Pages

.

ဝိဥာဏ အင်အားဖြည့် စာစုများ ၁၃ မှ ၁၅

ဝိဥာဏ အင်အားဖြည့် စာစုများ (၁၃)

မယိုင်လဲသော စာရိတ္တ
*****************
စင်စစ်၌ လူ့ယဉ်ကျေးမှု ဟူသည် သဘာဝတရား၏ဆန့်ထွက်မှု တစ်ရပ်သာဖြစ်၏။ လူသားတို့သည် ရိုးစင်းသော ၀တ္ထုပစ္စည်းများဖြင့် နေထိုင်ရှင်သန်ခဲ့ကြ၏။ ၄င်းမှတဆင့် အဆောက်အဦများ၊ စက်ကိရိယာများ၊ စက်ရုံများ၊ စက်မှုဇုံများ နှင့် ခေတ်မီအသုံးအဆောင်များအဖြစ် ပြောင်းလဲလိုက်ကြ၏။ ယင်းသို့ပြုလုပ်စေရန် လူသားတို့ကို မည်သည်က တွန်းအားပေးခဲ့ပါသနည်း ? သဘာဝတရား၌ ကိန်းအောင်းနေသော တည်တံ့ခိုင်မြဲသည့် ဂုဏ်သတ္တိများပင် ဖြစ်ပါသည်။ ၄င်းသဘာဝဂုဏ်သတ္တိများကို လူသားတို့ ရှာဖွေတွေ့ရှိရာဝယ် ၄င်းတို့ကို အသုံးချ၍ တိုးတက်မှုကို ရှာကြံဖော်ဆောင်ခဲ့ကြသည်။ ယင်း ဓာတ်သဘော၌ ကြိုတင်ခန့်မှန်းသိမြင်နိုင်မှုအချို့ ရှိနေသည်။ ၄င်းအားဖြင့် ထိုဝတ္ထုပစ္စည်းများကို သက်ဆိုင်ကဏ္ဍတွင် ယုံကြည်စွာ အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ ဒြပ်စင်တို့အတွင်းရှိ မူလဂုဏ်သတ္တိများ တစ်စုံတစ်ရာပြောင်းလဲသွားလျှင် သို့တည်းမဟုတ် ၄င်းဓာတ်သဘာဝကို သိရှိမထားပါလျှင် လူ့ယဉ်ကျေးမှုတစ်ရပ်လုံး ပျက်စီးသွားနိုင်ပေသည်။

မြစ်ကူးတံတားတစ်စင်းတည်ဆောက်လိုပါက သံမဏိကို အသုံးပြုလေ့ရှိ၏။ ထိုသတ္ထု၏ခိုင်မာမှုကို ယုံကြည်စိတ်ချထား၍ တံတားကို တောင့်တင်းစေမည်ဟု ခန့်မှန်းကြခြင်းဖြစ်သည်။ အကယ်၍ သံမဏိသည် ဖယောင်းသဖွယ် ပျော့ကျသွားနိုင်သော် ထိုတည်ဆောက်မှုမှာ မြစ်ရေပြင်အောက်ထဲ ရောက်သွားရန်သာရှိ၏။ အဆောက်အဦးတည်ဆောက်ရာတွင် အုတ်၊ ကျောက် နှင့် သရိုး(ဘိလပ်မြေ)များကို ရောစပ်အသုံးပြုကြသည်။ ၄င်းက ဖွဲ့စည်းတည်ဆောက်မှုကို ခိုင်မာစေသောကြောင့်ဖြစ်သည်။ အကယ်၍ ကျောက်နှင့်သရိုးမှာ သဲ၏ဂုဏ်သတ္တိမျိုးသာ ရှိပါက အဆောက်အဦများ ပြိုလဲကုန်ပေလိမ့်မည်။ အီလက်ထရွန်များ၏ ရွေ့လျားမှုကြောင့် သံလိုက်စက်ကွင်း ဖြစ်ပေါ်လာရပြီး ထိုမှတဆင့် လျှပ်စစ်ကိုထုတ်လုပ်နိုင်ကြောင်း အများသိကြပေသည်။ ထိုဖြစ်စဉ်လွဲချော်ပါက ကမ္ဘာတစ်ခုလုံး မှောင်အတိကျသွားပေလိမ့်မည်။



ရုပ်ဝတ္ထုပစ္စည်းများထံ၌ ၄င်းတို့၏သက်ဆိုင်ရာဂုဏ်သတ္တိများဆုံးရှုံးသွားပါက လူ့ယဉ်ကျေးမှုအဆောက်အဦသည်လည်း ဖြစ်ပေါ်မလာနိုင်ကြောင်း ဤအဖြစ်မှ သိရပေသည်။ သက်ဆိုင်ရာဂုဏ်သတ္တိများကို ထိန်းသိမ်းထားနိုင်သော အရာဝတ္ထုများကို မျှော်လင့်ထားသည့်အရည်အသွေးနှင့်အညီ အသုံးချနိုင်ပါမှ လူ့ယဉ်ကျေးမှုအား တန်ဆာဆင်နိုင်ပါ၏။ ဥပမာ - ရေခဲစက်ရုံသည် ရေကို ရေခဲအဖြစ် ပြောင်းလဲထုတ်ယူရမည်ဖြစ်သည်၊ ၄င်းအစား ရေနွေးငွေ့အဖြစ် လှည့်ပြောင်းထွက်ရှိလာလျှင် ကောင်းကျိုးရှိပါသေးသလော။ ထို့နည်းတူ သံသတ္ထုသည် အရည်ကျိုစက်၌ အရည်ပျော်သည့် ဂုဏ်သတ္တိမရှိခဲ့လျှင် မော်တော်ကားနှင့်အခြားစက်ပစ္စည်းများ မည်သို့ထွက်လာနိုင်အံ့နည်း ?

လူ့ယဉ်ကျေးမှုအတွင်းမှ အရာဝတ္ထုများတွင် ကိုယ်စီကိုယ်ငှ တိကျသေချာသော ဂုဏ်သတ္တိများ ပေါ်လွင်နေရမည်ဖြစ်၏။ ထိုနည်းလည်းကောင်း လူမှုဝန်းကျင်တစ်ရပ်သည် ပြေပြစ်ချောမောစွာ ကြီးပွားတိုးတက်လာလိုသော် ယင်းလူ့အဖွဲ့အစည်းဝင် တစ်ဦးချင်းကိုယ်တိုင်က ရည်မှန်းသည့်အတိုင်းလုပ်ဆောင်နိုင်စွမ်း ရှိရပေမည်။ သူတို့ထံ၌ စာရိတ္တ ဟူသော ဂုဏ်သတ္တိလည်း ရှိရပေဦးမည်။ ရုပ်ဝတ္ထု၏အဖိုးတန်ခြင်းမှာ ၄င်းတို့အပေါ် မျှော်လင့်ထားသည့်အတိုင်း အသုံးချနိုင်သည့် အားကိုးလောက်စရာဂုဏ်သတ္တိရှိခြင်းကြောင့်ဖြစ်သည်။ အဖိုးတန်မှုသည် ဂုဏ်သတ္တိပေါ် မူတည်၏။ ထိုနည်းတူစွာ လူသား၏အဖိုးတန်ခြင်းမှာလည်း အခြေအနေမှန်သမျှ၌ စာရိတ္တကို မယိုင်လဲအောင် ထိန်းသိမ်းနိုင်သော စွမ်းရည်အပေါ် မူတည်နေပါ၏။ စာရိတ္တက အရည်အချင်းကို ပြဋ္ဌာန်းပေးသည်။ ဤအရည်အသွေးများပေါ်လွင်နေမှသာ လူပီသသောလူ ဖြစ်ပေမည်။

အကယ်၍ လူတစ်ဦးသည် ရှိသင့်ရှိထိုက်သော လူ့စာရိတ္တအသွင်အပြင်များကို မပြသနိုင်ပါက သူ၏အဖိုးတန်မှု ဆုံးရှုံးသွားကြောင်း အဆိုရှိ၏။ ယင်းသို့လူစားများဖြင့် တည်ဆောက်ထားသော လူ့အဖွဲ့အစည်းသည် မတည်ငြိမ်မှု နှင့် အလိုမကျမှု၏ဒဏ်ကို ခံစားရလေ့ရှိသည်။ လူအသီးသီးထံ ရှေ့နောက်မညီသည့် ပုံပျက်ပန်းပျက် စာရိတ္တများ ၀င်ရောက်လာပါလျှင် ထိုလူ့အဖွဲ့အစည်းသည်လည်း တည်ကြည်ခိုင်ခံ့မှု ရှိတော့မည် မဟုတ်ပါလေ။

လူ့အဖွဲ့အစည်းဝင်တို့သည် ကတိသစ္စာတည်ကြည်ရမည့်အစား ကျင့်ဝတ်ကိုဖောက်ဖျက်လာကြလျှင် -
သဘောထားကြီးရမည့်အစား စိတ်ဓာတ်သေးသိမ်ကျဉ်းမြောင်းလာကြလျှင် -
လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် မျှော်ကိုးစဉ်းစားရမည့်အစား မိမိတစ်ဘို့တည်းအတွက်သာ စဉ်းစားတွေးခေါ်လာကြလျှင် -
ခွင့်လွှတ်မှုကို လက်ကိုင်ပြုကြရမည့်အစား အငြိုးအာဃာတတရားကို ကိုင်စွဲလာကြလျှင် -
လိုက်လျောညီထွေသဟဇာတဆက်ဆံရမည့်အစား ထိပ်တိုက်ဆန့်ကျင်ကန္တကပြုလာကြလျှင် -
သူတစ်ပါး၏အခွင့်အရေးကို အသိအမှတ်ပြုရမည့်အစား မိမိကိုယ်ကျိုးမှအပ ကျန်သည်ကို အချည်းနှီးဟု မှတ်ယူလာကြလျှင် -
ကမ်းလက်တစ်စုံကို လှမ်းလင့်ရမည့်အစား ချိုးနှိမ်နှိပ်ကွက်လာလျှင် -
အချုပ်အားဖြင့် မိမိကိုဆက်ဆံစေလိုသည့်ပုံသဏ္ဍာန်နှင့်ဆန့်ကျင်စွာ သူတစ်ပါးအပေါ်ပြုမူဆက်ဆံလာပြီဆိုလျှင် -
ယင်းလူ့အဖွဲ့အစည်းမှာ စာရိတ္တယိုယွင်းပျက်စီးခြင်းအဖြစ်သို့ ရောက်လေ၏။

လူတို့သည် လောက၏အနှစ်သာရကိုသိမြင်ပြီး လူပီသသောလူဖြစ်ပါမှ ခိုင်မာတောင့်တင်းသည့်လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ပါမည်။ လူပီသသောလူ ဟုတ်မဟုတ်မှာ စာရိတ္တတရားက မှတ်ကျောက်ဖြစ်သည်။
သူတို့သည် အဓိဌာန်ပြုပါက သံမဏိကဲ့သို့ ခိုင်မာစေသော် -
နှူးညံ့ရန်လိုအပ်ပါက စီးတွေနေသည့်ရေအလား သိမ်မွေ့စေသော် -
ငြိမ်သက်ရန်လိုအပ်ပါက ကျောက်တုံးများကဲ့သို့ တည်ငြိမ်စေသော် -
ခိုင်မာရန်လိုအပ်ပါက တောင်တန်းများအလား မြဲမြံစေသော် -
သတ္တိနှင့်ရှေ့ဆောင်ရန်လိုအပ်ပါက ရေဒလဟောစီးသည့်အလား ထက်သန်မှုရှိစေသော် -
လူပီသစွာ အပြောနှင့်အလုပ် ညီညွတ်စေသော် -
ထိုသို့သောလူများသည်သာ တောင့်တင်းခိုင်မာ၍ တည်ငြိမ်အေးချမ်းသော လူ့အသိုင်းအ၀ိုင်းကို ဖန်တီးနိုင်ကြပေမည်။

လူ့ယဉ်ကျေးမှု၌ ရေနံနှင့်သံသတ္ထုများသည် မရှိမဖြစ်လိုအပ်သကဲ့သို့ အထက်ဖော်ပြပါဂုဏ်အရည်အသွေးရှိသူမှန်သမျှကို လူ့အသိုင်းအ၀ိုင်းမှ လက်မလွှတ်မခံအပ်ချေ။ အကြောင်းမှာကား - လူ့ယဉ်ကျေးမှုကိုဖြစ်ထွန်းစေသည့် အရာဝတ္ထုများထံ၌ ရှိသင့်သည့်ဂုဏ်သတ္တိများက အလုပ်မလုပ်လျှင် လူ့ယဉ်ကျေးမှုမှာ မရှင်သန်နိုင်သကဲ့သို့ပင်၊ လူတို့ထံရှိစာရိတ္တများအတွင်း ကိုယ်ရည်ကိုယ်သွေးလွဲချော်ပြီဆိုပါက ၄င်းလူ့အဖွဲ့အစည်းသည်လည်း တအိအိဖြင့် နိမ့်ကျပြိုလဲသွားတော့မည် ဖြစ်သတည်း။




ဝိဥာဏ အင်အားဖြည့် စာစုများ (၁၄)

တန်ဖိုး
*****
သမိုင်းပညာရှင်ကြီး အိဗ်နု ခလ်ဒူးန်မှ အကြောင်းတစ်ရပ်ကို ရေးသားဖော်ပြခဲ့၏။ အီရတ်တပ်မတော်မှ ဗိုလ်ချုပ်ကြီး အဗူ မူစာ အရှ်အရီသည် မိမိလက်အောက်ရှိ မုစ်လင်မ်စစ်သည်တစ်ဦးကို မာန်မဲကြိမ်းမောင်းကာ ပြစ်ဒဏ်အဖြစ် ခေါင်းတုံးရိတ်လိုက်လေ၏။ ထိုစစ်သည်က မိမိဆံပင်များကို ကောက်ယူပြီး ခလီဖဟ်သမ္မတကြီး အုမရ်ထံသို့ ဆောင်ယူသွား၏။ ၄င်းနောက် ဆံပင်များကို ရှေ့ချပြကာ “ ဤသည်မှာ အသင်သမ္မတကြီး၏လူများမှ ကျွန်ုပ်တို့အား ဆက်ဆံပြုမူသည့် ပုံစံတည်း ” ဟု ဒေါသတကြီး လျှောက်တင်လေ၏။ သမ္မတကြီးသည် ယင်းသို့ အတင့်ရဲမှုကို စော်ကားခြင်းဟု မယူဆသည့်အပြင် ဤသို့ဆိုလိုက်လေ၏။
“ လူအပေါင်းသည် အသင်ကဲ့သို့သာ ရဲရင့်ကြမည်ဆိုပါက ငါသည် သူတို့အား လက်ဝယ်ရနယ်ပယ်များထက်ပင် ပိုမိုနှစ်သက်မိမည်ဖြစ်ပါအံ့ (နယ်မြေပိုင်နက်ထက် ရဲရင့်သူများကိုသာ ရွေးချယ်အံ့) ”။

ဤနေရာ၌ စစ်သည်တော်၏ပြုမူပုံအပေါ် အမြင်နှစ်မျိုးဖြင့် သုံးသပ်နိုင်၏။ မထီလေးစားအတင့်ရဲခြင်းနှင့်မျက်နှာပြောင်တိုက်ခြင်း ဟု သတ်မှတ်နိုင်သလို၊ အခြားတစ်ဖက်မှာတော့ ရဲရင့်ခြင်းနှင့်ဝံ့စားခြင်းကို တွေ့မြင်နိုင်၏။ ခလီဖဟ် အုမရ်သည် စိတ်ဆတ်ဒေါသဖြစ်သော အပေါ်ယံအပြုအမူအား လျစ်လျူရှုပြီး ၄င်း၏အတွင်းပိုင်းအရည်အချင်းကို အသိအမှတ်ပြုခဲ့လေသည်။

အကယ်၍ ခလီဖဟ်သည် ယင်းအပြုအမူကို စော်ကားချက်ဟု မှတ်ယူပြီး ၄င်းသူအား ထောင်သွင်းအကျဉ်းချခြင်းဖြစ်စေ၊ အနိမ့်ဆုံးအားဖြင့် ပြင်းပြင်းထန်ထန်မာန်မဲကြိမ်းမောင်းခြင်းဖြစ်စေ ပြုလုပ်ခဲ့လျှင် ပုဂ္ဂိုလ်ရေးမကြည်လင်မှုအပေါ် အသာစီးရမည်ပင်ဖြစ်၏။ သို့သော် ယင်းသို့ပြုမူပါက ထိုအသာစီးရမှုသည် ရှေ့တန်းစစ်မျက်နှာအတွက် ရဲရင့်ဝံ့စားသူတစ်ဦးအား လက်လွှတ်ဆုံးရှုံးခြင်းသာလျှင် အဖတ်တင်သွားပေမည် ဖြစ်သည်။

ထိုသို့သောလူစားသည် ရတနာများထက် တန်ဖိုးရှိသည်။ ထိုသို့သောလူစားမျိုးမှာ ထာဝစဉ်ဝံ့စားပြီး ဖော်လံဖားမှုကို အလေးမပေး ဦးမညွှတ်တတ်၊ တာဝန်များကို စွန့်စွန့်စားစားထမ်းဆောင်နိုင်ကြသည်၊ ကဲ့ရဲ့ရှုတ်ချခြင်း နှင့် ဝေဖန်စော်ကားခြင်းကို လျစ်လျူရှုနိုင်သော နှလုံးသားပိုင်ရှင်များဖြစ်လေသောကြောင့် အပေါ်ယံသက်သက်မဟုတ်သော အစစ်အမှန်အကျိုးကျေးဇူးဖြစ်ထွန်းလာစေပေသည်။




ဝိဥာဏ အင်အားဖြည့် စာစုများ (၁၅)

သစ်ပင်ကို ဆရာတင်
****************
သစ်ပင်ရဲ့ပင်စည်ကို အပိုင်းနှစ်ပိုင်းနဲ့ဖွဲ့စည်းထားတယ်။ အပေါ်ဖက်မြင်သာတဲ့ အပင်ပိုင်း နဲ့ မမြင်သာတဲ့အမြစ်ပိုင်း တို့ဖြစ်ကြတယ်။ ရုက္ခဗေဒပညာရှင်များရဲ့အဆိုအရ သစ်ပင်ဆိုတာ မြေပြင်အထက်မှာ ထိုးထောင်နေသလို မြေပြင်အောက်မှာလည်း တွယ်ကုပ်ဖြန့်ကျက်ထားပါတယ်တဲ့။ သစ်ပင်တွေက မြေပြင်အထက်မှာရပ်တန့်လို့ စိမ်းစိုလန်းဆန်းနေသလို မိမိကိုယ်တစ်ဝက်ကိုလည်း မြေပြင်အောက်မှာ မြှုပ်နှံထားကြတယ်။ ဒါဟာ လူတွေကို သစ်ပင်ကပေးနေတဲ့ သင်ခန်းစာတစ်ရပ်ပေါ့။

“ အောက်ဖက်မှာခြေကုပ်ယူ၊ အထက်ဖက်မှာသီးပွင့်မြဲ၊ ဒါ ဗျာဒိတ်အစီအရင်ဘဲ ” လို့ ဒဿနရှင်တစ်ဦးက ဖွဲ့သီထားလေရဲ့။ ရိုးတံရှည်မှာပွင့်နေတဲ့ နှင်းဆီပန်းတွေဟာ အရောင်အသွေးစုံ၊ ပွင့်လွှာအထပ်ထပ်၊ ရနံ့သင်းသင်း၊ မားမားစွင့်စွင့်နဲ့ လှပမှုက ပြောစရာမရှိဘူး။ ဒါပေမယ့် သာမန်အမြစ်လေးတစ်ခုက မြေကြီးထဲမှာ ပထမဆုံး အခိုင်အမာအမြစ်တွယ်ပြီးပါမှ အဲ့ဒီတင့်တယ်လှပမှုဆိုတဲ့အဆင့်ကို ရောက်လာရတာ မဟုတ်လား။ မြေကြီးနဲ့ သစ်ပင်ပန်းမာန်တွေဟာ အပြန်အလှန်ချိတ်ဆက်မှုသဘောကို ကောင်းကောင်းကြီး နားလည်ထားပြီးသားဖြစ်တယ်။

ကျွန်တော်တို့ကတော့ သီးနှံကို ဆွတ်ခူးမှုအပေါ်မှာဘဲ အဓိက စိတ်ဝင်စားနေကြတယ်။ အမြစ်တစ်ခုတွယ်လာအောင် ထွန်ယက်စိုက်ပျိုးတဲ့အဖြစ်ကိုတော့ အလွယ်တကူ မေ့လျော့ထားကြတယ်လေ။ မြေပြင်ပေါ် ထိုးထောင်နေတဲ့အပင်ဟာ သူ့အမြစ်တွေကို မြေအောက်မှာ ခိုင်မြဲဖို့ ကုပ်ယူထားရတာပါ။ အောက်ခြေမှာဖွံ့ဖြိုးပြီးမှ လေထုဝေဟင်ထဲကို တိုးထွက်လာရခြင်းပါ။ အဲ့ဒီကြီးထွားမှုက အထက်ကနေ အောက်ကို စိုက်ဆင်းတာမျိုး မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်တို့ရဲ့ပြင်ပဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းလာစေချင်ယင် မိမိရဲ့အတွင်းပိုင်းကို ဦးစွာ သန်မာအားကောင်းအောင် ပြုလုပ်ရမယ်ဆိုတဲ့ လောကသင်ခန်းစာသင်ကြားပေးနေတာက သစ်ပင်တွေပါဘဲ။ သစ်ပင်ဆီမှာ အသိရှာကြရပါမယ်။

ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းကို ပြန်လည်သစ်လွင်လာအောင်တည်ဆောက်ဖို့ မမျှော်မှန်းခင်
ကျွန်တော်တို့ကိုယ်တိုင်က အခြေခံကစပြီး ပြုပြင်ပြောင်းလဲလိုက်ရမှာ ဖြစ်ပါတယ်။

( M.W.Khan ၏ Teacher Tree ကို ပြန်ဆိုသည် )


 July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.