Pages

Pages - Menu

အိုဘားမားပြောသွားသော အစ္စလာမ့်ဥပဒေ

“တရားသူကြီးအချို့ကို ကျွန်တော်ခန့်ရပေမယ့် သူတို့ဘယ်လို တရားစီရင်ရမယ်
ဆိုတာကို ကျွန်တော်ပြောလို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေရိကမှာဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာဥပဒေအောက်မှာ တညီတညာတည်းပါပဲ။ တရားသူကြီးတစ်ဦးဟာ ကျွန်တော့်ကိုပင်ဥပဒေချိုးဖောက်တာ ဟုတ်မဟုတ်၊ ဥပဒေအထက်မှာ ရှိမရှိ ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီ ပြထားတဲ့ ဥပဒေအတွက် လိုက်နာဖို့ အပြည့်အ၀ တာဝန်ရှိပါတယ်။”


ဒီစကားလေးဟာ အမေရိကန်သမ္မတကြီး ဘာရက်အိုဘားမားရဲ့ ရန်ကုန်တက္ကသိုလ်မှာပြောခဲ့တဲ့ မိန့်ခွန်းထဲက တစ်စိတ်တစ်ပိုင်းပါ။

 ဒီစကားဟာ မြန်မာပြည်သူတွေအတွက် နှစ်ပေါင်းများစွာအရင်ကတည်းက ယခုတိုင် အိပ်မက်တစ်ခုအဖြစ်သာ ရှိနေပါတယ်။ လက်တွေ့မမြင်ရသေးသည့်တိုင် ကြားရရုံနဲ့ ကြည်နူးစရာ စကားလေးပါ။ လက်ရှိ ကမ္ဘာကြီးမှာ ပေါ်ပြူလာဖြစ်နေတဲ့ ဒီမိုကရေစီစနစ် ရဲ့ အဓိကတောင်းဆိုမှုကလည်း ဒါပါပဲ။ ဒီစကားလေးက
ပြောရတာ ဘာမှမဟုတ်ပေမယ့် လိုက်နာဖို့ အလွန်ခက်ခဲပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံ အများစုဟာ




ဒီစကားကို လက်တွေ့အကောင်အထည်ဖေါ်ဖို့ ကြိုးစားနေဆဲပါ။ ဒါပေမယ့် ဒီစကားဟာ (Islamic Law) အစ္စလာမ့်ဥပဒေကနေပေါက်ဖွားလာပြီး လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က အင်မတန်သြဇာညောင်းခဲ့တဲ့ အစ္စလာမ့်အင်ပါယာကြီးမှာ လက်တွေ့အကောင်အထည်ပေါ်ခဲ့တယ်ဆိုရင် အသင်ယုံမလား။ အခု တင်ပြမယ့်
ဖြစ်ရပ်လေးက အသင့်ကို အထောက်အထားပေးပါမယ်။
ဟဇရသ် အလီ ဟာ တမန်တော်မိုဟာမက် နောက်ပိုင်း အစ္စလာမ့်အင်ပါယာကြီးရဲ့ စတုတ္ထမြောက် သမ္မတကြီးပါ။



တမန်တော် မိုဟာမက်ရဲ့ သမက်လည်းဖြစ်တယ်။ တိုင်းသူပြည်သားတွေက စုပေါင်းတင်မြှောက်ထားတဲ့ သမ္မတလည်းဖြစ်ပါတယ်။ မုစ်လင်မ်ထု အားလုံးရဲ့ခေါင်းဆောင်လည်းဖြစ်တယ်။ တစ်ရက် ဟဇရသ် အလီဟာ မိမိရဲ့ သံချပ်အင်္ကျီတစ်ထည်ပျောက်ဆုံးသွားပါတယ်။ မကြာခင်မှာပဲ အဲ့ဒီသံချပ်အင်္ကျီကို ဂျူးလူမျိုးတစ်ဦး ၀တ်ဆင်ထားတာကို တွေ့လိုက်ရတယ်။ မိမိအင်္ကျီကို မိမိ မှတ်မိနေတော့ ၄င်းဂျူးလူမျိုးဆီကနေ သံချပ်အင်္ကျီ ပြန်ပေးဖို့တောင်းတာပေါ့။ ဒါပေမယ့် အဲ့ဒီ ဂျူးလူမျိုးကလည်း မပေးနိုင်ကြောင်း သူ့အင်္ကျီဖြစ်ကြောင်းပြောပါတယ်။ နောက်ဆုံးတော့ တရားရုံးရောက်သွားတယ်။ တရားရုံးမှာ တရားသူကြီးက သူ့နေရာမှာသူထိုင်တယ်။ သမ္မတကြီး ဟဇရသ် အလီကတရားလိုနေရာမှာထိုင်ရတယ်။ ဂျူးလူမျိုးကို တရားခံနေရာမှာ ထိုင်ခိုင်းတယ်။



 ပြီးတော့ တရားသူကြီးက ဟဇရသ် အလီ ကို မိမိအင်္ကျီဖြစ်ကြောင်း သက်သေထွက်ဆိုပေးမယ့်သူ ရှာခိုင်းတယ်။ အဲ့ဒီအခါ ဟဇရသ် အလီက မိမိသူကောင်းပြုထားတဲ့ကျွန်နဲ့ မိမိသားကို သက်သေအဖြစ်ခေါ်လိုက်တယ်။ အင်္ကျီဆိုတော့လည်း အနီးကပ်နေတဲ့သူပဲ သတိထားမိနိုင်မှာလေ။ ဒါပေမယ့် တရားသူကြီးက ဟဇရသ် အလီဖက်မှသက်သေ မခိုင်လုံသောကြောင့် ဂျူးလူမျိုးပိုင်ဆိုင်တဲ့ အင်္ကျီဖြစ်ကြောင်းဆုံးဖြတ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ္စလာမ့်
ဥပဒေမှာ သားကအဖေဖက်ကနေ သက်သေပေးခွင့်မရှိဘူး။ အဖေရဲ့ဆန့်ကျင်ဖက် သက်သေပေးမယ်ဆိုရတယ်။ ဥပမာ အဖေက ကိစ္စတစ်ခုမှာ ဟုတ်တယ်ဆိုရင် သားကလည်းအဖေအတိုင်း ဟုတ်တယ်လို့ လိုက်လံသက်သေပေးခွင့်မရှိဘူး။ တရားပြိုင်ဖက်ကနေ အဖေ့ဆန့်ကျင်ဖက် မဟုတ်ဘူးလို့ သက်သေပေးရင် ရတယ်။



နောက်ပြီး သက်သေက ၂ ဦးရှိဖို့လိုတယ်။ အဲ့ဒီတော့ သားက သက်သေအဖြစ်ကနေပြုတ်သွားတယ်။ သက်သေ ၁ ယောက်သာကျန်တော့တယ်။ သမ္မတကြီး ဟဇရသ် အလီ အမှုရှုံးသွားတယ်။ အဲ့ဒီအခါ ၄င်းဂျူးလူမျိုးက အင်မတန်
အံ့သြပြီး ဒီသာသနာကလွဲပြီး ဘယ်သာသနာမှန်ဦးမှာလဲဟုပြောကာ အစ္စလာမ်လက်ခံလိုက်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဟဇရသ်အလီက သမ္မတဖြစ်တယ်။ သမ္မတပါဝါနဲ့ အင်္ကျီကို တောင်းယူလိုက်လို့ရတယ်။ ဒါပေမယ့် မတောင်းခဲ့ဘူး။ တရားရုံးရောက်တော့ သမ္မတဆိုပြီး တရားသူကြီးနေရာမှာထိုင်လို့မရဘူး။


 သာမန်ပြည်သူလိုသာ ဆက်ဆံခြင်းခံရတယ်။ သမ္မတအမှုဆိုပြီး သမ္မတအိမ်မှာ သွားမစစ်ဘူး။ သမ္မတလည်း
ရုံးကိုလာရတယ်။ သမ္မတကြီး ဟဇရသ် အလီက တမန်တော် မိုဟာမက်ရဲ့ သမက်၊ သက်သေထွက်ဆိုတဲ့သားက
တမန်တော် မိုဟာမက်ရဲ့မြေး ဆိုပြီး ဘက်မလိုက်ဘူး။ ၄င်းဂျူးလူမျိုးလည်း အစ္စလာမ်သာသနာ လက်ခံလိုက်တဲ့အခါ
ဟဇရသ် အလီက သံချပ်အင်္ကျီကိုပြန်မယူတော့တဲ့အပြင် မြင်းတစ်ကောင်ပါ လက်ဆောင်ပေးလိုက်တယ်။
ဒေါက်တာကိုကိုကြီး ဘလော့ကပါပဲ

No comments:

Post a Comment

Note: only a member of this blog may post a comment.