skip to main |
skip to sidebar
အစ္စလာမ့်လမ်းစဉ်ဖြင့် လူ့ဘ၀တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ (သို့မဟုတ်) ယှရီအဟ် အပိုင်း (၅)
အစ္စလာမ့်လမ်းစဉ်ဖြင့် လူ့ဘ၀တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ (သို့မဟုတ်) ယှရီအဟ်
အပိုင်း (၅)
******************************************
ရာဇဝတ်ပြစ်မှုဆိုင်ရာ အစ္စလာမ့်ဥပဒေများအကြောင်း
ရာဇဝတ်ပြစ်မှုဆိုင်ရာ အစ္စလာမ့်ဥပဒေများသည် မကောင်းမှုများအား ဟန့်တားရန်အတွက်ဖြစ်၏။ အလွန်ဆိုးသွမ်းသည့်ဒုစရိုက်လုပ်ရပ်များအပေါ် တင်းကြပ်စွာစီစဉ်ထားခြင်းက လူတို့အဖို့ မပြုအပ်သောအရာကို မပြုလုပ်မီ ဆယ်ကြိမ်မက(ကြိမ်ဖန်များစွာ) စဉ်းစားသွားစေပါသည်။
အစ္စလာမ့်သွန်သင်ချက်အတိုင်း အမှန်တကယ်ကျင့်သုံးကြကုန်သော
အစ္စလာမ့်တရားခုံရုံးများ၏ ရာဇဝတ်ပြစ်မှုဆိုင်ရာတရားဥပဒေများ၌ ပြစ်ဒဏ်ချမှတ်ရန် အလွန်ပင် အလေးထားစိစစ်ကြ၏။ တရားသူကြီးတို့သည် အကြောင်းအရာတစ်ခုချင်းအလိုက်သုံးသပ်ပြီး
သက်သေအထာက်အထားခိုင်လုံမှသာ ရုံးတော်မှအမိန့်ချမှတ်ခြင်း ပြုကြပေသည်။
သို့ရာတွင် ခြွင်းချက်အချို့တော့ရှိ၏။ ဥပမာ အကောင်းနှင့်အဆိုးကို
မခွဲခြားနိုင်သော စိတ်ဝေဒနာရှင် သို့မဟုတ် အရွယ်မရောက်သေးသူများကိုမူ
ပြစ်ဒဏ်ချမှတ်ခြင်း မပြုနိုင်ပါ။ တဖန် ဥပဒေတစ်ရပ်ရပ်အား
လိုက်နာကျင့်သုံးရန် အလွန်ပင်ခက်ခဲသော သို့တည်းမဟုတ် စာနာထောက်ထားအပ်သည့်
အခြေအနေ/အနေအထားမျိုး
ဖြစ်နေပါက ယင်းဥပဒေများကို တရားရုံးမှ ယာယီရွှေ့ဆိုင်းခွင့် ရှိသည်။ ဥပမာ
ခလီဖဟ် အုမရ် (ရဿွိ) လက်ထက်က အစ္စလာမ့်အုပ်ချုပ်မှုအောက်ရှိဒေသတစ်ခု၌ အငတ်ဘေး
ဆိုက်ခဲ့သည်။ လူတို့သည် ပြင်းထန်သောအကျဉ်းအကြပ်ကာလ၏အခြေခံလိုအပ်ချက်များကြောင့် အသက်ရှင်သန်ရေးအတွက် ခိုးဝှက်မှုများရှိလာခဲ့ရာ အုမရ် (ရဿွိ)က ယင်းအခြေအနေ၌ ခိုးဝှက်မှုဆိုင်ရာပြစ်ဒဏ်ပေးရေးကို
ယာယီဆိုင်းငံ့ရန် အမိန့်ထုတ်ခဲ့သည်။ ရာဇဝတ်မှုဆိုင်ရာဥပဒေများသည်
ဥပဒေစိုးမိုးရေးအပေါ် တည်ဆောက်ထားခြင်းဖြစ်သည်။ သို့ဖြစ်၍
အစ္စလာမ်ရေးရာအာဏာပိုင်တစ်ရပ်မရှိဘဲနှင့်
ထိုဥပဒေများကို အသုံးမချနိုင်ပါ။ ထို့ကြောင့် အစ္စလာမ်တိုင်းပြည်နှင့်
အစ္စလာမ့်ခုံရုံးများ၌သာလျှင် အစ္စလာမ့်ဥပဒေ နှင့် လုပ်ထုံးလုပ်နည်းတို့ကို
လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ရာဇဝတ်မှုဆိုင်ရာပြစ်ဒဏ်ပေးဥပဒေများနောက်ကွယ်ရှိ (ကုရ်အာန်မှပြဆိုထားသော) အကြောင်းတရားအချို့ကို စတိသဘောမျှ ဆက်လက်ဖော်ပြသွားပါအံ့။
လူသတ်မှု
သူတစ်ပါး၏အသက်ကို မတရားသတ်ဖြတ်ခြင်း၏ပြစ်ဒဏ်မှာ သေဒဏ်ဟု ကုရ်အာန်ကဆိုထား၏
(၂း၁၇၈)။ ဤဥပဒေသည် လူမှုစီးပွားအဆင့်အတန်းမရွေး လူအားလုံးအပေါ်
အကျုံးဝင်ပါသည်။ သို့သော် သေစားသေစေပြစ်ဒဏ်အစား ကိဆွာ့ဆွ် မည်သော
အသက်လျော်ကြေးပေးမှုဥပဒေ တစ်ရပ်ကိုလည်း ရွေးချယ်ခွင့်ပေးထားသည်။ အကယ်၍
အသတ်ခံရသူမိသားစုမှ ဆန္ဒရှိပါက လျောက်ပတ်သည့် လျော်ကြေးဖြင့် လူသတ်တရားခံအား
ခွင့်လွှတ်ကျေအေးနိုင်သည်။ လျော်ကြေးပုံစံမှာ အစ္စလာမ့်ခုံရုံး နှင့်
အသတ်ခံရသူ မိသားစုတို့မှ ဆုံးဖြတ်လေ့ရှိ၏။(ပြင်ပလူများ စွက်ဖက်ခွင့် မရှိ)။
ကျမ်းမြတ်ကုရ်အာန် (၂း၁၇၈)၌ ဤဒုတိယနည်းလမ်းကို '' ဤသည်ကား
အသင်တို့၏ဖန်ဆင်းရှင်ထံတော်မှ သေဒဏ်မှသက်သာစေခြင်း နှင့်
ကရုဏာတော်သက်ရောက်စေခြင်း '' ဟုညွှန်း၍ အထူးအားပေးတိုက်တွန်းထားပေသည်။
အစ္စလာမ့်ရှေးထုံးဥပဒေများ၌ သေစားသေစေပြစ်ဒဏ်ချမှတ်ရန် သက်သေလေးဦး
မုချရှိရမည်။ မရှိပါက အခြားပြစ်ဒဏ်များကဲ့သို့
ထောင်သွင်းအကျဉ်းချခြင်းပြစ်ဒဏ်ကိုသာ စီရင်နိုင်ပါသည်။ သို့ရာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း နှင့် လူသတ်မှုများဆက်တိုက်ကျူးလွန်ခြင်းအတွက်မူ လျော်ကြေးဥပဒေကို အသုံးမပြုပါ။ ကိဆွာ့ဆ်ွအား တစ်ဦးကိုတစ်ဦး သတ်ဖြတ်ခြင်းအတွက်သာ အသုံးပြုပါသည်။
ဤဥပဒေကို ကျမ်းမြတ်ကုရ်အာန်က ဤသို့လှပစွာ ရှင်းပြထားသည်။
အို - ဆင်ခြင်တုံတရားပြည့်ဝသူအပေါင်းတို့။
ယင်းတရားသဖြင့် ပြစ်ဒဏ်ပေးဥပဒေ၌ အသင်တို့အဖို့ အသက်ရှင်ခြင်း ရှိနေ၏။
သို့မှသာ အသင်တို့သည် ကြဉ်ရှောင်သူများ ဖြစ်တန်ရာ၏သတည်း။
ကုရ်အာန် ( ၂း ၁၇၉ )
ကုရ်အာန်က တရားမျှတစွာ ပြစ်ဒဏ်ပေးဥပဒေကို
လူ့အဖွဲ့အစည်း၏ အသက်ဘဝအပေါ် ကာကွယ်သည့်နည်းလမ်းအဖြစ် သုံးသပ်ပြထား၏။
သွေးချောင်းစီးခြင်းအစား ခန္တီပါရမီကောင်းလာအောင် တွန်းအားပေးထားသည်။
လူ့အသက်ကိုတန်ဖိုးမထားတတ်သည့် ဒုစရိုက်သားအား လူ့အဖွဲ့အစည်းမှ
ဖယ်ထုတ်လိုက်စေခြင်းဖြစ်သည်။
ပျက်လိုဖျက်ဆီး ဆူပူသောင်းကျန်းမှုများ
ဤရာဇဝတ်မှုဥပဒေကို အရဗီလို ဟိရာဗဟ် ဟုခေါ်သည်။ အနောက်တိုင်းအစ္စလာမ့်ပညာရှင်များက ဤစကားလုံးကို လမ်းဓါးပြ သို့မဟုတ် တောပုန်းဓါးပြသောင်းကျန်းသူများဟု ပြန်ဆိုလေ့ရှိသည်။ စင်စစ်အားဖြင့် ယင်းပြန်ဆိုမှုသည် ဟိရာဗဟ်၏အစိတ်အပိုင်းတစ်ရပ်မျှသာဖြစ်နေ၏။
လူ့အဖွဲ့အစည်းအတွင်း၌ အကြောက်တရားနှင့် စိုးရိမ်မှုများဖြစ်ပေါ်စေခြင်း၊
အကြမ်းဖက်ခြင်း စသဖြင့် မတည်ငြိမ်မှုများဖြစ်လာအောင်
ကြိုးပမ်းပြုလုပ်ချက်များကို တားဆီးကာကွယ်သည်အထိပင် ဥပဒေက ကျယ်ပြန့်ပါသည်။
အစ္စလာမ့်လောက၌ ဟိရာဗဟ်အား အကြမ်းဖက်လုယက်မှုကဲ့သို့သာ
အဓိပ္ပါယ်ဖွင့်ဆိုထားသည်မဟုတ်ကြောင်း တွေ့ရပါမည်။ ဥပမာ ကျော်ကြားလှသည့် စပိန်မှဥပဒေပါရဂူ အိဗ်နု အဗ်ဒုလ်ဗားရ်က ဟိရာဗဟ်အား ဤသို့အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
'' အကြင်မည်သူမဆို လူသွားလမ်းမများ၌ လွတ်လပ်စွာသွားလာမှုကို အနှောင့်အယှက်ပေးလျှင်၊ ခရီးသွားလာရေး၌ လူတို့၏လုံခြုံမှုကိုထိပါးလျှင်၊ ငွေကြေးဥစ္စာလုယက်ခြင်း - လူသတ်ခြင်း - ဖန်ဆင်းရှင်မှပိတ်ပင်တားမြစ်ထားသော
အဓမ္မနည်းလမ်းကိုသုံး၍ အကြမ်းဖက်ခြင်းအားဖြင့် တိုင်းပြည်ဒေသအတွင်း
ပျက်လိုဖျက်ဆီးကိစ္စ များဖြစ်ပေါ်အောင်ကြိုးပမ်းမှု၊ မတည်ငြိမ်စေမှု
စသည်တို့မှာ ဟိရာဗဟ်ပြစ်မှု၌ အကျုံးဝင်ပါသည်။ ထိုသူသည် မုစ်လင်မ်ဟုတ်သည်
ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ကျွန်ဖြစ်စေ၊ သူ့ရည်ရွယ်ချက်အမှန်က
ငွေလုသတ်ဖြတ်ခြင်းဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ ''
ဟိရာဗဟ်၏ပြစ်ဒဏ်မှာ ကြီးလေးပြင်းထန်လှ၏။ ဤပြစ်မှုကျူးလွန်ကြောင်း
ထင်ရှားလျှင် ကွပ်မျက်ခြင်းသော်လည်းကောင်း၊ ယာလက်ဘယ်ခြေ သို့မဟုတ်
ဘယ်လက်ယာခြေအား ဖြတ်တောက်ပစ်ခြင်းသော်လည်းကောင်း၊
နယ်နှင်ခြင်းသော်လည်းကောင်း ပြစ်ဒဏ်ခံရမည်ဖြစ်၏။ သို့ရာတွင်
နှိမ်နှင်းမှုမခံရမီ နောင်တသံဝေဂဖြင့် ဝန်ခံတောင်းပန်သူများမှာမူ
ထိုပြစ်ဒဏ်မှလွတ်ကင်းစေသည်။ ဤပြစ်မှုဥပဒေ၌ ကျူးလွန်ခြင်း၏ပြင်းထန်မှု
များပြားခြင်း နည်းပါးခြင်းအပေါ်မူတည်၍ ဖော်ပြပါပြစ်ဒဏ်လေးမျိုးအနက်တစ်မျိုးကို
ခုံသမာဓိများမှ စီရင်ချက်ချနိုင်သည်။ မည်သည့်ပြစ်ဒဏ်က
မည်သို့သောအဆင့်အထိဟူသည်ကိုမူ ကွဲပြားကြ၏။ ပျက်လိုဖျက်ဆီးဖြစ်စေရန်
လှုံ့ဆော်ကြိုးပမ်းသည့်အမှုအပေါ် ပြင်းထန်ကြီးမားသည့်ပြစ်ဒဏ် ချမှတ်ခြင်းမှာ
ယင်းအမှုသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏တည်ငြိမ်မှုကို ပျက်ပြားစေပြီး လူ့တိုးတက်မှုဖြစ်စဉ်ကိုလည်း ဟန့်တားထိခိုက်စေသောကြောင့်ဖြစ်သည်။
အမြစ်လှန်ဖျက်ဆီးမှုများကို ကာကွယ်ရန်မှာ ယှရီအဟ်၏ရည်ရွယ်ချက်များအနက်
အပါအဝင်ဖြစ်၏။ အစ္စလာမ့်ဥပဒေသည် လူ့အဖွဲ့အစည်း လူ့အသိုက်အမြုံအား
ကောင်းကျိုးဖြစ်ထွန်းမှုကိုသာ ဦးတည်ထားသဖြင့်
လူ့အဖွဲ့အစည်းအသိုင်းအ၀ိုင်းအား အကြီးအကျယ်အန္တရာယ်ဖြစ်စေသော ယင်းသို့အမှုများကို ကြပ်တည်းစွာ နှိမ်နှင်းရပေသည်။
နိုင်ငံတော်သစ္စာဖောက်မှု
အစ္စလာမ့်ဥပဒေပါရဂူများက နိုင်ငံတော်သစ္စာဖောက်မှုကို ဤ ဟိရာဗဟ် အမျိုးအစား၌
ထည့်သွင်းသတ်မှတ်ကြ၏။ ဤဥပဒေမှာ အစ္စလာမ်ကို ဘက်ကန်၍
အစ္စလာမ်နိုင်ငံအားဖျက်ဆီးမည့်ရန်သူတို့နှင့်
ပူးပေါင်းသူ (သူလျှို)များအပေါ်၌လည်း သက်ရောက်မှုရှိသည်။
သစ္စာဖောက်မှုပြစ်ဒဏ်၌ အမျိုးမျိုးရှိ၏။ အမြင့်ဆုံးမှာ သေဒဏ်ဖြစ်သည်။
မုစ်လင်မ်မဟုတ်သည့် တိုင်းနိုင်ငံအများစုမှာလည်း
နိုင်ငံတော်လုံခြုံရေးကိုထိခိုက်စေသည့်ကိစ္စများ၊ သူလျှိုမှုများအပေါ် အလားတူဥပဒေများ ချမှတ်ထားကြောင်း သိနိုင်ပေသည်။
ခိုးဝှက်ခြင်း
ခိုးသူသည် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ၄င်းတို့၏လက်များကို ဖြတ်တောက်ကြလေကုန်။ ဤသည်မှာ ၄င်းတို့နှင့်ထိုက်တန်သောပြစ်ဒဏ်ဖြစ်၏။
အလ္လာဟ်အရှင်မြတ်ထံတော်မှ (အခြားသူများအဖို့) သတိသံဝေဂ ရစေရန်
စံပြပြစ်ဒဏ်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်
ဘုန်းတန်ခိုးအာနုဘော်ကြီးမားတော်မူသော ဥာဏ်အမြော်မြင်ပြည့်ဝလွန်းတော်မူသော
အရှင်သခင်ဖြစ်တော်မူ၏။ တဖန် ၄င်းသူ (သူခိုး)သည် ပြစ်မှုကျူးလွန်ပြီးနောက်
(နောင်တသံဝေဂရ၍) တောင်းပန်ပြီးနောက် (မိမိကိုယ်ကို) ပြုပြင်ခဲ့ပါက မလွဲဧကန်
အလ္လာဟ်အရှင်မြတ်သည် ထိုသူဖက်သို့ ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူအံ့
(ပြစ်ဒဏ်လျှော့ပေါ့ခြင်းရှိတော်မူအံ့)။ စင်စစ်ဧကန် အလ္လာဟ် အရှင်မြတ်သည် အဖန်တလဲ ခွင့်လွှတ်ချမ်းသာခွင့်ပေးသနားတော်မူသော အလွန်တရာညှာတာထောက်ထားတော်မူသော အရှင်မြတ်တည်း။ ကုရ်အာန် (၅း ၃၈ - ၃၉ )
စွန္နဟ်၏နည်းလမ်း၌ ဖြတ်တောက်ရမည့်လက်မှာ နှစ်ဖက်လုံးမဟုတ်။
လက်ျာလက်တစ်ဖက်တည်း ဖြစ်၏ဟု ဥပဒေပါရဂူအများစုက ဆိုကြသည်။ ဤဥပဒေမှ
ချမှတ်မည့်ပြစ်ဒဏ်များအတွက် ခိုးဝှက်ခြင်းအခြေအနေအကြောင်းရင်းသုံးရပ်ကို စေ့ငုစွာ သုံးသပ်ရ၏။
(က) ထိန်းသိမ်းမှုမရှိသည့် ပစ္စည်းဥစ္စာများ
တစ်စုံတစ်ဦးသည် ထိန်းသိမ်းမှုမဲ့/ပိုင်ရှင်မဲ့ပစ္စည်းကိုခိုးယူလျှင် လက်ကိုဖြတ်တောက်သောပြစ်ဒဏ်ဖြင့် အစ္စလာမ့်ခုံရုံးများမှ အမြဲတစေ စီရင်လေ့မရှိပါ။ တရားသူကြီးသည် ၄င်းထက်လျှော့ပေါ့သည့်ပြစ်ဒဏ်ကို ဆုံးဖြတ်ပေးနိုင်သည်။
(ခ) ခိုးယူသည့် ပစ္စည်းပမာဏ
ခိုးယူသည့်ပစ္စည်းပမာဏအတိုင်းအတာမည်မျှရှိလျှင်
လက်ဖြတ်ရမည်ကို ဥပဒေပါရဂူများအကြား ကွဲလွဲမှုရှိကြ၏။ များသောအားဖြင့်
ပမာဏသည် မဆိုစလောက်မျှသာဖြစ်ပြီး ပထမဆုံးအကြိမ်ခိုးယူသူဖြစ်သော် ဤပြစ်ဒဏ်မှ
ကင်းလွတ်ခွင့်ပေးလေ့ရှိကြ၏။
(ဂ) ဒုက္ခ၏တွန်းအားကြောင့် ခိုးယူခြင်း
အသက်နှင့်ဘဝ ရှင်သန်ရပ်တည်ရန် ဆိုးဆိုးဝါးဝါးလိုအပ်နေသူများ၏ခိုးယူခြင်းအပေါ် ဤပြစ်ဒဏ်ကို မချမှတ်ကြပါ။ ဤဥပဒေ၌ အစာရေစာခိုးယူခြင်း၊ အအေးဒဏ်ပြင်းထန်၍ အိမ်ယာမဲ့သူများမှ အနွေးထည်/အဝတ်အစားခိုးယူခြင်း
စသည်များအပေါ် သက်ရောက်မှု မရှိပါ။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်အစိုးရသည်
နိုင်ငံသားတိုင်း၏ ရှင်သန်ရေးအခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးကို
မဖြစ်မနေဆောင်ရွက်ပေးရမည့်တာဝန် ရှိနေသောကြောင့် ဖြစ်၏။ အစ္စလာမ့်ဥပဒေက ပိုင်ဆိုင်မှုအပေါ်တန်ဖိုးထားသည့်အတွက် နစ်နာအောင်ခိုးယူသူတို့ကို ပြင်းထန်စွာ ကန့်ကွက်ပြီးတားမြစ်ထားရပေသည်။ လူ့အဖွဲ့အစည်း၏အခွင့်အရေးများကို ကာကွယ်ရန် ဥပဒေချိုးဖောက်သူအား ကြီးလေးသည့်ပြစ်ဒဏ် ပေးကြရစမြဲသာတည်း။
တရားမဝင် ကာမမှုများ
အိမ်ထောင်မဲ့ တရားမဝင်ကာမမှုကျူးလွနသူ အမျိုးသားနှင့်အမျိုးသမီးကို
အပြစ်ရှိကြောင်းထင်ရှားပါက ကြိမ်ဒဏ်တစ်ရာစီပေးရန် ကုရ်အာန် (၂၄း၂)၌
ဆိုထားသည်။ စွန္နဟ်အရ ကြိမ်ဒဏ်တစ်ရာကိုလည်းကောင်း ၊
ခဲပေါက်သေဒဏ်သော်လည်းကောင်း ပေးနိုင်၏။ သို့ရာတွင်လည်း
အလိုတူလိင်ဆက်ဆံမှုဖြစ်စေ၊ (အိမ်ထောင်ရှိသူတို့၏) လိင်ဖောက်ပြန်မှုဖြစ်စေ
သက်သေသာဓကများတင်ပြရန် တင်းကြပ်သည့်စည်းကမ်းချက်များ ရှိနေပါသည်။ အမျိုးသား
သို့မဟုတ် အမျိုးသမီးတစ်ဦးကို တရားမဝင်ကာမမှုနှင့်စပ်လျဉ်း၍
ပြစ်ဒဏ်ပေးရန်အတွက် အခြေခံအားဖြင့် စိတ်ချယုံကြည်ရသော အမျိုးသားလေးဦး၏
သက်သေခံမှုမှာ မရှိမဖြစ်လိုအပ်သည် (၂၄း၎)။ အစ္စလာမ့်ခုံရုံးအနေနှင့်
ယင်းအမှုကို သက်သေများမှ အမှန်တကယ်တွေ့မြင်မှသာ ဖြေရှင်းစီရင်ရသည်။
သံသယသက်သက်မျှဖြင့် ပြုလုပ်ဆောင်ရွက်ခွင့် မရှိချေ။ ကျမ်းမြတ်ကုရ်အာန်၌
သူတစ်ပါး၏အတွင်းရေးအား စုံစမ်းစပ်စုခြင်းကိုလည်း ပြင်းထန်စွာ တားမြစ်ထား၏
(၄၉း၁၂)။ သို့ဖြစ်ရာ သူတစ်ပါး၏အိမ်တွင်းရေးအပေါ်စွက်ဖက်သူ
သို့မဟုတ် ချောင်းမြောင်းကြည့်ရှုသူ၏ သက်သေခံချက်အား
လက်ခံစရာအကြောင်းမရှိချေ။ ထို့ကြောင့် အလိုတူဆက်ဆံမှုဖြစ်စေ၊
ဖောက်ပြန်မှုဖြစ်စေ အမျိုးသားနှင့်အမျိုးသမီးတို့သည်
လူပုံအလယ် အရှက်တရားကင်းမဲ့စွာ ဆက်ဆံကြခြင်း မဟုတ်ပါဘဲလျက် သက်သေ
အထောက်အထားတင်ပြခြင်း ဟူသည် ဖြစ်နိုင်ချေမရှိကြောင်း ထင်ရှားနေပါသည်။
ဤဥပဒေသည် အမျိုးသမီးများအတွက်သာ အကျုံးဝင်သက်ရောက်သည်ဟု
များလှစွာသောလူတို့မှ အတွေးချော်မှု ရှိနေ၏။ စင်စစ်၌ အမျိုးသား နှင့်
အမျိုးသမီးဟု ကုရ်အာန်က တိတိကျကျ ဖော်ပြထား၏ (၂၄း၂)။
နိုက်ဂျီးရီးယားကဲ့သို့ နိုင်ငံအချို့၏တရားရုံးတွင် အမျိုးသမီးများကို ထိမ်းမြားမှုမရှိဘဲသန္ဓေရှိလာခြင်းအပေါ်
တရားမဝင် ကာမမှု ဟူ၍ စွဲချက်တင်လေ့ရှိကြ၏။ ပဋိသန္ဓေရှိယုံဖြင့်
ပြစ်မှု၏အထောက်အထားအဖြစ် မသတ်မှတ်နိုင်ပါ။ ဤသည်မှာ ကုရ်အာန် နှင့်
စွန္နဟ်အား တလွဲအသုံးချခြင်းပင်ဖြစ်သည်။ အောက်ဖော်ပြပါအခြေအနေ၌ ဤဥပဒေအတွက်
သက်သေ မလိုအပ်ပါ။
၁။ လင်ယောက်ျားဖြစ်သူကိုယ်တိုင်က
ဇနီးဖြစ်သူအား လိင်ဖောက်ပြန်ကြောင်း သက်သေခံခြင်း လင်ယောက်ျားဖြစ်သူက
မိမိ၏မိန်းမသည် အခြားအမျိုးသားနှင့်ဖောက်ပြန်ကြောင်း
သက်သေခံထွက်ဆိုပါက အခြားမည်သည့်သက်သေမျှ မလိုအပ်တော့ပါ။ လင်ယောကျာ်းသည်
တရားခုံရုံးရှေ့မှောက်ဝယ် မိမိသည် အမှန်ကိုပြောဆိုကြောင်း ဖန်ဆင်းရှင်အား
တိုင်တည်၍ လေးကြိမ်တိုင်တိုင် ကျိန်ဆိုရ၏။ ငါးကြိမ်မြောက်ကျိန်ဆိုမှုတွင် ''
မိမိသည် မုသားဆိုပါက ဖန်ဆင်းရှင်၏ကျိန်စာသည် မိမိအပေါ် ပြင်းထန်စွာ
ကျရောက်စေသား '' ဟုထည့်သွင်း ပြောဆိုရ၏ (၂၄း၆-၇)။ ၄င်းနောက်
ဇနီးဖြစ်သူလည်း မိမိသည် မလိမ်ညာပါကြောင်း လေးကြိမ်တိုင်တိုင်
ဖန်ဆင်းရှင်အားတိုင်တည်၍ ကျိန်ဆိုရ၏။ ပဉ္စမအကြိမ်တွင် သူမ၏ခင်ပွန်းသည်သည်
မှန်ရာကိုဆိုခြင်းဖြစ်သော် ဖန်ဆင်းရှင်၏ အမျက်တော်သည် သူမအပေါ်
သက်ရောက်ပါစေကြောင်း ထည့်သွင်းပြောဆိုရ၏ (၂၄း၈-၉)။
ယင်းသို့ကျိန်ဆိုပြီးဆုံးလျှင် (မုသားဆိုသူမှ ကျိန်စာသင့်မည်ဖြစ်၍)
အမျိုးသားအပေါ်၌လည်းကောင်း၊ အမျိုးသမီးအပေါ်၌လည်းကောင်း
ပြစ်ဒဏ်တစ်စုံတစ်ရာချမှတ်ခြင်း မပြုပါ။ သို့သော်
ထိုအနေအထားအထိရောက်သွားပြီဆိုလျှင် ၄င်းတို့၏ထိမ်းမြားထားခြင်းမှာ အလိုလိုပျက်ပြယ်ပြီး ဖြစ်ပေသည်။
မုဒိန်းမှု
ဗလက္ကာရပြုကျင့်ခံရသည့်အမျိုးသမီး၏သက်သေခံချက်ကပင်လျှင်
မုဒိန်းကျင့်သူအား အရေးယူရန် လုံလောက်ကြောင်း စွန္နဟ်၌ ဖော်ပြသည်။
ဥပဒေ၏နည်းစဉ်အတိုင်း စစ်ဆေးပြီး အကယ်၍ ပြစ်မှုထင်ရှားပါက မုဒိန်းကောင်အား
ခဲပေါက်သေဒဏ်ပေးပါသည်။ မတရားခံရသည့်အမျိုးသမီးအဖို့ မည်သည့်အပြစ်မျှ
မရှိချေ။
၂။ ကိုယ်တိုင်ထုတ်ဖော်ဝန်ခံလာခြင်း အကယ်၍ လူတစ်ဦးသည် တရားခုံရုံးသို့ကိုယ်တိုင်လာရောက်၍
မိမိသည် တရားမဝင်ကာမမှု သို့မဟုတ် လိင်ဖောက်ပြန်မှု ကျူးလွန်ခဲ့ပါ၏ဟု
ထွက်ဆိုပါလျှင် သက်သေခံသူများ မလိုအပ်ပါ။ သို့သော် ဖန်ဆင်းရှင်က မိမိအတွက်
ဖုံးဖိကာကွယ်ပေးထားတော်မူသောအရာကို
ဖွင့်ချဖော်ထုတ်ခြင်းကိုမူ အစ္စလာမ့်ဥပဒေက အားပေးထားသည် မဟုတ်ပါ။
အလားတူပင် စွန္နဟ်အရ လူတစ်ဦးသည် တရားသူကြီးထံလာရောက်၍
ယင်းပြစ်မှုကိုဝန်ခံသည့်တိုင်အောင်
တရားသူကြီးမှ မိမိကိုယ်ကိုစွဲချက်တင်ခြင်း မပြုရန် သုံးကြိမ်တိုင်တိုင်
သတိပေးပယ်ချရပါမည်။ ၄င်းမှ ရှေ့ဆက်လာပါမှ ထုတ်ဖော်ဝန်ခံသည့်အတိုင်း
ပြစ်ဒဏ်စီရင်ပေးရပေသည်။ ဤသည်၌ မိမိ၏ကာမဖောက်ပြန်မှုကို
မိမိကိုယ်တိုင်ထုတ်ဖော်ဝန်ခံခြင်းမှာ မိုက်မဲလှလေခြင်း ဟု တွေးထင်မိကြပေမည်။ အမှန်ကား သာသနာကိုအမှန်ကိုင်းရှိုင်းသည့်မုစ်လင်မ်တို့သည် ဤလောကီတွင် ပြစ်ဒဏ်ခံလိုက်ရခြင်းက နောင်တမလွန်ဝယ် ပြစ်ဒဏ်ပေးခံရတော့မည်မဟုတ်ကြောင်း
ယုံကြည်ထား၍ဖြစ်၏။ ယှရီအဟ်က မျိုးနွယ်နှင့်မိသားစုအား
ထိန်းသိမ်းတည်တံ့စေသည်။ မိသားစုတစ်ခု၏ဓလေ့သည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏
စာရိတ္တ နှင့် ကျင့်ဝတ်ဆိုင်ရာ အုတ်မြစ်ဖြစ်ပါသည်။ သို့ဖြစ်ရာ
ထိမ်းမြားခြင်းဓလေ့ အပေါ် အန္တရာယ်ဖြစ်စေခြင်း/ မကောင်းကျိုးသက်ရောက်လာစေခြင်းသည် ပြစ်မှုကြီးတစ်ရပ်ဖြစ်သဖြင့် ယှရီအဟ်က အမြစ်လှန်ရပ်တန့်စေလိုခြင်းပင်။
တရားမဝင်ကာမမှုဆိုင်ရာ မုသားသက်သေထွက်ဆိုခြင်း
၎င်းပြင် အပြစ်ကင်းစင်သော အမျိုးသမီး (သို့မဟုတ် အမျိုးသား)များအား
(ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သည်ဟု) စွပ်စွဲပြီးနောက် သက်သေလေးဦး
မတင်ပြနိုင်သူတို့အား ကြိမ်ဒဏ်အချက်ပေါင်း ၈ဝ ရိုက်ကြလေကုန်။ ၄င်းနောက်ဝယ်
အသင်တို့သည် ၄င်းတို့၏သက်သေခံချက်များကို မည်သည့်အခါမျှ လက်မခံကြကုန်လင့်။
စင်စစ်သော်ကား ထိုသူတို့သာလျှင် ကျင့်ဝတ်ဖောက်ဖျက်သူ လူယုတ်မာများတည်း။
ကုရ်အာန် (၂၄း ၄ )
ယှရီအဟ်၌
မုသားသက်သေထွက်ဆိုခြင်းသည် အကြီးလေးဆုံးပြစ်မှုတစ်ရပ်ဟု သတ်မှတ်ထားသည်။
အထက်ပါအာယသ်တော်က - စွပ်စွဲပြီးနောက် သက်သေလေးဦး မတင်ပြနိုင်ကြသူများ၊
အဆင့်ဆင့်စစ်ဆေးချက်များအရ လုပ်ကြံသက်သေထွက်ဆိုသူ နှင့် စွပ်စွဲသူအဖြစ်
ပေါ်လွင်လာသူများကို တိတိကျကျရည်ညွှန်းနေပါသည်။
No comments:
Post a Comment
Note: only a member of this blog may post a comment.