Pages

.

အစ္စလာမ့်အလင်းစကားများ ( ၁ )

အစ္စလာမ့်အလင်းစကားများ ( ၁ )
*************************
“ မူစလင်တွေကို အစ္စလာမ်ဘာသာက
သားဖောက်သာသနာပြုဖို့သွန်သင်ထားတာ ” ဟုတ်ရဲ့လားတဲ့။

ဒီအမေးကိုဖြေဆိုဖို့အပိုင်း ၂ ပိုင်း ဖြည်ပြရမှာဖြစ်ပါတယ်။

ပထမအချက်က “သားဖောက်တယ်” ဆိုတဲ့စကားလုံးပါ။
ဒီစကားလုံးကို လူသားတွေကြားမှာ အသုံးမပြုပါဘူး။ တိရစ္ဆာန်တွေအတွက်
သီးသန့်သုံးနှုန်းတဲ့ဝေါဟာရဖြစ်ပါတယ်။ အလွန်ရုန့်ရင်းကြမ်းတမ်းပါတယ်။
ဒီဝေါဟာရအသုံးပြုတဲ့သူဟာ ဘာရည်ရွယ်ချက်နဲ့အသုံးပြုမှန်းမသိရပေမယ့်
အိမ်ထောင်ပြုသားမွေးကိစ္စကို ရည်ညွှန်းတယ်လို့ ယူဆရပါတယ်။ အိမ်ထောင်ထူ ရင်သွေးယူတာကို မျိုးဆက်ပွားတယ်လို့ သုံးနှုန်းယင် ပိုယဉ်ကျေးပါတယ်။

လင်နဲ့မယားတရားဝင်ပေါင်းဖက်ပြီး ရင်သွေးရယူကြပါတယ်။
တိရစ္ဆာန်လောကမှာ လင်မယားဆိုတာ မရှိကြောင်း သိကြမှာပါ။ သတ်သတ်မှတ်မှတ် စုံတွဲမရှိဘဲ သို့မဟုတ် ကြုံသလို မျိုးစပ်ခြင်းကို သားဖောက်တယ်လို့ဆိုပါတယ်။

အစ္စလာမ်သာသနာမှာ တရားဝင်အကြင်လင်မယားမဟုတ်ဘဲ မျိုးဆက်ပွားလို့မရပါဘူး။ လူ့ဝန်းကျင်အကြားမှာ တိရစ္ဆာန်စရိုက်ကို လက်မခံပါဘူး။ ဒါကြောင့် အစ္စလာမ့်လောကထဲ အိမ်ထောင်ထူ ရင်သွေးယူတာကို သားဖောက်ခြင်း အဖြစ်လက်မခံပါဘူး။ ဒါကိုမှ သားဖောက်တယ်
လို့ သုံးနှုန်းယင် သုံးနှုန်းသူကိုယ်တိုင် ဖိုမမျိုးစပ်ပြီးမှ လူ့လောကထဲရောက်လာတာမို့လို့ သူလည်း သားဖောက်ခံရတယ်ဆိုပြီး - မိမိရဲ့ မိရင်း ဖရင်း ဘယ်သူမှန်းတောင်မသိပါဘူးဆိုပြီး
ဝန်ခံရာရောက်နေပါတယ်။ “ ကောင်းမွန်သောစကားပြောဆိုခြင်းသည်ပင် အလှူဒါနဖြစ်၏ ”လို့ အစ္စလာမ်သာသနာက သွန်သင်ထားပါတယ်။ ကျန်းမာရေးချို့ယွင်းချက်မရှိတဲ့ အိမ်ထောင်သည်တွေအဖို့
ရင်သွေးရလာတာ/ရယူချင်တာ လောကဓမ္မတာပါဘဲ။ သဘာဝတရားကို ရွံရှာအောင် မသုံးနှုန်းအပ်ပါ။



ဒုတိယအချက်ကတော့ “ သာသနာပြုခြင်း ” ဆိုတဲ့ကိစ္စပါ။
အစ္စလာမ်သာသနာထဲမှာ သာသနာပြုခြင်း ဆိုတဲ့အသုံး လုံးဝမရှိပါဘူး။ ဒါက ထူးခြားချက်တစ်ခုဖြစ်ပါတယ်။

အချို့သူများက ကာလံ၊ဒေသံ၊ အခြေအနေအရ လွယ်လွယ်ကူကူနားလည်စေအောင် ဒီစကားလုံးကို အသုံးပြုတတ်ကြပါတယ်။ အစ္စလာမ်မှာ တကယ်ရှိတာက “ သာသနာကိုဖြန့်ချိခြင်း ” သာလျှင်ဖြစ်ပါတယ်။

သာသနာကိုဖြန့်ချိတာ နဲ့ သာသနာပြုတာ ကွာခြားပါတယ်။ သာသနာပြုခြင်းက မိမိသာသနာအပေါ် တစ်ပါးသူတို့ စိတ်ညွှတ်လာအောင် နည်းလမ်းအမျိုးမျိုးနဲ့ ကြံဆောင်ကြိုးပမ်းခြင်းလို့ အကြမ်းအားဖြင့်
ဆိုနိုင်ပါတယ်။ သာသနာဖြန့်ချိတာက သာသနာ့အဘိဓမ္မာ၊ သာသနာ့အသိ/အတတ်ပညာတွေကို မွတ်စ်လင်မ် ဟုတ်သူကိုဖြစ်စေ မဟုတ်သူကိုဖြစ်စေ လူထုကြားထဲ လက်ဆင့်ကမ်းတာ-အသိပေးတင်ပြတာ-လမ်းညွှန်ဝေမျှတာ လို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။ ဒီထက်ပိုပြီးတက်နိုင်တဲ့အဆင့် တစ်ဆင့်တည်းရှိပါတယ်။ အဲ့ဒါကတော့ အစ္စလာမ်သာသနာဖက်ကို လက်ကမ်းကြိုဆိုဖိတ်ခေါ်မှု ပါဘဲ။ ဖိတ်ခေါ်ခံရသူလက်ခံခြင်း လက်မခံခြင်းကလည်း ဖိတ်ခေါ်သူရဲ့ တာဝန်မဟုတ်ပါဘူး။ အစ္စလာမ်ရဲ့ကျမ်းဂန်ကုရ်အာန်မှာ “ အစ္စလာမ်သာသနာကို ဖန်ဆင်းရှင် အလ္လာဟ် ကိုယ်တော်တိုင် ထိန်းသိမ်းစောင့်ရှောက်တော်မူမယ် ”၊ “ အစ္စလာမ်သာသနာကို လက်ခံလိုသူမှ လက်ခံနိုင်သလို လက်မခံလိုသူလည်း လက်မခံဘဲနေနိုင်တယ် ” စသဖြင့် ရှင်းရှင်းလင်းလင်း တင်ပြထားပါတယ်။ ဒါ့အပြင် အစ္စလာမ်ရဲ့တမန်တော်မြတ် မုဟမ္မဒ် Muhammad (ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)က “ မည်သူပင်ဖြစ်စေကာမူ ငါ့ထံမှစကားတစ်ခွန်းကိုပင်လျှင် ဆင့်ပြန်တင်ပြဖြန့်ဖြူးကြကုန် ” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် မွတ်စ်လင်မ်(အစ္စလာမ်ဘာသာဝင်)တွေအတွက် သာသနာကိုထိန်းသိမ်းစောင့်ရှောက်ဖို့၊ သာသနာပြုဖို့အကြောင်းမရှိပါ။ သာသနာ့သွန်သင်မှုအတိုင်း ကျင့်သုံးခြင်း၊ သာသနာ့အသိအတတ်ပညာများကို လက်ဆင့်ကမ်းဝေမျှခြင်းနဲ့ လုံလောက်နေပါတယ်။ လူဦးရေနည်းနေပါစေ သာသနာ့အဆုံးအမအတိုင်း လိုက်နာကျင့်သုံးယင် သာသနာစည်ပင်တိုးတက်တယ် - ဘာသာဝင်ဦးရေဘယ်လောက်များများ သာသနာ့အဆုံးအမအတိုင်း မလိုက်နာမကျင့်သုံးယင်/မျက်ကွယ်ပြုယင် သာသနာဆုတ်ယုတ်တယ်လို့ဘဲ ခံယူလေ့ရှိပါတယ်။

တစ်ဆက်တည်းမှာဘဲ အစ္စလာမ်မှာ သာသနာ့ရေးရာကို စိတ်ကြိုက်စီရင်နိုင်အောင် လူတစ်စုက လက်ဝါးကြီးအုပ်စီမံနိုင်တဲ့ သာသနာပိုင်ဝါဒလည်း မရှိကြောင်း၊ မည်သူမဆို သာသနာ့ရေးရာနဲ့ပတ်သက်လာယင် အစ္စလာမ့်ကျမ်းဂန်(ကုရ်အာန်) နဲ့ တမန်တော့်သြ၀ါဒ/ဓလေ့တော်/အသိအမှတ်ပြုချက်(ဟဒီးဆ်/စွန္နဟ်) ရဲ့ ဘောင်အတွင်းကဘဲ ရှင်သန်ရပ်တည်ဖို့ ညွှန်ကြားထားကြောင်း သိစေလိုပါတယ်။

အထက်ပါတင်ပြချက်နှစ်ခုနဲ့တင် အစ္စလာမ်မှာ သားဖောက်ခြင်း၊ သာသနာပြုခြင်း ဆိုတဲ့ အသုံးအနှုန်းမရှိသလို၊
“ သားဖောက်ပြီးသာသနာပြုတယ် ” ဆိုတဲ့ သဘောတရားနဲ့အနှစ်သာရလည်း အလျဉ်း မရှိကြောင်း
သိမြင်နိုင်ကြမယ်လို့ မျှော်လင့်လိုက်ရပါတယ်။ 







No comments:

Post a Comment

Note: only a member of this blog may post a comment.