Pages

.

ပေးဆပ်ရဲဖို့ ပြင်ဆင်ထားပြီးပြီဆိုယင်တော့ တောင်းဆိုဖို့အတွက် စောင့်နေလိုက်ပါပြီ

ပေးဆပ်ရဲဖို့ ပြင်ဆင်ထားပြီးပြီဆိုယင်တော့
တောင်းဆိုဖို့အတွက် စောင့်နေလိုက်ပါပြီ
******************************
အားနာမှု၊ နားလည်မှု၊ အနစ်နာခံမှုတွေကို
တုံးခုနင်းလို့ တက်သွားယုံတင်မကဘူး -
(မိမိတို့ရဲ့ “အင်သိက္ခာကြီး” လူသိကုန်မှာစိုးတဲ့အတွက်)
ပုခုံးထမ်းတင်ပေးတဲ့သူကို ဘ၀ပျက်အောင်ကြံဆောင်လို့
လက်စ လက်န ဖျောက်ချင်နေကြသူတွေ
(အလ္လာဟ်အလိုတော်တူတဲ့နေ့အထိ)
လောကမှာ မော်ကြွားနိုင်ဦးမှာပါ။

အုပ်စုဖွဲ့ပြီး လူညီလို့
ဤ ကို ကျွဲ ဆိုပြီးဖတ်ပြနေလို့
ဖတ်ပြနေတာပဲ အဖတ်တင်ပါလိမ့်မယ်။
ဤကဤ ကျွဲကကျွဲ - ပြောင်းလဲမသွားပါဘူး။
အစ္စလာမ့်အမှန်တရားကို ဘယ်လိုဖုံးဖုံး
ပျောက်ကွယ်မသွားပါဘူး။

ဟုကူးကုလ္လာဟ် တာဝန်တွေကို
တစ်ကမ္ဘာလုံးလက်ခုပ်သံညံအောင်
ဘယ်အဆင့်အထိလုပ်ပြနေပါစေ -
ဟုကူးကုလ်အိဗာ့သ်တာဝန်ကို
လှောင်ပြောင်သရော်ဖယ်ထုတ်လိုက်သူမှန်သမျှ
ဝန်တိုစိတ်နဲ့ လိုက်ပြီးအညွှန့်ချိုးနေသူမှန်သမျှ
ဘယ်လိုလူစားပဲ ဖြစ်ဖြစ်
ဒီဘ၀မှာ လက်မ,ထောင်နိုင်ပေမယ့်
နောင်ဘ၀မှာ တစ်စ,မကျန် ပေးဆပ်ရပါလိမ့်မယ်။

ပေးဆပ်ရဲဖို့ ပြင်ဆင်ထားပြီးပြီဆိုယင်တော့
တောင်းဆိုဖို့အတွက် စောင့်နေလိုက်ပါပြီ။

တစ်ခါက တမန်တော်မြတ်(ဆွ)သည် အဆ်ွဟဗ်တော်တို့အား - သူဆင်းရဲအစစ် မည်သူနည်း ဟု မေးမြန်းတော်မူရာ သာဝကတော်များက - ငွေကြေးဥစ္စာအလျင်းမရှိသောသူကို ဆင်းရဲသားအစစ် ဟု ထင်မြင်ပါသည် ဟု လျှောက်တင်ဖြေကြားကြ၏။ ထိုအခါ ကိုယ်တော်မြတ်မှ မိန့်တော်မူသည်မှာ - ဧကန်မုချ ဆင်းရဲမွဲတေသူအစစ်သည်ကား ကိယာမသ်နေ့တွင် ဆွလာသ်၊ ဆွောင်မ်(ရိုဇာ)၊ ဇကာ့သ် (စသည့်) အကျိုးကုသိုလ်များစွာကို ယူဆောင်လာသော်လည်း
လူ့လောကတွင် တစ်ဦးတစ်ယောက်အား ဆဲရေးတိုင်းထွာခြင်း၊ စွပ်စွဲသမုတ် အသရေဖျက်ခြင်း၊
တစ်ဦးတစ်ယောက်၏ဥစ္စာပစ္စည်းအား မတရားသဖြင့် စား/သုံးခဲ့ခြင်း၊ မတရားသဖြင့် သတ်ဖြတ်ခြင်း၊ ရိုက်ပုတ်ခြင်းတို့ကို ပြုလုပ်ခဲ့သူဖြစ်၏။ သို့ရှိရာ မိမိပြုခဲ့သောကောင်းမှုကုသိုလ်များကို ထိုသူတို့အား ပေးချေလိုက်ရပေမည်။ အကယ်၍ ထိုသူတို့အား ပြည့်ပြည့်၀၀ မပေးဆပ်လိုက်ရသေးဘဲ
၎င်း၏ကုသိုလ်များကုန်ခမ်းသွားပါက ယင်းမတရားခံရသူတို့၏အကုသိုလ်များမှာ ထိုသူ့အပေါ်ပေးခြင်းခံရလျက် ငရဲဘုံအတွင်းထည့်သွင်းလိုက်ပေအံ့။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ) ( မုစ်လင်မ် ကျမ်း )

ကြီးလေးသောအပြစ်ဒုစရိုက် - ကုနဟ် ကဗီရဟ်များအနက် အကြီးမားဆုံး အပြစ်တစ်ခုမှာ မုစ်လင်မ်တစ်ဦး၏ဂုဏ်သိက္ခာကို မတရားသဖြင့် စော်ကားခြင်းပင် ဖြစ်သည်။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ) ( အဗူ ဒါဝူးဒ် ကျမ်း )

ကြီးလေးသော ကုနာဟ် (အကုသိုလ်)ကို ကျူးလွန်သူနှင့်ပတ်သက်ပြီး ချီးကျူးပြောဆိုပါက အရှင်မြတ်သည် အမျက်ထွက်တော်မူကာ အရ်ရှ် ပလ္လင်တော်လည်း တုန်ခါသွားပေသည်။
ဆင့်ပြန်သူ - အနတ်စ် (ရဒွိ) ( ဗိုင်ဟကီ ကျမ်း )

အကြင်သူသည် အခြားသူတစ်ဦးအား ကာဖိရ် သို့မဟုတ် အလ္လာဟ့်ရန်သူ ဟု ခေါ်ဝေါ် သမုတ်ခဲ့လျှင် အခေါ်ခံရသူမှာ ထိုသို့မဟုတ်ခဲ့ပါက ၄င်းသူ၏ခေါ်ဝေါ်သမုတ်မှုသည် ၄င်းသူထံသို့သာ ပြန်လည်ကျရောက်၏။
ဆင့်ပြန်သူ - အဗူ ဇရ် (ရဿွိ) ( မုစ်လင်မ် ကျမ်း )

အကြင်သူသည် မုစ်လင်မ်ကို ဒုက္ခရောက်စေရန် လှည့်စားသော် ထိုသူသည် လအ်နသ် (ကျိန်စာ) သင့်သူ ဖြစ်၏။
ဆင့်ပြန်သူ - အဗူ ဗကရ် (ရဿွိ) ( သိရ်မိဇီ ကျမ်း )

တစ်ဦးတစ်ယောက်တွင် လေးခုသောအကျင့်စွဲမြဲနေပါက ထိုသူသည် မုနာဖစ်က်အစစ်ဖြစ်ပြီး၊ ထိုအကျင့်လေးခုအနက် တစ်ခုခုရှိပါက ၄င်းစရိုက်ကို မစွန့်လွှတ်သမျှကာလပတ်လုံး ထိုသူ့တွင် မုနာဖစ်က်၏လက္ခဏာ ရှိမြဲရှိနေအံ့။ ၄င်းအကျင့်လေးမျိုးမှာ -
+ မိမိထံ ယုံကြည်စွာ (ပစ္စည်း/စကား/တာဝန်)တစ်စုံတစ်ရာအပ်နှံတိုင်း အလွဲသုံးစားလုပ်မည်။
+ စကားပြောသောအခါတိုင်း မုသားသုံးမည်။
+ ကတိပေးသည့်အခါတိုင်း ကတိမတည်ဘဲ လှည့်စားမည်။
+ ခိုက်ရန်ဖြစ်ပွားသည့်အခါတိုင်း ဆဲရေးတိုင်းထွာမည်။
ဆင့်ပြန်သူ - အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် (ရဿွိ) ( ဗုခါရီ၊ မုစ်လင်မ် ကျမ်း )
( ဆွလာသ်ဝတ်ပြုသူ၊ ရိုဇဟ်စောင့်ထိန်းသူ၊ မိမိကိုယ်ကို မုစ်လင်မ်ဟု ထင်မြင်ယူဆနေသူပင်ဖြစ်လင့်ကစား အထက်ပါလက္ခဏာများရှိနေသူသည် မုနာဖစ်က်သာဖြစ်၏။ သာသနာ့ပညာရှင်အားလုံး၏ ညီညွတ်သောအဆိုဖြစ်သည် )

ငါတမန်တော်မြတ်၏အွမ္မသ်ထဲတွင် ငါကိုယ်တော်၏ခေတ်သမယရှိသူမွန်များ (အဆ်ွဟဗ်တော်များ)သည် အကောင်းဆုံးဖြစ်သည်။ ထို့နောက် သာဗိအီများ၊ ထို့နောက် သဗအ် သာဗိအီများသည် အကောင်းဆုံးသူမွန်များဖြစ်ကြပြီး ထိုခေတ်ကာလသုံးခုနောက်ပိုင်းတွင် မုသားများ ပျံ့နှံ့သွားမည်။ ၄င်းနောက် မည်မျှကြောက်စိတ်ကင်းပြီး အသိမဲ့လာကြမည်ဆိုသော် သက်သေမတောင်းခံဘဲ မုသားသက်သေထွက်ဆိုကာ မကျိန်ဆိုခိုင်းဘဲ လိမ်လည်ကျိန်ဆိုကြမည်။
ဆင့်ပြန်သူ - အုမရ် (ရဿွိ) ( သိရ်မိဇီ် ကျမ်း )

အကြင်လူသားတစ်ယောက်အပေါ် မိမိဖက်မှ (အခြားမုစ်လင်မ်တစ်ဦးအား) ၄င်းသူ၏ ဂုဏ်သိက္ခာနှင့်ပတ်သက်ပြီးဖြစ်စေ၊ သို့မဟုတ် အခြားဝတ္ထုပစ္စည်းတစ်စုံတစ်ရာနှင့်ပတ်သက်ပြီး ဖြစ်စေ တာဝန်ရှိနေခဲ့လျှင် ယနေ့ပင် (၄င်းနေ့ မရောက်မီအလျင်) ခွင့်လွှတ်ကြေအေးမှုကို တောင်းခံကြကုန်။ ၄င်းနေ့ (ကိယာမသ်) ရောက်လာပါက ဒီနာရ်၊ ဒရ်ဟမ် ငွေကြေးတို့ အသုံးဝင်မည်မဟုတ်။ ၄င်းနေ့တွင် အပေးအယူစာရင်းအားလုံးကို ကောင်းမှုကုသိုလ် နှင့် မကောင်းမှုများဖြင့်သာ စာရင်းရှင်းကြလိမ့်မည်ဖြစ်အံ့။ မတရားကျူးလွန်စော်ကားမှုပြုလုပ်ခဲ့သူထံတွင် ကောင်းမှုကုသိုလ်များရှိနေပါက မတရားပြုခံရသူအား ပေးလျော်လိုက်ရမည်ဖြစ်သည်။ အကယ်၍ ၄င်းသူထံတွင်
ကောင်းမှုကုသိုလ်များ မရှိခဲ့ပါမူ မတရားကျင့်ခံရသူ၏အကုသိုလ်များအား လက်ခံရယူစေခြင်းဖြင့် အစားပေးလျော်စေအံ့။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ) ( ဗုခါရီ ကျမ်း )
 
 July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.