Pages

.

ဒီလဟာ မဟာတမန်တော်မြတ်ကြီးရဲ့ မွေးလ ရဗီအုလ် အောင်ဝလ် လ


ဒီလဟာ
မဟာတမန်တော်မြတ်ကြီးရဲ့ မွေးလ
ရဗီအုလ် အောင်ဝလ် လ ဖြစ်လို့
မဖတ်ရသေးသူများအတွက်
ထပ်မံ တင်ပေးလိုက်ပါတယ်။

အန္တိမ တမန်တော်မြတ် မုဟမ္မဒ် နှင့် အစ္စလာမ်သာသနာ
( အကျဉ်းချုပ် )
=======================

မပြတ်မစဲသနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် ( အစပြုပါ၏ )

၁။ မနုသဘုရား (၀ါ) တမန်တော်များ အဘယ်ကြောင့် ပွင့်ပေါ်ရသနည်း ?

လူသားတို့သည် မှားယွင်းသော ကိုးကွယ်မှုအယူဝါဒများကို တီထွင်ဖန်တီးဖော်ဆောင်လေတိုင်း လူ့သမိုင်းကြောင်းတစ်လျှောက်လုံးတွင် မနုသဘုရား (နဗီ/ရစူလ်)များအား အလ္လာဟ်အရှင်မြတ်မှ ပွင့်ပေါ် စေလွှတ်တော်မူလေ့ရှိ၏။ ( သာမန် စေတမန်တော်ကို နဗီ ဟုခေါ်ဆိုပြီး ၊ ကျမ်းရတမန်တော်ကို ရစူလ် ဟု ခေါ်ဆိုသည် )။ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ သီးသီးသန့်သန့် ခ,၀ပ်ကိုးကွယ်ကြရန်၊ အလ္လာဟ် အရှင်မြတ်အား မည်သည့်အရာနှင့်မျှ ရင်ဘောင်တန်း တန်းတူထားယှဉ်တွဲကိုးကွယ်မှု မပြုကြရန်၊ စင်ပြိုင်ဘုရားအများဝါဒ ၏ အမှောင်ထုမှ တစ်ဆူရှင်ဝါဒ၏ လင်းရောင်ခြည်အတွင်းသို့ ရောက်လာစေရန် အတွက် အလ္လာဟ်အရှင်မြတ်က မိမိ၏ဖန်ဆင်းခံလူသားများအနက်မှပင် စေတမန်တော်များကို စေလွှတ်တော် မူခြင်း ဖြစ်၏။



စေတမန်တော်အပေါင်းတို့မှာ တစ်မျိုးတည်းသော တရားဒေသနာတော်ကိုသာ ဟောပြော ဖိတ်ခေါ်ခဲ့ကြကုန်၏။ ၄င်းမှာ သောင်ဟီးဒ် ဟု ခေါ်ဆိုသည့် တုနှိုင်းမဲ့ဂုဏ်တော်များဖြင့် တစ်ဆူတည်းသန့်စင်စွာ တည်ရှိနေတော်မူသော - ကြီးကျယ်မြင့်မြတ်လှစွာသော အလ္လာဟ်အရှင်အရှင်မြတ်အပေါ် သက်ဝင်ယုံကြည် အားထားခြင်းတရား (တစ်နည်း) တစ်ဆူရှင်ဝါဒ ပင်ဖြစ်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် (၇း၅၉ ၊ ၆၅၊ ၈၅၊ ၇၃) နှင့် (၁၆း၃၆)တွင် တိကျထင်ရှားစွာ ဖော်ပြထားကြောင်းတွေ့ရပါမည်။

အလ္လာဟ်အရှင်မြတ်သည် လူသား နှင့် ဂျင်န် သတ္တ၀ါတို့ကို ဖန်ဆင်းတော်မူခြင်းမှာ အလ္လာဟ် အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ခ,၀ပ်ကြရန် ဟူသော ရည်ရွယ်ချက်မှအပ အခြား မဟုတ်ချေ။

စင်စစ်မူကား ငါအရှင်မြတ်သည် ဂျင်န်သတ္တ၀ါ နှင့် လူသားတို့အား ငါအရှင်မြတ်ကို ဆည်းကပ် ကိုးကွယ်ကြရန်အတွက်သာလျှင် ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်၏။ ကုရ်အာန် ( ၅၁း၅၆)

တမန်တော်မှန်သမျှ မိမိတို့၏ခေတ်ကာလမှ သက်ဆိုင်ရာ လူမျိုးစု/လူ့အဖွဲ့အစည်းများ အတွက် လမ်းမှန်တရားကို သွန်သင်ညွှန်ပြခဲ့ကြ၏။ သို့သော် တမန်တော်မြတ် မုဟမ္မဒ် ( ငြိမ်းချမ်းစေသား ) သည်ကား နိုင်ငံ/လူမျိုး/ခေတ်ကာလ/လူ့အဖွဲ့အစည်း တစ်ခုတည်းအတွက်မဟုတ်တော့ဘဲ လောကတစ်ခွင်ရှိ ခေတ်ကာလတိုင်းရှိ လူသား၊ ဂျင်န်သတ္တ၀ါအပေါင်းတို့နှင့်သက်ဆိုင်သော ဒေသနာ့သ၀ဏ်နှင့်တစ်ကွ ပွင့်ပေါ်လာခဲ့ပေသည်။

( အို - မုဟမ္မဒ် ! အသင်သည် လူတို့အား )ပြောကြားလိုက်ပါလေ ။ အို - ခပ်သိမ်းကုန်သော လူသားတို့။ ငါသည် ဧကန်စင်စစ် အသင်တို့အားလုံးအပေါ် အလ္လာဟ်အရှင်မြတ်ထံတော်မှ စေလွှတ်ခြင်း ခံရသော ရစူလ်တမန်တော်ပင်ဖြစ်၏။ ကုရ်အာန် (၇း၁၅၈)

သို့သာမက တမန်တော် မုဟမ္မဒ် ( ငြိမ်းချမ်းစေသား )သည် လူ့သမိုင်းစဉ်တစ်လျှောက် ပွင့်ပေါ်လာရသည့် တမန်တော်များအနက် အန္တိမ ( နောက်ဆုံး အဆုံးသတ် ) ဖြစ်တော်မူခဲ့၏။ ထပ်မံ ပွင့်ပေါ်ဦးမည့် တမန်တော် မရှိတော့ချေ။

မုဟမ္မဒ်သည် အသင်တို့အမျိုးသားများအနက် မည်သူတစ်ဦး၏ ဖခင်မျှမဟုတ်။ စင်စစ်မူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သာ ဖြစ်၏။ ၄င်းပြင် တမန်တော်အပေါင်း (တို့၏ ပွင့်ပေါ်မှုကို) အဆုံးသတ်သူပင် ဖြစ်သည်။ ကုရ်အာန် (၃၃း၄၀)

၂။ အလ္လာဟ်အရှင်မြတ်ပြီးလျှင် တမန်တော် မုဟမ္မဒ်

( အို - မုဟမ္မဒ်၊ အသင်သည် လူအပေါင်းတို့အား) ပြောကြားလော့။ အကယ်ရွေ့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား အမှန်တကယ် ချစ်ကြည်မြတ်နိုးကြပါမူ ငါ့အား နည်းနာခံ နောက်လိုက်မှု ပြုကြလေကုန်။ သို့မှသာလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ချစ်ကြည်မြတ်နိုး တော်မူပြီး အသင်တို့၏ ဒုစရိုက်ပြစ်မှုများကို ချမ်းသာခွင့်ပေးကာ ခွင့်လွှတ်သနားတော်မူမည်တည်း။
ကုရ်အာန် (၃း၃၁)

မုဟမ္မဒ် သခင်အား နည်းနာခံနောက်လိုက်ပြုခြင်း ဟူသည်မှာ (၁) အစ္စလာမ့် တစ်ဆူရှင်ဝါဒကို လက်ခံရမည်။ (၂) ကျမ်းတော်မြတ်ကုရ်အာန် (၏အဓိပ္ပါယ်နှင့်စာသား) ကို လက်ခံလိုက်နာ ရမည်။ (၃) တမန်တော်မြတ်မှ တရားဝင်ချမှတ်ကျင့်သုံးလမ်းညွှန်တော်မူခဲ့သည့် ဘ၀တည်ဆောက်မှုလမ်းစဉ် (စွန္နဟ်) အပေါ် လက်ခံလိုက်နာရမည် ကို ဆိုလိုခြင်း ဖြစ်သည်။ ဤသည်မှာ အစ္စလာမ်သာသနာဝင် မုစ်လင်မ် တိုင်း၏ ကျင့်ဝတ်သစ္စာ ပင်ဖြစ်ပါသည်။ တမန်တော်မြတ်မှ အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါသည်။

ငါကိုယ်တော်သည် အသင်တို့အကြား အရာနှစ်ခုကို ချန်ရစ်ထားတော်မူ၏။ ကုရ်အာန် နှင့် စွန္နဟ် (ဟဒီးဆ်)တည်းဟူသော ဤအရာနှစ်ခုအား တင်းကြပ်မြဲမြံစွာဆုပ်ကိုင်ထာသရွေ့ အသင်တို့သည် မည်သည့်အခါမျှ လမ်းမှားမည် မဟုတ်။

၃။ တမန်တော်မြတ် မုဟမ္မဒ် အပေါ် ထားရှိရမည့် အချစ်

အဗူ ဟုရိုင်ရဟ် (ရဒွိ) မှ ဆင့်ပြန်ခဲ့၏။ ရစူလုလ္လာဟ် (ဆွ)မှ မိန့်တော်မူခဲ့၏။
ငါ၏၀ိညာဉ်ကို စိုးပိုင်ထိန်းချုပ်တော်မူသော အရှင်မြတ်အား တိုင်တည်ပါအံ့။ အကြင်သူ တစ်ဦးသည် သူ၏ဖခင်၊ သူ၏သားသမီး၊ လူသားထုတစ်ရပ်လုံးထက်ပို၍ ငါ့အား ချစ်ကြည်မြတ်နိုးမှု မရှိသေးသမျှကာလပတ်လုံး အသင်တို့အနက် တစ်ဦးတစ်ယောက်မျှ သက်ဝင်ယုံကြည်သူ (အီမာန်ရှင်) မမည်သေးချေ။
( ဆွဟီးဟ် အလ်ဗုခါရီကျမ်း၊ အတွဲ ၁ ၊ အီမာန် ကဏ္ဍ၊ ဟဒီးဆ်အမှတ်စဉ် ၁၃ )

လူလူချင်းအပေါ်နာခံမှုထက် ကုရ်အာန် နှင့် ဟဒီးဆ်အပေါ် လေ့လာလက်ခံကျင့်သုံးပါမှ တမန်တော်မြတ် (ဆွ)အား အကြွင်းမဲ့ နာခံရာရောက်၏။ ထိုသို့ နာခံနိုင်သောနှလုံးသားမဖြစ်သေးသမျှ တမန်တော်အား စစ်မှန်စွာ ချစ်သည်ဟု မဆိုနိုင်ပါ။
တမန်တော်အားချစ်သည်ဟုဆိုရာ၌ ကိုယ်တော်မြတ်မှ ချစ်မြတ်နိုးစေသည်ကိုလည်း ချစ်ခင် မြတ်နိုးတတ်ရပေမည်။
အသင်တို့သည် အကြောင်းသုံးရပ်အားဖြင့် အရဗီကို ချစ်ခင်မြတ်နိုးကြကုန်။ ငါကိုယ်တော်သည် အာရဗ် လူမျိုးဖြစ်ခြင်း၊ ကုရ်အာန်၏စာပေသည် အရဗီ ဖြစ်ခြင်း၊ သုခဘုံသားတို့၏ ဘာသာ စကားသည် အရဗီ ဖြစ်ခြင်း။
ဆင့်ပြန်သူ - အိဗ်နု အဗ်ဗာ့စ် (ရဒွိ) (သိရ်မိဇီ ကျမ်း)

၎။ အကောင်းဆုံးသော စာရိတ္တရှင် နှင့် စံနမူနာရှင်

ကမ္ဘာ့လူသားထုတစ်ရပ်လုံးအနက် အကောင်းဆုံးသော ကိုယ်ကျင့်တရား နှင့် အမြင့်မြတ်ဆုံး စံပြုအပ်ရာ ကိုယ်ရည်ကိုယ်သွေးအပေါင်းတို့သည် တမန်တော်မြတ် (ဆွ)ထံ ၌သာ စုတည်နေပါ၏။

မုချဧကန် အသင် (မုဟမ္မဒ်)သည် ကောင်းမွန်မြင့်မြတ်လှစွာသော အကျင့်စာရိတ္တများအပေါ်၌ တည်ရှိ၏။ ကုရ်အာန် ( ၆၈း၎)

ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် နှင့် နောက်ဆုံးနေ့တော်ကို ကြောက်ရွံ့သည့်အပြင် အလ္လာဟ် အရှင်မြတ်အား များမြောင်စွာ တ,သခြင်း (ဇိက်ရ်)ပြုသူအဖို့ အလ္လာဟ်အရှင်မြတ်၏တေမန်တော်ထံ၌ စံပြုအပ်ရာ မွန်မြတ်လှစွာသော အရည်အသွေး (များ) ရှိပေသည်။ ကုရ်အာန် (၃၃း၂၁)

၅။ တမန်တော်မြတ် မုဟမ္မဒ် (ဆွ) အကြောင်း အကျဉ်းချုပ်

အန္တိမ တမန်တော်မြတ်၏အမည်နာမတော်မှာ မုဟမ္မဒ် (ချီးမြှင့်ခြင်းခံထိုက်သူ) ဖြစ်၏။ အခြား အမည်တစ်ခုမှာ အဟ်မဒ် ( အလ္လာဟ်ကိုချီးမွှမ်းထောပနာပြုသူ) ဖြစ်၏ (၄၈း၂၉၊ ၆၁း၆ )။ ဘွဲ့တော်အမည်မှာ လောကအပေါင်းအတွက် ကရုဏာရှင် (၂၁း၁၀၇) ဖြစ်တော်မူ၏။ ဖခမည်းတော် အဗ်ဒုလ္လာဟ် မှာ ကိုယ်တော်မြတ် မဖွားမီ နှစ်လအလိုတွင် ဆီးရီးယားသို့ ကုန်ကူးထွက်ယင်း လမ်းခရီး၌ ကွယ်လွန်ခဲ့၏။ ဆင် အရေးအခင်းနှစ်၊ ရဗီအုလ်အောင်ဝလ်လ ၁၂ ရက်၊ ခရစ်သက္ကရာဇ် ၅၇၁၊ ဧပြီလ ၂၂ ရက်၊ တနင်္လာနေ့ ၊ နံနက် အရုဏ်ဦးအချိန်တွင် မက္ကဟ်မြို့၌ မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့သည်။ ဖွားမြင်ချိန်တွင် အလွန်ကြီးကျယ်သော နိမိတ်လက္ခဏာများပြခဲ့သည်။ တမန်တော်မြတ်(ဆွ)၏ သက်တော် ၆ နှစ်အရွယ်တွင် မိခင်ဖြစ်သူ ကွယ်လွန်ခဲ့ ပြန်ရာ အဖိုးဖြစ်သူ အဗ်ဒုလ် မုသ်ွသွလစ်ဗ်က ထိန်းသိမ်းစောင့်ရှောက်ခဲ့၏။ ကိုယ်တော်မြတ်၏သက်တော် ၈ နှစ် ၂ လတွင် ဘိုးတော်မှာ ကွယ်လွန်ပြန်သဖြင့် ဘကြီးတော် အဗူသွာလစ်ဗ်မှ တာဝန်ယူစောင့်ရှောက်ခဲ့သည်။ သက်တော် ၁၂ နှစ် ၂ လတွင် ဘကြီးတော်နှင့်အတူ ဆီးရီးယားသို့ ကုန်ကူးထွက်ခဲ့ရာ ခရစ်ယာန်ရောမ ဘုန်းတော်ကြီး ဗဟီရဟ်မှ မုဟမ္မဒ်ကို တွေ့မြင်သောအခါ တမန်တော်လျောင်းလျာအစစ်အမှန်ဖြစ်ကြောင်း အခိုင်အမာ အသိပေးပြောကြားခဲ့၏ (အိဗ်နုဟိရှာမ် ၁/၁၆၈)။ သက်တော် ၁၅ နှစ်တွင် ဒေသတွင်းစစ်ပွဲ၌ (စစ်မတိုက်ဘဲ) ၀င်ရောက်ကူညီပြီး လူမှုဝန်ထန်းကိစ္စများ ပါဝင်ဆောင်ရွက်ခဲ့၏။ ငယ်စဉ်က အငှါးသိုးထိန်း လုပ်ကိုင်ခဲ့၏ ( အလ်ဗုခါရီ ကျမ်း )။ သက်တော် ၂၀ကျော်ကာလတွင် ဆီးရီးယားသို့ ကုန်သွယ်ရေးအ၀ယ်တော် အဖြစ် သက်မွေးဝမ်းကျောင်းခဲ့၏။ အာရဗ်အမျိုသား နှင့် မက္ကဟ်မြို့သားအပေါင်းက သစ္စာရှင် ဟု ကင်ပွန်းတပ် ရသည်အထိ ဖြောင့်မတ်တည်ကြည်သူဖြစ်သည်။ သက်တော် ၂၅ နှစ်တွင် မျိုးရိုးမြင့်၊ သိက္ခာကြီးမား၍ ကြွယ်ဝသူ မုဆိုးမ ခဒီဂျဟ် သခင်မနှင့် ထိမ်းမြားခဲ့၏။ သက်တော် ၃၈ နှစ်မှစတင်၍ တမန်တော် အိဗ်ရာဟီမ်၏ လမ်းစဉ်အတိုင်း ဟီရာလိုဏ်ဂူတွင် တစ်ကိုယ်တည်း ကမ္မဌာန်းဘာဝနာ စီးဖြန်းကာ တရားစစ်တရားမှန်ကို ရှာဖွေမွေ့လျော်နေခဲ့၏။ ခရစ် ၆၁၀ ခုနှစ်၊ သက်တော် ၄၀ အရွယ်၊ ရမ်ဒွါန် ၁၇ ရက်၏ညဥ့်တစ်ညဥ့်တွင် ဟီရာ လိုဏ်ဂူ၍ တရားကျင့်ကြံနေခိုက် ကောင်းကင်တမန်ချုပ် ဂျိဗ်ရီးလ် သက်ဆင်းရောက်ရှိလာ၏။ အလ္လာဟ်အရှင်မြတ်၏ ပထမဆုံးလမ်းညွှန်ချက် (၀ဟီ) ဖြစ်သော ကျမ်းမြတ်ကုရ်အာန် (၉၆း၁-၅)ကို ရွတ်ဆို သင်ပြပေးခဲ့သည်။ တမန်တော်၏တာဝန်ကို စတင်အပ်နှင်းခံရသည်။ ကြင်ရာတော် ခဒီဂျဟ်သည် ကိုယ်တော်မြတ်၏ တမန်တော်ဖြစ်ခြင်း (နုဗူဝသ်)ကို သိလျှင်သိချင်း အီမာန်ယူယုံကြည်ခဲ့သည်။ ဒုတိယမှာ ကိုယ်တော်၏ မိတ်ဆွေရင်း အဗူဗကရ် ဖြစ်ပြီး၊ ကလေးသူငယ်များအနက် ကိုယ်တော့်ညီဝမ်းကွဲ အလီ တို့မှ စဦးလက်ခံခဲ့ကြ၏။ သုံးနှစ်တိတိ အစ္စလာမ်ကို လျှို့ဝှက်စွာ ဟောပြောဖိတ်ခေါ်ခဲ့ရသည်။ ဆွဖာတောင်အနီး ဒါရုလ်အရ်ကမ် အမည်ဖြင့် မုစ်လင်မ်များအတွက် လျှို့ဝှက်စုရပ်တစ်ခု ပြုလုပ်ခဲ့ရသည်။ အေဒီ ၆၁၃ တွင် ဆွဖာတောင်ထိပ်ပေါ်မှ အစ္စလာမ်ကို ပွင့်လင်းစွာ ကြေငြာဖိတ်ခေါ်သောအခါ အများစု၏ ကဲ့ရဲ့သရော်ရှုတ်ချမှု ကိုခံခဲ့ရ၏။ မက္ကဟ်သားများအနက် အစ္စလာမ်ဆန့်ကျင်သူတို့သည် ကိုယ်တော်မြတ်အား အစ္စလာမ့်ဒေသနာကို မဟောကြားစေရန် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း၊ လောကီစည်းစိမ်များဖြင့် မက်လုံးပေးဖြားယောင်းခြင်း၊ သွားပုပ်လေလွင့် မတရားဝါဒဖြန့်ခြင်း ပြုလုပ်ခဲ့သော်လည်း အရောမရောက် သဖြင့် ကိုယ်တော့်နောက်လိုက်အပေါင်းကို နည်းအမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက် ဒုက္ခပေးခဲ့ကြ၏။ အေဒီ ၆၁၅/၆၁၆ တွင် ဟမ်ဇဟ် နှင့် အုမရ်တို့ အစ္စလာမ်ကို လက်ခံလိုက်ကြသဖြင့် အစ္စလာမ့်အင်အား ပိုမို တိုးတက် လာ၏။ ၄င်းနောက် မက္ကဟ်မြို့သားတို့သည် ကိုယ်တော်မြတ်နှင့်နောက်လိုက်များ၊ ကိုယ်တော့်ကို အားပေး ထောက်ခံကြသူမိသားစုများအား မက္ကဟ်မြို့ပြင်သို့နှင်ထုတ်၍ အစာရေစာနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့၏။ သုံးနှစ်တိုင်တိုင် အပယ်ခံဘ၀ ရောက်ခဲ့၏။ ထိုအခြေအနေပြီးဆုံးသော် ဘကြီးတော် အဗူသွာလစ်ဗ် ကွယ်လွန်သည်။ နောက်နှစ်လအကြာ ကြင်ရာတော် ခဒီဂျဟ် ကွယ်လွန်ပြန်သည်။ နုဗူဝသ်သက်တမ်း ၁၀ နှစ် - အေဒီ ၆၁၉/၆၂၀ တွင် ဂန္တ၀င်မြောက် မိအ်ရာ့ဂ်ျခရီးစဉ်ဖြစ်ခဲ့ပြီး ဆွလာသ် ၅ ကြိမ် အမိန့်အတည်ဖြစ်သည်။ ၄င်းနှစ်တွင် မဒီနဟ်မြို့နေအချို့ အစ္စလာမ်ကို လာရောက်လက်ခံကာ အ(က်)ဗာ အရပ်၍ သမိုင်းဝင်သစ္စာခံယူပွဲ ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် အ(က်)ဗာ သစ္စာခံပွဲပြီးသည့်နောက် မက္ကဟ်မှ မုစ်လင်မ်များသည် မဒီနဟ်သို့ စတင်ပြောင်းရွှေ့ကြသည်။ ယင်းသို့ ဇာတိစွန့်ယတိပြတ်ပြောင်းရွှေ့ခြင်းကို ဟိဂ်ျရသ် ဟုခေါ်၍ ယင်းသို့ပြောင်းရွှေ့သူများအား မုဟာဂျိရ် ဟုခေါ်သည်။ နုဗူဝသ် ၁၃ ခုနှစ်တွင် မိစ္ဆာတို့က အိမ်ကိုဝိုင်းပြီး လုပ်ကြံသည့်ကြားမှ ကိုယ်တော်မြတ်သည် လွတ်မြောက်လာခဲ့ကာ မဒီနဟ်သို့ အပြီးတိုင် ဟိဂ်ျရသ်ပြုလေသည်။ အေဒီ ၆၂၂ ခုနှစ် ဖြစ်သည်။ ယင်းသို့ ပြောင်းရွှေ့သည့်နှစ်မှစ၍ အစ္စလာမ်သာသနာသက္ကရာဇ် - ဟိဂ်ျရီ ခုနှစ် အဖြစ် စတင်သတ်မှတ်သည်။ ကိုယ်တော်မြတ်နှင့်နောက်လိုက်အပေါင်းမှာ မက္ကဟ်၌ ၁၃ နှစ်တိုင်တိုင် သာသနာ့သစ္စာအတွက် ကြံ့ကြံ့ခံခဲ့ကြ၏။ ဤသည်မှာ နုဗူဝသ်၏ ပထမပိုင်း ( မက္ကဟ်ခေတ်ကာလ ) ဖြစ်သည်။ ဟိဂ်ျရီ ၁ ခုနှစ်မှစတင်ပြီး ကိုယ်တော်မြတ်ကွယ်လွန်တော်မူချိန်အထိ မဒီနဟ်ခေတ်ကာလဟု အမည်တွင်သည်။ ဤဒုတိယပိုင်းတွင် အစ္စလာမ်သည် တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ဟိဂ်ျရီ ၁ ခုနှစ်

ကိုယ်တော်မြတ်သည် မဒီနဟ်သို့ ဟိဂ်ျရသ်ပြုတော်မူသောလမ်းခရီးရှိ ကုဗာအရပ်၌ ပထမဦးဆုံးသော ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်တော်မူ၍ ကမ္ဘာ့ပထမဆုံးသော ဂျုမုအဟ် ဆွလာသ်ကို ၀တ်ပြုတည်ဆောက်ခဲ့သည်။ မဒီနဟ်သို့ရောက်လျှင် မက္ကဟ်သား မုဟာဂျိရ်များနှင့် မဒီနဟ်မြို့ခံကူညီသူ အန်ဆွာရ်များကို ညီနောင်ဖွဲ့ပြီး အစ္စလာမ့်လူ့အဖွဲ့အစည်းကို အခိုင်အမာ စတင် တည်ဆောက်သည်။ တမန်တော်မြတ်၏၀တ်ကျောင်းတော် - မတ်စ်ဂျိဒုလ် နဗ၀ီ ကို တည်ဆောက်သည်။ အဇာန်ပေးခြင်း စတင်သည်။ ကာကွယ်ရေးအစီအစဉ်များ ချမှတ်သည်။ မဒီနဟ်ရှိ ယဟူဒီ များနှင့် (ဟန်ဆောင်သက်ဝင်သော) မုနာဖစ်က်များ၏ စဉ်ဆက်မပြတ်ဒုက္ခပေးမှုအား စတင်ပြီး စဉ်ဆက်မပြတ်ခံကြရသည်။

ဟိဂ်ျရီ ၂ ခုနှစ်

မတရားကျူးကျော်စစ်ကို ပြန်လည်တော်လှန်သော ဂျိဟာ့ဒ်၊ ဇကာ့သ်၊ ဥပုသ်သီလ၊ ကအ်ဗဟ်ကျောင်းတော်ဖက် မျက်နှာမူဝတ်ပြုခြင်း ၊ အီးဒ်ဆွလာသ်ကို ကွင်းပြင်၌ စုရုံးဝတ်ပြုခြင်း စသည့် ကုရ်အာန့်အမိန့်များ ကျရောက်လာသည်။ မဒီနဟ်ဝန်းကျင်ရှိ မျိုးနွယ်စုများနှင့် မကျူးကျော်ရေးစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ မုစ်လင်မ်စစ်သည် ၃၁၃ ဦးသာပါဝင်သော ပထမဦးဆုံး သမိုင်းဝင် ဗဒရ်စစ်ပွဲ ဖြစ်ပွားပြီး မက္ကဟ်သားတို့အပေါ် အောင်ပွဲခံနိုင်ခဲ့သည်။ ပါးရှန်းလူမျိုး စလ်မာန် ဖာရ်စီ အစ္စလာမ်သို့ ၀င်ရောက်လာသည်။ သမီးတော် ဖာသွိမဟ် နှင့် အလီကို လက်ဆက်ထိမ်းမြား ပေးသည်။ ကြင်ရာတော် အာအိယှဟ်အား ကိုယ်တော့်ထံ ခန်းဝင်အပ်ခဲ့ကြသည်။

ဟိဂ်ျရီ ၃ ခုနှစ်

သေရည်အရက်မူးယစ်ဆေးဝါးမကောင်းခြင်း၊ အတိုးကိုပိတ်ပင်ခြင်း၊ မိဘနှင့်ဆက်ဆံရေး၊ ဇနီး ခင်ပွန်းဆက်ဆံရေး၊ အမွေခွဲဝေခြင်း၊ မုစ်လင်မ်အချင်းချင်း ထိမ်းမြားရေးဆိုင်ရာ ကုရ်အာန့်ပညတ်တော်များ ကျရောက်လာသည်။ မြေးတော် ဟစံန် ဖွားမြင်သည်။ မက္ကဟ်သားတို့နှင့် အလွန်ပြင်းထန်သော အုဟုဒ်စစ်ပွဲဖြစ်ပွားရာ စစ်သည်အချို့က တမန်တော့်အမိန့်ကို မလေးစားမလိုက်နာသဖြင့် စစ်ရှုံးလုနီးနီးအထိ အလူးအလဲခံခဲ့ရသည်။

ဟိဂ်ျရီ ၄ ခုနှစ်

မူးယစ်သေစာကို လုံးဝပိတ်ပင်လိုက်ခြင်း၊ အမျိုးသမီးများ ခန္ဓာကိုယ်ကို လုံခြုံစွာ ၀တ်ဆင်စေခြင်း အမိန့်များ ကျရောက်လာသည်။ မြေးတော် ဟုစိုင်းန် မွေးဖွားသည်။ မျိုးနွယ်စု အချို့နှင့် စစ်ပွဲများဖြစ်သည်။ သာဝကတော်တို့ကို အခြားဘာသာစကားများသင်ကြားစေသည်။ ယဟူဒီ (ဂျူး ) များနှင့် ပဋိညာဉ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့သည်။

ဟိဂ်ျရီ ၅ ခုနှစ်

သိက္ခာချစွပ်စွဲမှုဆိုင်၇ာ ပြစ်ဒဏ်၊ ကွာရှင်ပြတ်စဲခြင်း၊ သယမ်မွံမ်၊ ဆွလာသုလ်ခေါင်းဖ်၊ ဟဂ်ျ တို့နှင့်ဆိုင်သော အမိန့်များ ကျရောက်လာသည်။ ခန်ဒတ်(က်) - ကျုံးစစ်ပွဲ နှင့် အခြား စစ်ဆင်ရေး များဖြစ်ပွားသည်။ မျိုးနွယ်စုအချို့မှာ အစ္စလာမ်သာသနာကို အလုံးအရင်း လက်ခံဝင်ရောက်လာ၏။

ဟိဂ်ျရီ ၆ ခုနှစ်

ငြိမ်းချမ်းရေးကြိုးပမ်းချက်အဖြစ် မက္ကဟ်သားတို့နှင့် ဟုဒိုင်းဗီယဟ် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ မက္ကဟ်ဒေသအတွင်း အစ္စလာမ်လက်ခံသူ ပိုမိုများပြားလာသည်။ သူရဲကောင်းများဖြစ်သော ခါလစ်ဒ် ဗင်န် ၀လီးဒ် နှင့် အမရ် ဗင်န် အာ့ဆ်ွတို့ အစ္စလာမ့်ဘောင်အတွင်းသို့ ရောက်လာသည်။

ဟိဂ်ျရီ ၇ ခုနှစ်

နိုင်ငံတကာခေါင်းဆောင်များ၊ အင်ပါယာပြည့်ရှင်များထံ အစ္စလာမ့်ဖိတ်ခေါ်မှုသ၀ဏ်လွှာများ ပေးပို့သည်။ ခိုင်ဗရ် စစ်ပွဲဖြစ်ပွားသည်။ ထိမ်းမြား/ကွာရှင်းခြင်းဆိုင်၇ာဥပဒေများ ထပ်မံကျရောက်သည်။ ကိုယ်တော်မြတ်သည် မုစ်လင်မ်တို့နှင့်အတူ အွမ္မရဟ် ပြုတော်မူသည်။ ယဟူဒီ တစ်ဦး၏အဆိပ်ခပ်မှုကို ခံ၇သည်။

ဟိဂ်ျရီ ၈ ခုနှစ်

ဟုဒိုင်းဗီယဟ် စာချုပ်စည်းကျိုးခဲ့သည်။ (ကောင်းကင်ကျရှေးကျမ်းဂန်၏တင်ကြိုဖော်ပြချက် အတိုင်း) ကိုယ်တော်မြတ်သည် အဆွေတော်သာဝကပေါင်း တစ်သောင်းကျော်နှင့် ချီတက်လာပြီး မက္ကဟ်မြို့ကို စစ်မခင်းဘဲ အောင်နိုင်ခဲ့သည်။ ကအ်ဗဟ်ကျောင်းတော်အား သန့်စင်သည်။ ၄င်းနောက် မုသ်အဟ်၊ ဟုနိုင်းန်၊ အောင်သွာ့စ်၊ သွာအိဖ် စစ်ပွဲများ ဖြစ်ပွားသည်။

ဟိဂ်ျရီ ၉ ခုနှစ်

ကျူးကျော်ရန်စလာသော ရောမ (နှင့် ၄င်းတို့၏လက်အောက်ခံ)များနှင့် သဗူးက် စစ်ပွဲဖြစ်ပွား၍ ပြတ်သားစွာ အနိုင်ရသည်။ ကုဗာအနီး မုနာဖစ်က်တို့မှ ဌာနချုပ်အဖြစ် တည်ဆောက် ထားသော ဒွိုင်ရားဗလီကို မီးတင်ရှို့ဖျက်ဆီးခဲ့သည်။ မုနာဖစ်က်တို့အား ပြတ်သားတင်းမာစွာ ဆက်ဆံရန် အမိန့်တော်များ ကျလာသည်။ မုစ်လင်မ် ၃၀၀ ကို အဗူဗကရ်မှ ဦးဆောင်၍ ပထမဆုံး ဟဂ်ျ ပြုစေခဲ့သည်။ ကာဖိရ် နှင့် မုရှ်ရစ်က်များ ဟဂ်ျမပြုရသည့်အမိန့်ထုတ်ပြန်သည်။ အတိုးအညွှန့် အား ယတိပြတ်ပိတ်ပင်သော ပညတ်တော် ကျရောက်လာသည်။

ဟိဂ်ျရီ ၁၀ ခုနှစ်

ရမ်သွာန်လမြတ်တွင် အခြားနှစ်များနှင့်မတူ တမူထူးခြားစွာ ရက် ၂၀ အထိ အိအ်သိကာ့ဖ် စခန်းဝင်တော်မူရာ ထိုကာလအတွင်း ကောင်းကင်တမန်ချုပ် ဂျိဗ်ရီးလ်မှ ကျမ်းမြတ်ကုရ်အာန် အစအဆုံးကို နှစ်ကြိမ်တိုင်တိုင် ဖတ်ပြခဲ့၏။ ၀ဟီပို့ချမှု အဆုံးသတ်ခြင်း ဖြစ်သည်။
တမန်တော်မြတ်မှ မိမိဘ၀၏ ပထမဆုံး နှင့် နောက်ဆုံး ဟဂ်ျ ပြုတော်မူ၏။ ၄င်းဟဂ်ျ၌
လူတစ်သိန်းကျော်ရှေ့မှောက်တွင် ကမ္ဘာ့လူသားထုတစ်ရပ်လုံးအတွက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး များကို ကြေငြာမိန့်ခွန်းပေးခဲ့၏။ လူသားအပေါင်းကိုရည်ရွယ်၍ အလ်ဝဒါအ် ဟု သုံးကြိမ်တိုင်တိုင် ၀မ်းနည်းဝမ်းသာ နှုတ်ဆက်တော်မူ၏။ အုဟုဒ်စစ်ပွဲ၏အာဇာနည်သင်္ချိုင်းသို့ သွားရောက်ကာ ဆုမွန်တောင်းပေးခဲ့၏။ တမန်တော်အတုများ ပေါ်ပေါက်လာသည်။

ဟိဂ်ျရီ ၁၁ ခုနှစ်

တစ်ခုသောညဥ့်သန်းခေါင်တွင် မဒီနဟ်ရှိ ဂျန္နသုလ် ဗကီးအ် သင်္ချိုင်းတော်သို့သွားပြီး အပြန်မှ စတင်ကာ နာမကျန်းဖြစ်တော်မူ၏။ ကိုယ်တော်မြတ်မှ နောက်ဆုံးဦးဆောင်ခဲ့သည့်ဆွလာသ်မှာ မဃရိဗ် ဆွလာသ် ဖြစ်သည်။ ရဗီအုလ်အောင်ဝလ်လ ၁၂ ရက်၊ တနင်္လာနေ့၊ ညနေချမ်းတွင် မမြဲရာဘုံမှ အသင်္ခတဘုံသို့ ပြောင်းရွှေ့၏။ ပရိနိဗ္ဗာန်စံဝင်ချိန်၌ သက်တော် ၆၃ နှစ်ဖြစ်၏။

၆။ တမန်တော်မြတ် (ဆွ) ၏ ပြိုင်စံမဲ့ စာရိတ္တမွန်

တမန်တော်မြတ်သည် အဖန်ဆင်းခံများအနက် အကောင်းဆုံးသော စိတ်ထားရှင် နှင့် အမြတ်ဆုံးသော ၀ိညာဉ်ရှင် ဖြစ်သည်။ အကောင်းဆုံးနှိမ့်ချတတ်သူလည်း ဖြစ်သည်။ သူကိုယ်တိုင်ပင် သိုးနို့ညှစ်၏။ ပိန်းတန်းဖိနပ်များကို ပြုပြင်၏။ အ၀တ်ကိုဖာထေးချုပ်လုပ်၏။ အစေခံများနှင့်အတူတစ်ကွ စားသောက်၏။ ဈေးဝယ်ထွက်၏။ ပစ္စည်းများသယ်မခြင်း၌ ရှက်ရွံ့တွန့်ဆုတ် မနေတတ်။ ကြီးကြီးငယ်ငယ် ဆင်းရဲချမ်းသာမရွေး မည်သူ့ကိုမဆို မိမိမှစတင်၍ စလာမ်ဆိုနှုတ်ဆက်လေ့ရှိ၏။ ဖိတ်ကြားမှုမှန်သမျှ လက်ခံ၏။ သူသည် အထူးထင်ရှားကျော်စောလှ သော်လည်း တွေ့ဆုံလိုသူတိုင်းကို အတားအဆီးမပြု တံခါးမပိတ်ဘဲ လက်ခံတွေ့ဆုံ၏။ မေးမြန်းလာသူတိုင်းကို အဖြေပေး၏။ လစ်ဟာလိုအပ်ချက်များကို ဖြည့်ဆည်းအကျိုးဆောင်တော်မူ၏။ ကြပ်တည်းမှုဒုက္ခကြားမှပင် ပေးကမ်းလှူဒါန်းမှု မပျက်၊ ငယ်စဉ်က နောက်ဆုံးအချိန်အထိပင် သစ္စာရှိသူ၊ ယုံကြည်စိတ်ချရသူ၊ အပေးအယူအမှန်ကန်ဆုံးသူ ဖြစ်၏။ လိုချင်ဆန္ဒကို ရှေ့တန်းတင် မပြောတတ်သလို ယင်းသို့ပြောဆိုသူများ နှင့် အကျိုးမဲ့စကားဆိုတတ်သူများထံမှ ဖယ်ခွာလေ့ရှိ၏။ သူ၏ စကားများမှာ တိုတောင်းသော်လည်း တိကျပြတ်သား၏။ ရယ်စရာတွေ့လျှင် ပြုံးယုံသာပြုံးသည်က များ၏။ မတရားမှုကို စက်ဆုပ်ရွံရှာ၏။ ရန်သူတို့နှင့်ရင်ဆိုင်ချိန်တွင် အရဲရင့်ဆုံးသူ ဖြစ်နေခဲ့၏။ ဤသည်ကား ကျွန်ုပ်တို့အားလုံး၏ အန္တိမ တမန်တော်မြတ်ကြီးပင်တည်း။

တိုက်တွန်းနှိုးဆော်ချက်

တမန်တော်မြတ် (ဆွ)၏ အချစ်ကို ရရှိရန် မုစ်လင်မ်တိုင်း ကုရ်အာန်၊ ဟဒီးဆ်၊ တမန်တော့် ထေရုပ္ပတ္ထိတော်များကို ဖတ်ရှုလေ့လာကြပါ - စလာမ် နှင့် ဆွလ၀ါ့သ်ကို များမြောင်စွာ ပို့သကြပါ ဟု လည်းကောင်း ……
(မိမိတို့၏ လူမျိုးရေး/နိုင်ငံရေး/ဂိုဏ်းဂဏအုပ်စု စသည့် အစွဲများကို သွတ်သွင်းမထားသော) တမန်တော်မြတ်ကြီး ထေရုပ္ပတထ္ထိတော်သန့်သန့်များ ထွက်ပေါ်လာနိုင်ရေးအတွက် သောကထားကြ ပါဟု လည်းကောင်း
နှိုးဆော်တိုက်တွန်းလိုက်ရပေသည်။

( မှီး ) ကျမ်းမြတ်ကုရ်အာန်၊ စီးရသွန်နဗီ၊ အရ်ရဟီးကုလ် မခ်သူးမ် ( The Sealed Nectar )၊
ဟ,စ,နု အခ်လာ့က် ( Good Character )၊ ဆွဟီးဟ် အလ်ဗုခါရီကျမ်း

စလာမ်၊ ဒုအာအ်ဖြင့်

ဂျူလိုင်ရဲရင့်

No comments:

Post a Comment

Note: only a member of this blog may post a comment.