Pages

.

“ အားလုံးအတွက် ကုရ်အာန် ” - ၉

“ အားလုံးအတွက် ကုရ်အာန် ” - ၉
***************************
အခန်း(၃) ကျမ်းမြတ်ကုရ်အာန်၏
ဖွဲ့စည်းတည်ဆောက်ပုံကိုလေ့လာခြင်း
=======================
ကုရ်အာန်၏ ဖွဲ့စည်းတည်ဆောက်ပုံ
==================
ကျမ်းမြတ်ကုရ်အာန်ကို အဓိကအချက်သုံးခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ အာယသ် ဟုခေါ်ဆိုသော ဝါကျ/ စကားစု/ စာကြောင်းများ။ စူရဟ် ဟုခေါ်ဆိုသော ကဏ္ဍများ၊ ဂျုဇ် ဟု ခေါ်ဆိုသော အစိတ်အပိုင်းများ ဖြစ်ကြသည်။

(က) အာယသ်
အာယသ်များ၌ အတိုအရှည်အမျိုးမျိုးရှိ၏။ စကားရပ်တစ်ခုတည်းဖြင့် အာယသ် ဖြစ်သည်လည်းရှိသလို စကားရပ်ဒါဇင်ပေါင်းများစွာပါဝင်သော အာယသ်အရှည်များလည်း ရှိသည်။ ကုရ်အာန်ပုံနှိပ်မူများ၌ အာယသ်များကို အမှတ်စဉ်နံပါတ်တပ်ဆင်ထားသည်။ ရောက်ရှိသည့်နေရာကို လွယ်ကူစွာသိနိုင်ရန်ဖြစ်သည်။ ကုရ်အာန်တစ်အုပ်လုံးရှိ အာယသ်တစ်ခုချင်းစီအတွက် သက်ဆိုင်ရာနံပါတ်စဉ်များကို ပြသထား၏။
အာယသ်၏အရဗီ အဓိပ္ပါယ်မှာ '' သက်သေလက္ခဏာ '' ဖြစ်သည်။ ကုရ်အာန်၏စာတစ်လုံးချင်း၊ ၀ါကျတစ်ကြောင်းချင်းမှာ ဧကန်ပင် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာတော်ဖြစ်ပါသည်။ မုစ်လင်မ်များအဖို့ အာယသ်တော်တိုင်း၌ အလ္လာဟ်အရှင်မြတ်၏မျှော်မြင်ဥာဏ်တော် နှင့် ဂုဏ်ကျက်သရေအား ကိုယ်စားပြုထားသည့် အတွေးအခေါ်၊ အလှအပ နှင့် ဝိညာဉ်ရေးရာအဆုံးအမများကို တွေ့နိုင်ပေသည်။
စူရဟ်အမှတ်စဉ်(၂) အလ်ဘကရဟ်၌ အာယသ်တော်ပေါင်း (၂၈၆)ခုအထိ အများဆုံး ပါဝင်သည်။ သုံးအာယသ်တည်းပါဝင်သည့် အတိုဆုံးစူရဟ်များမှာ အမှတ်စဉ် ၉၈၊ ၁ဝ၃၊ ၁၁ဝ တို့ဖြစ်ကြသည်။ ကျမ်းတော်တစ်စောင်လုံးတွင် အာယသ်တော်ပေါင်း (၆၂၄ဝ) ပါဝင်သည်။



(ခ) စူရဟ်
စူရဟ်၏မူရင်းအဓိပ္ပါယ်မှာ စီတန်းမှုများ သို့မဟုတ် ပုဏ္ဏရိပ်ခြံစည်းရိုး ဟူ၍ဖြစ်သည်။ စူရဟ်သည် စကားရပ်များအားစုဖွဲ့ထားပြီး ကဏ္ဍတစ်ရပ် သို့မဟုတ် လာမည့်ကဏ္ဍနှင့်ကွဲပြားသိသာစေသော အစိတ်အပိုင်းကို ခေါ်ဆိုသည်။ စူရဟ်တစ်ပုဒ်၌ အနည်းဆုံး သုံးအာယသ်မှ အများဆုံး(၂၈၆)အာယသ်အထိ ပါဝင်သည်။ ကျမ်းဂန်တစ်စောင်လုံးတွင် စူရဟ်တော် စုစုပေါင်း (၁၁၄)ပုဒ်ပါဝင်သည်။
စူရဟ်အမှတ်စဉ်(၉)မှအပ ကျန်သည့်စူရဟ်(၁၁၃)ပါးလုံးကို “အလျဉ်မပြတ် စာနာထောက်ထားတော်မူသော အနန္တကရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် (အစ,ပြုပါ၏” ဟူသောစကားရပ်ဖြင့် စတင်ထားသည်။ မုစ်လင်မ်တို့သည် မည်သည့်စူရဟ်တစ်ပုဒ်ပုဒ်ကို ဖတ်ရွတ်သည်ဖြစ်စေ ဤစကားရပ်ဖြင့်သာ စတင်လေ့ရှိသည် - အရာရာတိုင်းကို အလ္လာဟ်အသျှင်မြတ်၏ဂုဏ်တန်ခိုးတော်အပေါင်း လွှမ်းမိုးထားကြောင်း သတိပေးချက်တစ်ရပ်ဖြစ်ပါသည်။
စူရဟ်တိုင်း၌ အမှတ်စဉ်နံပါတ်ကိုယ်စီရှိကြ၏။ ကျမ်းမြတ်ကုရ်အာန်မှ စာပိုဒ်တစ်ရပ်ရပ်၏ ရည်ညွှန်းချက်ကိုကြည့်လျှင် စူရဟ်၏အမှတ်စဉ်ကိုဦးစွာတွေ့ရပြီး အာယသ်အမှတ်စဉ်ကို ကပ်လျက်ဆက်၍တွေ့ကြရပေမည်။
ဥပမာ - (၁း၃) သည် စူရဟ်အမှတ်စဉ် ၁၊ အာယသ်နံပါတ် ၃
(၁း၁-၇) သည် စူရဟ်အမှတ်စဉ် ၁၊ အာယသ်နံပါတ် ၁ မှ ၇
(၁း၁၊ ၃၊ ၅) သည် စူရဟ်အမှတ်စဉ် ၁ မှ အာယသ်နံပါတ် ၁၊ ၃၊ ၅
၎င်းပြင် စူရဟ်(ကဏ္ဍ)အသီးသီး၌ အမည်နာမကိုယ်စီရှိကြ၏။ ထိုအမည်များသည် စူရဟ်တွင်းမှ ဖြစ်စဉ်တစ်ခုလုံးအပေါ်အခြေတည်ထားသော အတွေးအမြင် သို့မဟုတ် စူရဟ်၏ပထမစာသားများအနက် စကားလုံးတို့ဖြင့် မှည့်ဆိုထားသည်။ ရံဖန်ရံခါ၌ စူရဟ်၏အမည်နှင့် စူရဟ်၏ကျောရိုးအတွေးအမြင်ကို ရုတ်တရက် ဆက်စပ်မရ ဖြစ်တတ်၏။ ဥပမာ - စူရဟ်အမှတ်စဉ်(၂)၏အမည်မှာ ဂါဝီ (နွားမ) ဟူ၍ဖြစ်ပြီး စူရဟ်မှဖော်ပြသည့်အကြောင်းမှာ အစ္စရာအီလ် (ဣသရေလ) မျိုးနွယ်တို့သည် တမန်တော်မူစာ (အလိုင်)က ၄င်းတို့အားထားရစ်ခဲ့ကာ ညဥ့်လေးဆယ်ခရီး ထွက်ခွါသွားချိန်ဝယ် ၄င်းတို့က ရွှေနွားရုပ်တစ်ကောင်ကို ကိုးကွယ်ရာအဖြစ် ဖန်တီးခဲ့ကြကုန်၏။ ထိုနွားအကြောင်းသည် (၂း၆၇-၇၁)အထိ ငါးအာယသ်မျှသာပါဝင်သော်လည်း ၄င်းကိုအစွဲပြုလျက် အလ်ဗကရဟ် ဟု အမည်တွင်၏။
စူရဟ်များအတိုအရှည်သည် ယေဘူယျအားဖြင့် ဘောင်အကန့်အသတ်တစ်ခုအတွင်း၌ ရှိနေသည်ကို တွေ့ရသည်။
** အရှည်လျားဆုံး စူရဟ်များ - အာယသ်တော်(၁ဝဝ)အထက်ရှိစူရဟ်များဖြစ်ပြီး အသ်သိဝါလ် ဟုခေါ်သည်။ စူရဟ်အမှတ်စဉ်(၂) မှ (၁ဝ) အထိ ဖြစ်သည်။
** အလ်မီအူးန် - အာယသ်တော်(၁ဝဝ) ဝန်းကျင်ရှိပြီး စူရဟ်အမှတ်စဉ်(၁ဝ) မှ (၃၅) အထိဖြစ်သည်။
** အလ် မဆာနီ - အာယသ်တော်(၁ဝဝ)အောက်ဖြစ်ပြီး စူရဟ်အမှတ်စဉ်(၃၆) မှ (၄၉) အထိဖြစ်သည်။
** အလ် မုဖဆ်ွဆွလ် - အာယသ်တော်(၅ဝ) အောက်သာပါဝင်ပြီး ကုရ်အာန်၏နောက်ဆုံးအပိုင်းကို ခေါ်သည်။ စူရဟ်အမှတ်စဉ်(၅ဝ) မှ (၁၁၄) အထိဖြစ်သည်။

(ဂ) ဂျုဇ်
ဂျုဇ် ၏စာပေအဓိပ္ပါယ်မှာ အစိတ်အပိုင်း၊ အပိုင်းအခြား ဟူ၍အနက်ထွက်၏။ ကျမ်းမြတ်ကုရ်အာန်ကို တစ်လတာအတွင်း လွယ်ကူစွာဖတ်ရွတ်ပြီးစီးနိုင်အောင် တီထွင်ဖန်တီးထားသည့် ဖွဲ့စည်းတည်ဆောက်ပုံတစ်မျိုး ဖြစ်သည်။ အထူးသဖြင့် ရမဿွာန်လ၏ညစဉ်စုပေါင်းဝတ်ပြုမှု၌ တစ်လတာအတောအတွင်း ကျမ်းမြတ်ကုရ်အာန်တစ်စောင်လုံးကို အပိုင်း(၃ဝ)ပိုင်းခြား၍ တစ်ညဥ့်လျှင် (ဝါ) တစ်ရက်လျှင်တစ်ပိုင်းစီ ဖတ်ရွတ်ပြီးစီးစေအံ့သောငှာ ယင်းသို့စီစဉ်ဆောင်ရွက်ထားခဲ့ခြင်းဖြစ်သည်။ ၄င်းဂျုဇ်တစ်ခုစီ၏ ကုရ်အာန်အပိုင်းအခြားကို အောက်ပါအတိုင်း တွေ့မြင်နိုင်ပေသည်။

ဂျုဇ် အမှတ်စဉ် စူရဟ်နှင့်အာယသ်များပိုင်းခြားထားမှု
---------------- ---------------------------------------
၁ ( ၁း ၁ ) မှ ( ၂း ၁၄၁ ) အထိ
၂ ( ၂း ၁၄၁ ) မှ ( ၂း ၂၅၂ ) အထိ
၃ ( ၂း ၂၅၃ ) မှ ( ၃း ၉၂ ) အထိ
၎ ( ၃း ၉၃ ) မှ ( ၄း ၂၃ ) အထိ
၅ ( ၄း ၂၄ ) မှ ( ၄း ၁၄၇ ) အထိ
၆ ( ၄း ၁၄၈ ) မှ ( ၅း ၈၂ ) အထိ
၇ ( ၅း ၈၃ ) မှ ( ၆း ၁၁ဝ ) အထိ
၈ ( ၆း ၁၁၁ ) မှ ( ၇း ၈၇ ) အထိ
၉ ( ၇း ၈၈ ) မှ ( ၈း ၄ဝ ) အထိ
၁ဝ ( ၈း ၄၁ ) မှ ( ၉း ၉၃ ) အထိ
၁၁ ( ၉း ၉၄ ) မှ ( ၁၁း ၅ ) အထိ
၁၂ ( ၁၁း ၆ ) မှ ( ၁၂း ၅၂ ) အထိ
၁၃ ( ၁၂း ၅၃ ) မှ ( ၁၄း ၅၂ ) အထိ
၁၄ ( ၁၅း ၁ ) မှ ( ၁၆း ၁၂၈ ) အထိ
၁၅ ( ၁၇း ၁ ) မှ ( ၁၈း ၇၄ ) အထိ
၁၆ ( ၁၈း ၈၅ ) မှ ( ၂ဝး ၁၃၅ ) အထိ
၁၇ ( ၂၁း ၁ ) မှ ( ၂၂း ၇၈ ) အထိ
၁၈ ( ၂၃း ၁ ) မှ ( ၂၅း ၂၁ ) အထိ
၁၉ ( ၂၅း ၂၂ ) မှ ( ၂၇း ၅၉ ) အထိ
၂ဝ ( ၂၇း ၆ဝ ) မှ ( ၂၉း ၄၅ ) အထိ
၂၁ ( ၂၉း ၄၆ ) မှ ( ၃၃း ၃ဝ ) အထိ
၂၂ ( ၃၃း ၃၁ ) မှ ( ၃၆း ၂၇ ) အထိ
၂၃ ( ၃၆း ၂၈ ) မှ ( ၃၉း ၃၁ ) အထိ
၂၄ ( ၃၉း ၃၂ ) မှ ( ၄၁း ၄၆ ) အထိ
၂၅ ( ၄၁း ၄၇ ) မှ ( ၄၅း ၃၇ ) အထိ
၂၆ ( ၄၆း ၁ ) မှ ( ၅၁း ၃ဝ ) အထိ
၂၇ ( ၅၁း ၃၁ ) မှ ( ၅၇း ၂၉ ) အထိ
၂၈ ( ၅၈း ၁ ) မှ ( ၆၆း ၁၂ ) အထိ
၂၉ ( ၆၇း ၁ ) မှ ( ၇၇း ၅ဝ ) အထိ
၃ဝ ( ၇၈း ၁ ) မှ ( ၁၁၄း ၅ ) အထိ

(ဆက်လက်ဖော်ပြပါမည်)

 July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.