Pages

.

အစ္စလာမ့်အလင်းစကားများ (၄)

အစ္စလာမ့်အလင်းစကားများ (၄)
************************
“ အစ္စလာမ်ဘာသာမှာ တစ်နှစ်တစ်ကြိမ် သန့်စင်ဒါနကြေး
ထုတ်လှူပြီးယင် တစ်နှစ်ပတ်လုံး ငွေဘယ်လိုရှာရှာ သန့်ရှင်းတဲ့ငွေ
ဖြစ်သွားတယ် ဆိုတာ ဟုတ်ပါသလား ” တဲ့။

ဒီအချက်ကိုပေးရမယ့်အဖြေက ကျယ်ပြန့်ပါတယ်။ တစ်နှစ်တစ်ကြိမ်တွက်ချက်ထုတ်လှူရတဲ့ အဲ့ဒီအလှူဒါနမျိုးကို အရဗီဘာသာစကားအရ “ဇကာ့သ်” လို့ခေါ်ဆိုပါတယ်။ ဇကာ့သ် ဟာ အစ္စလာမ့်မဏ္ဍိုင်ကျင့်ရပ်ကြီး ငါးမျိုးထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့အပြင် အနုစိပ်ပြဋ္ဌာန်းချက်တွေလည်းရှိနေတော့ ဒီခေါင်းစဉ်တစ်ခုထဲနဲ့တင် ကျမ်းကြီးတစ်စောင် နီးပါး ရေးထုတ်လို့ရနေပါတယ်။ ဒါကြောင့် အခြားဘာသာဝင်တွေ အလွယ်တကူနားလည်နိုင်ဖို့ သူ့သဘောတရား နဲ့ အခြေခံသတ်မှတ်ချက်ကိုသာ ဇောင်းပေးတင်ပြလိုပါတယ်။

အစ္စလာမ်သာသနာမှာ အရင်းအမြစ်ယုံကြည်ချက်ကြီး ခြောက်ရပ်ရှိပါတယ်။ အီမာန် - အရင်းအမြစ်ယုံကြည်မှုတရား လို့ ခေါ်ဆိုပါတယ်(အလျဉ်းသင့်တဲ့အခါ ထပ်မံတင်ပြပါမယ်)။ အစ္စလာမ့်လမ်းစဉ်ကို ယုံကြည်ချက်သပ်သပ်၊ ကျင့်ရပ်သပ်သပ် မခွဲခြားဘဲ သဘောတရားနဲ့လက်တွေ့ကို အချိုးညီအောင် ပေါင်းစပ်သွားဖို့ လမ်းညွှန်သွန်သင်ထားပါတယ်။ ယုံကြည်ချက်ကြီးခြောက်ရပ်နဲ့အတူ
မဏ္ဍိုင်ကျင့်ရပ်ကြီးငါးမျိုးကို ဒွန်တွဲပြဋ္ဌာန်းထားပါတယ်။

၁။ ယှဟာဒဟ် - (ပြီးခဲ့တဲ့ ၀တ်ပြုရေးဖိတ်ခေါ်မှုအပိုင်းမှာ အနည်းအကျဉ်းဖော်ပြခဲ့ပါတယ်) ယုံကြည်မှုဆိုင်ရာ သက်သေခံစကားရပ်ကို သိနားလည်မှုနဲ့ယုံကြည်ခြင်းသာမက နှုတ်နဲ့ပါဖွင့်ဟ၀န်ခံပြောဆိုအသိပေးချက်ပါ။
(အစ္စလာမ့်စည်းဝိုင်းထဲဝင်ရောက်ရေးအတွက် ပထမဆုံး တံခါးပေါက်တစ်ချပ်လို့ ဆိုရပါမယ်)။


၂။ ဆွလာသ် - နေ့စဉ် တစ်နေ့ငါးကြိမ် ၀တ်ပြုခြင်း။

၃။ ဆွောင်မ်/ဆွိယံမ် - တစ်နှစ်လျှင် တစ်လ နံနက်အရုဏ်ချိန်ကနေ ညနေစောင်းနေ၀င်ချိန်အထိ အစားအသောက်နဲ့ မေထုန်မှီဝဲခြင်းကို ရှောင်ကြဉ်ပြီး ဥပုသ်သီလစောင့်ထိန်းခြင်း။

၎။ ဇကာ့သ် - မိမိရဲ့တစ်နှစ်ပတ်လုံးဝင်ငွေထဲက အသားတင် ပိုလျှံ/စုဆောင်းငွေဟာ သတ်မှတ်တန်ဖိုးတစ်ခုရှိနေယင် အဲ့ဒီထဲက အပုံလေးဆယ်ပုံတစ်ပုံ (၀.၂၅ %)ကို (အဲ့ဒီသတ်မှတ်တန်ဖိုးလောက်ပင်ပိုင်ဆိုင်မှုမရှိတဲ့) အသိုင်းအ၀ိုင်းဝင်ဆင်းရဲသူများကို ပေးကမ်းလှူဒါန်းခြင်း။

၅။ (ကုံလုံတတ်စွမ်းနိုင်သူများအတွက်) တစ်သက်မှာ အနည်းဆုံးတစ်ခါ မက္ကဟ်မြို့ပင်မ၀တ်ကျောင်းတော်ဆီ ခရီးထွက်အရောက်သွားပြီး သတ်မှတ်ကျင့်ဆောင်ချက်တွေကို ဆောင်ရွက်ခြင်း - ဟဂ်ျ ပြုခြင်း တို့ဖြစ်ကြပါတယ်။

မွတ်စ်လင်မ်တစ်ဦးဟာ တစ်နှစ်တစ်ကြိမ် ဇကာ့သ် ထုတ်လှူနိုင်ဖို့ နှစ်ကုန်တဲ့အခါ(စားဝတ်နေရေးနဲ့လုပ်ငန်းလည်ပတ်မှုနဲ့မသက်ဆိုင်သော) အသားတင်ပိုင်ဆိုင်မှုတန်ဖိုးတစ်ရပ် လက်ဝယ်ရှိနေရပါမယ်။ အဲ့ဒီပမာဏကို အရဗီလို “နိစာ့ဗ်”လို့ခေါ်ပါတယ်။ အဲ့ဒီပမာဏလက်ဝယ်ရှိနေသူကို နိစာ့ဗ်ရှင်/နိစာ့ဗ်ရဲ့ပိုင်ရှင်လို့ သုံးနှုန်းပါတယ်။ အစ္စလာမ့်သတ်မှတ်ချက်အရ အဲ့ဒိနိစာ့ဗ်ရှင်ဟာ တတ်စွမ်းနိုင်သူ စာရင်းဝင်သွားပြီး မဖြစ်မနေ ဇကာ့သ် ထုတ် လှူဒါန်းပေးကမ်းရပါတယ်။ အဲ့ဒီပမာဏအထိ လက်ဝယ်မရှိသူကို မတတ်စွမ်းနိုင်သူ/ဥစ္စာမပြည့်စုံသူ/ဆင်းရဲသူ/မပြေလည်သူ/လိုအပ်ချက်ရှိနေသူ အဖြစ် သတ်မှတ်ပါတယ်။ မစ္စကီးန် လို့ခေါ်ဆိုပါတယ် (တချို့သူတွေက ဒီဝေါဟာရကို သူတောင်းစား/သူဖုန်းစားလို့ မှားယွင်းစွာ ပြန်ဆိုဖော်ပြတတ်ကြတယ်)။ နိစာ့ဗ် လို့ခေါ်တဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ၊ ကုန်ပစ္စည်း၊ ကျွဲနွားတိရစ္ဆာန် စသဖြင့် ဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာပစ္စည်းအမျိုးအမည်နဲ့စပ်လျဉ်းတဲ့ သတ်မှတ်ချက်ကိုယ်စီရှိပါတယ်။ သိရှိအောင်လေ့လာထားရတယ်။ သိရှိမှသာ မှန်မှန်ကန်ကန်တွက်ချက်နိုင်မှာဖြစ်တယ်။ ဒီနေရာမှာ အဓိကလူသုံးများနဲ့ ရွှေနဲ့ငွေဆိုင်ရာတန်ဖိုးကိုဘဲ တင်ပြပါမယ်။

ရွှေကိုအများသိကြတဲ့အတိုင်းပါဘဲ၊ လွန်ခဲ့တဲ့
နှစ်တစ်ရာဝန်ကျင်လောက်အထိ ငွေကို စုဆောင်းတဲ့အစဉ်အလာမျိုးလည်း ရှိခဲ့တယ်။ အသုံးပြုငွေကြေးပိုက်ဆံကို ဆိုလိုခြင်းမဟုတ် - ငွေသတ္ထုကိုပြောတာပါ။ အများနားလည်အောင် တွက်ချက်ထားပြီးသား မြန်မာအချိန်အတွယ်နဲ့ တစ်ခါတည်းချပြပါမယ်။ ရွှေအလေးချိန်ဆိုယင်
၅ ကျပ်နဲ့ ၁၀ ပဲသား၊ ငွေအလေးချိန်ဆိုယင် ၄၀ ကျပ်သား အသားတင်ပိုင်ဆိုင်သူကို နိစာ့ဗ်ရှင်လို့သတ်မှတ်ပါတယ်။ ငွေကြေးအရဆိုယင် မိမိရဲ့ ဇကာ့သ်ထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ရွှေပေါက်ဈေးတန်ဖိုးရှိတဲ့အတိုင်း တွက်ချက်လိုက်လို့ရပါတယ်။ ဇကာ့သ်ဟာ ငွေကြေးပိုက်ဆံသာ မဟုတ်ပါဘူး။ ရွှေစ၊ ငွေစ၊ ကုန်ပစ္စည်း၊ တိရစ္ဆာန်လည်းဖြစ်နိုင်ပါတယ်။ ဖော်ပြပါ နိစာ့ဗ် ထဲက ၀.၂၅ ရာခိုင်နှုန်း(အသုံးပြုငွေကြေး ၁၀၀ ကျပ်လျှင် နှစ်ကျပ်ခွဲနှုန်း)ကို အနည်းဆုံး ခွဲထုတ်လှူဒါန်းပေးရပါတယ်။ ဒီပမာဏထက် တစ်ပြားတစ်ချပ်မှ လျော့နည်းလို့မရပါဘူး။ မတော်တဆ လျော့နည်းသွားခဲ့ယင် ပြန်လည်ဖြည့်စွက်ရပါတယ်။ ဒါက ဇကာ့သ်ထုတ်ပေးရသူအပိုင်းပါ။ သတ်မှတ်ပမာဏ- နိစာ့ဗ် အထိ မပိုင်ဆိုင်သူမှန်သမျှ ဇကာ့သ်ကို လက်ခံခွင့်ရှိသူလို့ အကြမ်းအားဖြင့်ဆိုနိုင်ပါတယ်။ ဒီလိုလူတွေက အထက်ကဖော်ပြထားတဲ့ မဏ္ဍိုင်ကျင့်ရပ်ကြီးငါးမျိုးအနက် ပထမသုံးမျိုး အထိသာ တာဝန်ရှိပါတယ်။ နောက်ဆုံးနှစ်မျိုးအတွက်
တာဝန်ကင်းလွတ်ပါတယ်။ နိစာ့ဗ်ရှင် ဖြစ်လာယင်တော့ တာဝန် ထိုက်သက်သွားပါတယ်။ ကြိုက်တဲ့လမှာ နှစ်စဉ်သတ်မှတ်လှူဒါန်းနိုင်ပါတယ်။ အများအားဖြင့် ဥပုသ်လတွေမှာ လိုအပ်ချက်ပိုမိုများပြားတဲ့အတွက် ဒီလိုလမျိုးမှာ ပိုမိုအဓိကထားပေးကမ်းကြခြင်း ဖြစ်ပါတယ်။

အစ္စလာမ်မှာ အလှူဒါနနဲ့ပတ်သက်ပြီး ပုံဟန်အမျိုးမျိုးရှိပါတယ်။ ဒီဇကာ့သ်အလှူကတော့ အစ္စလာမ့်စည်းဝိုင်းထဲက လူတွေအတွက်သာသီးသန့်သတ်မှတ်ထားပါတယ်။ အတွင်းစည်းအတွက် သတ်မှတ်အလှူပုံဟန်ကလည်း ဒီတစ်မျိုးတည်းသာ ရှိတာပါ။ (ဒီအတွင်းစည်းလှူဒါန်းမှုမှာလည်း အဆင့်ဆင့်သတ်မှတ်ချက် တိတိကျကျ
ပြဋ္ဌာန်းထားပါတယ်။ စည်းကမ်းနဲ့မညီညွတ်ယင် အလှူဒါန အထမမြောက်ကြောင်း မွတ်စ်လင်မ်အချင်းချင်းကြားမှာပင်လျှင် သိသူနည်းပါးပါတယ်။ ပွင့်ပွင့်လင်းလင်းဆိုရယင် မလေ့လာဘဲ လေသံဖမ်းတရားနာသူတွေ၊ အချောင်နှိုက်လိုသူတွေကြောင့် လူတွေ ကျယ်ကျယ်ပြန့်ပြန့်မှန်မှန်ကန်ကန် သိခွင့်မရကြပါဘူး)။

ကျန်တဲ့အလှူဒါနပုံဟန်အမျိုးမျိုးမှာ လူမျိုး၊ ဘာသာ၊ အချိန်အခါ၊ နေရာဒေသ သတ်မှတ်ချက် မရှိပါဘူး။ မိမိ သဒ္ဓါပေါက် ဆန္ဒရှိသလို တတ်စွမ်းနိုင်သလို နည်းများမဟူ မည်သူ့ကိုမဆို လှူဒါန်းပေးကမ်းနိုင်ကြပါတယ်။ မရှိသူအချင်းချင်းလည်း ပေးကမ်းလို့ရပါတယ်။ ဘယ်လိုအလှူမျိုးဖြစ်ပါစေ လူမိုက်အားပေး အဆိပ်ပင်ရေလောင်း ဖြစ်မသွားအောင်တော့ သတိချပ်ရမှာဖြစ်ပါတယ်။ မိမိရဲ့(နိုင်ငံအတွင်းအပြင်)ဆွေမျိုးသားချင်း၊ အိမ်နီးချင်း၊ ရပ်ကွက်မြို့ရွာ၊ နိုင်ငံထဲမှာ ဇကာ့သ်လက်ခံနိုင်သူမရှိမှ နယ်ကျော်ပြီး တခြားလူ့အဖွဲ့အစည်းကို ပေးရပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရယင် ပေးကမ်းသူဖြစ်စေ ၊ ရယူလက်ခံသူဖြစ်စေ ပေးပြီးပြီးရော- ရယင်ပြီးရောဆိုပြီး ဘောင်ကျော်လို့မရပါဘူး။ လူ့အဖွဲ့အစည်းအတွင်းက ဆင်းရဲသားပပျောက်ရေး စီမံကိန်းအသွင်ဆောင်ပေမယ့် နည်းလမ်းမကျတဲ့အခါ ဆင်းရဲသားတိုးပွားရေးဖက်ကိုသာ အသွင်ပြောင်းသွားရပါတယ်။ ဒါကို လက်တွေ့တွေ့မြင်နိုင်ကြပါလိမ့်မယ်)။ ဘာသာဝင်အချင်းချင်းထဲမှာ
တာဝန်ကျေသွားလို့ ထပ်မံပိုလျှံနေသေးယင် ဘာသာလူမျိုးနယ်မြေမခွဲခြားဘဲ လူသားအကျိုးပြုလုပ်ငန်းမှန်သမျှတွေမှာ အသုံးပြုလို့ရပါတယ်။ ဒီအခြေခံအကြောင်းတရားကို မသိမြင် နားမလည်ကြတဲ့အတွက် သူတို့ဘာသာဝင်အချင်းချင်းကိုသာ ထောက်ပံ့ပေးကမ်းလှူဒါန်းတယ် - ဘာသာဝင်ယင်/သိမ်းသွင်းနိုင်ယင် ဘယ်ရွေ့ဘယ်မျှ ဆုငွေပေးတယ် စသည်ဖြင့် အမြင်စောင်းမှုတွေ၊ လုပ်ကြံစွပ်စွဲမှုတွေ ထွက်ပေါ်ပျံ့နှံ့လာခြင်းဖြစ်တယ်လို့ သုံးသပ်ရပါတယ်။ တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား) က အလှူဒါနပေးခြင်းရဲ့ကုသိုလ်ထူးမြတ်မှုအပေါ် “ စွန်ပလွံသီးတစ်ခြမ်း နှင့်ပင်ဖြစ်ပါစေ (လှူဒါန်းပေးကမ်းခြင်းဖြင့်) မိမိကိုယ်ကို ငရဲမီးမှ ကာကွယ်ကြကုန် ” ၊ “ ပေးကမ်းစွန့်ကြဲခြင်းသည် ဘေးအန္တရာယ်များအတွက် အကာအကွယ် ” လို့ အလှူဒါနပေးခြင်းရဲ့ကုသိုလ်ထူးမြတ်မှုအပေါ် အလေးအနက်ပြု မိန့်ကြားလမ်းညွှန်ထားပါတယ်။ တစ်ခါ “ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် လောကကောင်းကျိုးဆောင်သူများကို ချစ်ခင်မြတ်နိုးတော်မူ၏ ” လို့ ကုရ်အာန်ထဲမှာ အရှင့်ဗျာဒိတ်စကားရပ်တော် ရှိနေပါတယ်။
ဒီသြ၀ါဒတော်နဲ့ ကုရ်အာန်ကျမ်းချက်မှာ ဘာသာ၊ လူမျိုး မခွဲခြားထားပါဘူး။ မပြည့်စုံသေးပေမယ့် တစ်နှစ်တစ်ကြိမ် ဇကာ့သ်အလှူဒါနအကြောင်းကို ဒီလောက်ဆိုယင် အပေါ်ယံသဘောလောက် ခြုံငုံမိပြီလို့ ယူဆပါတယ်။

ဒီလိုလှူဒါန်းလိုက်လို့ လှူဒါန်းသူက (ကုသိုလ်အကျိုးရရှိပေမယ့်) လှူဒါန်းသူက အဆင့်ပိုမြင့်မသွားသလို၊ အလှူလက်ခံသူကလည်း အဆင့်နိမ့်ကျမသွားပါဘူး။ လက်ခံသူသာမရှိယင် လှူဒါန်းရမယ့်သူအဖို့
တာဝန်ကျေအောင် ဆောင်ရွက်နိုင်တဲ့အခွင့်အလမ်း မရှိတော့လို့ပါ။ ဒါကြောင့် လက်ခံသင့်လို့ လက်ခံလိုက်သူမှာလည်း သူတစ်ပါး
တာဝန်ကျေပွန်မှုဖြစ်သွားစေတဲ့အတွက် အကျိုးကုသိုလ် ရရှိပါတယ်။ ဇကာ့သ်ဆိုတဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်လိုက်သူအတွက် ကြည်နှူးမှုကြောင့် နှလုံးစိတ်ဝမ်းသန့်ရှင်းသွားပါတယ် - နောင်လာမယ့် တစ်နှစ်ပတ်လုံး စိတ်ကျဉ်းကြပ်မှုအနှောင်အဖွဲ့မရှိဘဲ စိတ်ရှင်းရှင်းနဲ့ ဆက်လက် စီးပွားရှာသွားနိုင်တယ်။ ဒီတာဝန်ကို မကျေပွန်ယင် ဆင်းရဲသားတွေရဲ့ရပိုင်ခွင့်ကို မတရားသိမ်းပိုက်ထားရာရောက်တဲ့အတွက် မိမိရဲ့ဥစ္စာမသန့်ရှင်းတော့ဘူး လို့ တင်စားညွှန်းပြကြပါတယ်။ ဒီလို ဇကာ့သ်ထုတ်ပြီးနောက် တစ်နှစ်ပတ်လုံးကြိုက်သလိုစီးပွာရှာတဲ့
ငွေ သန့်ရှင်းသွားတယ်လို့ အစ္စလာမ်တရားတော်မှာ လုံးဝမပြသထားပါဘူး။ ဒီလိုစကားမျိုးဟာ အလေးအနက်ထားအောင် သွန်သင်ညွှန်ပြရာကနေ အဓိပ္ပာယ်ထွက် လမ်းလွှဲသွားရတယ်လို့ထင်မြင်ပါတယ်။

အစ္စလာမ့်ထူးခြားမှုတစ်ခုရှိပါတယ်။ ယုံကြည်ချက်က ယုံကြည်ချက်ဖြစ်တယ်။ တာဝန်က တာဝန်ဖြစ်တယ်။ ကိုယ်ကျင့်တရားက ကိုယ်ကျင့်တရားဖြစ်တယ်။ ပေါင်းစည်းထားပေမယ့် ရောမွှေလို့ မရပါဘူး။ ကိုယ်ကျင့်တရားနဲ့သမာဓိကို ကျင့်ဝတ်စည်းကမ်းတွေနဲ့လည်း ထိန်းကွပ်လမ်းကြောင်းပေးထားပါတယ်။ မိမိတို့ရဲ့ စားဝတ်နေရေး၊ ကူးသန်းရောင်းဝယ်စီးပွားရေး၊ ပညာရေး၊ လူမှုဆက်ဆံရေး အစရှိတဲ့ ကဏ္ဍတိုင်းမှာ တရားဝင်လုပ်ပိုင်ခွင့်ရှိမှု (ဟလာလ်) နဲ့ တားမြစ်ပိတ်ပင်မှု/တရားမ၀င်မှု (ဟရာမ်) ဆိုပြီး ခွဲခြားသတ်မှတ်ဖော်ပြထားပါတယ်။ (ကျွန်တော်တို့ဆီမှာ ဟလာလ် ကို အစားအသောက်အတွက်လောက်ဘဲ လူသိများကြပါတယ်။ လုပ်ကိုင်ဆောင်ရွက်ပြောဆိုနေထိုင်မှုအားလုံးအတွက် အကျုံးဝင်တဲ့ စကားလုံးပါ)။ ဒါကြောင့် ငွေရှာစီးပွားရေးလုပ်ယင်လည်း ဘယ်အချိန်အခါမှာဖြစ်ဖြစ် ဟရာမ်နည်းလမ်းအလုံးစုံကိုရှောင်ကြဉ်ပြီး ဟလာလ်ဘောင်ထဲက သမ္မာအာဇီဝကျကျသာ ရှာဖွေစုဆောင်းသုံးစွဲရပါတယ်။ ဒါကြောင့် ဒီဟလာလ်ဆိုတဲ့ ဘောင်အထဲက မဟုတ်ယင် သတ်မှတ်တာဝန်တွေဘယ်လောက်ပဲကျေပွန်နေပါစေ ရှာဖွေလို့ရလာတဲ့ငွေကြေး/ဥစ္စာက သန့်ရှင်းမသွားပါဘူး။ ဟလာလ်ဖြစ်မှသာ
သန့်ရှင်းတယ်လို့ ဆိုရပါမယ်။ တစ်ဆက်တည်း ပြတ်ပြတ်သားသား တင်ပြရယင် ဟလာလ်နည်းလမ်းနဲ့ရလာတဲ့ပိုင်ဆိုင်မှု မဟုတ်ယင်တော့ အထက်ဖော်ပြပါ အလှူဒါနအပါအ၀င် ဘယ်တာဝန်ဝတ္တရား၊ ဘာအလုပ်မှာဘဲ အသုံးချချ ဟလာလ် မဖြစ်ပါဘူး၊ တရားမ၀င်ပါဘူး၊ အကျိုးကုသိုလ်လည်း စိုးစဉ်းမျှ မရပါဘူး။ (ဟလာလ်ပိုင်ဆိုင်မှုပင်လျှင်ဖြစ်နေပါစေ တစ်ကိုယ်ရည်ကျော်ကြားမှုအတွက်၊ ချီးမွှမ်းခံလိုတဲ့အတွက်၊ ဂုဏ်သိက္ခာရလိုတဲ့အတွက်၊ လူအထင်ကြီးစေဖို့အတွက်၊ သူတစ်ပါးကို မိမိသြဇာခံဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်အသုံးချယင်လည်း ကုသိုလ်အကျိုးမရရှိတဲ့အပြင် အပြစ်ထိုက်သက်သွားပါတယ်)။

ကျွန်တော့်ဖက်က လူမုန်းခံပြီး အမြဲလိုလိုတင်ပြနေကြဓာတ်ပြားဟောင်းဖွင့်ပါဦးမယ် - ဘယ်ဘာသာဝင်၊ ဘယ်လူမျိုး၊ ဘယ်လိုလူစားကြီးဖြစ်နေပါစေ မိမိတို့သာသနာ့သွန်သင်ချက်အတိုင်း လိုက်နာနေထိုင်ကျင့်သုံးသူရှိသလို - လျစ်လျူရှုကျောခိုင်းလို့တစ်မျိုး၊ မလှိမ့်တစ်ပတ်လုပ်လို့တစ်ဖုံ နေထိုင်လုပ်ကိုင်သူတွေရှိကြပါတယ်။ လူ နဲ့ မူ ကွဲပြားဖို့ သတိနှလုံးသွင်းကြပါလို့ဘဲ မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီမေးခွန်းကို အမြင်ရှင်းလိုတဲ့ - ရိုးရိုးသားသားသိချင်တဲ့ ဘာသာခြားမိတ်ဆွေတစ်ဦးက မေးမြန်းလာတာပါ။ ဒီလောက်ဆိုယင် အကြမ်းဖျင်းသဘော နားလည်လောက်ပြီလို့ ယူဆပါတယ်။




July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.