Pages

.

အစ္စလာမ့်အလင်းစကားများ (၂ )


အစ္စလာမ့်အလင်းစကားများ (၂ )
************************
“ ဗလီမှာ နေ့တိုင်းအော်နေတာက ဘာသာခြားတွေကို
သတ်ဖြတ်ဖို့ လူစုနေတာ ဟုတ်ပါသလား ” တဲ့။

သတ်ဖြတ်ဖို့၊ တော်လှန်ဖို့၊ တိုက်ခိုက်ဖို့ ခေါ်ယူတာ အမှန်ပါဘဲ။
ဒါပေမယ့် ဘာသာခြားတွေအပါအ၀င် လူနဲ့သတ္တ၀ါအပေါင်းကို
တစ်စုံတစ်ရာသော ပျက်ရာပျက်ကြောင်းအတွက် အော်ခေါ်လူစုတာမျိုး မဟုတ်ပါ။

စင်စစ်အားဖြင့် ၀တ်ကျောင်းတော်ကိုလာပြီး ၀တ်ပြုကြဖို့ သတိပေးအော်ခေါ်နှိုးဆော်ခြင်း ဖြစ်ပါတယ်။
လောကီ့မာယာတွေထဲကနေ တဒင်္ဂ တော်လှန်ရုန်းထွက်စွန့်ခွာလာပြီ
လောဘ၊ ဒေါသ၊ အတ္တ၊ မောဟ၊ မာန၊ စိတ်ရိုင်း၊ အတွေးဆိုး စတဲ့ နေ့တစ်ဓူဝ လောကီနစ်မွန်းမှုအရာတွေကို အေးချမ်းတဲ့နေရာမှာ မိမိရဲ့အရှင်ကိုဦးချဝတ်ပြုယင်း ကိုယ်စီကိုယ်ငှ သတ်ဖြတ်ပယ်ချစေတာပါဘဲ။ ဒီအမှုဆောင်ရွက်ဖို့အတွက် လာကြပါ (မလာနိုင်ခဲ့ယင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ဆောင်ရွက်ဖို့ အချိန်ကျရောက်ပါပြီ) ဆိုပြီး နှိုးဆော်ဖိတ်ခေါ်သတိပေးခြင်းလုပ်ရပ်တစ်ခု ဖြစ်ပါတယ်။

ဘယ်ဘာသာတရားမှာမဆို စုရုံးဝတ်ပြုဖို့၊ ဆုတောင်းဖို့၊ တရားဒေသနာဟောပြော/ပို့ချ/သင်ယူဖို့ “နေရာ” ဆိုတာ ရှိစမြဲ/လိုအပ်စမြဲ/သတ်မှတ်ရစမြဲ ဖြစ်ပါတယ်။ အဲ့ဒီလိုနေရာမျိုးမှာ ညစ်ညမ်းတဲ့အရာ၊ အမှုမျိုး လက်မခံခြင်းကလည်း ဘာသာတရားတိုင်းမှာ ရှိပါတယ်။
သန့်ရှင်းတဲ့နေရာတစ်ခုမှာ ဦးချဝတ်ပြုဖို့ အစ္စလာမ်က သွန်သင်ထားပါတယ်။ တစ်ဦးချင်းတစ်ယောက်ချင်းအနေနဲ့ သန့်ရှင်းတဲ့ဘယ်နေရာမှာမဆို ပြုလုပ်ဆောင်ရွက်နိုင်ပေမယ့် စုရုံးဆောင်ရွက်ဖို့က သီးသန့်နေရာလိုအပ်ပါတယ်။ အဲ့ဒီလို စုရုံးဝတ်ပြုဦးချတဲ့နေရာဌာန/စုရပ်ကို အရဗီလို “မတ်စ်ဂျိ(ဒ်)”လို့ ခေါ်ဆိုပြီး မြန်မာလိုနားလည်ကျအတိုင်း ဗလီ/၀တ်ပြုကျောင်းလို့ ခေါ်ဆိုကြပါတယ်။ (အကြမ်းအားဖြင့် အများနားလည်အောင် တင်ပြခြင်းဖြစ်ပါတယ်)။ ဒါကြောင့် ဗလီဝတ်ကျောင်းဟာ လောကီနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့နေရာဌာနတစ်ခု ဖြစ်လို့ လောကီရေးသီးသန့်ကိစ္စတွေကို ဗလီရဲ့ပရ၀ုဏ်အတွင်းမှာ ပြုလုပ်ပြောဆိုပိုင်ခွင့် မရှိပါဘူး။ သာသနာကသွန်သင်လမ်းညွန်တဲ့ ဘ၀လမ်းစဉ်အတိုင်း ကျင့်မူနေထိုင်ရှင်သန်တာကို အစ္စလာမ်က လောကီရေးသီးသန့်အဖြစ်မမြင်ပါဘူး။ လောကီရေးမှန်သမျှစွန့်ပယ်ပြီး လောကုတ္တရာရေးသက်သက် မလုပ်ဖို့၊ လောကုတ္တရာရေးကို လုံးဝ ကရုမစိုက်ဘဲ လောကီရေးသက်သက်လိုက်စားတာမျိုး မလုပ်ဖို့ (တစ်နည်းအားဖြင့်) အစွန်းနှစ်ဖက်ကိုရှောင်ကြဉ်ဖို့ အစ္စလာမ်က လမ်းညွှန်အားပေးထားပါတယ်။ ဒါကလည်း အစ္စလာမ်ရဲ့တမူထူးခြားချက်တစ်မျိုးဖြစ်ပါတယ်။ “ ဓား၊ လှံ၊ လေး၊ မြှား

(စတဲ့)လက်နက်တွေကိုင်ဆောင်ပြီး ဗလီဝတ်ကျောင်းတော်ထဲ ၀င်ရောက်လာသူဟာ ငါတို့အနက်မှမဟုတ် ” ၊ “ ငြိမ်းချမ်းသူအချင်းချင်း လက်နက်နဲ့ ချိန်ရွယ်သူဟာ ငါ့နောက်လိုက် မဟုတ်” လို့ အစ္စလာမ့်တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား) က အတိအလင်း မိန့်တော်မူထားပါတယ်။ ဒါ့အပြင် ဆူပူသောင်းကျန်းသူများက အခြားဘာသာဝင်တွေရဲ့ ဘုရားကျောင်းဂန်တွေကို ပျက်လိုဖျက်ဆီးပြုလာခဲ့ယင်တောင် အစ္စလာမ်ဘာသာဝင်များက ကာကွယ်တားဆီးစောင့်ရှောက်ပေးရမယ်ဆိုပြီး အစ္စလာမ့်ကျမ်းဂန် ကုရ်အာန်ထဲမှာ ထင်ထင်ရှားရှား တွေ့နိုင်မှာပါ။ ဘာသာခြားတွေအပေါ် တစ်ဖက်သတ်အပြစ်မြင်ပြီး တစ်စုံတစ်ရာကြံစည်ဒုက္ခပေးဖို့ဆိုတာ ပိုလို့ မဖြစ်နိုင်ပါဘူး။ သို့သာမက ဗလီဟာ ဂိုဒေါင် မဟုတ်တဲ့အတွက် လက်နက်သိုလှောင်ရုံတို့၊ စစ်စခန်းတို့ ဘယ်ဖြစ်နိုင်မှာလဲဗျာ။ ဒီတော့ ဖော်ပြခဲ့တဲ့ သဘောတရားတွေနဲ့ဆန့်ကျင်ပြီး တစ်ဖက်သတ်အမြင်မှားမှု
သို့မဟုတ် စွပ်စွဲပုတ်ခတ်မှုကိစ္စလိုမျိုး ဗလီထဲမှာ ဘယ်လိုရှိနိုင်မှာလဲဆိုတာ စဉ်းစားမိကြပါလိမ့်မယ်။ ( ဘာသာတရား နဲ့ ဘာသာဝင်တွေကို ခွဲခြားသိမြင်ဖို့ လိုပါတယ်။ ဘာသာတရားရဲ့အဆုံးအမကို ဥပေက္ခာပြုပြီး ဆန့်ကျင်ပြီး လုပ်ချင်ရာလုပ်တဲ့သူတွေဟာ - ဘယ်ဘာသာဝင်ဖြစ်ဖြစ် - သူတို့ရဲ့ဘာသာတရား နဲ့ သူတို့ရဲ့ဘာသာဝင်အခြားသူအားလုံးကို ကိုယ်စားမပြုပါဘူး။ ဘယ်ဘာသာတရားမှာမဆို အစွန်းရောက်တွေ၊ စုန်းပြူးတွေ ရှိတတ်ကြစမြဲပါ။ ဥပမာဆိုရယင် မြန်မာနိုင်ငံက
ဗုဒ္ဓဘာသာဝင်တစ်ဦးက အလွန်အင်မတန်သေးသိမ်ယုတ်ညံ့တဲ့ အမှုကိစ္စကျူးလွန်လိုက်တယ်ဆိုပါတော့။ ဗုဒ္ဓဘာသာက ဒီလိုလုပ်ဖို့ခွင့်ပြုထားသလား၊ ဆုံးမသွန်သင်ထားသလားလို့ သတ်မှတ်လို့မရသလို အခြားနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်မှန်သမျှ ဒီပုတ်ထဲကဒီပဲပါဘဲ လို့ စွပ်စွဲလို့မရစကောင်းပါဘူး။ ဘယ်လိုလူစားဖြစ်ပါစေ ဒီလို တစ်ယူသန်အစွဲရှိသူများရဲ့ ပညာ၊ ဥာဏ်ရည် ၊ ယုံကြည်မှု နဲ့ စိတ်ဓာတ်တွေဟာ ဘယ်အဆင့်အတန်းမှာ ရှိနေသလဲ ဆိုတာ အလွယ်တကူ ခန့်မှန်းမိကြပါလိမ့်မယ်)။

ဒီနေရာမှာ အစ္စလာမ်သာသနာရဲ့ထူးခြားမှုတစ်ခု ကြားညှပ်ဖော်ပြဖို့လိုပါတယ်။ အစ္စလာမ့်လမ်းစဉ်ရဲ့ကဏ္ဍအသီးသီးတိုင်းမှာ ငြိမ်းချမ်းစွာ ဘ၀တည်ဆောက်ပုံဖော်နိုင်အောင် စည်းမျဉ်း၊ ကျင့်ဝတ်တွေ ချမှတ်ထားပါတယ်။ တင်းကြပ်ချုပ်ချယ်တာမဟုတ်ပါဘူး။ လူ့အရည်အသွေးပြည့်ဝလာအောင် ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ စည်းကမ်းနဲ့ ပုံစံချထိန်းကွပ်ပေးခြင်း သဘောပါဘဲ။ မွတ်စ်လင်မ်တွေအားလုံး ငြိမ်းချမ်းရေးဖက်ကို ရှေ့ရှုစေသလို အခြားတစ်ဖက်မှာလည်း “မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ဥပဒေ”ကို
ပြဋ္ဌာန်းပေးထားပါတယ်။ မတရားမှုကို တုန့်ပြန်ရင်ဆိုင်မှုမပြုလုပ်ဘဲ တရားမျှတမှုဖြစ်မလာနိုင်ပါဘူး။ တရားမျှတမှုမရှိယင် ငြိမ်းချမ်းရေးဆိုတာလည်း မရှိနိုင်တဲ့အတွက် ဘက်ညီမျှတအောင် ပြဋ္ဌာန်းပေးထားခြင်းဖြစ်ပါတယ်။ အစ္စလာမ်မှာ မိမိဖက်က သူတစ်ပါးကို စတင်စော်ကားခွင့် မပြုပါဘူး၊ စော်ကားခံရတဲ့အပေါ် ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ ပေးထားပါတယ်။ ဒါကို တစ်ချို့သူတွေက “မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်”လို့ အထင်မှားတတ်ကြပါတယ်။ (အထက်ကဆိုပြီးတဲ့အတိုင်း တလွဲအသုံးချရုပ်လုံးဖော်သူတွေရှိတယ်၊ လိုက်နာသူရှိသလို မလိုက်နာသူတွေရှိတယ်။ အဲ့ဒါက သက်ဆိုင်ရာဘာသာတရား၊ ဘာသာဝင်တွေနဲ့ မသက်ဆိုင်ပါဘူး)။ မည်သည့်တိုင်းပြည်နိုင်ငံမှာမဆို လူတစ်ဦးချင်းစီအတွက် မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ဥပဒေများ တရားဝင်ချမှတ်ပြဋ္ဌာန်းပေးထားတာကို မြင်အောင်ကြည့်ဖို့လိုအပ်နေပါတယ်။

နောက်ဆုံးအနေနဲ့ ဗလီကနေ နေ့စဉ်ငါးကြိမ် ၀တ်ပြုဖို့လာရောက်ရေးဆော်သြဖိတ်ခေါ်ချက်ကို ဖော်ပြပါမယ်။
အစ္စလာမ်ဘာသာဝင်တွေအတွက် နေ့စဉ်တစ်ရက်ငါးကြိမ် အချိန်ပိုင်းအလိုက် ၀တ်ပြုဖို့ တာဝန်ပေးထားပါတယ်။ နံနက်အရုဏ်ချိန်၊
နေ့လည် မွန်းလွှဲချိန်၊ ညနေနေစောင်းချိန်၊ နေ၀င်ချိန် နဲ့ ညဦးချိန်တွေမှာ ဖြစ်ပါတယ်။ အစ္စလာမ့်လမ်းစဉ်ပေါ်ထွန်းစက ယနေ့ခေတ်လို နာရီတွေမရှိခဲ့ပါဘူး။ ဒါကြောင့် အချိန်မီတစုတရုံးတည်း
လာရောက်ဝတ်ပြုနိုင်ဖို့ အချိန်ကျရောက်လာယင် တစ်ဦးတစ်ယောက်က အသံပေးအော်ယူဆော်သြတဲ့နည်းစံနစ်ကို အသုံးပြုခဲ့ကြတာပါ။ သတ်မှတ်ချက်တစ်ခုလည်း ဖြစ်သွားခဲ့ပါတယ်။ ဒါကို သာသနာ့သမိုင်းဝင်အစဉ်အလာအဖြစ် ဒီနေ့ထက်တိုင် ထိန်းသိမ်းကျင့်သုံးနေခြင်းဖြစ်ပါတယ်။ လာရောက်ဝတ်ပြုရေးဖိတ်ခေါ်စာသားနဲ့အဓိပ္ပာယ်ကို အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ် (အများနားလည်အောင် ရေးသားတင်ပြပါတယ်)။

၁။ အလ္လာဟု အတ်က်ဗရ် ၊ အလ္လာဟု အတ်က်ဗရ် (၂ ကြိမ်)
- အလ္လာဟ်အရှင်မြတ်သည် တုနှိုင်းမဲ့ကြီးကျယ်မြင့်မြတ်တော်မူပါ၏။
* ဘယ်သာဘာဝင်ဖြစ်ဖြစ် မိမိရဲ့ကိုးကွယ်ရာကို အနှိုင်းမဲ့အဆင့်မှာ ထားပါတယ်။ အကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးအဖြစ် သတ်မှတ်လက်ခံလေ့ရှိပါတယ် *

၂။ အရှ်ဟဒု အလ္လာအိလားဟ အစ်လလ္လာဟ် (၂ ကြိမ်)
- အလ္လာဟ်အရှင်မြတ်မှအပ (ကျွန်ုပ်အဖို့) ခ၀ပ်ကိုးကွယ်ရာမရှိကြောင်း ကျွန်ုပ် သက်သေခံပါ၏။
* အစ္စလာမ့်ဝတ်ပြုရေးဖိတ်ခေါ်နေသူဟာ
အစ္စလာမ်သာသနာဝင်သာဖြစ်ကြောင်း ခံဝန်ပြောဆိုတာပါ *

၃။ အရှ်ဟဒု အန်းန မုဟမ္မဒန် ရစူးလုလ္လာဟ် (၂ ကြိမ်)
- မုဟမ္မဒ် သည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းရပုဂ္ဂိုလ်စေတမန်တော်စင်စစ်ဖြစ်ကြောင်း ကျွန်ုပ်သက်သေခံပါ၏။
* ဖိတ်ခေါ်နေသူဟာ မုဟမ္မဒ်ရဲ့နောက်လိုက်တစ်ဦးဖြစ်ကြောင်း
ခံဝန်ပြောဆိုတာပါ *
* ဒီ နံပါတ် ၂ နဲ့၃ ဟာ အစ္စလာမ်သာသနာရဲ့ယုံကြည်ချက်သက်သေခံစကားရပ် အရင်းအမြစ် ဖြစ်ပါတယ်။ အစ္စလာမ်ကိုသက်ဝင်လက်ခံလာသူတိုင်း ဒီစကားရပ်ကို အနည်းဆုံးသက်သေနှစ်ဦးရှေ့မှာ ဖွင့်ဟ၀န်ခံပြောဆိုရပါတယ်*

၎။ ဟိုင်းယ အလတ် ဆွလာဟ် (၂ ကြိမ်)
- ၀တ်ပြုရန် လာရောက်ကြပါကုန်။

၅။ ဟိုင်းယ အလတ် ဖလားဟ် (၂ ကြိမ်)
- အောင်မြင်ခြင်းဖက်သို့လာရောက်ကြပါကုန်။
* အထက်ကတင်ပြခဲ့တဲ့အတိုင်း လောကီနစ်မွန်းမှုမှရုန်းထွက်နိုင်ခြင်းကို အောင်မြင်မှုလို့တင်စားညွှန်းဆိုခြင်းဖြစ်တယ်*

၆။ အလ္လာဟု အတ်က်ဗရ် ၊ အလ္လာဟု အတ်က်ဗရ် (၁ ကြိမ်)
- အလ္လာဟ်အရှင်မြတ်သည် တုနှိုင်းမဲ့ကြီးကျယ်မြင့်မြတ်တော်မူပါ၏။
* ဆိုလိုချက်ကို အမှတ်စဉ် ၁ ၌ ဖော်ပြပြီး *

၇။ လာအိလားဟ အစ်လလ္လာဟ် (၁ ကြိမ်)
- အလ္လာဟ်အရှင်မြတ်မှအပ (ကျွန်ုပ်အဖို့) ခ၀ပ်ကိုးကွယ်ရာမရှိပါ။

(အထူးမှတ်ချက်) - “ အလ္လာဟ် ” ဆိုတာ အရဗီဘာသာစကားအရ မိမိရဲ့ကိုးကွယ်ရာ (ဖန်ဆင်းရှင်) အရှင်သခင်ကို ခေါ်ဆိုပါတယ်။ အာရဗ်လူမျိုး ခရစ်ယာန်တွေကလည်း God ကို အရဗီစကားနဲ့ အလ္လာဟ်လို့ဘဲ ခေါ်ဆိုသုံးနှုန်းပါတယ်။

ဒီလောက်ဆိုယင် “ ဗလီမှာ နေ့တိုင်းအော်နေတာက ဘာသာခြားတွေကို သတ်ဖြတ်ဖို့ လူစုနေတာ ဟုတ်ပါသလား ” ဆိုတဲ့မေးခွန်းအတွက် အဖြေမှန်ကို ရလောက်ပြီလို့ မျှော်လင့်ပါတယ်။

No comments:

Post a Comment

Note: only a member of this blog may post a comment.