Pages

.

အစ္စလာမ့်အလင်းစကားများ (၅)


အစ္စလာမ့်အလင်းစကားများ (၅)
************************
အစ္စလာမ်၊ ကုရ်အာန်နဲ့ပတ်သက်ပြီး မေးမြန်းလာမှုကို ဖြေကြားပေးချက်တစ်ရပ်ဖြစ်ပါတယ်။ အစ္စလာမ့်အတွင်းအပြင်
၂ ဖက်လုံးအတွက် အကျိုးရှိတဲ့ မေးခွန်းဖြစ်လို့ (အများနားလည်လွယ်တဲ့ပုံဟန်နဲ့) ကြိုးစားတင်ပြလိုက်ပါတယ်။

ဖန်ဆင်းရှင်အယူဝါဒ ၊ ကောင်းကင်ကျကျမ်း(တစ်နည်းအားဖြင့် ဖန်ဆင်းရှင်ရဲ့ဗျာဒိတ်လမ်းညွှန်ကျမ်း)၊ ဟောကြားလက်တွေ့ကျင့်သုံးပြသတဲ့ တမန်တော် စသည်များကို လက်ခံယုံကြည်တဲ့ ဘာသာတရားတိုင်းမှာ ဟောကြားသွန်သင်မှုတွေက တစ်ခုနဲ့တစ်ခု သိပ်မကွဲလွဲကြပါဘူး။ အရင်းအမြစ်မှာ သဘောတရားတစ်ခုတည်းပါပဲ။
ပုံဖော်မှုနဲ့အချက်အလက်ကတော့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၊ ခေတ်ကာလ၊ ယဉ်ကျေးမှု၊ ဒေသ အပေါ်မူတည်ပြီး ကွာခြားသွားပါတယ်။

(က)။ မိတ်ဆွေမေးမြန်းတဲ့ - “ ကောင်းကင်ကျ ကုရ်အာန်ကျမ်းဆိုသည်မှာ အဘယ်အရာကို အဓိကဟောထားပါသလဲ ” ဆိုတာကို ကုရ်အာန်ကျမ်းတော်ရဲ့ရှုထောင့်ကပဲ တင်ပြပေးပါမယ်။

(ဖြေ) အနှစ်ချုပ်အားဖြင့် ကုရ်အာန်ကျမ်းက သွန်သင်တဲ့အခြေခံဒေသနာကြီး ၇ မျိုး ရှိပါတယ်။ ကျမ်းတစ်စောင်လုံး ဒီအကြောင်းခြင်းရာ ၇ ရပ်ကိုသာ ကိုယ်စားပြုဖော်ပြထားချက်တွေ ဖြစ်ပါတယ်။



၁။ ကိုးကွယ်အပ်ရာအရှင်သခင်သည် တစ်ပါးတည်းသာ ရှိခြင်း နှင့်
ထာဝရတည်ရှိတော်မူခြင်း၊ ထိုဖန်ဆင်းရှင်မြတ်၏ တုနှိုင်းမဲ့ ဂုဏ်တော်များ
၂။ ထိုအရှင်မြတ်အားနာခံမှုဖြစ်သော အမှုတော်များကိုထမ်းရွက်ခြင်း/
ခ၀ပ်ဆည်းကပ်ခြင်း/ဗျာဒိတ်ဥပဒေများကို လိုက်နာကျင့်သုံးခြင်း
၃။ လောက၌ ယင်းဥပဒေများကို အကောင်အထည်အသုံးချနိုင်ရေး၊ လူသားတို့အား အမှားအမှန်ဝေဖန်ပိုင်းခြားသိရှိစေရေးအတွက် သင်ကြားလမ်းညွှန်ပြသသော (ဖန်ဆင်းရှင်၏ကိုယ်စားလှယ်)တမန်တော်များ
၎။ ကုရ်အာန်သည် နောက်ဆုံးသောဗျာဒိတ်ကျမ်းဂန်ဟု ကြေငြာထားချက်နှင့်အညီ လူတစ်မျိုး၊ ခေတ်တစ်ခေတ်၊ ဒေသနယ်ပယ်တစ်ရပ်၊ ယဉ်ကျေးမှုတစ်ခုတည်းအတွက်မဟုတ်တော့ဘဲ ကမ္ဘာတည်သရွေ့ ခေတ်စံနစ်တိုင်း၊ လူသားမျိုးနွယ်တိုင်းနှင့်သက်ဆိုင်သော သစ္စာဓမ္မဖြစ်ခြင်း
၅။ မိမိ၏နိမ့်ကျသော ကိုယ်ပိုင်လိုအင်ဆန္ဒကို အနိုင်ယူကျော်လွှားပြီး နာမ်ပိုင်းဆိုင်ရာ နှင့် ကိုယ်ကျင့်တရားကို မြှင့်တင်ရယူစေခြင်း
၆။ တရားမျှတမှုကို ဖော်ဆောင်၍ မတရားမှုကို
ဆန့်ကျင်ခြင်းအပေါ်အခြေခံလျက် လူတစ်ဦးချင်းသာမက
လူ့အသိုင်းအ၀ိုင်းတစ်ရပ်လုံးအား ပြောင်းလဲပြုပြင်ကောင်းကျိုးဆောင်စေခြင်း
၇။ မည်သို့သောလူစားပင်ဖြစ်စေ မိမိပြုလုပ်သော သုစရိုက် ဒုစရိုက် လုပ်ရပ်တစ်ခုချင်းအတွက် မုချဧကန် အရေးယူစီရင်အစားပေးခံရမည်ဖြစ်ခြင်း

(ခ)။ “ ဖန်ဆင်းရှင်ကိုးကွယ်သောလူတစ်ယောက်သည် လက်ရှိမျက်မှောက် ရရှိနိုင်သောကောင်းကျိုးကို သိခွင့်ပြုပါ ”

(ဖြေ) ဖန်ဆင်းရှင်ကို ကိုးကွယ်ဆည်းကပ်တဲ့သူဟာ ဖန်းဆင်းရှင်အပေါ် သက်ဝင်ယုံကြည်ယုံမျှနဲ့ မလုံလောက်ပါဘူး။ ဗျာဒိတ်ဒေသနာအတိုင်းလိုက်နာကျင့်သုံးဖို့လည်း လိုအပ်ပါတယ်။

အထက်ဖော်ပြပါဒေသနာလမ်းညွှန် ၇ ရပ်မှာ လမ်းညွှန်တစ်ရပ်ချင်းရဲ့ကောင်းကျိုးကိုယ်စီရှိနေပြီးဖြစ်တာကို အမှန်တွေ့နိုင်ပါတယ်။ အဲ့ဒါတွေဟာ လက်ငင်းခံစားရမယ့် ကောင်းကျိုးတရားတွေပဲ ဖြစ်ပါတယ်။ အနိမ့်ဆုံးအားဖြင့် အနှစ်ချုပ်ဖော်ပြရယင် ယုံကြည်မှုရဲ့အောက်မှာ နာမ်ပိုင်ဆိုင်ရာလုံခြုံမှု ရရှိပါတယ်။ အမှားအမှန်အကောင်းအဆိုးအကြောင်းအကျိုးတွေကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရရှိစေပါတယ်။ မတည်မြဲတဲ့လောကအကြောင်းသိနားလည်စေသလို တည်မြဲတဲ့လောကတစ်ခုရှိကြောင်းကိုလည်း သိမြင်စေပါတယ်။ ကိုယ်ကျင့်တရားကို မြင့်မားအားကောင်းလာစေပါတယ်။ ရှင်သန်ခြင်းကို အဓိပ္ပာယ်ပြည့်ဝစေပါတယ်။ ငြိမ်းချမ်းရေးနဲ့အကျိုးဆောင်မှုကို ဖြစ်ပေါ်လာစေပါတယ်။ သမိုင်းဖြစ်အင်တွေကို သင်ခန်းစာယူပြီး
သံဝေဂတရားနဲ့ - စာနာနားလည်စိတ်နဲ့ လူကိုလူလို့ မြင်တတ်သွားစေပါတယ်။ တရားမျှတမှုကို မြတ်နိုးစေပြီး မတရားမှုကို တားဆီးဖယ်ခွာမှု ဖြစ်စေပါတယ်။ ( စသဖြင့် ) ဒါတွေအားလုံးကို ငြိမ်းချမ်းရေးလမ်းစဉ် သို့မဟုတ် ငြိမ်းချမ်းသောဘ၀ကိုတည်ဆောက်ခြင်းလို့ ခေါ်ပါတယ်။ ဒီငြိမ်းချမ်းမှုကို တကယ်လိုချင်ယင် ဒီလိုလမ်းညွှန်ချက်တွေအပေါ် အမှန်တကယ် လက်တွေ့နာခံလိုက်နာကျင့်သုံးအကောင်အထည်ဖော်မှသာ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအရာကို အရဗီဘာသာစကားအရ အစ္စလာမ် လို့ သုံးနှုန်းပါတယ်။ ဒီအနှစ်သာရအားဖြင့် အစ္စလာမ် ကို ငြိမ်းချမ်းခြင်း/နာခံခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်းပဲ ဖြစ်ပါတယ်။
(ဒီနေရာမှာ အရေးအကြီးအဆုံးက “ ဘာသာတရား ” နဲ့ “ ဘာသာဝင် ” ဆိုတာကို ခွဲခွဲခြားခြား သိမြင်ဖို့လိုအပ်ပါတယ်)

နောက်တစ်ခုက ဖန်ဆင်းရှင်အယူဝါဒပေါ်အခြေတည်ထားတဲ့ ဘာသာတရားတိုင်းမှာ လောကီကောင်းကျိုးတစ်ခုတည်းကိုသာ ရှေ့ရှုထားတာ မဟုတ်ပါဘူး။ ကောင်းကျိုးဖြစ်စေ ဆိုးကျိုးဖြစ်စေ လောကီလောကုတ္တရာနှစ်ဌာနလုံးအတွက် ညွှန်ပြထားပါတယ်။ အစ္စလာမ့်အယူအဆမှာ လုပ်ရပ်ကောင်းအတွက် ကောင်းကျိုးဖြစ်စေ လုပ်ရပ်ဆိုးရဲ့မကောင်းဆိုးကျိုးဖြစ်စေ အချို့သောအရာကို လောကီဘ၀မှာတင် လက်တွေ့ခံစားစံစားရပါတယ်(နောင်တမလွန်လောကုတ္တရာထိ ပါမသွားဘူး)။ အချို့သောအရာကျတော့ ဒီဘ၀မှာ ရချင်မှရမယ်(နောင်တလွန်မှာ အပြည့်အ၀ ခံစားစံစားရပါမယ်)။ တတိယအမျိုးအစားကတော့ နှစ်ဘ၀နှစ်ဌာနလုံးမှာ ခံစားစံစားရမှာဖြစ်ပါတယ်။

အရိပ်အမြွက်လောက်ဥပမာပေးရယင် ---
ပြုံးရွှင်ချိုသာစွာဆက်ဆံခြင်းကြောင့် တစ်ဖက်သားက စိတ်ချမ်းသာမယ်၊ မိမိကိုလည်း ချစ်ခင်ကြမယ် - ဒါက လက်တွေ့ရတဲ့ကောင်းကျိုးဖြစ်တယ်။ ထိုနည်းတူ တစ်ဖက်သားကို ကောင်းမွန်စွာဆက်ဆံတဲ့အတွက် ကုသိုလ်ရရှိမယ်လို့လည်း ဆိုထားတာကြောင့် နောင်တမလွန်မှာ ဒီလုပ်ရပ်ရဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ တစ်ချို့သူတွေဟာ ကမ်းကုန်အောင်ဆိုးသွမ်းရက်စက်ခဲ့ကြတယ်။ ဒါပေမယ့် ဒီလောကီမှာ ဘာမှ ဘေးဒုက္ခဆိုးကျိုးခံရတာ မရှိဘဲ လူ့လောကထဲက ထွက်ခွာသွားခဲ့တာလည်း တွေ့ဖူးကြပါလိမ့်မယ်။ အဲ့လိုလူစားအဖို့ နောင်တလွန်မှာ အခြားသူထက်ဆိုးဝါးလွန်းတဲ့ ပြစ်ဒဏ်ဆိုးကျိုး ရှိနေလို့ပါဘဲ။ ကောင်းမှုကုသိုလ်တွေ လုပ်ရပ်ကောင်းတွေ ကျင့်ဆောင်မှုတွေတော့ဖြစ်ပါရဲ့ - သို့သော်
ကြွားဝါဂုဏ်ဖော်ဖို့၊ လူပေါ်လူဇော်လုပ်ဖို့၊ ထင်ပေါ်ကျော်ကြားဖို့၊ အတုန့်အလှည့် ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့လုပ်ဆောင်ခဲ့ယင် အဲ့ဒီလုပ်ရပ်ရဲ့ကောင်းကျိုးဖြစ်တဲ့ လူအထင်ကြီးမှု၊ နေရာရမှု စသဖြင့် လက်ငင်းရရှိပါတယ်။ နောင်တမလွန်မှာတော့ ဘာကုသိုလ်ဘာကောင်းကျိုးမှ ရရှိမှာမဟုတ်ဘူး။ အလားတူစွာပဲ ဒုစရိုက်မှုတစ်ခုကိုကျူးလွန်မိလို့ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ဒီလောကီမှာ ခံစားရယင် နောင်တမလွန်မှာ အဲ့ဒီကျူးလွန်မှုကြောင့် ထပ်မံ ပြစ်ဒဏ်ခံစားရမှာမဟုတ်ဘူး။ ဒါကအပေါ်ယံမျှ နားလည်ထားဖို့ပါ။ တစ်ခုချင်းရှင်းယင် တစ်ထိုင်တည်း စာတစ်ပုဒ်တည်းနဲ့ မဖြစ်နိုင်အောင် ကျယ်ပြန့်လွန်းပါတယ်။

(ဂ)။ “ ဖန်ဆင်းရှင်ကို မကိုးကွယ်မယုံကြည်သောလူတစ်ယောက်ကို ဖန်ဆင်းရှင်က ဘယ်သို့သော မကောင်း
ကျိုးတွေကို မျက်မှောက်ကာလမှာ ထင်ရှားဖြစ်ပေါ်စေပါသလဲ ? ”

(ဖြေ) မျက်မှောက်ကာလအတွက်ဖြစ်စေ နောင်ဘ၀အတွက်ဖြစ်စေ ဒီအဖြေကို ဘာသာတရားဆိုင်ရာ နှိုင်းယှဉ်လေ့လာမှုနဲ့ အဖြေရှာလို့ မရပါဘူး။ အလားတူကိစ္စမျိုးတွေဟာ ဘာသာတရားကိုယ်စီမှာရှိတဲ့ သက်ဆိုင်ရာကိုယ်ပိုင်ရှုထောင့်အပေါ် မူတည်နေပါတယ်။ အမှန်တရား/သစ္စာတရားကို ဘယ်လို ခံယူထားသလဲ - အဲ့ဒီပေါ်မူတည်ပြီး ဘာသာတိုင်းမှာ သီးခြားအဖြေရှိပြီးသားဖြစ်ပါတယ်။ မိမိဘာသာတရားကပေးထားတဲ့အဖြေဟာ အခြားဘာသာတရားကပြသထားတဲ့အဖြေနဲ့တစ်ထပ်တည်း တူညီချင်မှ တူညီပါလိမ့်မယ်။ ထိုနည်းတူ အခြားဘာသာတရားကပေးထားတဲ့အဖြေက မိမိဆန္ဒ/အစွဲနဲ့ကိုက်ညီချင်မှကိုက်ညီပါလိမ့်မယ်။
ကုရ်အာန်ကျမ်းက ခင်းပြထားတဲ့ အစ္စလာမ့်ရှုထောင့်ကို စတိမျှ တင်ပြပေးပါမယ်။

၁။ ဖန်ဆင်းရှင်သည် ဖန်ဆင်းစီရင်ပေးသောအရှင်သခင်ဖြစ်သည်နှင့်အညီ မိမိအား ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ၊ ချစ်ခင်မြတ်နိုးသည်ဖြစ်စေ၊ မုန်းတီးစော်ကားသည်ဖြစ်စေ
(လူသားအပါအ၀င်) မိမိ၏အဖန်ဆင်းခံအားလုံးကို သက်တမ်းရှိနေသရွေ့ ပင်ကိုယ်သဘာဝ၏လိုအပ်ချက်အတိုင်း စီရင်ပေးကမ်းချီးမြှင့်ထားပါသည်။ (ဥပမာ - အသက်ရှူရန် လေကိုဖန်ဆင်းပေးထားခြင်း)။ မိမိအား မကိုးကွယ်၍ ဒေါသအမျက်ထွက်ခြင်း၊ အနန္တကရုဏာတော်အားဖြင့် ပေးကမ်းထားသည်များကို ပြန်လည်ရုပ်သိမ်းဒုက္ခရောက်စေခြင်း- မကောင်းကျိုး ဖြစ်ထွန်းစေခြင်း မရှိပါ။ လူသားတို့ကြုံတွေ့ရသည့် မကောင်းကျိုးဒုက္ခအများစုမှာ မိမိတို့ဖာသာ ဖန်တီးဖြစ်ပေါ်စေခြင်းသာဖြစ်ကြောင်း ကျမ်းဂန်ထဲ တင်ပြရှင်းလင်းထားပါသည်။ (ဥပမာ - သစ်တောပြုန်းတီးအောင်လုပ်သဖြင့် ရာသီဥတုဖောက်ပြန်ခြင်း စသည်များ)။ မိမိအား မယုံကြည်၍ လက်မခံ၍ လောကီတွင် မည်သို့မည်ပုံ မကောင်းကျိုးဖြစ်စေရမည်ဟု ခြိမ်းခြောက်ထားခြင်း မရှိပါ။

၂။ အချို့သော ကံဆိုးမိုးမှောင်ကျမှု၊ ပျက်စီးဆုံးရှုံးနစ်နာခြင်း၊ ဘေးဒုက္ခများမှာ (လူသားအမြင်၌ ပြစ်ဒဏ်ဟု မြင်ကောင်းမြင်နိုင်သော်လည်း) လာလတ္တံ့သောကောင်းကျိုးတစ်စုံတစ်ရာအတွက်/အရည်အသွေးမြှင့်တင်ရန်အတွက် စမ်းသပ်ခြင်းမျိုး ဖြစ်သည်။ (အနာမခံက အသာမစံရ စသည့် သဘောတရားမျိုး ဖြစ်သည်)

၃။ အစ္စလာမ်မှတင်ပြချက်များကို ယုံကြည်လိုက ယုံကြည်လက်ခံနိုင်၏။ မယုံကြည်လျှင်လည်း မယုံကြည်လက်မခံဘဲ နေနိုင်၏။ ဖန်ဆင်းရှင်အဖို့ မည်သည့်နစ်နာထိခိုက်စေမှု မရှိ။ မိမိဆန္ဒအလျောက် ရွေးချယ်ဆုံးဖြတ်ခွင့်ပေးထား၏။ မိမိ၏ရွေးချယ်မှုသည် မိမိ၏ဘ၀သာ ဖြစ်၏။ မိမိစိုက်ပျိုးသောသီးနှံကို မိမိကိုယ်တိုင် ရိတ်သိမ်းခံစားရမည်ဖြစ်ပါ၏။

၎။ တစ်ပါးသူတို့၏ရွေးချယ်ယုံကြည်မှုသည် ၄င်းတို့၏ဘ၀လမ်းစဉ် ဖြစ်သလို မိမိ၏ရွေးချယ်ယုံကြည်မှုအတိုင်း မိမိ၏လမ်းစဉ်အဖြစ် လျှောက်လှမ်းကျင့်သုံးကြပါလေ။ မိမိ၏ယုံကြည်မှုဆိုင်ရာအခွင့်အရေးသည် တစ်ပါးသူနှင့်မသက်ဆိုင်၊ တစ်ပါးသူ၏ယုံကြည်မှုဆိုင်ရာအခွင့်အရေးသည် မိမိတို့နှင့် မသက်ဆိုင်။
----------------------------------------
ယခုဖော်ပြလိုက်သမျှက ဖြေရှင်းချက် မဟုတ်ပါဘူး။ ဖြေကြားချက်များသာ ဖြစ်ပါတယ်။ မိတ်ဆွေရဲ့မေးမြန်းချက်က မထင်မှတ်ဘဲ တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုဖြေကြားပေးထားတဲ့အချက်တွေဟာလည်း တစ်ကဏ္ဍချင်းစီမဟုတ်ဘဲ ဆက်စပ်မှုရှိနေတာတွေ့ရပါလိမ့်မယ်။ ဖြူစင်သောနှလုံးသားဖြင့် မေးမြန်းခြင်းအတွက်လည်း ကျေးဇူးတင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ။

No comments:

Post a Comment

Note: only a member of this blog may post a comment.