Pages

.

“ အားလုံးအတွက် ကုရ်အာန် ” - ၂

“ အားလုံးအတွက် ကုရ်အာန် ” - ၂
***************************
အပိုင်း ( ၁ ) ကျမ်းမြတ်ကုရ်အာန် ထုတ်ပြန်ချမှတ်ခြင်းဆိုင်ရာ အကြောင်းအချက်များ
အခန်း(၁) ကျမ်းမြတ်ကုရ်အာန်၏ ယေဘူယျ အကြောင်းခြင်းရာများ
=================================
ကုရ်အာန်၏ အဓိပ္ပာယ်
===========
စာပေ၏သဘောအရ ကုရ်အာန်ဟူသည့် ဝေါဟာရမှာ မုစ်လင်မ်တို့၏ယဉ်ကျေးမှု နှင့် ကိုယ်ပိုင်မူဟန်၌ ကျမ်းဂန်၏ဆိုလိုချက်သဘောတရားကို ထင်ဟပ်စေသော အခြေခံအချက်များမှ ဆင်းသက်လာသည်။
ကုရ်အာန်၏ရင်းမြစ်စကားလုံးမှာ က ရ အ ဖြစ်ပြီး ဖတ်သည် သို့မဟုတ် ရွတ်ဖတ်သရဇ္ဈာယ်သည် ဟု အဓိပ္ပါယ်ရ၏။ သို့ဖြစ်ရာ အကြိမ်ကြိမ်အဖန်ဖန် အပြန်တလဲလဲ ဖတ်ရွတ်ရန် ကို ရည်ညွှန်းပါသည်။ ဤသည်မှာ နှုတ်အားဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ရခြင်းအစဉ်အလာကို ဖော်ဆောင်စေခြင်း ဖြစ်သည်။ မြင့်မြတ်ကြီးကဲတော်မူသော ဖန်ဆင်းရှင် အလ္လာဟ်အသျှင်မြတ်မှတဆင့် လူသားတို့၏ဖတ်ရွတ်သံများဖြင့် ကုရ်အာန်ကို နားလည်စေခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း ဟု သိရပေမည်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ) အပေါ် ပထမဦးဆုံး ထုတ်ပြန်ချမှတ်သောစကားရပ်မှာ အိက်ရာ့အ် - ဖတ်လော့ / ရွတ်ဖတ်သရဇ္ဈာယ်လော့ ဟူ၍ ဖြစ်ပါသည်။
ကုရ်အာန်၏ အခြားဆင်းသက်စကားလုံးမှာ '' ယဉ်ကျေးမှုမြို့တော် '' ဟူ၍ဖြစ်၏။ အစ္စလာမ့်ယဉ်ကျေးမှုမှာ ကျမ်းမြတ်ကုရ်အာန်ကိုသာ အခြေခံတည်ဆောက်ထားခြင်းကြောင့် ဖြစ်ပါ၏။ အနောက်တိုင်းယဉ်ကျေးမှုအတွက် သမ္မာကျမ်း (Bible) ၊ ဟီးဘရူး/ဂျူးအမျိုးသားတို့အတွက် သောင်ရားဟ် (Torah) ကျမ်းဂန်အား အခြေပြုထားသည့် အလားသဏ္ဍာန်အတိုင်းပင်။ မုစ်လင်မ်များအဖို့ လူတစ်ဦးချင်းအတွက်သာမက လူ့အဖွဲ့အစည်းအတွက်လည်း အစ္စလာမ့်မူဟန်စံနစ်ကို ကျမ်းမြတ်ကုရ်အာန်က ဖော်ဆောင်ပေးထားပေသည်။
ကျမ်းမြတ်ကုရ်အာန်ကိုယ်တိုင်ကပင် မိမိသည် အစ္စလာမ်မတိုင်မှီခေတ်က အာရပ်များ၏ အတွေးအခေါ်များအပေါ် တော်လှန်ပြောင်းလဲချက်တစ်ရပ် ဟု ဖော်ပြသည်။ ထိုစဉ်က အာရပ်တို့သည် နှုတ်ရေးအဆိုအားဖြင့်သာ အသိပညာများကို လက်ဆင့်ကမ်းလေ့ရှိပြီး ရေးသားမှတ်တမ်းတင်ခြင်း ပြုကြသည်မဟုတ်ချေ။ အာရပ်များအဖို့ ပထမဦးဆုံးသော စာပေအသွင်ကျမ်းဂန်မှာ ကျမ်းမြတ်ကုရ်အာန်သာ ဖြစ်လာခဲ့ပေသည်။


အရ်ဗီဘာသာစကားအရ ကိသာ့ဗ် - ကျမ်းဂန်/စာအုပ် မှာ '' ပေါင်းစပ်စုစည်းခြင်း '' ဟု ရင်းမြစ်အဓိပ္ပာယ်ထွက်၏။ သက်ဆိုင်ရာယဉ်ကျေးမှုနှင့်ဘာသာစကားကွဲပြားလျက်ရှိကြသည့် ကမ္ဘာ့တစ်လွှား မုစ်လင်မ်အပေါင်း၏နှလုံးသားတို့ကို စုစည်းညီညွတ်စေခဲ့သော ကျမ်းဂန်ဖြစ်၏။ ကုရ်အာန်သည် ယနေ့ထက်တိုင် ဤတာဝန်ကို ထမ်းဆောင်လျက်ရှိ၏။ မုစ်လင်မ်တို့သည် ယဉ်ကျေးမှုဆိုင်ရာ စိတ်နေသဘောထားများနှင့် ဘဝပုံစံများ၌ တူညီမှု မရှိကြသော်လည်း ကျင့်ဝတ်နီတိနှင့်ကိုယ်ကျင့်သိက္ခာတရားများတွင်တော့ တစ်ပုံစံတည်း တစ်ထေရာတည်း ဖြစ်ထွန်းစေသော ဘုံပိုင်ကျမ်းတစ်စောင်အား အကြောင်းပြုလျက် အချင်းချင်း အပြန်အလှန် နားလည်မှု ရရှိနေကြပါသည်။

ဖန်ဆင်းရှင်ထံမှ တိုက်ရိုက်လက်ခံရရှိသည့် ဒေသနာသတင်း ( ဝဟီ - ဗျာဒိတ်တော် )
=============================
ပို့ဆောင်ချမှတ်ခြင်းမခံရချိန်အထိ ကျမ်းမြတ်ကုရ်အာန်သည် ဖန်ဆင်းရှင်ထံတော်ပါး၌ ထိန်းသိမ်းစောင့်ရှောက်ထားသော - ၄င်းပြင် အရှင်မြတ်၏အပြောင်းအလဲမရှိ မူလဘာသာစကား နှင့် စာပေဖွဲ့စည်းမှုဖြစ်၏။ မုစ်လင်မ်တို့မှ အကြောင်းအရာတစ်ရပ်ကိုဖော်ပြရာတွင် '' ဖန်ဆင်းရှင် / အရှင်မြတ်မှ မိန့်မြွက်တော်မူထားသည်မှာ '' သို့တည်းမဟုတ် '' ကုရ်အာန်၌ လာရှိ / ဖော်ပြသည်မှာ '' ဟုပြောကြားခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်သတင်းတော်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရပေမည်။ ကျမ်းမြတ်ကုရ်အာန်က မိမိ၏ရင်းမြစ် (ဖန်ဆင်းရှင်)ထံမှ တိုက်ရိုက်ဆက်သွယ်ချက်တစ်ရပ်ကို မိမိ၏ပရိသတ် (လူသားနှင့် အဖန်ဆင်းခံများ) သို့ ပေးထား၏။ ထို့ကြောင့် မုစ်လင်မ်တို့မှ ကျမ်းမြတ်ကုရ်အာန်အပေါ် နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားကြည်ညိုကြပေသည်။ အကယ်၍ တစ်စုံတစ်ယောက်မှ ကျမ်းမြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်၏ စကားရပ်တော်/ မိန့်မြွက်မှု ဖြစ်ခြင်းအပေါ် စိုးစဉ်းမျှ ဒွိဟသံသယဝင်ခဲ့လျှင် ထိုသူသည် မုချဧကန် ကာဖိရ် ( နိစ္စသစ္စာကို ဖီဆန်ငြင်းပယ်သူ ) မည်၏။ ဤသည်မှာ အစ္စလာမ့်အသိတရားပင် ဖြစ်သည်။
** နိစ္စသစ္စာ = အပြောင်းအလဲ အယုတ်အလျော့မရှိ ထာဝရတည်ရှိသော ပကတိအမှန်တရား **

လမ်းညွှန်သူ တမန်တော်မြတ် မုဟမ္မဒ် (ဆွ)
========================
အလ္လာဟ်ရှင်မြတ်၏ အန္တိမ (နောက်ဆုံး အဆုံးသတ်) တမန်တော် မုဟမ္မဒ် (ဆွ) ထံမှတဆင့် ကျမ်းမြတ်ကုရ်အာန် ထုတ်ပြန်ပို့ချခံရပြီး အာရေဗျအမျိုးသားတို့ထံ သင်ကြားပေးစေခြင်းဖြစ်၏။ ထို့ကြောင့် အစ္စလာမ်၊ ကုရ်အာန်နှင့်စပ်လျဉ်း၍ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)၏ အခန်းကဏ္ဍမှာ အလွန်အရေးပါနေပေသည်။
တမန်တော်မုဟမ္မဒ်(ဆွ)ကို ကျမ်းမြတ်ကုရ်အာန်က လူသားထုအပေါင်းအတွက် ကရုဏာတစ်ရပ် (၂၁း၁ဝ၇)၊ အလ္လာဟ်အရှင်မြတ်အား ကိုင်းရှိုင်းခဝပ်ရာ၌ အကောင်းဆုံးသော စံပြပုဂ္ဂိုလ်မွန် (၆၈း၎) အဖြစ် ဖော်ပြထားသည်။ ဖန်ဆင်းရှင်၏အကောင်းဆုံးသောကျွန် ပီသစေရန် မုဟမ္မဒ်(ဆွ)၏သဘောထား၊ စာရိတ္တမွန်၊ လုပ်ရပ်များကို မုစ်လင်မ်အပေါင်းက ပုံတူပြုကြိုးပမ်းလေ့ရှိကြသည်။
တမန်တော်မုဟမ္မဒ် (ဆွ)၏အခန်းကဏ္ဍသည် အစ္စလာမ့်ဥပဒေ၌ ထူးထူးခြားခြား အရေးပါလှ၏။ အဘယ်ကြောင့်ဆိုသော် သူ၏အဆိုအမိန့်နှင့်လုပ်ရပ်များမှာ အစ္စလာမ့်ဥပဒေ တည်ဆောက်ဖွံ့ဖြိုးရေး နှင့် ကျမ်းမြတ်ကုရ်အာန်ကို ရှင်းလင်းသင်ကြားရေး၌ (အလ္လာဟ်အရှင်မြတ်ပြီးလျှင်) ဒုတိယနေရာတွင် ရှိနေခြင်းကြောင့်ဖြစ်သည်။ သို့သာမက တမန်တော်မြတ်၏ အဆုံးအမ နှင့် ဘဝစံနမူများက ကုရ်အာန့်လမ်းညွှန်ချက်များကို ရှင်းလင်းထင်ရှားစေရာတွင်လည်းကောင်း၊ အတွေးအခေါ်အင်အား ကျယ်ပြန့်အားကောင်းစေရာတွင်လည်းကောင်း ကြီးစွာ အထောက်အကူပြုလျက်ရှိနေပေသည်။
မုဟမ္မဒ် (ဆွ)မှ ဟောပြောပို့ချတော်မူခဲ့သည့် အစ္စလာမ့်သတင်းသဝဏ် (ဒေသနာ) မှာ အလ္လာဟ် အသျှင်မြတ်တစ်ပါးတည်းထံတော်သို့ လွှဲအပ်နာခံရေး ဖြစ်၏။ သူသည် မိမိအား ခဝပ်ဆည်းကပ်ကြရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ချေ။ မည်သူပင်မဆို မုဟမ္မဒ် (ဆွ)အား ခဝပ်ကိုးကွယ်ခြင်းသည် ထိုသူ့အဖို့ အစ္စလာမ့်ယုံကြည်ချက်ပြင်ပသို့ မိမိကိုယ်ကို တွန်းပို့လိုက်ရာရောက်စေ၏။ သို့ဖြစ်ရာ '' မဟာမေဒင်ဝါဒ '' ဟူသော အသုံးအနှုန်းမှာ မှားယွင်းချွတ်ချော်နေသည့်အပြင် မုစ်လင်မ်တို့အား စော်ကားရာရောက်နေပါ၏။ ကျမ်းမြတ်ကုရ်အာန်၏ ဗျာဒိတ်ဒေသနာကို လူအချို့မှ ယင်းကဲ့သို့ အမှားမှားအယွင်းယွင်း ဖော်ပြလေ့ရှိပါသည်။

ကျမ်းမြတ်ကုရ်အာန်၏ အခြေခံ ဒေသနာများ
=====================
(က) တစ်ဆူရှင် ဝါဒ
---------------------
ကျမ်းမြတ်ကုရ်အာန်၏သတင်းသဝဏ်(ဒေသနာ)သည် တစ်ဆူရှင်စံနစ်ဆိုင်ရာ အဆုံးအမကိုသာ ဗဟိုပြုထားသည်။ ၄င်းတစ်ဆူရှင်ဝါဒကို အရဗီစကားဖြင့် သောင်ဟီးဒ် ဟု ခေါ်၏။ သောင်ဟီးဒ်၏ သဘောတရားမှာ ခဝပ်ကိုးကွယ်အပ်ရာအရှင်သခင်သည် ဟူဟူသမျှတို့ကို ဖန်ဆင်းတော်မူသည့်အရှင်သခင် ဖြစ်ကြောင်း၊ အဖန်ဆင်းခံ အရာရာတိုင်းကို ထိန်းသိမ်းစောင့်ရှောက်သည်ဖြစ်ကြောင်း၊ အရာခပ်သိမ်းတို့အပေါ် သြဇာလွှမ်းမိုးတော်မူသောအကြောင်း ဖြစ်၏။

(ခ) အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကိုထမ်းရွက်ခြင်း နှင့် ခဝပ်ဆည်းကပ်ခြင်း
-------------------------------------------------------------
မြေပထဝီပေါ် နှင့် စကြဝဠာတစ်ခွင်ရှိ ဟူသမျှသောအဖန်ဆင်းခံတို့သည် အလ္လာဟ်အရှင်မြတ်အား ထိုအရှင်၏စီရင်ချက်ဥပဒေသများအတိုင်းသာ နာခံခဝပ်လျက်ရှိကြောင်း ကျမ်းမြတ်ကုရ်အာန်မှ သင်ကြားပြသထား၏။ နေ၊ လ၊ ဂြိုလ်နက္ခတ်၊ သစ်ပင်၊ တိရစ္ဆာန် စသည်တို့မှာ အလ္လာဟ်အရှင်မြတ်၏ အနန္တကရုဏာတော်၊ အသနားတော်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ခံရခြင်းအတွက် ချီးမွှမ်းထောပနာပြုလျက် ရှိကုန်၏ (၂၄း၄၁)။
ဤအဖန်ဆင်းခံများလောက၌ မနုဿလူသားများသည် အထူးခြားဆုံးကဏ္ဍ၌ ပါဝင်သည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံများအနက် လူသားတို့ကို မိမိ၏ဘုရင်ခံ နှင့် ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ထားတော်မူသည်။ ထို့ကြောင့် လူသားများအနေနှင့် အလ္လာဟ်အရှင်မြတ်၏ စီရင်ချက်ဥပဒေများကို အခြေခံသော လူ့အသိုင်းအဝိုင်း၊ လူ့ယဉ်ကျေးမှုတစ်ရပ်ကို မလွဲမသွေ တည်ဆောက်ပျိုးထောင်ကြရပေမည်။

(ဂ) လမ်းညွှန်သင်ကြားပြသသည့် တမန်တော်များ
-------------------------------------------------------
မနုဿလူသားတို့သည် ဆင်ခြင်တုံတရား၊ မြင့်မားသည့်အတွေးအခေါ်၊ စကားပြောဆိုခြင်း၊ ဘဝ တိုးတက်မှုဆောင်ရွက်ရန် လွတ်လပ်ဆန္ဒ (လွတ်လပ်စွာရွေးချယ်ခွင့်) တို့ကို ချီးမြှင့်ပေးအပ်ခံရ၏။ ဤတာဝန်အပေါ် လူသားတို့မှအလေးထားပြီး လမ်းမှန်ရစေရန် လူ့သမိုင်းတစ်လျှောက် လူ့အဖွဲ့အစည်းများထံသို့ အလ္လာဟ်အရှင်မြတ်က တမန်တော်များကို စေလွှတ်တော်မူခဲ့သည်။ ထိုသူတို့သည် လူတို့အား ဝိညာဉ်၊ ဂုဏ်သိက္ခာ နှင့် ကောင်းမြတ်သည့် ကျင့်ဝတ်နီတိများကို ပို့ချသင်ကြားခဲ့ကြသည် (၁၆း၃၆)။ ထိုသူများအနက် တစ်ဦးဦး၏အမည်နာမကို ကြားသိတွေ့မြင်လျှင် မုစ်လင်မ်များက အလိုင်းဟစ္စလာမ် ( ငြိမ်းချမ်းသာယာမှုသည် ထိုသူ့အပေါ်ကျရောက်ပါစေသား) ဟု ကြည်ညိုမှုဖြင့် ဆိုလေ့ရှိကြသည်။
လူသားတို့အား အမှန်နှင့်အမှားခွဲခြားနိုင်ရေး၊ မြေကမ္ဘာပေါ်ဝယ် အရှင်မြတ်၏ဥပဒေသကို အကောင်အထည်ဖော်အသုံးချနိုင်ရေးအလို့ငှါ အလ္လာဟ်အရှင်မြတ်သည် ခေတ်ကာလအဆက်ဆက်တွင် ဆာလံကျမ်း (ဇဘူးရ်) နှင့် သောင်ရားဟ် (တိုရာဟ်ကျမ်း) ကဲ့သို့သော ကျမ်းဂန်များကိုပါ ထုတ်ပြန်ချမှတ်ပေးတော်မူခဲ့သည်။

(ဃ) ဗျာဒိတ်သတင်း (ဝဟီ) များ ထုတ်ပြန်ပို့ချမှု ဆုံးခန်းတိုင်ခြင်း
------------------------------------------------------------
တစ်ဆူတည်းသောအရှင်သခင်၏ ဒေသနာသတင်း နှင့် ယုံကြည်ချက်စံနစ်ကို တမန်တော်တစ်ပါးချင်းနှင့်အတူ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ဥပဒေသသည် ခေတ်ကာလ၏ လူ့အဖွဲ့အစည်းနှင့် အချိန်ကာလများအတွက် ပြောင်းလဲခဲ့၏။ မုဟမ္မဒ်(ဆွ) ၏ တမန်တော်ဖြစ်ခြင်း နှင့် ကျမ်းမြတ်ကုရ်အာန် ကျရောက်လာခြင်း၌ ထိုဥပဒေသများ ဆုံးခန်းတိုင်သွားခဲ့သည်။ ဤဒေသနာသတင်းကို ဟောပြောပို့ချသော တမန်တော်များ နှင့် ၄င်းတို့၏ သက်ဆိုင်ရာနောက်လိုက်များကိုလည်း ကုရ်အာန်၏ရှုထောင့်အရ မုစ်လင်မ်များ ဟုသာ သတ်မှတ်ထားပေသည်။ အကြောင်းမှာ ထိုသူတို့သည်လည်း ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်၏အလိုတော်ထံသို့ မိမိဆန္ဒအလျောက် နာခံအပ်နှင်းခဲ့ကြသူများ ဖြစ်၍တည်း (၂၂း၇၈)။
ကျမ်းမြတ်ကုရ်အာန်သည် ဒေသနာသတင်းအသစ်တစ်ရပ် မဟုတ်၊ ဘာသာသာသနာအသစ် တစ်ရပ်ကို ဖော်ဆောင်ခြင်းလည်း မဟုတ်ပါလေ။ အလ္လာဟ်အရှင်မြတ်၏ အလိုတော်ထံသို့ နာခံအပ်နှင်းခြင်းတည်း ဟူသော အစ္စလာမ့်သဘောတရားမှာ --- ဤကမ္ဘာမြေပေါ်ဝယ် ကမ္ဘာ့ပထမဦးဆုံးလူသား အာဒံမ် (အလိုင်) အား သင်ကြားခဲ့သော ကမ္ဘာ့ပထမဆုံးနေ့ကပင် ရှိနှင့်ပြီးဖြစ်ပေသည်။ ခေတ်ကာလအသီးသီးရှိ ကမ္ဘာ့လူမျိုးနွယ်တိုင်းထံသို့ ၄င်းတို့၏သက်ဆိုင်ရာ သီးသန့်အခြေအနေ နှင့် အချိန်အခါကိုလိုက်၍ ဒေသနာသတင်းအား ထိတွေ့စေခဲ့ပြီးဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် ကျမ်းမြတ်ကုရ်အာန်ထုတ်ပြန်ချမှတ်မှုကို နောက်ဆုံးသော ဒေသနာသတင်းအဖြစ် ရွေးချယ်တော်မူခဲ့ကြာင်း ကုရ်အာန်ကပင် ဖော်ပြထားသည်။ ဤသည်မှာ လွန်လေပြီးသည့် ဝဟီ အပေါင်း၏အဆုံးအမများ (ဓမ္မ) ကို အယူဝါဒ နှင့် ဥပဒေသ နှစ်ရပ်စလုံးအတွက် ပြီးပြည့်စုံစေလိုက်ခြင်းပင် ဖြစ်သည်။ နောက်ဆုံးသောဒေသနာသတင်း ဖြစ်သည်နှင့်အညီ လူ့အဖွဲ့အစည်းတစ်ခုတည်း၊ ခေတ်ကာလတစ်ခုတည်းအတွက်သာ မဟုတ်တော့ဘဲ ခေတ်ကာလတိုင်းနှင့်လူသားမျိုးနွယ်တိုင်းအတွက် လမ်းညွှန်တရား ပေးကမ်းနေလျက်ရှိပါသည်။

(င) နာမ်တရားအတွက် လမ်းညွှန်ချက်
------------------------------------------
အလ္လာဟ်အရှင်မြတ်အား နာခံအပ်နှင်းခြင်း ဟူသောအချက်သည် လူသားတစ်ဦးချင်းစီ၏ အတွင်းပိုင်း၌ ငြိမ်းချမ်းသာယာမှုနှင့်အတူ သဟဇာတစိတ်ကို ဖန်တီးပေးပြီးနောက် ၄င်းသူ၏လူ့အဖွဲ့အစည်းထံ ပျံ့နှံ့သွားစေပါသည်။ အလ္လာဟ်အရှင်မြတ်အား နာခံအပ်နှင်းကြသောသူတို့အဖို့ လူလူချင်းခယဝပ်တွားမှု နှင့် မိမိတို့၏ နိမ့်ကျသောလိုအင်ဆန္ဒအပေါ်လိုက်နာမှုမှ ကင်းစင်လွတ်မြောက်သွားစေပါသည်။ အလ္လာဟ်အရှင်မြတ်၏ ဝန်တော်ထမ်းရွက်ကြသူတို့သည် နာမ်ပိုင်းဆိုင်ရာ နှင့် ကိုယ်ကျင့်သိက္ခာအပေါ် အောင်နိုင်မှုတည်းဟူသော မြင့်မားသည့် အဆင့်အတန့်းသို့ ဆိုက်ရောက်နိုင်ကြပေသည်။
ဤအလင်းပြတရားနောက်လိုက်သူများသည် အလ္လာဟ်အရှင်မြတ်၏နှစ်မြို့မှုများကိုသာ တစိုက်မတ်မတ် ရှာကြံကြိုးပမ်းကြတော့၏။ ယင်းသို့ကြိုးပမ်းဆောင်ရွက်ချက်များမှာ သူတို့၏ အသက်ဝိညာဉ်အတွက် သက်တမ်းတစ်လျှောက်လုံး နာမ်အာဟာရ ဖြစ်သွားစေပါသည်။ ထိုအခြင်းအရာကို '' နူးရွန် အလာ နူးရ် '' - ရောင်ခြည်ဆင့်သော ဓမ္မရောင်ခြည် ဟု ဖော်ပြထားကြောင်း ကုရ်အာန်၌ တွေ့နိုင်ပေသည်။

(စ) လူမှုဝန်းကျင် ပြောင်းလဲပြုပြင်
-------------------------------------
ကျမ်းမြတ်ကုရ်အာန်သည် ဝဟီအမိန့်တော်အပေါ် တတ်အားသမျှ တရားမျှတမှုကို တည်ဆောက်ရန် (နှင့်) မတရားမှုကိုဆန့်ကျင်ရေး၌ အားထုတ်ကြိုးပမ်းကြရန် ဓာတ်ကူပစ္စည်းသဖွယ် အထူးတွန်းအားပေးထားသည်။ ဤအဆုံးအမ၏ဗဟိုချက်မတွင် ဂျိဟာ့ဒ်၏သဘောတရားကို တွေ့နိုင်၏။ ဂျိဟာ့ဒ် ဟူသည် အကောင်းဖြစ်စေရန်အတွက် အဆိုးကိုဆန့်ကျင်၍ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏အတွင်းပိုင်းရော အပြင်ပိုင်းကိုပါ ရုန်းကန်အားထုတ်ကြိုးပမ်းခြင်းကို ဆိုလိုပါသည်။
နွမ်းပါးချို့တဲ့သူများ၊ မိဘမဲ့ကလေးငယ်များ၊ မုဆိုးမများ၊ လူ့အဖွဲ့အစည်းအတွင်း ညှင်းပန်းနှိပ်စက်ခံရသူများအပေါ်ရှိသည့် နိုင့်ထက်စီးနင်းမတရားမှုကို တွန်းလှန်ကြရန် ကုရ်အာန်က ကြပ်ကြပ်မတ်မတ် သတိပေးညွှန်းပြထားပေသည် (၅း၈)။ လွန်လေပြီးသောတမန်တော်တို့၏ ရာဇဝင်အများစုကို လေ့လာကြည့်လိုက်ပါက တရားမျှတမှုကို ဖော်ဆောင်တည်ဆောက်ခြင်း နှင့် မတရားမှုကိုတွန်းလှန်တိုက်ခိုက်ခြင်း ဟူသော အကြောင်းအရာအား မုချ တွေ့မြင်ကြရမည်ဖြစ်၏။
ဤလူမှုရေးရာအဆုံးအမများက မုစ်လင်မ်တို့အဖို့ လူမှုတာဝန်ဝတ္တရားတွင်းမှ သာသနာ့ဘဝကို သီးခြားဖြစ်မသွားစေခဲ့ပေ (၆း၁၆၂-၁၆၄)။ လူမှုဘဝနှင့်သာသနာရေးကို သီးခြားခွဲခြားလိုက်ခြင်းသည် မှားယွင်းကြောင်း ကုရ်အာန်က သွန်သင်ထားပါသည်။ လူတစ်ဦးချင်းသာမက လူ့အသိုင်းအဝိုင်းအနေနှင့် ခွင့်တူညီမျှ လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်ကြခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ဝန်တော်ထမ်း ဖြစ်ကြစေရန် ကုရ်အာန်က ဆုံးမလျက် ရှိပေသည်။

(ဆ) လုပ်ရပ်များအပေါ် အရေးယူစီရင်ခြင်း
---------------------------------------------
ကုရ်အာန်၏အဆုံးအမများကို ဖော်ဆောင်လုပ်ကိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ အပ်နှင်းချမှတ်ထားသော တာဝန်တစ်ရပ်ဖြစ်သည်။ တရားစီရင်မည့်နေ့တော်၌ ဤအရေးနှင့်စပ်လျဉ်း၍ လူတစ်ဦးချင်းအလိုက် စစ်ဆေးမေးမြန်းခံရမည်ဖြစ်ပြီး ယင်းလုပ်ရပ်များအရ အစားပေးခြင်းကိုလည်း စံစားရမည်ဖြစ်သည် (၁၇း၁၃-၁၄)။ အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှု၌ သမာသမတ်အရှိတော်မူဆုံးအရှင်သခင် ဖြစ်တော်မူကြောင်း ကုရ်အာန်မှ ပြဆိုထား၏။ ထိုနေ့တော်ဝယ် ပြစ်ဒဏ်စီရင်ခံရသူများသည် ၄င်းတို့၏လုပ်ရပ်ဆိုးများကြောင့်သာ အပြစ်ပေးခံကြရမည်ဖြစ်၏။ ထိုနည်းတူ ထိုနေ့တွင် သုခဘုံကိုချီးမြှင့်ခံရသူများသည် ၄င်းတို့၏ ယုံကြည်ချက်ကောင်း နှင့် လုပ်ရပ်ကောင်းကြောင့်သာလျှင် ယင်းသို့သော ဆုလာဘ်ကို စံစားကြရမည် ဖြစ်ပေသည်။

ကုရ်အာန်၏ ဂုဏ်ပုဒ်နာမများ
===============
ကျမ်းမြတ်ကုရ်အာန်သည် မိမိ၏ဂုဏ်ပုဒ်အမည်ကို (၅ဝ) အထိ ဖော်ပြထားသည်။ ၄င်းတို့အနက် လူသိအများဆုံး နှင့် ဂုဏ်ပုဒ်အပေါင်းကို ခြုံငုံမိစေသည့် ဂုဏ်ပုဒ်ငါးရပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ပဲ့ပြင်ဆုံးမ လမ်းညွှန်တရား
---------------------------------
မိမိတို့ကိုထိန်းသိမ်းစောင့်ရှောက်ထားတော်မူသောအရှင်မြတ်အား သိတတ်နားလည်သူတို့အဖို့ ဤကျမ်းဂန်သည် လမ်းမှန်ညွှန်ကျမ်းဖြစ်ကြောင်း ကုရ်အာန်ကိုယ်တိုင်က ဖော်ပြထားသည် (၂း၂)။ ကုရ်အာန်သည် ရာဇဝင်သမိုင်း၊ သိပ္ပံ၊ ဒဿန ကျမ်းဂန်သက်သက် မဟုတ်သော်လည်း ထိုအရာများ၏အစိပ်အပိုင်းအရပ်ရပ် ပါဝင်နေ၏။ ဤသည်ထက်တိုး၍ဆိုရပါလျှင် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကို ခဝပ်ကိုးကွယ်ရန် နှင့် အလ္လာဟ်အရှင်မြတ်၏ (ချမှတ်ပြဌာန်းထားသော) ဝတ္တရားများကို ထမ်းဆောင်ရန် လူသားတို့ဘဝအား '' ဖြောင့်မတ်မှန်ကန်သည့် တရားလမ်းတော် '' (၁း၆) သို့ ညွှန်းပြခြင်းသည်သာ ကုရ်အာန်၏ အဓိကအူတိုင်ပင် ဖြစ်ပေသည်။
သာသနာတော်အား အမှန်တကယ် လေးစားကိုင်းရှိုင်းကြကုန်သော မုစ်လင်မ်တို့မှာ ကုရ်အာန်၏ ဓမ္မလမ်း (အဆုံးအမနှင့်လမ်းညွှန်ချက်များ) ကို မိမိတို့၏ နေ့တစ်ဓူဝ ဘဝခြေလှမ်းတိုင်း၌ မိမိတို့၏ဘဝလမ်းစဉ်အဖြစ် ပြုလုပ်ကြကုန်၏။ မုစ်လင်မ်တို့သည် ကျမ်းမြတ်ကုရ်အာန်ကို နေကုန်နေခမ်း ဖတ်ရွတ်သရဇ္ဈာယ်ရာ ဘာသာရေးကျင့်စဉ်အဖြစ် ပြုလုပ်မထားကြပါ။ သို့သော် သက်ဝင်ယုံကြည်သူများအနေနှင့် ကျင့်ဝတ်၊ စာရိတ္တအား ထိန်းသိမ်းရန် ဘဝရေးရာကဏ္ဍတိုင်းအတွက် လမ်းညွှန်ချက်တည်းဟူသော အရှင့်အဇ္ဈတ္တသတိပေးချက်အဖြစ် ခံယူဖတ်ရွတ်ကြပေ၏။ ဖတ်ရွတ်သောအကြောင်းအရာများကိုလည်း မိမိတို့၏ကိုယ်စီခဝပ်မှုများ၊ မိသားစုဆက်ဆံရေးများ၊ လူမှုစီးပွါးကဏ္ဍများ၌ ပေါ်လွင်လာအောင် ကျင့်ဆောင်လေ့ရှိပေသည်။
ကုရ်အာန်၏စာတစ်ကြောင်းချင်းကပင်လျှင် လွန်လေပြီးသော တမန်တော်များ၊ အမျိုးသားလူထုများ၏ သမိုင်းဖြစ်ရပ်မှန်အားဖြင့် နာမ်ဝိညာဉ် နှင့် ကိုယ်ကျင့်တရား ကောင်းမြတ်ရေးလမ်းစဉ်ကို သင်ကြားပြသထားသည်။ ၄င်းပြင် အတိတ်ကာလလူ့မျိုးနွယ်စုများ ကျင့်သုံးခဲ့ကြသော ပျက်စီးဆုံးရှုံးရာလမ်းစဉ်များမှ ကျောခိုင်းခွဲထွက်ရန်ကိုလည်း လူသားထုတစ်ရပ်လုံးထံ သတိပေးထားပါသည်။
စင်စစ်၌ ကုရ်အာန်မှ ညွှန်ပြသော လမ်းစဉ် ဟူသည် ---
လူသားတို့အဖို့ မိမိအတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ ကောင်းကျိုးဖြစ်ထွန်းရာလမ်းကြောင်းအား ညွှန်ကြားပြသပေးသည့် ကုရ်အာန့်ဥပဒေသ နှင့် ခဝပ်မှုပြဌာန်းချက်များကို ဆိုလိုပေသည်။

(၂ ) မှတ်ကျောက် - အမှားနှင့်အမှန်ကို ကွဲပြားစေမှု
------------------------------------------------
ကောင်းချီးမင်္ဂလာအပေါင်းနှင့်ပြည့်စုံမှုသည် ထိုအရှင်မြတ်ထံတော်၌သာရှိသတည်း။ ထိုအရှင်သည် မိမိ၏အစေတော် (မုဟမ္မဒ်) အပေါ် လောကအပေါင်း၏ သတိပေးနှိုးဆော်သူဖြစ်စေအံ့သောငှါ အမှားအယွင်းများမှ အမှန်တရားကို ခွဲခြားနားလည်နိုင်သည့် စံမှတ်ကျောက်(ကုရ်အာန်) အား တစ်ဆင့်ပြီးတစ်ဆင့် ထုတ်ပြန်ပို့ချပေးတော်မူလေပြီ။ ကုရ်အာန် (၂၅း၁)
တနည်းအားဖြင့်ဆိုသော် ကျမ်းမြတ်ကုရ်အာန်သည် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး၊ ဖြောင့်မတ်တည်ကြည်မှု နှင့် လီဆည်ညစ်ထေးမှုများကို ရှင်းလင်းစွာဖြင့် ကွဲပြားပေါ်လွင်သွားစေပါသည်။ ဤကျမ်းဂန်သည် ကောင်းခြင်း၊ ဆိုးခြင်းတို့အား ရောထွေးမှုန်ဝါးသွားစေသော ထုံးတမ်းဓလေ့များ (ဝါ) ခေတ်ရေစီးကြောင်း၏ ယှဉ်ပြိုင်သွေးထိုးချက်များကို ရှုတ်ချထားသည်။ ကျင့်ဝတ်နှင့်ကိုယ်ကျင့်တရား (စာရိတ္တ) ဟူသည် မပြောင်းလဲသော စကြဝဠာဥပဒေသဖြင့် အကောင်းနှင့်အဆိုးကို ဆုံးဖြတ်စီရင်နိုင်စွမ်းမည့် ဝဟီဗျာဒိတ် အပေါ်၌သာ အခြေပြုတည်ဆောက်ရသည် ဟု ကုရ်အာန်က တင်ပြ၏။ ဤကျင့်ဝတ်စည်းမျဉ်းများသာလျှင် သာသနာ၊ ဘဝ၊ အသိဥာဏ်၊ ဂုဏ်သိက္ခာ၊ ပိုင်ဆိုင်မှု နှင့် မျိုးဆက်အနွယ်ကို ထိန်းသိမ်းသွားမည် ဖြစ်သည်။ ကောင်းမြတ်သော ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်များမှာ လောကီရေးညှို့ငင်ချက်များအပေါ် ရှာဖွေမွေ့လျော်ရန် မဟုတ်ချေ။

(၃) ထင်ရှားသော သာဓက
-------------------------------
ကျမ်းမြတ်ကုရ်အာန်သည် ကုရ်အာန်ဆိုင်ရာသတင်းသဝဏ်ကိုပင်လျှင် ကျိုးကြောင်းညီညွတ်စွာ စဉ်းစားဆင်ခြင်မှု၏အထောက်အကူ မပါဘဲ လူတို့မှ မျက်ကန်းနောက်လိုက်ပြုခြင်းကို အားမပေးထားပါ။ မိမိတို့၏ ဘိုးဘေးအစဉ်အလာမိရိုးဖလာကို မြင်တွေ့ထားသည့်အတိုင်း မဆန်းမစစ် ပြုကျင့်ဆောင်ရွက်နေသူတို့အား ကုရ်အာန်က ပြင်းထန်စွာ ဝေဖန်ထားပါသည် (၂း၁၇ဝ)။
ကုရ်အာန်သည် အလ္လာဟ့်မုခ်ပါဌ်တော် (ဝဟီဗျာဒိတ်)၏ သက်သေသာဓကတစ်ပါးအဖြစ် ထာဝစဉ် ရပ်တည်လျက် ရှိနေ၏ (၄း၁၇၄)။ ကဏ္ဍ- စူရဟ်အများစု၌ ကုရ်အာန်သည် စကြဝဠာ၊ သစ်ပင်ပန်းမာန်၊ တိရစ္ဆာန်၊ မြေကမ္ဘာ၏တောင်စွယ်တောင်တန်း၊ လူ့ဘဝဖြစ်တည်မှု စသည်တို့အပေါ် နက်နက်နဲနဲ စဉ်းစားဆင်ခြင်ကြရန် တိုက်တွန်းထား၏ (၂း၁၆၄)။ ယင်းသို့ဖြင့် အလ္လာဟ်အရှင်မြတ်၏ အံ့ဖွယ်ဖန်ဆင်းမှုကို သိမြင်လက်ခံလာနိုင်ကြောင်း အလေးပေးဆွေးနွေးထားပါသည်။ ဤသည်ပင် အလ္လာဟ်အသျှင်မြတ်သည် အမှန်တကယ်တည်ရှိနေတော်မူခြင်း၊ ထိုအသျှင်သည် မနုဿလူသားကို ထိပ်တန်းတင် ဦးစားပေးတော်မူထားခြင်း၊ ထိုအရှင်မြတ်၏ သတင်းစကားနှင့် ဥပဒေသများသာလျှင် တစ်ခုတည်းသော လိုက်နာအပ်ရာဖြစ်ခြင်း အချက်များကို အတည်ပြုလျက်ရှိနေပေသည်။
တဖန် တမန်တော်မြတ်(ဆွ)၏ တမန်တော်ဖြစ်ခြင်း (နုဘူဝသ်)အပေါ် သံသယဝင်ကြသူများနှင့် စပ်လျဉ်း၍ ကုရ်အာန်က ရာဇဝင်တွင်အောင် သက်သေထူထားပေသည်။ ဂျူး (ယဟူးဒ်) နှင့် ခရစ်ယာန် (နဆွာရာ)တို့က အလ္လာဟ့်ထံတော်မှလာသော ဝဟီဗျာဒိတ်တော်၏သက်သေသာဓကအဖြစ် သဘာဝလွန်စွမ်းရည်ထူးများ ပြသရန် မုဟမ္မဒ် (ဆွ)အား တောင်းဆိုခဲ့ကြကုန်၏။ ချုပ်၍ဆိုရလျှင် မုဟမ္မဒ် (ဆွ)သည် တမန်တော်ဖြစ်ခြင်းမှန်ပါက တမန်တော်မူစာ (အလိုင်) ကဲ့သို့ ထူးခြားဆန်းကြယ်ဖြစ်အင်များ၊ တမန်တော်အီစာ (အလိုင်) ကဲ့သို့ ရောဂါဝေဒနာတို့ကို တမဟုတ်ချင်း ပျောက်ကင်းစေမှုများ မုချဆောင်ရွက်နိုင်ရမည်ဟု အဆိုပြုကြကုန်၏။ ဤစိန်ခေါ်ချက်ကို ကုရ်အာန်က တုန့်ပြန်ထားပါသည်။ ကမ္ဘာ့ဘာသာစကားများ၏ရာဇဝင်၌ အရဘီစာပေ၏ အဆင့်အမြင့်ဆုံး ဖွဲ့စည်းတည်ဆောက်မှုပုံစံဖြစ်သည့် ကုရ်အာန်သည် ထွက်ပေါ်လာခဲ့ပြီးလေပြီ မဟုတ်ပါသလော။
ကျမ်းမြတ်ကုရ်အာန်၏ ထယ်ဝါခမ်းနားလှသောစကားရပ်များသည် အရဗီစာပေ၏မျက်နှာစာကို အပြောင်းအလဲဖြစ်သွားစေခဲ့၏။ ဝဟီဗျာဒိတ် - ကုရ်အာန်၏ရှေ့မှောက်ဝယ် အကျော်ကြားဆုံး ကဗျာလင်္ကာရှင်တို့၏ စွမ်းရည်များမှာ မမှီမကမ်း ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားကြကုန်၏။ ကျမ်းဂန်၏ဘာသာဗေဒအသုံးအနှုန်းမှာ တမန်တော်မြတ်(ဆွ) ၏နှုတ်တော်မှ ထွက်ရှိလာကတည်းကပင် ကုရ်အာန်သည် အရဗီစာပေ၏စံမှတ်ကျောက် ဖြစ်နေကြောင်း ယနေ့တိုင် ထူးကဲစွာ သက်သေထူပြသနေပေသည်။ သို့ပင်သို့ငြား မုဟမ္မဒ်(ဆွ)သည် စာပေသင်ကြား တတ်မြောက်ခဲ့သူ မဟုတ်ခဲ့သလို သူ၏လင်္ကာဆိုခြင်းမှာလည်း လူသိများကျော်ကြားမှု ဟူ၍ မရှိခဲ့ချေတကား။ ( တမန်တော်မြတ်၏ အဆုံးအမ/မိန့်မြွက်မှု - ဟဒီးဆ်များမှာ ပညာသားပါ နက်ရှိုင်းအဆင့်မြင့်ပါသော်လည်း အလ္လာဟ့်ထံတော်မှ တိုက်ရိုက်သက်ဆင်းလာသော ကုရ်အာန်၏ စံသတ်မှတ်ချက်ကိုမူ မှီနိုင်စွမ်းသည် မဟုတ်ပါ )။
သို့ဖြစ်လေရာ မုဟမ္မဒ်(ဆွ)၏ တမန်တော်ဖြစ်ပွင့်ခြင်းဆိုင်ရာ အထူးခြားဆုံး အံ့ဖွယ်အခြင်းအရာ နှင့် အကောင်းဆုံး သက်သေသာဓကမှာ ကျမ်းမြတ်ကုရ်အာန် ပင် ဖြစ်ပါတော့သတည်း။

(၄) သတိပေး နှိုးဆော်ချက်
---------------------------
ဝဟီထုတ်ပြန့ို့ချမှုသည် လောကအပေါင်း (စကြဝဠာခပ်သိမ်းရှိ ဝေနေယျအပေါင်း) အတွက် သတိပေးနှိုးဆော်ချက်မှတစ်ပါး အခြားမဟုတ်လေပြီ (၆း၉ဝ) ဟူ၍ ကုရ်အာန်က ဆိုထား၏။ ကျမ်းမြတ်ကုရ်အာန်က မိမိနောက်လိုက်များ နှင့် ဖတ်ရှုသူများကို နှိုးဆော်သတိပေးထားသော အကြောင်းသုံးရပ်ရှိ၏။
(က) အလ္လာဟ်အရှင်မြတ်၏အလိုတော်တစ်ခုတည်းထံသို့ နာခံလွှဲအပ်ရသည့် ဘဝလမ်းစဉ်ကို ဟောပြောပို့ချခဲ့ကြကုန်သော အတိတ်ခေတ်တမန်တော်များ၏ စစ်မှန်သည့် မူလအဆုံးအမများနှင့် ရုန်းကန်အားထုတ်ချက် အကြောင်းများ၊ ၄င်းပြင် အတိတ်ကာလ ဝဟီကျမ်းဂန်များ၏ မူလဘူတ ဥပဒေသများ နှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဆုံ



July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.