Pages

.

အစ္စလာမ့်လမ်းစဉ်ဖြင့် လူ့ဘ၀တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ (သို့မဟုတ်) ယှရီအဟ် အပိုင်း (၆)


အစ္စလာမ့်လမ်းစဉ်ဖြင့် လူ့ဘ၀တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ (သို့မဟုတ်) ယှရီအဟ်
အပိုင်း (၆)
******************************************
လူသိများသည့် ဥပဒေလမ်းကြောင်း လေးသွယ်

ကျမ်းမြတ်ကုရ်အာန် နှင့် စွန္နဟ်ရှိ အလ္လာဟ့်အလိုတော်အား အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းရန် ဥပဒေများ ထုတ်ယူရာတွင် ကာလကြာရှည်သည်နှင့်အမျှ လမ်းကြောင်းများ အဆင့်ဆင့်ပေါ်ပေါက်ခဲ့၏။ ၄င်းတို့အနက် လမ်းကြောင်းလေးသွယ်မှာ အထင်ရှားဆုံးဖြစ်၏။ ယင်းလမ်းကြောင်း၏ခေါင်းဆောင်(အိမာမ်)များထံ၌ အစ္စလာမ့်အခြေခံအရင်းအမြစ်များအပေါ် တစ်စုံတစ်ရာကွဲလွဲမှုဟူ၍ မရှိကြချေ။ သို့ရာတွင် ဥပဒေပြုရေးအတွက် ထုတ်ယူသည့်စည်းမျဉ်းများကတော့ အချို့နေရာ၌ ခြားနားချက် ကြီးမားသည်။ မုစ်လင်မ်အများစုသည် ဤဥပဒေအတွေးအခေါ်လမ်းကြောင်းများအနက် တစ်ရပ်ရပ်နောက်သို့ တစ်နည်းနည်းဖြင့် နောက်လိုက်ပြုလျက် ရှိကြပါသည်။ ယင်းအတွေးအခေါ်လမ်းကြောင်းအား အရဗီလို မဇ်ဟဗ် ဟုခေါ်၏။


၁။ ဟနဖီ ဥပဒေလမ်းကြောင်း

အန် နုအ်မာန်း အိဗ်နု ဆာဘိသ် အဗူ ဟနီဖဟ် (၇ဝဝ-၇၆၇)၏အမည်ကို အစွဲပြု၍ ဟနဖီ ဥပဒေလမ်းကြောင်းဟု လူသိများလာခဲ့သည်။ သူသည် ရှေးဟောင်းအာဖဂန်နစ္စတန်ဇာတိမှ သူကောင်းပြုခံရသည့်ကျွန်တစ်ဦး၏ မြေးဖြစ်သည်။ သူသည် စည်းမျဉ်းကောက်မှုပုံစံကို လက်ဦးပထမ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီး ယင်းအားဖြင့် ပညာရှင်များမှာ ကျမ်းမြတ်ကုရ်အာန်မှ အစ္စလာမ့်ဥပဒေများကို အလွယ်တကူ ကောက်နှုတ်နိုင်ခဲ့ကြသည်။ အဗူဟနီဖဟ်က ဥပဒေဆိုင်ရာသဏ္ဍာန်တူနှိုင်းယှဉ်သုံးသပ်ချက် (ကိယာ့စ်)အပေါ် အလွန်ပင် အလေးအနက်ထားခဲ့၏။ အတွေးအမြင် အယူအဆများ ပြေပြစ်ချောမွေ့လာစေရန်အလို့ငှါ ဖြစ်သည်။ ၄င်းပြင် ဥပဒေပညာရှင်အနေနှင့် နည်းလမ်းနှစ်ရပ်အနက် ပိုမိုကောင်းမြတ်ခြင်းကိုရွေးချယ်နိုင်သည့် အသားပေးစံနစ် (အရဗီလို အိစ်သိဟ်စာန်)ကိုလည်း အထူးအားထားခဲ့၏။ သို့ဖြစ်၍ ဟနဖီဥပဒေသည် ဥပဒေရေးရာ၌ သက်ညှာမှုအရှိဆုံး နှင့် အံဝင်ပြေပြစ်မှုအဖြစ်ဆုံးဟု ယနေ့ခေတ်အထိ သတ်မှတ်ခံရပေသည်။ ထို့ကြောင့်လည်း ဟနဖီဥပဒေလမ်းကြောင်းနောက်လိုက်သူများမှာ အလွန်များပြားကြခြင်းဖြစ်၏။ မုစ်လင်မ်လူဦးရေအများဆုံးဖြစ်သည့် ဗဟိုအာရှ နှင့် တောင်အာရှဒေသများ၌ ဤဥပဒေလမ်းကြောင်းက လွှမ်းမိုးထားသည်။ ၄င်းပြင် အမေရိကန်နိုင်ငံ(နှင့် အနောက်နိုင်ငံများ)ရှိ တောင်အာရှအနွယ်ဝင် မုစ်လင်မ်လူ့အဖွဲ့အစည်းအားလုံးမှာ ဟနဖီဥပဒေလမ်းကြောင်း၏နောက်လိုက်များ ဖြစ်ကြကုန်၏။



၂။ မာလိကီ ဥပဒေလမ်းကြောင်း

မာလစ်က် အိဗ်နု အနတ်စ် (၇၁၆-၇၉၅)သည် အစ္စလာမ့်ဥပဒေရေးရာကျမ်းကို ပထမဦးဆုံး ပြုစုခဲ့သူဖြစ်ပြီး ထိုကျမ်းဂန်မှာ ' မုဝသ်ွသွာ ' ဟု အမည်တွင်သည်။ ဤလမ်းကြောင်း (မဇ်ဟဗ်)၌ အစ္စလာမ့်ဥပဒေ၏ အရင်းအမြစ်အဖြစ် မဒီနဟ်မြို့နေ သာဝကတော်တို့၏ဆင့်ပြန်ချက်များကိုသာ အသုံးပြုထားသည်။ ထိုသာဝကတော် တို့မှာ လက်ဦးပထမ မုစ်လင်မ့်လူ့အဖွဲ့အစည်းကို တည်ထောင်ခဲ့သောမျိုးဆက်ဖြစ်သည့်အတွက် ၄င်းတို့သည် တမန်တော့်လမ်းညွှန်နှင့်ကွဲလွဲသည့်ဥပဒေ သို့မဟုတ် အလေ့အထကို ဖန်တီးခဲ့မည်မဟုတ်ဟု (အိမာမ်) မာလစ်က်မှ ယုံကြည်ခဲ့၏။ အိမာမ် မာလစ်က်သည်လည်း ဒေသဆိုင်ရာထုံးတမ်းဓလေ့ (အုရ်ဖ်)မှာ အစ္စလာမ့်ဥပဒေ၏အနှစ်သာရနှင့် ဆန့်ကျင်မှု မဖြစ်သမျှ အစ္စလာမ့်ဥပဒေ၌ ခြွင်းချက်များအဖြစ် ထောက်ခံအတည်ပြုထားသည်။ ၄င်းပြင် ခေတ်ကာလ အရေးအရာများနှင့်ပတ်သက်၍ ဥပဒေနှင့်စည်းမျဉ်းသတ်မှတ်မှုတို့သည် လူထုကောင်းကျိုးနှင့်အထွေထွေတိုးတက်မှု (အိစ်သိစ်လာဟ်)အတွက် ဦးတည်ရမည်ဟုလည်း ဆိုခဲ့၏။ ထိုသို့သောအရေးအရာမျိုးတွင် ဥပဒေသဘောတရား/အနှစ်သာရက ရေးသားထားသည့်ဥပဒေစာသားအား ဖုံးလွှမ်းသွားလေ့ရှိသည်။ မာလိကီလမ်းကြောင်းလိုက်သူများသည် အနောက်အာဖရိက နှင့် မြောက်အာဖရိက၌ အများဆုံး ဖြစ်၏။ အီဂျစ်၊ ဆူဒန်၊ ဘာရိန်း နှင့် ကူဝိတ်နိုင်ငံများ၌လည်း များစွာတွေ့ရ၏။ သြဇာကြီးမားသည့်ပညာရှင်အချို့က ဤလမ်းကြောင်းမှာ အမေရိကန်မုစ်လင်မ်များနှင့်ကိုက်ညီကြောင်း ထောက်ခံအားပေးသဖြင့် အမေရိကန်ပြည်ထောင်စု အတွင်း၌လည်း စတင်ရေပန်းစားနေပြီဖြစ်သည်။


၃။ ရှာဖိအီ ဥပဒေလမ်းကြောင်း

မုဟမ္မဒ် အိဗ်နု အိဒ်ရီးစ် အရှ်ရှာဖိအီ (၇၆၇-၈၂ဝ)အား အစ္စလာမ့်သမိုင်း၌ အထက်မြက်ဆုံး ဥပဒေပါရဂူများအနက် အပါအဝင်တစ်ဦးအဖြစ် သတ်မှတ်ကြသည်။ သူသည် အစ္စလာမ့်ဥပဒေ၏ရင်းမြစ်များကို ကုရ်အာန်၊ စွန္နဟ်၊ အိဂ်ျမာအ် နှင့် ကိယာ့စ်တို့အတွင်းမှသာ ထုတ်နှုတ်ပြဋ္ဌာန်းမှုပြုခဲ့သည်။ (အိမာမ်) ရှာဖိအီသည် ဟနဖီလမ်းကြောင်းမှ အိစ်သိဟ်စာန် (လွယ်ကူသည့်ဖက်ဦးစားပေးသည့်စံနစ်)ကို လက်မခံခဲ့။ သို့သာမက မဒီနဟ် လူ့အဖွဲ့အစည်းတစ်ခုတည်းကိုသာမူတည်၍ အစ္စလာမ့်အရင်းအမြစ်အဖြစ် အသုံးပြုထားသော မာလိကီ၏နည်းလမ်းကိုလည်း လက်မခံခဲ့ချေ။ ဤဥပဒေလမ်းကြောင်းက အီဂျစ်ပြည်တောင်ပိုင်း နှင့် အာရေဗျတောင်ပိုင်း၌ သြဇာကြီးမားသည်။ အရှေ့အာဖရိက၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗဟိုအာရှဒေသအချို့ နှင့် အမေရိကန်မုစ်လင်မ်များအကြား၌လည်း ဤလမ်းကြောင်း၏နောက်လိုက်များစွာ ရှိကြ၏။


၎။ ဟမ်ဗလီ ဥပဒဒေလမ်းကြောင်း

အဟ်မဒ် အိဗ်နု ဟမ်ဗလ် (၇၈ဝ-၈၅၅)၏အမည်ကို အစွဲပြုခေါ်ဝေါ်ထားပြီး ဥပဒေလမ်းကြောင်း လေးရပ်၌ ရှေးရိုးစွဲအကြီးဆုံး (ဝါ) အတင်းကြပ်ဆုံးဖြစ်၏။ အိဗ်နု ဟမ်ဗလ်သည် အစ္စလာမ့်ဥပဒေပြုရာ၌ ကိယာ့စ်ကို လုံးလုံးလျားလျား စိတ်မဝင်စားခဲ့ချေ။ သို့သော်လည်း ခွင့်ပြုနိုင်သော/ခွင့်ပြုအပ်သော အယူအဆ (အိဗာဟဟ်)ကို ထုတ်ဖော်ခဲ့သည်။ ၄င်းမှာ ကုရ်အာန်၊ စွန္နဟ်နှင့်မဆန့်ကျင်သည့်လုပ်ရပ်မှန်သမျှ တရားဝင်သည်ဟု ယူဆခြင်းဖြစ်သည်။ ဟမ်ဗလီ၏ မဇ်ဟဗ်သည် ဤအယူအဆကြောင့်သာ အသက်ရှုချောင်သွားခဲ့ရသည်။ စအူဒီအာရေဗျ၊ အိုမန်၊ ကာတာနိုင်ငံရှိ မုစ်လင်မ်အများစုက ဤလမ်းကြောင်းနောက်လိုက်ကြ၏။ အမေရိကန်နိုင်ငံ၌လည်း အစ္စလာမ်ကိုလက်ခံလာသူတို့အကြား ဤလမ်ကြောင်းကိုလက်ခံသူ တိုးပွားလျက်ရှိ၏။


နိဂုံး

အစ္စလာမ်သာသနာ့အဆုံးအမ၌ အရှိအတိုင်း သွန်သင်ဆုံးမခိုင်းထား၏။ အခြေခံကျကျ တိကျမှုဖြစ်အောင် လမ်းကြောင်းညွှန်ပြထား၏။ ဥပဒေများ၊ အဆုံးအဖြတ်များကို မိမိဆန္ဒ၊ အစွဲ၊ အတွေးအမြင်ပေါ် အခြေပြုပြီး ထုတ်ယူကျင့်သုံးသတ်မှတ်ခွင့် မရှိပါ။ ကမ္ဘာ့ဘာသာတရားများအနက် လူ့ဘောင်လောက၏အရေးအရာအ၀၀အတွက် စံနစ်တကျ ပုံစံချစည်းမျဉ်းများ၊ နည်းလမ်းများ ပေးအပ်ထားသည်မှာ အစ္စလာမ်သာသနာ တစ်ခုတည်းသာ ရှိနေပါ၏။ ယနေ့ ကမ္ဘာ့ကုလသမဂ္ဂသည်လည်းကောင်း၊ အနောက်တိုင်းမှ အတိုးတက်ဆုံးဒီမိုကရေစီနိုင်ငံများသည်လည်းကောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းကြီးများသည်လည်းကောင်း မိမိတို့၏အခြေခံမူစံနစ်များ၊ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေများတွင် အစ္စလာမ့်ယှရီအဟ်၏အုတ်မြစ်နှင့်အနှစ်သာရတို့ကို အမည်မဖော်ဝံ့ဘဲ ယူငင်သုံးစွဲကျင့်ဆောင်လျက်ရှိသည်ကို တွေ့ရပါ၏။ အဆုံးသတ်အားဖြင့်ဆိုရပါလျှင် လူတို့သည် နေရာ၊ အာဏာ၊ အတ္တစွဲ၊ ဆန္ဒ၊ ထင်ပေါ်ကျော်ကြားမှု စသည်များနောက် အာသာငမ်းငမ်းလိုက်နေကြသဖြင့် ယနေ့ကမ္ဘာတစ်ဝှန်းကိုကြည့်လိုက်သော် ငြိမ်းချမ်းရေးယှရီအဟ်ကို တိတိကျကျလိုက်နာကျင့်သုံးနေသည့် အစ္စလာမ်နိုင်ငံတစ်နိုင်ငံ အစ္စလာမ့်လူ့အဖွဲ့အစည်းတစ်ခုမျှ မရှိပါ။ ဂေါတမဗုဒ္ဓ၏ မေတ္တာထားတရားဓမ္မအပေါ် တိတိကျကျလိုက်နာကျင့်သုံးနေသည့် ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံ ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းတစ်ခုမျှ မရှိပါ။ ယေရှုသခင်၏ ခွင့်လွှတ်ခြင်းသွန်သင်ဆုံးမချက်များအပေါ် တိတိကျကျလိုက်နာကျင့်သုံးနေသည့် ခရစ်ယာန်နိုင်ငံတစ်နိုင်ငံ ခရစ်ယာန်လူ့အဖွဲ့အစည်းတစ်ခုမျှ မရှိပါ။ ဟိန္ဒူ နှင့် ဂျူးများထံတွင်လည်း ထိုနည်းလည်းကောင်းသာ ဖြစ်ပါ၏။ ဘာသာတရား နှင့် ဘာသာဝင် မကွဲပြားကြ။ လူတစ်ဦး သို့မဟုတ် လူတစ်စု၏ အတွေးအမြင်၊ စိတ်ဓာတ်၊ လုပ်ရပ်များမှာ သက်ဆိုင်ရာဘာသာတရားကို အခါခပ်သိမ်း ကိုယ်စားပြုနေသည်မဟုတ်။ ၄င်းတို့ကိုကြည့်၍ ဘာသာတရားအား ဆုံးဖြတ်သုံးသပ်မည်ဆိုပါက ကမ္ဘာပေါ်တွင် မည်သည့်ဘာသာတရားကိုမှ ကောင်းကွက်မြင်နိုင်ကြတော့မည် မဟုတ်။ ဘာသာတရားယုံကြည်မှု နှင့် လူကိုလူလိုမြင်တတ်မှု ကွဲပြားစေရန်အတွက် ဥပဒေ ဟူ၍ သတ်မှတ်ဖော်ဆောင်ခြင်း ဖြစ်ပေသတည်း။

ဘာသာမဲ့/ဘာသာမရှိသူသည် ဘာသာတရားတစ်ခုခု၏ခေါင်းစဉ်အောက်သို့ ရောက်နိုင်ချေ ရှိသေး၏။ လူကိုကြည့်၍ ဘာသာတရားကို မုန်းတီးတတ်သူတို့အဖို့မှာကား မည်သည့်ခေါင်းစဉ်အောက်၌အခွံစွပ်ထားသူဖြစ်စေကာမူ ၄င်းတို့၏သရုပ်မှန်မှာ အသိဥာဏ်နှင့်နှလုံးသားတံခါး ချိတ်ပိတ်ခံရသည့် မိစ္ဆာတိထ္ထိများ စင်စစ်ဖြစ်သတည်း။

လေ့လာမှုမရှိသော ဝေဖန်မှုသည် အသိမဲ့လမ်းသို့ လျှောက်လှမ်းနေခြင်းသာတည်း။

ဆင်ခြင်တုံတရားဖြင့် လူပီသနိုင်ကြပါစေ။

No comments:

Post a Comment

Note: only a member of this blog may post a comment.