Pages

Pages - Menu

“ အားလုံးအတွက် ကုရ်အာန် ” - ၆

“ အားလုံးအတွက် ကုရ်အာန် ” - ၆
***************************
ဝဟီ ထုတ်ပြန်မှု အဆင့်ဆင့်
===============
မုဟမ္မဒ်(ဆွ)က မိမိ၏အဆွေတော်တို့အား ဝဟီဗျာဒိတ်တော်သည် မိမိထံတော်သို့ ဂျိဗ်ရီးလ် (အလိုင်)မှတဆင့် အခြေခံနည်းလမ်းနှစ်မျိုးဖြင့် ကျရောက်လာခဲ့ကြောင်း အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့၏။
- ဝဟီဗျာဒိတ်သည် ဆင့်ပြန်မှုပြီးဆုံးချိန်၊ မိမိမှ အလွတ်မှတ်သားမိချိန်အထိ ခေါင်းလောင်းသံအလား ရောက်ရှိလာခဲ့၏။
- ကောင်းကင်တမန်ဂျိဗ်ရီးလ် (အလိုင်)သည် လူ့ပုံပန်းသဏ္ဍာန်ဆောင်၍ ဝဟီဗျာဒိတ်တော်ကို မိမိထံ ပို့ဆောင်ဖြန့်ချိခဲ့၏။
နှစ်စဉ်နှစ်တိုင်း ရမဿွာန်လမြတ်အတွင်း ကောင်းကင်တမန် ဂျိဗ်ရီးလ် (အလိုင်) သည် မုဟမ္မဒ် (ဆွ)ထံတော်သို့ ရောက်ရှိလာပြီး ထုတ်ပြန်ပို့ချပြီးသမျှသော ကုရ်အာန်ကို အတူတစ်ကွ ပြန်လှန်ဖတ်ကြားလေ့ကျင့်စမြဲ ရှိခဲ့၏။ မုဟမ္မဒ်(ဆွ) ကွယ်လွန်မည့်နှစ်တွင်မူ ဂျိဗ်ရီးလ် သည် နှစ်ကြိမ်တိုင်တိုင်ရောက်လာကာ ပြန်လည်ဖတ်ကြား လေ့ကျင့်ခဲ့လေသည်။ ထိုကာလအတောအတွင်း ကုရ်အာန်တစ်စောင်လုံး၏ အကြောင်းအရာနှင့် အစီအစဉ်ချမှုကို အပြီးသတ်ဆောင်ရွက်ခဲ့ပေသည်။
တမန်တော်မြတ်သည် ဝဟီဗျာဒိတ်တော်ကို တစ်ကြိမ်တည်းဖြင့် တစ်လုံးတစ်ဝ လက်ခံရရှိခဲ့ခြင်း မဟုတ်။ အကြောင်းခံအကြောင်းရပ်အမျိုးမျိုးအတွက် အဆင့်ဆင့် လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ အောက်ပါအတိုင်း တွေ့နိုင်၏။


- တမန်တော်မုဟမ္မဒ်၏ ဘဝဖြစ်စဉ်နှင့်အတွေ့အကြုံများကို အလ္လာဟ့်တမန်တော်စစ်စစ် ဖြစ်ကြောင်း ထင်ရှားစေရန် ဝဟီဖြင့်ပို့ချခြင်း။
ဥပမာ - ဒေသနာ့သတင်း ဟောပြောပို့ချရာတွင် တွေ့ကြုံရသော အတိတ်တမန်တော်များ၏အဖြစ်အပျက် (နှင့်) ၄င်းတို့၏ အခက်အခဲဒုက္ခများအား အဆက်မပြတ် ဖော်ပြထားခြင်းမှာ မုဟမ္မဒ် (ဆွ)နှင့် သူ့ဆွေသဟာများ၏ သံန္နိဌာန်ကို သန်မာအားကောင်းလာစေရန်အတွက် ဖြစ်၏။
- ဝဟီဗျာဒိတ်နှင့် ကြုံဆုံဖူးခြင်း မရှိသော လူ့အသိုင်းအဝိုင်းတစ်ရပ်အပေါ် အလ္လာဟ်အရှင်မြတ်၏ဥပဒေသများကို တစ်ဆင့်ချင်း ဖြည်းဖြည်းနှင့်မှန်မှန် ချမှတ်သွားခြင်း။
အကယ်၍ ကျမ်းမြတ်ကုရ်အာန်ကို တစ်ကြိမ်တည်းဖြင့် အကုန်အစင်ချမှတ်ပို့ဆောင်ခဲ့ပါက မုအ်မင်န်များအဖို့ မိမိတို့၏ဘဝပုံစံအား ညတွင်းချင်း ပြောင်းလဲပစ်ရန် မလွဲမသွေ ခဲယဉ်းလှပေမည်။ (ဥပမာ) အရက်ကို ပိတ်ပင်ခြင်း၌ ပထမဦးစွာ အကန့်အသတ်ဖြင့်အသုံးပြုစေရာမှ မတူညီသောအဆင့်သုံးရပ်ရှိနေကြောင်း တွေ့ရပေမည်။ အစ္စလာမ် မတိုင်မီက အာရေဗျ၏ယဉ်ကျေးမှု၌ အရက် (နှင့် မူးယစ်သေစာ) သည် အဓိကကဏ္ဍတစ်ရပ်အဖြစ် နေရာယူထားခြင်း ကြောင့်ဖြစ်ပေသည်။ ယင်းသို့သောအခြေအနေ၌ သာသနာ့တားမြစ်ချက်ဥပဒေတစ်ရပ်ကို အစိမ်းသက်သက် သွတ်သွင်းလိုက်၍ မရစကောင်းပေ။
- ကျမ်းမြတ်ကုရ်အာန်ကို စွဲမြဲစွာမှတ်မိသွားစေခြင်း နှင့် ကုရ်အာန့်နည်းလမ်းကို လက်တွေ့အသုံးချရန် လူ့အဖွဲ့အစည်းအတွက် လွယ်ကူညက်ညောသွားစေခြင်း။
ကျမ်းမြတ်ကုရ်အာန်သည် တစ်ကြိမ်လျှင် အနည်းငယ်မျှစီ ထုတ်ပြန်ချမှတ်ခံရသဖြင့် မုအ်မင်န်များအတွက် လွယ်လင့်တကူ မှတ်သားနိုင်ခွင့်ရခဲ့သည်သာမက ယင်းအဆုံးအမများကို လူ့အဖွဲ့အစည်းအတွင်း၌ အဆင်ပြေစွာ အကောင်အထည်ဖော်သွားနိုင်ခဲ့ကြပေသည်။

မက္ကဟ်ခေတ် နှင့် မဒီနဟ်ခေတ် ကာလ
=====================
တမန်တော်မြတ်(ဆွ)၏ ပထမဦးဆုံးဗျာဒိတ်တော် လက်ခံရရှိသည်မှာ မက္ကဟ်မြို့၌ ဖြစ်၏။ မိမိ၏ တမန်တော်ဘဝသက်တမ်း ပထမပိုင်း(၁၃)နှစ်မှာ မက္ကဟ်၌ ကုန်လွန်ခဲ့သည်။ ဤကာလအတွင်း ကျရောက်လာသည့် ကဏ္ဍများ နှင့် အကြောင်းအရာများသည် မက္ကဟ်တွင်ကျရောက်သော ဒေသနာသတင်းများအဖြစ် ထင်ရှားသည်။ သာသနာ့ညှင်းပန်းမှုများကြောင့် မုဟမ္မဒ်(ဆွ)နှင့်ဆွေသဟာများက မဒီနဟ်မြို့သို့ ယတိပြတ် ပြောင်းရွှေ့ခဲ့ကြပြီးနောက် ဝဟီ၏ဒုတိယကာလ ဖြစ်ပေါ်လာသည်။ ထိုကာလမှာ(၁ဝ)နှစ်ဖြစ်၏။ တမန်တော်မြတ်(ဆွ) မဒီနဟ်၌ စံပယ်တော်မူစဉ်ကာလအတွင်း ကျရောက်လာသည့် ကဏ္ဍများနှင့် အကြောင်းအရာများသည် မဒီနဟ်တွင် ကျရောက်သော ဒေသနာသတင်းများအဖြစ် ထင်ရှားသည်။
ကျမ်းမြတ်ကုရ်အာန်၏အစီအစဉ်မှာ ခုနှစ်သက္ကရာဇ်အလိုက် မဟုတ်ရကား မက္ကဟ်ကျဒေသနာသတင်း နှင့် မဒီနဟ်ကျဒေသနာသတင်းတို့သည် ကဏ္ဍများစွာတွင် ဒွေးရောယှက်တင် ဖြစ်နေတတ်သည်။ အထူးသဖြင့် ရှည်လျားသော စူရဟ်များ၌ ဖြစ်သည်။

(၁) မက္ကဟ်တွင်ကျရောက်သော ဒေသနာသတင်းများ
--------------------------------------------------------
မက္ကဟ်တွင် ကျရောက်သော စူရဟ်အများစုမှာ ကျမ်းဂန်၏နောက်ပိုင်း၌ရှိနေသည်ကို ထူးခြားစွာ တွေ့ရ၏။ ထိုစူရဟ်များမှာ ကျစ်လစ်ထိမိတိုတောင်းကြ၏။ စူရဟ်စုစုပေါင်း (၁၁၄)ပါးအနက် (၈၅)ပုဒ်မှာ မက္ကဟ်ကျ စူရဟ်များဖြစ်ကြသည်။ ကုရ်အာန်ကို အပုံ(၃ဝ)ပုံ ပိုင်းလိုက်လျှင် (၁၁)ပုံစာ ရှိနေလေသည်။
တမန်တော့်ဘဝ၏ ဤမျက်နှာစာကာလအတွင်း ကုရ်အာန်သည် လူတို့အား အစ္စလာမ်ဖက်သို့ ဖိတ်ခေါ်ရေး အကြောင်းအရာအပေါ် ရှေ့ရှုဦးတည်ထားသည်။ သက်ဝင်ယုံကြည်ကြသည့် လူ့အစုအဝေးလေးမျှသာ မဟုတ်ဘဲ လူသားထုတစ်ရပ်လုံးကို ရည်ညွှန်းထားပါသည်။ မက္ကဟ်ကျ စူရဟ်များ၏ ပင်မအကြောင်းအရာများကို အောက်ပါအတိုင်း အမျိုးအစား(၃)မျိုး ခွဲခြားနိုင်၏။

(က)တစ်ဆူရှင်ဝါဒ - သောင်ဟီးဒ်
ဤကာလအတွင်းမှ စူရဟ်များသည် အာရပ် မုရှ်ရစ်က်အများစုအတွက် သူစိမ်းပြင်ပြင် ဖြစ်နေသော ဖန်ဆင်းရှင်၏ဂုဏ်တော်၊ ဇာတိတော်များအကြောင်းကို မိတ်ဆက်တင်ပြထား၏။ ကုရ်အာန်၏အစောပိုင်း အနေအထား၌ ကိုးကွယ်အပ်ရာအရှင်သခင်သည် တစ်ဆူတစ်ပါးတည်းသာရှိကြောင်းကို မုရှ်ရစ်က်တို့အား သိမြင်နားလည်အောင် များမြောင်စွာ ဦးတည်ဇောင်းပေးထား၏။ ထိုအရှင်မြတ်တစ်ပါးတည်းကိုသာ မည်သည့်အရာနှင့်မျှ ဖက်စပ်ယှဉ်တွဲမပြုဘဲ နာခံကိုးကွယ်ရန်ဖြစ်လေ၏။ ဤသည်မှာ ဤမျက်နှာစာကာလအတွင်း ကုရ်အာန်၏ အခြေခံသာသနာ့သတင်းပင် ဖြစ်ပါသည်။

(ခ) တရားစီရင်မည့်ေ့တော် နှင့် နောင်တမလွန်ဘဝ
မက္ကဟ်ကဏ္ဍများအတွင်း ဒုတိယအရေးအကြီးဆုံးသော လမ်းညွှန်သွန်သင်ချက်မှာ တရားစီရင်မည့်နေ့တော်၊ နောင်တမလွန်အကြောင်းများနှင့်သက်ဆိုင်သည့် ဟောကြားချက်များ ဖြစ်သည်။ ၄င်းသည်လည်း မုရှ်ရစ်က် တို့၏ယုံကြည်ချက်နှင့် ပြဿားတစ်လမ်း သံတစ်လမ်း ဖြစ်နေခဲ့၏။ ၄င်းတို့၏ယုံကြည်ချက်တွင် သေလွန်ပြီးနောက် ကိုယ်ကျင့်တရားဆိုင်ရာလုပ်ရပ်များအပေါ် အရေးယူစီရင်ချက်ဟူသည် မပါဝင်သည်သာမက လက်ခံနိုင်စွမ်းလည်း မရှိပါချေ။

(ဂ) သမာဓိ
ဤကာလအတွင်း ကျမ်းမြတ်ကုရ်အာန်၏ အလေးထားမှုမှာ - အစ္စလာမ်လက်ခံသူ မုအ်မင်န်တို့၏ အနေအထိုင်နှင့်အပြုအမူများ ဖြောင့်မတ်မှန်ကန်ရေးဖြစ်၏။ ဤဆုံးမသွန်သင်ချက်များက လူတို့၏ ကိုယ်ရည်ကိုယ်သွေးများကို တင်းမာသူ၊ ရုန့်ရင်းကြမ်းတမ်းသူ၊ အလျင်လို သည်းမခံတတ်သူအဖြစ်မှသည် တည်ငြိမ်သူ၊ သနားကြင်နာတတ်သူ၊ စိတ်ရှည်သည်းခံတတ်သူ လူသားများအဖြစ်သို့ အသွင်ပြောင်းသွားစေခဲ့၏။ စီးပွါးရေးရာ သိက္ခာမဲ့လုပ်ရပ်များ၊ လူမှုရေးရာမတရားမှုများမှာ ပလွှားမာန နှင့် ရုပ်ဝါဒကြောင့် ထွက်ပေါ်ထင်ရှားလာရခြင်းဖြစ်ကြောင်းကို ကုရ်အာန်က အထူးပြဆိုထားသည်။ ၄င်းအပြင် ကျွန်များကိုလွတ်လပ်ခွင့်ပေးရေးနှင့်အတူ မိဘမဲ့များ၊ ဆင်းရဲနွမ်းပါးသူများ၊ အမျိုးသမီးများအပေါ် ကောင်းမွန်စွာ ဆက်ဆံရေးနှင့်ပတ်သက်၍ ဖိတ်ခေါ်ထားချက်များကိုလည်း တွေ့မြင်ကြရပေမည်။

(၂) မဒီနဟ်တွင်ကျရောက်သော ဒေသနာသတင်းများ
-----------------------------------------------------
ဤစူရဟ်များသည် မက္ကဟ်ကျစူရဟ်များ၏နောက်မှ ထုတ်ပြန်ချမှတ်ခြင်းခံရသော်လည်း အများစုကို ကျမ်းမြတ်ကုရ်အာန်၏အစပိုင်းတွင် တွေ့ရမည်ဖြစ်သည်။ မက္ကဟ်ကျစူရဟ်များထက်လည်း များစွာရှည်လျား၏။ စူရဟ် စုစုပေါင်း(၁၁၄)ပါးအနက် မဒီနဟ်ကျစူရဟ်မှာ (၂၉)ပုဒ်ရှိ၏။ ကုရ်အာန်ကို အပုံ(၃ဝ)ပိုင်းလိုက်လျှင် (၁၉)ပုံစာ ရှိနေလေသည်။ မဒီနဟ်ကျစူရဟ်သည် အရေအတွက်နည်းပါးသော်လည်း သက်ဆိုင်ရာကဏ္ဍအလျောက် အရေးပါလှပေ၏။ ဤစူရဟ်များမှာ လူသားထုတစ်ရပ်လုံးအတွက်မဟုတ်ဘဲ မုအ်မင်န်တို့၏ လူ့အသိုင်းအဝိုင်းသက်သက်ကိုသာ ရည်ညွှန်းထားကြောင်း အောက်ပါအမျိုးအစားများဖြင့် တွေ့ရပေသည်။

(၁) ဥပဒေသ ပြဋ္ဌာန်းခြင်း
ယှရီအဟ် ဟုခေါ်ဆိုသော ကျမ်းမြတ်ကုရ်အာန်၏ဥပဒေသအများအပြားသည် မဒီနဟ်ခေတ်ကာလအတွင်း တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ ထိုကာလတွင် အဆင့်မြင့်ကိုယ်ကျင့်တရားအခြေတည် လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးနိုင်ရန်အတွက် လူ့အသိုက်အဝန်းဆိုင်ရာဥပဒေသများသည် လူ့တစ်ဦးချင်းဆိုင်ရာဥပဒေသ (ပုဂ္ဂလဥပဒေသ)များကဲ့သို့ပင် အရေးကြီးလာခဲ့ပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် တွေ့မြင်ကြရသည့် ဥပဒေသအများစုတို့သည် မဒီနဟ်ရှိ မုစ်လင်မ့်အသိုက်အဝန်း၏အတွေ့အကြုံများမှ တိုက်ရိုက်ရောင်ပြန်ဟပ် ထွက်ရှိလာခြင်းဖြစ်၏။

(၂) ရွှေ့ပြောင်းအခြေချသူ (မုဟာဂျိရ်)များ နှင့် ကူညီသူနယ်ခံ (အန်ဆွာရ်)များအကြား ဆက်ဆံရေးကဏ္ဍ
မက္ကဟ်မြို့တော်မှ ယတိပြတ်ရွှေ့ပြောင်းလာကြသူ - မုဟာဂျိရ်များ (နှင့်) မဒီနဟ်မြို့ခံကူညီသူများ - အန်ဆွာရ်တို့အကြားရှိ မုစ်လင်မ့်ဆက်ဆံရေးအကြောင်းကို ကျမ်းမြတ်ကုရ်အာန်၏နေရာများစွာ၌ ဖော်ပြထား၏။ ၄င်းတို့၏ဆက်ဆံရေးမှာ တစ်အူတုံဆင်းညီနောင်များထက်ပင် အားကောင်းခိုင်မြဲခဲ့သည်။ ယင်းဖော်ပြချက်များတွင် အများနှင့်သက်ဆိုင်သော လူ့အခွင့်အရေးများ နှင့် တာဝန်ဝတ္တရားများ ပါဝင်နေပေသည်။

(၃) အရေခြုံကြောင်သူတော်များ
ဤမဒီနဟ်ကာလအတွင်း အရေခြုံကြောင်သူတော် (မုနာဖစ်က်)များအကြောင်းကို ကျမ်းမြတ်ကုရ်အာန်က ဖွင့်ချပြခဲ့၏။ ထိုလူစားများသည် မုစ်လင်မ်အတိုင်းပင် ကျင့်သုံးနေထိုင်ပြီး မုစ်လင်မ့်လူ့အဖွဲ့အစည်းအတွင်း စိမ့်ဝင်နေရာယူထားကြ၏။ သို့ရာတွင် စင်စစ်၌ ၄င်းတို့မှာ (မက္ကဟ်ရှိ အာရပ်မုရှ်ရစ်က်များကဲ့သို့သော) အစ္စလာမ့်ရန်သူများအား အလုပ်အကျွေးပြုကြ၏။

(၄) ရှေးကျမ်းရရှိသူများ
တမန်တော်မုဟမ္မဒ်(ဆွ)နှင့် မုစ်လင်မ်လူ့အဖွဲ့အစည်းတို့သည် မဒီနဟ်ရှိ ဂျူး၊ ခရစ်ယာန်တို့နှင့် လူမှုရေး၊နိုင်ငံရေးကိစ္စများ၌ ကူးလူးဆက်ဆံမှု ပြုခဲ့ကြ၏။ တမန်တော်မြတ်(ဆွ) နှင့် ကောင်းကင်ကျရှေးကျမ်းရသူများ၏ အပြန်အလှန် ဘာသာရေးဒဿနဖလှယ်မှုဆိုင်ရာ အကြောင်းစာပိုဒ် အမြောက်အများ လာရှိပေသည်။ ဤအုပ်စုနှစ်ရပ်၏ဆက်ဆံရေးကို မဒီနဟ်ကျစူရဟ်များ၌ ထင်ထင်ရှားရှား တွေ့ရပေမည်။

လူမှုဝန်းကျင်ထံသို့ ဒေသနာသတင်းပို့ဆောင်ချက်
==========================
တမန်တော်မြတ်(ဆွ)မှ မိမိ၏လူ့အဖွဲ့အစည်းထံသို့ ကျမ်းမြတ်ကုရ်အာန်ကို နည်းလမ်း(၂)သွယ်ဖြင့် ပို့ချလက်ဆင့်ကမ်းတော်မူခဲ့၏။

(က) ရွတ်ဖတ်ကျက်မှတ်သော နှုတ်ရေးအစဉ်အလာ
တမန်တော်မုဟမ္မဒ်(ဆွ)သည် ကောင်းကင်တမန် ဂျိဗ်ရီးလ်(အလိုင်)အကူအညီဖြင့် ဝဟီဗျာဒိတ်များကို ဦးစွာမှတ်မိအောင်ပြုပြီးနောက် မိမိနောက်လိုက်သားတို့အား သင်ကြားပေးခဲ့၏။ ထိုခေတ်က အာရေဘီယံ လူ့အဖွဲ့အစည်း၌ နှုတ်ရေးဓလေ့ အလွန်ကျယ်ပြန့်ခေတ်စားခဲ့၏။ ကဗျာလင်္ကာများ၊ ဇာတ်လမ်းပုံပြင်များကို အလွတ်မှတ်သားခြင်းသည် အခြေခံပညာရေးစံနစ်ပင် ဖြစ်နေခဲ့သည်။ ပညာတတ်တစ်ဦးဦးမှ စာပေအားဖြင့်မှတ်တမ်းတင်ခြင်း အစဉ်အလာဟူ၍ မရှိခဲ့ချေ။
မုဟမ္မဒ်(ဆွ)မှ ကုရ်အာန်ကို ဖတ်ကြားသရဇ္ဈာယ်၍ သင်ကြားပို့ချလေသောအခါ ဆွေသဟာတော်များကလည်း နှုတ်ငုံကျက်မှတ်လေ့သာရှိကြ၏။ ကျမ်းမြတ်ကုရ်အာန်အား ရသမျှ အလွတ်ကျက်မှတ်ကြရန် ကိုယ်တော့်မှာကြားမှုကို မြောက်များစွာသော ဟဒီးဆ်တော်များတွင် တွေ့ရပေသည်။ မုဟမ္မဒ်(ဆွ)၏ဆွေသဟာအများစုတို့မှာ ကျမ်းမြတ်ကုရ်အာန်၏အစိပ်အပိုင်း အမြောက်အများကို အာဂုံဆောင်နိုင်ခဲ့ကြပြီး တမန်တော့်ကြင်ရာတော်သုံးပါး အပါအဝင် ဆွေသဟာအချို့မှာမူ ကျမ်းဂန်တစ်စောင်လုံး၏အာဂုံဆောင်(ဟာဖိဇွ်)များ ဖြစ်ခဲ့ကြကုန်၏။
တမန်တော်မြတ်ကြီး(ဆွ)က ကုရ်အာန်နှုတ်ငုံရသူများအား အခြားသူတို့ကိုလည်း ပြန်လည်သင်ကြားပေးရန် တိုက်တွန်းတော်မူခဲ့၏။ အစ္စလာမ်သာသနာ ပျံ့နှံ့ကျယ်ပြန့်လာရာ ကိုယ်တော်မြတ်က ဤရည်ရွယ်ချက်ဖြင့် လူ့အဖွဲ့အစည်းအသီးသီးထံသို့ ကိုယ်စားလှယ်တော်များ စေလွတ်တော်မူခဲ့သည်။
အလွတ်ရအောင်ကျက်မှတ်ခြင်းသည် နေ့စဉ်ဝတ်ပြုသော ဆွလာသ်ငါးကြိမ်ရှိ ကုရ်အာန်ဖတ်ကြားရသည့် အစိပ်အပိုင်းများအတွက် အကြွင်းမဲ့အထောက်အကူဖြစ်စေပါသည်။ စူရဟ်များစွာ အာဂုံဆောင်ထားနိုင်ဖို့လည်း လိုအပ်သည်။ သို့ဖြစ်ရာ ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင်ခြင်းသည် မုစ်လင်မ်တို့၏လက်တွေ့ဘဝအတွင်း အရေးကြီးကဏ္ဍတစ်ရပ်အဖြစ် ယနေ့ထက်တိုင်အောင် တည်ရှိလာခဲ့ပေသည်။

(ခ) ရေးသားမှတ်တမ်းတင်မှု အစဉ်အလာ
တမန်တော်မုဟမ္မဒ်(ဆွ)သည် သက်တော်ထင်ရှားရှိစဉ်ကာလအတွင်း ကိုယ်တော်ကိုယ်တိုင်က ကုရ်အာန်အားစုစည်းထားကြရန် ညွှန်ကြားထားတော်မူခဲ့သည်။ အကြောင်းမှာ ကျမ်းမြတ်ကုရ်အာန်သည် ကမ္ဘာပေါ်ရှိ သာသနာ့ကျမ်းဂန်အားလုံးအနက် ပြိုင်စံရှား နောက်ဆုံးကျမ်းဂန် ဖြစ်နေခြင်းပင်။
ဟဒီးဆ်တော်များ၌ တွေ့ရသည်မှာ မဒီနဟ်ဝယ် တမန်တော်မြတ်(ဆွ)ထံပါးတွင် ကလောင်ရှင် (စာရေးတော်)များ (၂၉) ဦးအထက်ရှိခဲ့ပြီး ၄င်းတို့သည် ကိုယ်တော်မြတ် လက်ခံရရှိသမျှသော ဗျာဒိတ်တော်မှန်သမျှကို ရေးသားမှတ်တမ်းတင်ခဲ့ကြသည်။ တမန်တော်မြတ်(ဆွ)ကိုယ်တော်တိုင်ပင် မည်သည့်အာယသ်၊ မည်သည့်စာပိုဒ်သည် မည်သည့်စူရဟ်အနက်မှဖြစ်ကြောင်း ညွှန်ပြတော်မူခဲ့ပါ၏။
အချို့သော အနောက်တိုင်းရာဇဝင်ဆရာအချို့က ကျမ်းမြတ်ကုရ်အာန်သည် တမန်တော်မြတ်၏ လက်ထက်တော်အတွင်းမှာပင် ရေးသားမှတ်တမ်းတင်ခဲ့မှုအပေါ် သံသယဝင်နေခဲ့ကြ၏။ သို့ရာတွင် မုစ်လင်မ်တို့၏ လက်ဦးသမိုင်းမှတ်တမ်းဖြစ်သည့် ဟဒီးဆ်တော်များတွင် ဤအချက်ကို ရှင်းလင်းစွာပြဆိုထားပြီးဖြစ်သည်။ ထို့ကြောင့် တမန်တော့်လက်ထက်ကပင် ကုရ်အာန်လက်ရေးမူပုရပိုက်များ ရှိနှင့်ပြီးကြောင်းကိုသာ လူအများက ယုံကြည်လက်ခံကြလေ၏၊ ကျမ်းမြတ်ကုရ်အာန်ကိုယ်၌ကလည်း မိမိသည် လက်ရေးမူမှတ်တမ်းအနေနှင့် ရှိနှင့်နေခဲ့ကြောင်း ဤ့သို့သိပေးချက် ရှိနေပါသည်။

ထိုကျမ်းဂန်ကို သန့်စင်မှုရှိကြသူတို့မှတစ်ပါး အခြားမည်သူမျှ မတို့ထိကြလေနှင့်။ ကုရ်အာန် (၅၆း၇၉)

(ဆက်လက်ဖော်ပြပါမည်)

 July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.