ကျွန်တော်က ပါရှား (ယခု အီရန် ) ပြည် ၊ အတ်ဆွဘဟားန်နယ် ၊ ဂျိုက်ယ်ရွာဇာတိသားတစ်ယောက် ပါ။ ကျွန်တော့်ဖေဖေဟာ
ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့် လူမျိုးစုခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ ဖေဖေက ကျွန်တော့်ကို သိပ်ချစ်တာဗျ။ ရှိရှိသမျှ အရာတွေ
အားလုံးထက် ကျွန်တော့်ကို ပိုချစ်တယ်လို့ ဆိုရမလားပါပဲ။ သူ က ကျွန်တော့်ကို ချစ်လွန်လွန်းလို့ အိမ်ကနေ ခဏတဖြုတ် အပြင်ထွက်
တာကိုတောင် တစ်ခါမှ လိုလားဟန် မပြခဲ့ပါဘူး။ မိန်းမပျိုလေးတွေကို သူတို့မိဘတွေက ချုပ်ခြယ်ထားသလိုမျိုးပေါ့ဗျာ။ ဖေဖေက
ကျွန်တော့်ကို မဂျူစီ (မီးကို ခ၀ပ်ကိုးကွယ်သည့် အယူဝါဒ) အသိုင်းအ၀ိုင်းရဲ့ အရေးကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့ တွန်း
အားပေးလေ့ရှိပါတယ်။ ကျွန်တော် မီးမွှေးသမားတစ်ယောက် လုံးလုံးလျားလျား ဖြစ်သွားခဲ့တဲ့အထိ ဆိုပါတော့လေ။ အဲဒီမီးကို အချိန်မ
လပ် တောက်လောင်နေရမယ်လို့ ယုံကြည်ကြတာကိုးဗျ။
ဖေဖေဟာ အကျိုးအမြတ် ကောင်းကောင်းရတဲ့ အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်ကြီးတစ်
ယောက်ပါ။ တစ်ရက်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ဖေဖေဟာ အလုပ်တာ ၀န်တွေများလွန်းလို့ မလှည့်နိုင်မပြုနိုင် ဖြစ်နေခဲ့
ပါတယ်။ ဒါကြောင့် ဖေဖေက ကျွန်တော့်ကိုခေါ်ပြီး “ ငါ့ သားရေ ၊ ဒီနေ့ ဟောဒီ ဆောက်လက်စ အဆောက်အဦးကြီးထဲမှာ ဖေဖေ့ရဲ့ လုပ်
ငန်းကိစ္စတွေနှင့် အတော်လေး မအားမ လပ် ဖြစ်နေတယ်။ မင်း ခဏလောက် သွားပြီးကူလုပ်ပေးပါဦးလားကွာ” လို့ မကြုံစဖူး ပြောလာ
ပါတယ်။ ကျွန် တော့်ကို ခိုင်းစရာရှိတာခိုင်းရင်းက “ ဖေဖေ့ကြောင့်မို့ မင်းစိတ်ကျဉ်းကြပ်ရတယ်ဆိုတာမျိုး မဖြစ်ပါနှင့်လား သား ရယ်။ ဖေ
ဖေ့အတွက် မင်းဟာ ဒီလုပ်ငန်းတွေအားလုံးထက် ပိုပြီးအရေးကြီးပါတယ်။ ဘယ်ကိစ္စတိုင်းထက်မဆို မင်းဟာ ဖေဖေ့အတွက် အဓိကမှ
အဓိကပါပဲ” လို့ ချော့မော့ဖြေသိမ့်ပေးပါတယ်။
ဒါနှင့် ဖေဖေ့လုပ်ငန်းကို ကူညီလုပ်ဆောင်ပေးဖို့ ကျွန်တော် အိမ်ကနေ ထွက်လာခဲ့ပါတယ်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်
ခုအနားက ဖြတ်သန်းသွားနေတုန်းမှာ အဲဒီထဲကနေ ၀တ်ပြုဆုတောင်းသံတွေ ကြားခဲ့ရပါတယ်။ ဖေဖေက ကျွန်တော့်ကို အိမ်ထဲမှာပဲ ချုပ်
ခြယ်ကန့်သတ်ထားခဲ့တာမို့ လူတွေရဲ့အကြောင်းကို ကျွန်တော် သိပ်မသိခဲ့ရဘူးလေ။ အဲဒီလို ဖြတ်သန်းသွားရင်း သူတို့တွေရဲ့ဝတ်ပြုဆု
တောင်းသံတွေ ကြားနေရတော့ သူတို့တွေ ဘယ်လိုဘယ်ပုံ ပြုမူဆောင်ရွက်တယ်ဆိုတာ လေ့လာချင်ဇောနှင့် ကျွန်တော် ဘုရားရှိခိုး
ကျောင်းထဲ ၀င်သွားခဲ့ပါတယ်။ သူတို့များရဲ့ ၀တ်ပြုဆုတောင်းပုံကို မြင်တွေ့ပြီးတဲ့နောက်မှာ ကျွန်တော် အကြီးအကျယ် မင်သက်အံ့သြခဲ့
ရပါတယ်။ သူတို့လိုတောင် ၀တ်ပြုဆုတောင်းချင်မိတဲ့အထိပါပဲ။ “သူတို့ရဲ့ ဘာသာတရားဟာ ကျွန်တော်တို့ရဲ့ မိရိုးဖလာ ယုံကြည်ကိုး
ကွယ်ခဲ့ကြတဲ့ ဘာသာတရားထက်တောင် ပိုပြီး ကောင်းမြတ်ပါပေတယ်။ အို ဘာပဲဖြစ်ဖြစ် နေ၀င်မိုးချုပ်သွားတဲ့အထိ သူတို့အနားမှာ နေ
လိုက်မှဖြစ်မယ်” လို့ ကျွန်တော် ရေရွတ်ပြောဆိုနေမိတယ်။ ဖေဖေခိုင်းထားတဲ့ အလုပ်တွေကို ကျွန်တော် မလုပ်ပဲထားလိုက်တယ်။ ရောက်
မှမရောက်ဖြစ်ပဲလေ။ ဒီ ခရစ်ယာန်သာသနာရဲ့ ဗဟိုအချက်အချာနေရာဟာ ဘယ်ဒေသမှာရှိတာလဲလို့ ကျွန်တော်မေးကြည့်တော့ ဆီးရီး
ယားပြည်မှာပါ လို့ အဖြေပေးကြတယ်။
ကျွန်တော် ဖေဖေ့ဆီ ပြန်လာခဲ့တယ်။ ဖေဖေက ကျွန်တော့်ကို ရှာဖွေဖို့ လူတောင် လွှတ်ထားရတယ်ဆိုပဲလေ။ ကျွန်တော့်အဖို့မှာ
တာ့ သူ့ကိစ္စအားလုံးထက် ကိုယ့်ကိစ္စက ပိုပြီး အရေးတကြီးဖြစ်နေရတယ်။ ဖေဖေ့ဆီ ရောက်လာတဲ့ အခါမှာတော့ ဖေဖေက “ငါ့သားရယ်
၊ ဖေဖေ မင်းကို ကတိတွေ အထပ်ထပ် ပေးထားလျှက်သား နှင့်ကွာ ၊ မင်းဘယ်ဆီကို ရောက်သွားရတာလဲ။” လို့ တဗျစ်တောက်တောက်
ပြောဆိုနေခဲ့တယ်။ ကျွန်တော်က “ သားလူအုပ်စုတစ်ခုအနားကနေ ဖြတ်သန်းသွားခဲ့တယ်။ သူတို့ ဘုရားရှိခိုးကျောင်းထဲမှာ ၀တ်ပြုဆု
တောင်းနေကြပါတယ်။ သူတို့တွေရဲ့ သာသနာ့ရေးရာ လုပ်ငန်းဆောင်တာတွေဟာ သားကို အကြီးအကျယ် စိတ်ဝင်စားစေခဲ့တယ် ဖေဖေ။
ဒါကြောင့်ပဲ နေ၀င်မိုးချုပ်သွားတဲ့အထိ သူတို့အနားမှာပဲ သားရှိနေခဲ့တာပါ” လို့ ပြန်ဖြေလိုက်မိပါ တယ်။ ကျွန်တော့်ဖေဖေက “ ချစ်သား ၊
အဲဒီ သာသနာမှာ ကောင်းတယ်ရယ်လို့ မရှိပါဘူးကွာ။ အဲဒီ သာသနာထက် မင်းရဲ့သာသနာ ၊ မင့်မိဘဘိုးဘေးတွေရဲ့ သာသနာကမှ ပိုပြီး
မွန်မြတ်ပါတယ်သားရယ်” လို့ ပြောလာခဲ့ ပါတယ်။ ကျွန်တော်က “ ဘယ့်နှယ်ဟုတ်စ ဖေဖေရယ် ၊ အဲဒီသာသနာကမှ ကျွန်တော်တို့ သာ
သနာထက် ပိုမြင့် မြတ်တာပါ” လို့ စောဓကတက်မိတာပေါ့။ အဲဒါကြောင့်ပဲ ဖေဖေတစ်ယောက် စိုးရိမ်ထိတ်လန့် တုန်လှုပ်သွားပြီး ကျွန်
တော့်ကို အိမ်ထဲမှာပဲ ချုပ်ခြယ်ကန့်သတ်ထားလိုက်ပါတော့တယ်။ အဲဒီအတောအတွင်းမှာ ကျွန်တော့်ဆီကို ခရစ်ယာန်တွေဘက်က တိတ်
တဆိတ် ၀င်ထွက်သွားလာပြုခဲ့ကြပါတယ်။ “ခင်ဗျားတို့ဆီကို ဆီးရီးယားက ခရစ်ယာန်ကုန်သည်တွေ ရောက်လာခဲ့ရင် ကျွန်တော့်ကို အ
ကြောင်းကြားပေးကြပါ ” လို့ ကျွန်တော် သူတို့ကို မှာထား လိုက်တယ်။ များမကြာမီမှာပဲ ဆီးရီးယားက ခရစ်ယာန်ကုန်သည်အုပ်စုတွေ
ရောက်လာခဲ့ကြတယ်။ ကျွန်တော် သူတို့ကို မှာထားခဲ့တဲ့အတိုင်း ကျွန်တော့်ကို အကြောင်းကြားပေးကြပါတယ်။ “အဲဒီကုန်သည်တွေ သူ
တို့ရဲ့ လုပ် ငန်းကိုင်ငန်းတွေ ပြီးပြတ်လို့
ကိုယ့်တိုင်းပြည်ကိုယ်ပြန်ကြတော့မယ်ဆိုရင် ကျွန်တော့်ကိုပါ
ခေါ်ဆောင်သွားဖို့ ခွင့်တောင်းပေး
ပါလား” လို့ တစ်လက်စတည်း အကူအညီတောင်းရပါတယ်။
ကုန်သည်တွေ ဆီးရီးယားကိုပြန်ဖို့ ဆိုင်းပြင်းကြတဲ့အခါမှာ ခရစ်ယာန်မိတ်ဆွေတွေက ကျွန်တော့်ကို အ ကြောင်းကြားပေးခဲ့ပါ
တယ်။ ကျွန်တော့်ကို ခြေချုပ်ချထားရာကနေ ကိုယ်လွတ်ရုန်းထွက်ပြီး ကုန်သည်တွေနှင့်အတူ ဆီးရီးယားဘက်ကို ထွက်ခွာလာခဲ့ကြပါ
တယ်။ ဆီးရီးယားကို ရောက်တော့ “ ဒီခရစ်ယာန် လူမှုအသိုင်းအ၀ိုင်း ထဲမှာ ဘယ်သူဟာ ပညာအရှိဆုံးပုဂ္ဂိုလ်လဲ ” လို့ ကျွန်တော်မေး
ကြည့်လိုက်တယ်။ “ ဘုရားရှိခိုးကျောင်းက အတ် စကုဖ်ဆိုတဲ့ ဂိုဏ်းချုပ်ပုဂ္ဂိုလ်ဟာ ပညာသမာဓိ အရှိဆုံးပဲ ” လို့ ပြောပြကြပါတယ်။
ကျွန်တော် အဲဒီ ပညာရှိဂိုဏ်းချုပ်ပုဂ္ဂိုလ်ဆီကို
သွားရောက်ပြီး “ကျွန်တော် ခရစ်ယာန်ဘာသာကို စိတ် ပါဝင်စားတယ်။ ဂိုဏ်း
ချုပ်ကြီးနှင့်အတူ ဒီ ဘုရားရှိခိုးကျောင်းထဲမှာ နေထိုင်ပြီး ၀တ်ကြီးဝတ်ငယ်
အသွယ်သွယ် ကို ပြုစုပေးရင်း တပည့်ခံပညာသင်ယူပါရစေ ၊
အတူတကွ ၀တ်ပြုဆုတောင်းပါရစေ” လို့ ခွင့်ပန်လျှောက်ထား လိုက်တယ်။ သူက ကျွန်တော့်ရဲ့ တောင်းဆိုမှုတွေကို ခွင့်ပြုခဲ့ပါတယ်။
ကျွန်တော် အဲဒီပုဂ္ဂိုလ်နှင့် အတူနေဖြစ်ခဲ့ တယ်။ မကြာခင်မှာပဲ သူ့ရဲ့ ကိုယ်ကျင့်သီလတွေ တစ်စစီကျိုးပဲ့နေတာကို ကျွန်တော်သိခဲ့ရတယ်။
လူတွေကို အ လှူဒါနပြုကြဖို့ ဆော်သြတတ်ပြီး သဒ္ဓါပေါက်အောင်လည်း ဟောပြောစည်းရုံးနိုင်တဲ့ အာဝဇ္ဇန်းရှင်တစ်ယောက်ပါ။ အလှူရှင်
များရဲ့ ဖြူစင်စေတနာ အရင်းခံနှင့် လှူဒါန်းသမှုပြုခဲ့တဲ့ စိန်ရွှေရတနာ ၊ ကျောက်သံပတ္တမြားတွေကို သူဆင်းရဲကျောမွဲတို့ရဲ့ ဘ၀ရပ်တည်
ရေးအတွက် တစ်ဆင့်ပေးကမ်းစွန့်ကြဲတာမျိုး မလုပ်ဘဲနှင့် ကိုယ်ကျိုးရှာ အမြတ်ထုတ်တတ်တဲ့ လူစားမျိုးပေါ့ဗျာ။ သူဘယ်လောက်တောင်
စုဆောင်းမိသွားသလဲဆိုရင် စဥ့်အိုးကြီးခုနစ်လုံးနှင့် ဖြည့်သိပ်ထည့်ထားရတဲ့အထိပဲလေ။ သူ့ရဲ့ မသမာမှုတွေကို တွေ့မြင် သိရှိခဲ့ရပြီးတဲ့
နောက် ကျွန်တော် သူ့ကို အတော်လေးစက်ဆုပ်ရွံရှာသွားရတယ်။
မကြာခင်မှာပဲ အဲဒီဂိုဏ်းချုပ်ကြီး ကွယ်လွန်သွားခဲ့တယ်။ ခရစ်ယာန်အမျိုးသားတွေဟာ သူ့ရဲ့ဈာပနနှင့် အခြားသော ဝေယျာဝစ္စ
ကိစ္စတွေကို စီစဉ်ဆောင်ရွက်နိုင်ဖို့ ဆွေနွေးတိုင်ပင်ကြပါတယ်။ ကျွန်တော် သူတို့တွေကို ဒီကွယ်လွန်သူ ဂိုဏ်းချုပ်ကြီးရဲ့ ကောက်ကျစ်စဉ်း
လဲမှုတွေကို ဖွင့်ဟပြောပြလိုက်ပါတယ်။ “သူဟာ မိတ်ဆွေတို့ ကို အလှူဒါနပြုကြဖို့ သဒ္ဓါပေါက်အောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်။ ဒါ
ပေမဲ့ မိတ်ဆွေတို့ လှူဒါန်းပေးကမ်းခဲ့ သမျှသော အဖိုးတန်ပစ္စည်းပစ္စယတွေ အားလုံးကို သူ့ကိုယ်ကျိုးစီးပွားအဖြစ် သိမ်းပိုက်ယူခဲ့ပါတယ်။
ဆင်းရဲသား ကျောမွဲတွေကို တစ်ဆင့် မတည်ထူထောင်ပေးကမ်းတာမျိုး လုံးဝမရှိခဲ့ပါဘူး ” လို့ ရှင်းပြလိုက်ပါတယ်။ “ ခင်ဗျားဆီမှာ တိကျ
ခိုင်လုံတဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာရှိလို့ ဒီလိုစကားမျိုး ပြောရတာလား” လို့ ကျွန် တော့်ကို မေးခွန်းထုတ်ကြပါရောလေ။
“သူသိမ်းဆည်းထားတဲ့ အဖိုးတန် စိန်ရွှေရတနာတွေ ထားရှိတဲ့ နေရာဆီ မိတ်ဆွေတို့ကို လိုက်ပို့ပေးရမလား” လို့ ကျွန်တော် မေးလိုက်
တယ်။ သူတို့က “ ခင်ဗျားဘက်က ပြနိုင်ရင်သာပြပါ”လို့ တောင်းဆိုလာကြတာမို့ ကျွန်တော် အဲဒီနေရာကို လိုက်လံပြသပေးခဲ့ပါတယ်။
“အဲဒီကနေ ရွှေငွေတွေအ ပြည့်ထည့်ထားတဲ့ စဥ့်အိုးကြီးခုနစ်လုံး ထုတ်ယူခဲ့ကြပါ” လို့ ကျွန်တော်လှမ်းပြီး အော်ပြောလိုက်ပါတယ်။ ဒေ
သခံ ခရစ်ယာန်တွေဟာ ဒီမြင်ကွင်းကြောင့်အကြီးအကျယ် အံ့အားသင့်သွားပုံပါပဲ။ သူတို့ဟာ ကွယ်လွန်သူရဲ့ ရုပ်အလောင်းကို အစဉ်အ
လာအတိုင်း သင်္ဂြိုလ်ခြင်း မပြုကြတော့ဘဲ ကားစင်တင်ကာ ကျောက်ခဲတွေနှင့် ပစ်ပေါက်ခဲ့ ကြပါတယ်။
ခရစ်ယာန်တွေဟာ တစ်ကိုယ်ကောင်းသမား ဂိုဏ်းချုပ်ကြီး အတ်စ်ကုဖ် ကွယ်လွန်သွားပြီးတဲ့နောက်မှာ မိမိတို့ ခရစ်ယာန်အ
သိုင်းအ၀ိုင်းကို ဦးဆောင်မှုပေးနိုင်ဖို့ ပညာရှိဂိုဏ်းချုပ်ကြီးတစ်ဦးကို အစားထိုး ခန့်အပ်ထား လိုက်ကြတယ်။အသစ်ရောက်လာတဲ့ အဲဒီ
ဂိုဏ်းချုပ်ကြီးဟာ တစ်နေ့ငါးကြိမ် ပုံမှန်ဝတ်တက်မပျက်တဲ့ သူတော် ကောင်းတစ်ဦး ဖြစ်ပါတယ်။ သူဟာ လောကီရေးရာ အဆောင်အ
ယောင်တွေကို ခုံမင် ခင်တွယ်ခြင်းမရှိဘဲ တမ လွန်ရေးရာ ကိစ္စတွေကိုသာ အထူး အာရုံစိုက်လုပ်ဆောင်တဲ့သူလေ။ နေ့ညမပြတ် ကြိုးပမ်း
အားထုတ်သူ တစ် ဦးလည်း ဖြစ်နေပြန်တာကြောင့် ကျွန်တော်သူ့ကို အင်မတန်မှ ကြည်ညိုလေးစား ချစ်ခင်ခဲ့မိတယ်။ သူ့ကိုချစ်တဲ့ အချစ်
မျိုး ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ အချစ်ခဲ့ဖူးပါဘူး။ ကျွန်တော် သူ့အပါးမှာ အတော်ကြာကြာ နေထိုင်ခဲ့ပါတယ်။ သူကွယ်လွန်သွားတဲ့အထိ
ပဲ ဆိုပါတော့ဗျာ။ သူမကွယ်လွန်ခင်မှာ ကျွန်တော်သူ့ကို ဒီလို ပြောဆိုလျှောက် ထားခဲ့တယ်။ “ ကျေးဇူးရှင် ဆရာသခင်ကြီးခင်ဗျာ ၊ ကျွန်
တော် ဆရာကြီးနှင့်အတူ နေထိုင်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးတဲ့ အချစ်မျိုးနှင့်လည်း ချစ်ခင် လေးစားခဲ့ရပါတယ်။ ဆရာကြီးဆီကို
ထာဝရဘုရားသခင်ထံကနေ အဆုံးအဖြတ် (သေခြင်းတရား) ကျရောက်လုနီးပါး အခြေအနေဆီ ချဉ်းနင်း ၀င်ရောက်လာနေပြီလို့ ကျွန်
တော်ခံစားမိပါတယ်။ ဆရာကြီး မရှိတော့တဲ့အခါမှာ ကျွန်တော် ဘယ်ပုဂ္ဂိုလ်ထံမှာ တပည့်ခံပညာသင်ယူရပါ့မလဲ။ ကျွန် တော့်ကို ဘာများ
မှာတမ်းခြွေခဲ့ချင်ပါသလဲခင်ဗျာ။” ဆရာကြီးက “ ချစ်သား ၊ ဒီအရပ်မှာ ငါ့လို နောက်တစ်ဦးရှိသေးတယ်လို့ ငါမသိထားခဲ့ရဘူး။ လူတွေဟာ
ပရမ်းပတာအခြေအနေကနေ ရုန်းထွက်လိုစိတ် မရှိကြတော့တာကြောင့် ပျက်စီးမှောက်မှားခဲ့ရပြီလေ။ သူတို့အပေါ် တင်ရှိနေတဲ့တာဝန်
ဝတ္တရားတွေကို လျစ်လျူရှု ကျောခိုင်းခဲ့ကြပြီလေ။ ဒါပေမဲ့ မောင်စွစ်လ်ဆိုတဲ့ အရပ်ဒေသမှာ နေထိုင်အားထုတ်တဲ့ သင်းအုပ်ဆရာကြီး
တစ်ပါးရှိတယ်။ သူက ဘယ်သူဘယ်ဝါပါ။ ငါ့လိုပဲ ခြိုးခြံနေထိုင် အားထုတ်တဲ့ သမာဓိရှင် တစ်ပါးလည်း ဖြစ်ပါတယ်။ ချစ်သား ၊ သူနှင့်တွေ့
ဆုံနိုင်ဖို့ ကြိုးစားလုပ်ဆောင်ပေတော့” လို့ကျွန်တော့်ကို လမ်းညွှန်မှာကြားတယ်။ မကြာမ တင်လေးမှာပဲ ဆရာကြီးဟာ ဘ၀တစ်ပါးသို့
ကူးပြောင်းသွားခဲ့ရရှာပါတော့တယ်။
ကျွန်တော် မောင်စွစ်လ်က သင်းအုပ်ဆရာကြီးဆီကို
ခရီးပြင်းနှင်ခဲ့ရပါပြီ။ အဲဒီပုဂ္ဂိုလ်ထံပါးကို ရောက်ခဲ့ ပြီးတဲ့နောက်မှာ
ကျွန်တော်
က “ အို လေးစားရပါသော ဆရာကြီးခင်ဗျာ ၊ ကျွန်တော့်ရဲ့ ဆရာသခင် ကျေးဇူးရှင်က သူမကွယ်လွန်ခင်မှာ ဒီက ဆရာကြီးနှင့် လာ
ရောက်တွေ့ဆုံပြီး တပည့်အဖြစ်ခံယူဖို့ မှာတမ်းပြုခဲ့ပါတယ်။ ဆ ရာကြီးဟာ သူ့ကဲ့သို့ အရည်အချင်းများနှင့် ပြည့်စုံတဲ့အကြောင်းလည်း
ရှင်းပြခဲ့ပါတယ်” လို့ ၀င်ရောက်လျှောက် ထားလိုက်ပါတယ်။ အဲဒီ ပညာရှိသင်းအုပ်ဆရာကြီးက ကျွန်တော့်ရဲ့ လျှောက်ထားချက်ကို လက်
ခံလိုက်ပြီး သူ့အပါးမှာ နေထိုင်ခွင့် ပြုခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ကျွန်တော့်ဆရာကြီး ပြောပြခဲ့သလို တကယ်ပဲ ကြီးမြတ်တဲ့သူဆိုတာကို ကျွန်
တော် တွေ့မြင်သိရှိခဲ့ရပါတယ်။ သိပ်မကြခင်မှာ သူသည်လည်း အသင့်စောင့်ဆိုင်းနေတဲ့ မိတ်ဆွေ (သေခြင်းတရား) နှင့် ထာဝရ ဆုံဆည်း
သွားခဲ့ပြန်ရောလေ။ သူမကွယ်လွန်ခင်လေးမှာ ကျွန်တော်က “ အို လေးစားရပါသော ဆရာကြီးခင်ဗျာ။ တစ်စုံတစ်ယောက်က ကျွန်တော့်
ကို ဆရာကြီးနှင့် တွေ့ဆုံပြီး တပည့်အဖြစ် ခံယူဖို့ မှာကြားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာကြီးသည်လည်း မလွန်ဆန်နိုင်တဲ့ ချိန်းဆိုမှုကို လက်ခံ
ရတော့မဲ့ အခြေအ နေဆီ ဆိုက်ရောက်ပါတော့မယ်။ ဆရာကြီး မရှိတော့တဲ့အခါ ကျွန်တော် ဘယ်ပုဂ္ဂိုလ်နှင့် တွေ့ဆုံ တပည့်ခံရပါ့မလဲ။
ကျွန်တော့်အတွက် မှာတမ်းစကားလေး တစ်ခွန်းတစ်ပါဒမျှပဲဖြစ်ဖြစ် မိန့်ကြားပေးစေချင်ပါတယ်” လို့ ထပ်မံ လျှောက်ထားခဲ့ရပြန်ပါတယ်။
ဆရာကြီးက “ နစွီဘီးန်ဆိုတဲ့အရပ်ဒေသမှာ ငါတို့ရဲ့ လမ်းစဉ်အတိုင်း ကျင့်ကြံ အားထုတ်တဲ့ သင်းအုပ်ဆရာကြီးတစ်ပါးရှိပါတယ်။ သူ့ရဲ့
နာမည်ကတော့ ဘယ်သူဘယ်ဝါဖြစ်တယ်။ အဲဒီပုဂ္ဂိုလ် နှင့် သွားရောက်တွေ့ဆုံပြီး တပည့်ခံပါ ” လို့ မှာကြားချက်အရ သူမရှိတော့တဲ့
နောက် နစွီဘီးန်က ပုဂ္ဂိုလ်နှင့် တွေ့ ဆုံခွင့်ရဖို့ ခရီးဆက်ခဲ့ရပြန်တာပေါ့ဗျာ။
ကျွန်တော် နစွီဘီးန်ကပုဂ္ဂိုလ်ကြီးဆီကို ရောက်လာပြီး ရောက်ဖြစ်ရပုံအသေးစိပ်ကို ရှင်းပြလိုက်ပါတယ်။ သူက ကျွန်တော့်ကို သူ့
ထံပါးမှာ အတူတကွနေထိုင်ပြီး တပည့်ခံ ပညာသင်ယူခွင့် ပြုခဲ့ပါတယ်။ သူနှင့်အတူ နေ ထိုင်နေရင်းက သူသည်လည်း ယခင်ပုဂ္ဂိုလ်နှစ်ဦး
လိုပဲ မြင့်မားတဲ့ ဥာဏ်စဉ်စခန်းမှာ ရှိနေတာကို နားလည်သိရှိ သဘောပေါက်ခဲ့ရပါတယ်။ ကျွန်တော်သူ့ဆီမှာ အတော်အတန်ကြာတဲ့အ
ထိ နေထိုင်ခဲ့ရတယ်လေ။ သူမကွယ်လွန်ခင်မှာ ကျွန်တော့်ရဲ့ လျှောက်ထားချက်အရ အမ္မူရီယဟ်ဆိုတဲ့ အရပ်ဒေသက သင်းအုပ်ဆရာ
ကြီး တစ်ပါးဆီ သွားရောက်တွေ့ဆုံပြီးတပည့်အဖြစ် ခံယူဖို့ လမ်းညွှန်မှုပေးခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်ဟာလည်းပဲ နာမ်အာဟာရ နှင့်ပြည့်စုံတဲ့
သီလဖြူစင် သမာဓိရှင်တစ်ပါးဖြစ်ကြောင်းလည်း အာမဘန္တေပေးခဲ့ပါတယ်။ သူ (နစွီဘီးန်က ဆရာ ကြီး) သည်လည်း လာလမ်းအတိုင်း
ပြန်သွားခဲ့တယ်။
ဒီလိုနှင့် ကျွန်တော် အမ္မူရီယဟ်ဒေသက ပုဂ္ဂိုလ်ရှိရာဆီကို
ရွှေ့ခဲ့ရပါတယ်။ အဲဒီပုဂ္ဂိုလ်ကိုလည်း ကျွန် တော့်ရဲ့ လာခဲ့ရခြင်း
အကြောင်းရင်းကို အသိပေး ပြောပြရတာပေါ့။ ကျွန်တော့်ကို သူနှင့်အတူ နေထိုင်ခွင့်ပေးခဲ့ တာကြောင့် တပည့်ခံ ပညာသင်ယူဆည်းပူးနိုင်
ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးဟာ ထူးခြားတဲ့ ဓမ္မအလင်းဆောင် ပါရမီရှင်တစ်ပါးဖြစ်ကြောင်း အခိုင်အမာ သိခဲ့ရပါတယ်။ ပညာရေးတစ်ဖက်နှင့်
မွေးမြူရေးဘက်ကိုလည်း တစ်နိုင်တစ်ပိုင် လှည့်ဖြစ်ခဲ့တယ်။ နွားတစ်အုပ်နှင့် ဆိတ်မလေးတစ်ကောင် စုဆောင်းမိခဲ့တာပေါ့။ အမ္မူရီယဟ်
က ဆရာကြီးကို သေမင်းတမန်က ဇီဝိန်ခြွေနှုတ်ဖို့ အချက်ပြနေပါပြီ။ ကျွန်တော် သူ့ကို အခုလို လျှောက်ထားခဲ့တယ်။ “ အို ဆရာကြီးခင်
ဗျာ ၊ ကျွန်တော်ဟာ အဆင့်ဆင့်သော လမ်းညွှန်မှုတွေနှင့် အခိုက် အတန့်ပေါင်းများစွာကို ကျော်ဖြတ်ရင်း ဆရာကြီးဆီကို ရောက်ရှိလာခဲ့
တာ ဖြစ်ပါတယ်။ ဆရာကြီးကရော ကျွန်တော့်ကို ဆက်လက်လေ့လာသင်ယူနိုင်ဖို့အတွက် ဘယ်ပုဂ္ဂိုလ်ဆီကို ထပ်မံ လမ်းညွှန်ပေးဦးမှာ
လဲခင်ဗျာ။” ဆရာကြီးက “ ချစ်သား ၊ ငါတို့လို သာမန်လူသား ပညာရှင်တွေထဲက ဘယ်တစ်ဦးတစ်ယောက်ဆီကိုမှ လမ်းညွှန်ပြသပေးစ
ရာ မရှိတော့ပါဘူးကွယ်။ အင်း … ဒါပေမဲ့ နဗီတမန်တော်တစ်ပါး ပေါ်ထွန်းလာဖို့ သိပ်မဝေးတော့ဘူးလေ။ အဲဒီနဗီတမန်တော်က သူဟာ
အလ္လာဟ်အရှင်မြတ်ရဲ့ နဗီတမန်တော်ဖြစ်တယ်ဆိုတာကို တရားဝင် အသိပေးကြေငြာလိမ့်မယ်။ အဲဒီ နဗီတမန်တော်ဟာ တမန်တော်ကြီး
အိဗ်ရာဟီးမ်ရဲ့လမ်းစဉ်(သာသနာတော်)ကို ပြီးပြည့်စုံသည်အထိ ထပ်ဆင့် ဟောကြားတော်မူလိမ့်မယ်။ သူဟာ အာရဗ်အမျိုးသားတွေထဲ
က ပွင့်ပေါ်လာမှာ ဖြစ်ပါတယ်။ စွံပလွန်ခြံတွေ ပတ်ချာဝိုင်းနေတဲ့ အညိုညစ်ရောင် ကျောက်သားမြေနှစ်နေရာအကြားက အရပ်ဒေ သတစ်
ခု (ယဆ်ရဗ်မြို့) ဆီကို ဟစ်ဂျရဟ်ပြု ရွှေ့ပြောင်းအချေချ နေထိုင်ပါလိမ့်မယ်။ အဲဒီ နဗီတမန်တော်ဆီမှာ သက်သေလက္ခဏာတော်တွေ
အထင်အရှားရှိပါတယ်။ သူဟာ လက်ဆောင်အဖြစ် ပေးကမ်းတာကိုပဲ လက်ခံရ ယူပြီး အလှူဒါနအဖြစ် ပေးကမ်းတာမျိုးကိုတော့ ကိုယ်
ကျိုးအတွက် လက်ခံရယူ သုံးစွဲမှာမဟုတ်ပါဘူး။ သူ့ရဲ့ ပုခုံးနှစ်ဖက်ကြားမှာ နုဗုဝဟ်တံဆိပ်တော်တစ်ခု ရှိတယ်ကွယ့်။ တကယ်လို့များ ချစ်
သားအနေနှင့် အဲဒီ နဗီတမန် တော်နှင့် တွေ့ဆုံဖို့ ဆန္ဒရှိတယ်ဆိုရင် ကြိုးစားပေတော့ကွယ် ” လို့ ကျွန်တော့်ကို အသေးစိတ် လမ်းညွှန်မှာ
ကြား ခဲ့ပါတယ်။
ဆရာကြီးမရှိတော့တဲ့နောက် အမ္မူရီယဟ်မှာပဲ အတော်ကြာတဲ့အထိ ကျွန်တော် ဆက်လက်နေထိုင်ဖြစ်ခဲ့ပါတယ်။ ကလ်ဘ်ဒေသ
ကနေ ပြန်လာနေကြတဲ့ ကုန်သည်အုပ်စုတစ်ခု အမ္မူရီယဟ်ကို ရောက်လာခဲ့ကြပါတယ်။ “ညီနောင်တို့ ၊ ကျွန်တော် အာရဗ်တိုင်းပြည်ဆီ
သွားချင်ပါတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ပို့ပေးနိုင်မလား။ ခင်ဗျားတို့ကသာ ကျွန်တော့်ကို အာရဗ်တိုင်းပြည်ဆီ ပို့ပေးကြမယ်ဆိုရင်
ဟောဟိုမှာ ကျွန်တော် မွေးမြူထားတဲ့ နွားမတွေနှင့် ဆိတ်မလေးတစ်ကောင်ကို အဖိုးအခအဖြစ်ပေးပါ့မယ်။ ဘယ်လိုလဲ ” လို့ ကျွန်တော်
မေးကြည့်လိုက်တယ်။ သူတို့က “ ဖြစ်တယ်လေ” လို့ ပြန်ဖြေကြတယ်။ ကျွန်တော် သူတို့ကို ပေးစရာရှိတာပေးပြီး အတူတကွ ခ ရီးဆက်ခဲ့
ကြတာပေါ့။ ဂနိုင်မြိုင်ချေကျကျ ရွာတစ်ရွာဆီ အရောက်မှာတော့ ကျွန်တော့်ကို တရားလက်မဲ့ အနိုင်ကျင့် နှိပ်စက်ညှင်းပမ်းကြတော့တာပဲ။
သူတို့တွေက ကျွန်တော့်ကို ယဟူဒီ(ဂျူး)တစ်ယောက်ရဲ့လက်ထဲမှာ ကျွန်အဖြစ် ထိုးရောင်းခဲ့ကြပါတယ်။ ကျွန်တော်လည်း အဲဒီ ယဟူဒီ
ဆီမှာ နေရစ်ခဲ့ရတော့တာပေါ့ဗျာ။ ကျွန်တော် စွံပလွန်ပင်တွေကို တွေ့ရတော့ “ အင်း ဒီနေရာဟာ အမ္မူရီယဟ်က ငါ့ဆရာကြီး လမ်းညွှန်
ပြောပြခဲ့တဲ့ အရပ်ဒေ သ ဖြစ်နေမလားပဲလေ” လို့ စဉ်းစားနေမိတယ်။ စိတ်ထဲမှာလည်း မတင်မကျနှင့်ပေါ့ဗျာ။
တစ်ရက်မှာ ကျွန်တော့်သခင် ယဟူဒီအမျိုးသားကြီးဆီကို သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဗနူကုရိုင်ဇွာဟ်မျိုးနွယ်စုဝင် ယဆ်ရဗ်မြို့
သားတစ်ဦး ရောက်လာခဲ့တယ်။ ကျွန်တော့်သခင်က ကျွန်တော့်ကို အဲဒီပုဂ္ဂိုလ်ထံ ရောင်းချလိုက်ပြန်ပါတယ်။ သူ ကျွန်တော့်ကို ယဆ်ရဗ်
မြို့ဆီ ခေါ်လာခဲ့ပါတယ်။ အို … တကယ်ကို အံ့သြမဆုံးပါ ပဲ။ ကျွန်တော်
မြင်သမျှတွေ့သမျှ အရာအားလုံးဟာ အမ္မူရီယဟ်က ကျွန်တော့် ဆရာကြီးရဲ့
ပြောပြချက်တွေနှင့် ဒက်ထိကွက်တိချည်းပဲလေ။ ဒီနောက်ပိုင်း တစ်လျှောက်လုံးမှာ
ကျွန်တော် ယဆ်ရဘ်မြေမှာပဲ ရှိနေခဲ့ပါ
တယ်။
တမန်တော်မြတ်ကတော့ မိမိရဲ့ ဇာတိမြေဖြစ်တဲ့ မက္ကာဟ်မြို့မှာ နဗီတမန်တော်အဖြစ် ထုတ်ဖော်ကြေငြာပြီး တရားတော်ကို ဟောပြော
သင်ပြပေးနေပါပြီ။ ဒါပေမဲ့ ကျွန်တစ်ယောက်ရဲ့ နိစ္စဓူဝ ရုန်းကန်လှုပ်ရှားမှုတွေ ရဲ့ ပြင်ပကမ္ဘာက အဖြစ်အပျက်တွေကို လှမ်းမကြည့်အား
ခဲ့ဘူးဗျ။ ဒါကြောင့်မို့ တမန်တော်မြတ်နှင့် ပတ်သက်တဲ့ ဘယ်လိုအချက်အလက်မျိုးကိုမှ မသိခဲ့ရဘူးပေါ့။ မရှေးမနှောင်းဆိုသလိုပဲ တမန်
တော်မြတ်ဟာ ယဆ်ရဗ် (ယခု မဒီနဟ်) မြို့ကို ဟစ်ဂျရဟ်ပြု ရွှေ့ပြောင်းလာခဲ့တယ်။ မှတ်မှတ်ရရပဲဗျာ။ အဲဒီအတောအတွင်း တစ်နေ့မှာ
ကျွန်တော် အလုပ်တစ်ခုအတွက် စွန်ပလွန်ပင်ထိပ်ဖျားမှာ ရှိနေခဲ့တယ်။ ကျွန်တော့်သခင်က အဲဒီ စွန်ပလွန်ပင်အခြေမှာ ထိုင်နေပါတယ်။
သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူတစ်ဦး ရေးကြီးသုတ်ပြာ ရောက်ချလာပြီး “ အစ်ကိုရေ ၊ ဗနူကိုင်လဟ်မျိုးနွယ်စုတွေကို အလ္လာဟ်အ
ရှင်မြတ် ကွပ်မျက်ပစ်တော်မူပါစေ။ အခု သူတို့တွေဟာ ကုဗားအ်မှာ သွားရောက်စုရုံးနေကြတယ်။ မက္ကာဟ်ကလာတဲ့ လူတစ်ယောက်ဆီ
မှာလေ။ သူတို့က အဲဒီလူကို နဗီတမန်တော် ဆိုပြီး ဇွတ်တရွတ် ယုံကြည်နေကြပါတယ်” လို့ ပြောပြခဲ့တယ်။ အဲဒီ သတင်းကို ကြားလိုက်ရ
တဲ့အချိန်မှာ ကျွန် တော်လေ မိုးကြိုးကြီးနှင့် ပယ်ပယ်နယ်နယ် အပစ်ခံလိုက်ရတယ်လို့ အောက်မေ့ရတဲ့အထိပဲဗျ။ စွန်ပလွန်ပင်အ ခြေမှာ
ထိုင်နေတဲ့ ကျွန်တော့်သခင်ရဲ့အပေါ်ကိုပဲ လွင့်စင်ကျသွားပြီလားလို့တောင် အမှတ်မှားခဲ့ရပါတယ်။ ကျွန်တော် စွန်ပလွန်ပင်ထက်ကနေ
အောက်ကို ဘယ်လိုဆင်းပြီး ဘယ်လိုများ ရောက်ခဲ့သလဲဆိုတာ ပြောမပြတတ်အောင်ပါ။ “ ခင်ဗျား ဘာပြောလိုက်တာလဲ။ ဘယ်လို ပြော
လိုက်တာလဲ။ ပြောပါဦး” လို့ ကျွန်တော့်သခင်ဆီ သတင်းလာပေးတဲ့ပုဂ္ဂိုလ်ကို သိချင်ဇောကပ်ပြီး မဖြေမချင်း မေးနေမိတယ်။ ဒီလိုမေးနေ
တော့ ကျွန်တော့်သခင်က ကျွန်တော့်ကို ဒေါသအိုးေ ပါက်ကွဲသွားပြီး အပြင်းစား လက်သီးနှင့် တစ်ချက်ဆို တစ်ချက်မှန်း သိသာအောင်
တည် ထိုးပစ်တယ်။ “ ကိုယ့်အလုပ်ကိုယ်သွားလုပ်စမ်း ၊ ဒီကိစ္စက မင်းနှင့်ဘာဆိုင်လို့လဲကွ” ဆိုပြီး ဟစ်အော်ငေါက်ငမ်းတော့ “ဘာမှတော့
မပတ်သက်ပါဘူးခင်ဗျာ” လို့ပြန်ပြောပြီး သူ့အပါးကနေထွက်သွားလိုက်ရပါတယ်။
အမ္မူရီယဟ်က ဆရာကြီး မှာကြားခဲ့တဲ့ အချက်အလက်တွေနှင့် တမန်တော်မြတ်ကို တိုက်ဆိုင်စစ်ဆေးစမ်းသပ်ကြည့်ချင်မိတာ
ကြောင့် ညနေပိုင်းမှာ ကျွန်တော်စုဆောင်းထားတဲ့ ပစ္စည်းအချို့ကို ယူဆောင်ပြီး တမန်တော်မြတ် စတည်းချရာ ကုဗားအ်အရပ်ဆီ ထွက်
လာခဲ့ပါတယ်။ တမန်တော်မြတ်ထံကို ရောက်ရောက်ချင်းပဲ အပါးတော်မှာ ၀င်ရောက်ခစားရင်း “ အသင်ပုဂ္ဂိုလ်ဟာ သန့်စင်မွန်မြတ်တဲ့ သူ
တော်ကောင်းတစ်ဦးလို့ ကျွန်တော် သိထားပါတယ်။အသင့်အပါးမှာ နောက်လိုက်တပည့်သားတွေရှိပြီး သူတို့တွေထဲက အများစုဟာ ငွေ
ကြေးဥစ္စာ ချို့တဲ့တဲ့ သူဆင်းရဲတွေဖြစ်တယ်ဆိုတာကိုရောပေါ့။ ဒီဟာတွေကို (စွဒကဟ်)အလှူဒါနအဖြစ် ပေးကမ်းချင်လို့ ကျွန်တော် ယူ
လာခဲ့တာပါ။ ဒီ စွဒကဟ်တွေကို အသင်တို့အတွက် ပေးကမ်းတာဟာ အခြားသူတွေကို ပေးကမ်းတာထက် ပိုပြီး သင့်တော်ကောင်းမွန်
မယ်လို့ ကျွန်တော် ယုံကြည်မျှော်လင့်ရပါတယ်” လို့ လျှောက်ထားလိုက်ပါတယ်။ အဲဒီအခါမှာ တမန်တော်မြတ်က စွဟာဘဟ်တွေကို “ အ
သင်တို့ပဲ ယူငင်သုံးစွဲကြကွယ်” လို့ ဆိုပြီး မိမိကိုယ်တိုင် ရယူသုံးဆောင်ခြင်း မပြုခဲ့ဘူးလေ။ “ အင်း ဒီတစ်ချက်တော့ သေချာပြီ ၊ အောင်
မြင်သွားပြီ” လို့စိတ်ထဲကနေ ရွေရွတ်မိတာပေါ့ အဗ်ဒွလ္လာဟ်ရေ တဲ့။
ကျွန်တော် မဒီနဟ်က သခင့်ဆီ ပြန်လာခဲ့တယ်။ ပစ္စည်းအချို့ကို ထပ်မံ စုဆောင်းရပြန်တာပေါ့။ တမန် တော်မြတ်ထံ နောက်တစ်
ကြိမ်ဝင်ရောက်ခစားရင်း “ အသင်ဟာ စွဒကဟ်ကို လက်ခံရယူသုံးစွဲတာ မတွေ့ရဘူး နော်။ ဒါတွေကတော့ အသင့်ကို လေးစားဂုဏ်ပြုတဲ့
အနေနှင့်ပေးတဲ့ မေတ္တာလက်ဆောင်တွေပါ” လို့ ကျွန်တော် လျှောက်ထားလိုက်တော့ တမန်တော်မြတ် ကိုယ်တော်တိုင် ယူငင်သုံးဆောင်
ပြီး စွဟာဘဟ်များကိုလည်း ခွဲဝေသုံးဆောင်စေပါတယ်။ စွဟာဘဟ်များကလည်း တမန်တော်မြတ်နှင့်အတူ သုံးဆောင်ကြပါတယ်။ “
အင်း ဒါ ကတော့ ဒုတိယအကြိမ်စမ်းသပ်အောင်မြင်မှုပဲ ” လို့ စိတ်ထဲကနေ ရေရွတ်မိပြန်ပါတယ်။
ကျွန်တော် တမန်တော်မြတ်ထံကို နောက်ထပ်တစ်ကြိမ် ရောက်ဖြစ်ခဲ့တယ်။ တမန်တော်မြတ်ဟာ မိမိရဲ့ နောက်လိုက်တပည့်သား
တစ်ဦးရဲ့ဂျနာဇဟ်ကို လိုက်လံပို့ဆောင်ရင်း ဗကီးအ်ဂရ်ကဒ် သင်္ချိုင်းတော်ကို ရောက် နေတဲ့အချိန် ဖြစ်ပါတယ်။ နံငယ်ပိုင်းနှစ်စကို ရုံလွမ်း
ထားပြီးစွဟာဗဟ်များနှင့်အတူ ထိုင်နေတော်မူတယ်။ ကျွန် တော့်ဆရာကြီး ပြောပြထားသလို တမန်တော်မြတ်ရဲ့ ကျောပြင်မှာ နုဗုဝဟ်တံ
ဆိပ်တော် တကယ် ရှိမရှိ သိချင်တာနှင့် စလာမ်ဆိုနှုတ်ဆက်ပြီး တမန်တော်မြတ်ရဲ့ နောက်ကျောဘက်မှာ နေရာယူလိုက်ရတာပေါ့။ တမန်
တော်မြတ်ရဲ့နံငယ်ပိုင်းလေးနှစ်စဟာ ပြေလျော့လို့နေတယ်။ တမန်တော်မြတ် ကျွန်တော့်ကို မြင်သွားတဲ့အခါမှာ “ အသင်တမန်တော်ရဲ့
ကျောပြင်ကို လှစ်ပြပေးပါလားခင်ဗျာ” လို့ ကျွန်တော် မေတ္တာရပ်ခံလိုက်ပါတယ်။ ကျွန်တော် တစ်စုံတစ်ရာရာကို အတည်ပြုချက် ရယူနေ
တယ်ဆိုတာကို တမန်တော်မြတ်က သိနေတာပဲလေ။ တမန်တော် မြတ်ဟာ မိမိရဲ့ရုံထည်ကို လှစ်ဟပေးပြီး မိမိရဲ့ ကျောပြင်ကို ပြသခဲ့ပါ
တယ်။ ဒါကြောင့် တမန်တော်မြတ်ရဲ့ နုဗု ၀ဟ်တံဆိပ်တော်ကို ဖူးမြင်ခွင့်ရရှိခဲ့ပါတယ်။ နဗီတမန်တော် အစစ်အမှန်ဖြစ်ကြောင်း ကျွန်တော်
အပြည့်အ၀ ယုံ ကြည်စိတ်ချသွားရပါတော့တယ်။ တမန်တော်မြတ်ရဲ့ နုဗုဝဟ်တံဆိပ်တော်ကိုကျွန်တော် ဖိကပ်နမ်းရှုပ်ငိုကြွးမိခဲ့တယ်။
တမန်တော်မြတ်က ကျွန်တော့်ကို “ ဟောဒီ အရှေ့ဘက်ကိုလာခဲ့လေ” လို့ မိန့်တော်မူတာကြောင့် ကျွန်တော် တမန်တော်မြတ်နှင့် မျက်နှာ
ချင်းဆိုင်နေရာမှာ ၀င်ထိုင်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်အကြောင်းတွေ အသင့်ကို ပြောပြသလိုမျိုး တမန်တော်မြတ်ကိုလည်း ပြော
ပြလိုက်တာပေါ့ အဆွေတော်ကြီး အိဗ်နု အဗ္ဗားစ်ရေလို့ ဆိုပြီး စလ်မားန် အလ်ဖာရစီက ကျွန်တော့်(အဗ္ဗဒွလ္လာဟ် အိဗ်နု အဗ္ဗားစ်)ကို သူ့ဘ
ဝ ဇာတ်ကြောင်းတွေကိုတစ်သီတစ်တန်းကြီး ပြောပြခဲ့ပါတယ်။ ရောင်းရင်းကြီး စလ်မားန်အလ်ဖာရစီရဲ့ ဒီရင်ဖွင့်ချက်တွေကို ကြားသိရပြီး
တဲ့နောက် တမန်တော်မြတ်ရော စွဟာဗဟ်တွေကပါ အံ့အားသင့်သွားကြရပါတယ်။ နောက်ပိုင်းမှာတော့ စလ်မားန်အလ်ဖာရစီဟာ ကျွန်
တစ်ယာက်ရဲ့ တာဝန်ဝတ္တရားတွေဘက်မှာ ကြိုးစားပမ်းစား အားထုတ် လုပ်ဆောင်ခဲ့ရပါတယ်။ ဒါကြောင့် ဗဒရ်နှင့်အုဟုဒ်လို ခုခံတွန်းလှန်
စစ်ပွဲကြီးတွေမှာ ပါဝင်မဆင်နွှဲနိုင်ခဲ့ဘူးလေ။ မိတ်ဆွေကြီး စလ်မားန်အလ်ဖာရစီက အခုလို ဆက်လက်ပြောပြခဲ့ပါသေးတယ်။ တမန်တော်
မြတ်က “ အို စလ်မားန် ၊ ကျွန်ဘ၀ကနေ လွတ်မြောက်ခွင့်ရဖို့အတွက် မင့်သခင်နှင့် စာချုပ်ချုပ်ဖို့ ကြိုးစားကြည့်ပါလား” လို့ အကြံပြုခဲ့ပါ
တယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော့်သခင်နှင့်ကျွန်တော် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ခဲ့ရပါတယ်။ နောက်ဆုံးမှာ စွန်ပလွန်ပင်ပေါင်း
(၃၀၀) စိုက်ပျိုးပေးရမယ် ၊ အူကီယဟ် (ထိုခေတ်ထိုအခါက အလေးချိန်တစ်မျိုး) (၄၀) နှင့် ညီမျှတဲ့ အဖိုးတန်ပစ္စည်းတစ်မျိုးမျိုးပေးရမယ်
ဆိုတဲ့ အချက်အပေါ် သဘောတူညီမှု ရရှိခဲ့ပြီးတဲ့နောက် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့တယ်လေ။ အဲဒီအပင်တွေ ရှင်သန်ဖွံ့ဖြိုးဖို့အ
ရေး ကျွန်တော် အတော်လေး ပင်ပန်းဆင်းရဲခံခဲ့ရတာဗျ။
ဒီအခါမှာ တမန်တော်မြတ်က “ အသင်တို့ရဲ့ နောင်တော်ကြီး (စလ်မားန်အလ်ဖာရစီ) ကို တတ်အားသရွေ့ ၀ိုင်းဝန်းကူညီပေးလိုက်
ကြပေါ့ကွယ် ” လို့ မိမိရဲ့ စွဟာဘဟ်များကို မေတ္တာရပ်ခံခဲ့ပါတယ်။ သူတို့တစ်တွေက စွန်ပ လွန်ပင်စိုက်ပျိုးရေးလုပ်ငန်းမှာ ကျွန်တော့်ကို
အားတက်သရော ၀ိုင်းဝန်းကူညီကြရှာတယ်။ ပျိုးပင်ပေါက်အသန့်တွေကို ပေးအပ်ကူညီကြပါတယ်။ တစ်ဦးက ပျိုးပင်ပေါက် အပင် (၃၀) ၊
အခြားတစ်ဦးက အပင် (၂၀) ၊ နောက် တစ်ဦးက (၁၅) ပင်၊ နောက်ထပ်တစ်ဦးက (၁၀) ပင် ၊ နောက်ဆုံးတစ်ဦးကတော့ ကျွန်တော်လို
အပ်နေတဲ့ ပျိုးပင်ပေါက်အရေအတွက် (၃၀၀) ပြည့်မီအောင် ထပ်မံစိုက်ထည့်ပေးခဲ့ပါတယ်။ တစ်ခဏအတွင်းမှာပဲ တစ်ပူအေးခဲ့ရတာပေါ့
ဗျာ။ ပျိုးပင်ပေါက်မရှိလို့ကဖြင့် ကျွန်တော် ဘယ်လို လွတ်လမ်းရှာနိုင်မှာလဲဗျ။ ဒီအတွက် အလ္လာဟ်အ ရှင်မြတ်ကို ချီးမွမ်းထောမနာပြုမိပါ
တယ်။ တမန်တော်မြတ်ကြီးနှင့် မိတ်ဆွေစွဟာဘဟ်တွေကိုပါ ကျေးဇူးတင်မ ဆုံးဖြစ်ရပါတယ်။ တမန်တော်မြတ်က “ စလ်မားန်ရေ ၊ပျိုးပင်
ချဖို့ အတွင်းတူးလိုက်နော်။ အတွင်းတူးပြီသွားလျှင် ငါ့ကိုအ သိပေးပါဦး။
ငါ့လက်နှင့်ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးပေးပါ့မယ် ” လို့ မှာကြားခဲ့
တာကြောင့် မိတ်ဆွေအချို့ရဲ့ အကူအညီနှင့် ပြီးပြတ်အောင် တူးလိုက်ကြပါတယ်။ ပြီးပြီးချင်းပဲ တမန်တော်မြတ်ကို အသိပေးအကြောင်း
ကြားခဲ့ပါတယ်။ တမန်တော်မြတ်ဟာ စွန်ပလွန်ပင်စိုက်ပျိုးမဲ့ ဥယျာဉ်ခြံဆီကို ကျွန်တော်နှင့်အတူ တစ်ပါတည်းပဲ လိုက်ပါလာခဲ့ပါတယ်။
ကျွန်တ်ာတို့က ပျိုးပင်ပေါက်တွေကို တမန်တော်မြတ်လက်ထဲ ကမ်းပေးကြတယ်။ တမန်တော်မြတ်က တစ်ပင်မကျန် မြေမှာစိုက်ထည့်ပေး
တယ်။ အလ္လာဟ့်သဘောအတိုင်းပါပဲဗျာ။ စိုက်ထားသမျှသော ပျိုး ပင်ပေါက်တွေထဲကတစ်ပင်တစ်လေးမှ သေသွားတယ်ရယ်လို့ မရှိခဲ့ဘူး။
အားလုံး ရှင်သန်ထွားကြိုင်းကြတာပါပဲ။
ဒီလိုနှင့်ပဲ ကျွန်ဘ၀ကနေ အပြီးအပိုင် လွတ်မြောက်ဖို့ စွန်ပလွန်ပင်စိုက်ပျိုးပေးရေး သဘောတူညီချက် ကတော့ ပြီးမြောက်အောင်
မြင်ခဲ့ပါပြီ။ ပစ္စည်းကိစ္စက ခေါင်းခဲစရာအဖြစ် ကျန်ရှိနေပါသေးတယ်။ တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦးက တမန်တော်မြတ်ထံကို ရောက်
လာပြီး ကြက်ဥလောက်ပမာဏရှိတဲ့ ရွှေသားစကြီးတစ်တုံးကို မေတ္တာလက်ဆောင်အဖြစ် လာရောက်ပေးအပ်ခဲ့ပါတယ်။ တမန်တော်မြတ်
ဟာ ရရှိထားတဲ့ မေတ္တာလက်ဆောင်နှင့် မပြီးပြတ်သေးတဲ့ ကျွန်တော့်ရဲ့ လွတ်လမ်းကို ဖွင့်ပေးခဲ့ပါတယ်။ လွတ်လပ်တဲ့ ဘ၀တစ်ခုကို ပြန်
လည်ရရှိခဲ့ပြီ။ တမန်တော်မြတ်အပါးမှာ ခစားနေထိုင်ရင်း သာသနာနှင့် သာသနာဝင်တို့အပေါ် တစ်ဖက်သတ် ကျူးကျော် တိုက်ခိုက်လာ
တဲ့ ရန်သူတွေကို ပြန်လည်တွန်းလှန်ချေမှုန်းခဲ့ရတဲ့ ခန္ဒတ်က်
(မဟာကျုံးစစ်ပွဲ) မှာ ပါဝင်တိုက်ခိုက်ခွင့်လည်း ကြုံခဲ့ရပါပြီ။
ဒီနောက်ပိုင်းမှာ
တမန်တော်မြတ်အပါးမှာ ကျွန်တော်အမြဲတမ်း အသင့်ရှိနေခဲ့ပါတယ်။
ဝန်ခံချက် ။ ။ သာဝကကြီး စလ်မားန် အလ်ဖာရစီက သာဝကကြီး အဗ္ဗဒွလ္လာဟ်
အိဗ်နုအဗ္ဗားစ်ကို မိမိမွတ်စ လင်မ်တစ်ဦး ဖြစ်လာခဲ့ရပုံ အကြောင်း
ရင်ဖွင့်ပြောပြခဲ့သည့် ရင်ဖွင့်ချက်ကို မြန်မာဘာသာသို့ အနီးစပ်ဆုံး ပြန်ဆို
ထားခြင်း ဖြစ်ပါသည်။
ညီညီနိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: only a member of this blog may post a comment.