Pages

.

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၃)

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၃)
===========================================
ဟဒီးဆ် ၏ ရင်းမြစ်အုပ်စု နှစ်မျိုး
----------------------------------
မုဟဒ်ဒီးဆီးန် (ဟဒီးဆ်ပါရဂူ)များထံတွင် ဟဒီးဆ်တော်တို့ကို ယေဘူယျအားဖြင့် အုပ်စုကြီး (၂)မျိုး အဖြစ် ခွဲခြားထား၏။

၁။ မုသဝါသိရ်
ဟဒီးဆ်၏မှန်ကန်ခိုင်မာမှု၊ ဆင့်ပြန်သူ (ရာဝီ)အစဉ်အဆက် စသည့်အချက်များဖြင့် ဆန်းစစ်ရန်ပင် မလိုအပ်တော့သော အလွန်ထင်ရှားလှသည့် ဟဒီးဆ်တော်များဖြစ်သည်။ ဆင့်ပြန်သူ၏ဦးရေမှာ များပြားလှပြီး ဆိုလိုချက်အဓိပ္ပာယ်အားဖြင့်လည်း တစ်မျိုးတည်း တစ်ပုံစံတည်းထွက်နေသောကြောင့်ဖြစ်၏၊ မုသဝါသိရ်၌ နှစ်မျိုး ရှိပြန်သည်။
(က) မုသဝါသိရ် လဖ်ဇွီ
ဆင့်ပြန်သူမှန်သမျှ၏ ' ဝေါဟာရစကားလုံးများ ' သည် တစ်မျိုးတည်း တစ်ပုံစံတည်းဖြစ်နေသည့် ဟဒီးဆ် အမျိုးအစား ဖြစ်သည်။
(ခ) မုသဝါသိရ် မအ်နဝီ
ဆင့်ပြန်သူအားလုံး၏ ' အချက်အလက်အကြောင်းအရာများ ' သည် တစ်ပုံစံတည်းတစ်သဘောတည်း ဖြစ်နေသည့် ဟဒီးဆ်အမျိုးအစား ဖြစ်သည်။ (စကားလုံး နှင့် အသုံးအနှုန်းတို့မှာ မဆိုစလောက်သာ ကွဲပြားသည်)။

၂။ အာဟဒ် ခေါ် ခဘ်ရိဝါဟစ်ဒ်
ဆင့်ပြန်သူဦးရေမှာ များပြားလွန်းခြင်း မရှိ။ ရာဝီများ တစ်ဦးချင်း ဆင့်ပြန်လာခဲ့သော ဟဒီးဆ်တော်များ ဖြစ်သည်။ ခဘ်ရိဝါဟစ်ဒ်၌ နှစ်မျိုးရှိပြန်သည်။
(က) မက္ကဘူးလ်
ဟဒီးဆ်၏ဆင့်ပြန်မှုလမ်းကြောင်း (စနဒ်)မှာ တဆက်တစပ်တည်း တမန်တော်မြတ်(SAW)အထိ အစဉ် အဆက်ရှိနေပြီး ရာဝီမှန်သမျှ ချို့ယွင်းချက် ကင်းသော - ၄င်းပြင် ဟဒီးဆ်တော်တွင်းရှိ စကားလုံး နှင့် အကြောင်းအချက်များသည်လည်း အပြစ်အနာအဆာ မတွေ့ရသော ဟဒီးဆ်အမျိုးအစားဖြစ်သည်။ အချို့ဟဒီးဆ်၌ ရာဝီတစ်ဦးတည်းသာရှိသည်ကို တွေ့ရတတ်သည်။
(ခ) မရ်ဒူးဒ်
အထက်ပါ ဟဒီးဆ်အမျိုးအစား၏အရည်အသွေးကို မမှီသော ဟဒီးဆ်တော်အမျိုးအစားကို ခေါ်ဆိုသည်။

ဟဒီးဆ်တော်ကို လက်ခံခြင်း၊ ကျင့်သုံးခြင်း
---------------------------------------------
တမန်တော်မြတ်(SAW)၏ဟဒီးဆ်တော် အမှန်ဖြစ်ကြောင်းသိရပါက ရာဝီမှာ တစ်ဦးတည်းဖြစ်စေ၊ အများဖြစ်စေ ၄င်းဟဒီးဆ်တော်ကို မုချလက်ခံရမည်။ ယင်းဟဒီးဆ်သည် ကျင့်ဆောင်မှုနှင့်သက်ဆိုင်ပါက အမလ်လုပ်ရပေမည် (ကျင့်သုံးအကောင်အထည်ဖော်ရပေမည် )။
ကျမ်းမြတ်ကုရ်အာန်၌ ထင်ရှားစွာပြဆိုထားသော ပြဋ္ဌာန်းချက်၊ ပညတ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာအဆင့်အတန်းအလိုက် ဥပဒေကို ဖော်ဆောင်ချမှတ်နိုင်သည်။ သို့သော် ထင်ရှားစွာပြဆိုမထားသော သို့မဟုတ် မပါဝင်သော (ပညာရှင်များ၏အသုံးအနှုန်းအရ ကုရ်အာန်က ဆိတ်ဆိတ်နေထားသော) သို့မဟုတ် လမ်းကြောင်းချက်သာဖော်ပြထားသော အချက်အကြောင်းများနှင့်ပတ်သက်လာလျှင်မူ ဟဒီးဆ်/စွန္နဟ်တော်များ၌သာ ရှာဖွေ၍ ဥပဒေပြုရပေသည်။
တမန်တော်မြတ်(SAW)လွန်ပြီးသည့်နောက်ပိုင်း ကာလကြာရှည်လာသည်နှင့်အမျှ ဟဒီးဆ်၏အခန်းကဏ္ဍမှာ တစ်နေ့တစ်ခြား ပိုမိုအရေးပါလာခဲ့သည်။ သာဝကတော်များသည် တမန်တော်မြတ်(SAW)ထံ အခစားဝင်ရောက်နိုင်မှု၊ အချိန်ပေးနိုင်မှုပေါ်မူတည်ပြီး ဟဒီးဆ်သိရှိမှု အနည်းအများ ကွာခြားခဲ့ကြသည်။ တမန်တော်မြတ်(SAW)၏ ဟဒီးဆ်/စွန္နဟ် အားလုံး သိမှီရရှိသော ဆွဟာဘဟ် ဟူ၍ မရှိနိုင်ခဲ့ပေ။ သို့သာမက ဆွဟာဘဟ်များသည် သာသနာ့ဖြန့်ချိရေး နှင့် ကာကွယ်ရေးအတွက် နိုင်ငံဒေသအသီးသီးသို့ ပြန်နှံ့ရောက်ရှိခဲ့ကြကုန်၏။ ဆွဟာဘဟ်များနှင့်အတူ ဟဒီးဆ်များမှာလည်း ပျံ့နှံ့သွားခဲ့ပေသည်။ ခေတ်ဦး ခလီဖဟ်များလက်ထက်တွင် ဟဒီးဆ်စုဆောင်းရေး နှင့် ဟဒီးဆ်ပညာဖြန့်ချိပို့ချရေးမှာ မတွင်ကျယ်ခဲ့ပေ။ အကြောင်းသော် ကျမ်းမြတ်ကုရ်အာန်နှင့် ရောထွေးကုန်မည်ကို ဆွဟာဘဟ်အများစုက စိုရိမ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဆွဟာဘဟ်များထံ၌လည်း လက်ခံသိမှီခဲ့သည့် ဟဒီးဆ်၏အရေအတွက်၌လည်းကောင်း၊ နားလည် နိုင်စွမ်း၌လည်းကောင်း တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ခဲ့ကြချေ။ သို့သော် မိမိတို့သိမှီသည့် ဟဒီးဆ်မှန်သမျှကိုမူ လက်ခံ ကျင့်သုံးခဲ့ကြသည်ချည်းပင် ဖြစ်သည်။ ထို့ကြောင့် ကျင့်သုံးခြင်းခံရသည့် ဟဒီးဆ်တော်များ နှင့် ကျင့်သုံးခြင်း မခံရသည့် ဟဒီးဆ်တော်များ ဟု ထွက်ရှိလာခဲ့သည်။
အချို့အိမာမ်ကြီးများ ဖော်ဆောင်ခဲ့သော ဥပဒေအချို့မှာ ဟဒီးဆ်/ စွန္နဟ်အချို့နှင့် ဆန့်ကျင်နေကြောင်း ကျွန်ုပ်တို့ခေတ်၌ တွေ့ရတတ်ပေသည်။ စင်စစ်အားဖြင့် သူတို့၏ခေတ်ကာလအတွင်း ယင်းအကြောင်းအချက်များနှင့်စပ်လျဉ်းသည့် ဟဒီးဆ်တော်တို့ကို အထောက်အထားပြုရန် ရှာဖွေမတွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍များ ( ယနေ့ခေတ်ကဲ့သို့ အရံသင့်စုဆောင်းပြီးသော အနေအထားမျိုးရှိနေပါက) သို့မဟုတ် ဟဒီးဆ်တော်များလည်း ရှာတွေ့ခဲ့ပါက မုချဧကန် လက်ခံကျင့်သုံးကြပေမည်။ ထိုသူတို့သည် ကျွန်ုပ်တို့ထက် ဟဒီးဆ်တော်များကို အဆပေါင်းများစွာ တန်ဖိုးထားသူများ ဖြစ်ပေသည်။ ၄င်းပြင် မဇ်ဟဘ် (လမ်းစဉ်) အမျိုးမျိုးလည်း ပေါ်ထွက်လာမည် မဟုတ်ပါလေ။

** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ
ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏
သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်ပြချက် ဖြစ်ပါသည်။ ငြင်းခုံလိုသူများအနေနှင့် မူရင်းကျမ်းရှင်နှင့် ဆက်သွယ်ငြင်းခုံကြပါကုန် **



July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.