသည် ဖိနှိပ်ညှင်းပန်းသောအုပ်ချုပ်သူများအောက်၌ ပြင်းထန်စွာ ဒုက္ခပေးခံရသည်။ ၄င်းပြင် မိမိတို့၏ယုံကြည်ချက်အပေါ် လွတ်လပ်စွာကျင့်သုံးနိုင်ရေးအတွက် ယတိပြတ်ဇာတိစွန့်ခရီး (ဟိဂျရသ်) ပြုခဲ့ရသည်။
** တမန်တော်နှစ်ပါးစလုံးသည် လူတစ်ဦးချင်းအတွက် နာမ်ပိုင်းဆိုင်ရာကျင့်ဝတ်များသာမက လူ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေသများပါဝင်သည့် ကျမ်းဂန်ကို လက်ခံရရှိခဲ့ကြသည်။
** တမန်တော်နှစ်ပါးစလုံးသည် ကာကွယ်ရေး၊ စစ်ရေး၊ နိုင်ငံရေး စသည်တို့၌ တိုင်းကျိုးပြည်ပြုပုဂ္ဂိုလ်ကြီးများအထိ အဆင့်ဝင်ခဲ့ကြသည်။
တမန်တော်မူစာ နှင့် တမန်တော်မုဟမ္မဒ်ထံ၌ တူညီချက်များစွာရှိ၏။ ကုရ်အာန်က ဤဆက်နွှယ်မှုကို တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်တစ်ဖုံ ဖော်ကျူးခင်းကျင်းထားပေသည်။
ရာဇဝင်တစ်လျှောက် တမန်တော်များ၏ထူးခြားချက်မှာ ဘာသာတရားသုံးခုစလုံးတွင် တူညီသော သြဝါဒတရားများကို တူညီသောဖြစ်စဉ်နှင့် ခိုင်မြဲအောင်တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ အိဘ်ရာဟီမ်အခြေတည် ယုံကြည်ချက်သုံးရပ်အကြား ဘာသာတရားအချင်းချင်း အပြန်အလှန်ဆွေးနွေးမှု၌ တူညီသောဖြစ်စဉ်နှင့်သြဝါဒများကို ကောင်းစွာ အသုံးချသင့်ပေသည်။ ဤသို့ဆွေးနွေးခြင်းသည် အတွေ့အကြုံများအရ သက်ဆိုင်ရာအယူဝါဒသက်သက် ဖလှယ်ခြင်းထက် ပိုမိုအကျိုးဖြစ်ထွန်းရပါသည်။

(ဆက်လက်ဖော်ပြပါမည်)


July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.