Pages

Pages - Menu

“ အားလုံးအတွက် ကုရ်အာန် ” - ၁၇

“ အားလုံးအတွက် ကုရ်အာန် ” - ၁၇
***************************
ကုရ်အာန်၏ပြောကြားဟန်
===============
ကျမ်းမြတ်ကုရ်အာန်၏ပြောကြားချက်အပေါင်းမှာ တမန်တော် မုဟမ္မဒ်(ဆွ)၏ ရှုထောင့်မှ မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်၏ရှုထောင့်ဖက်မှ ဖြစ်နေခြင်းသည် ဘာသာတရားကျမ်းဂန်များအနက် အထူးခြားဆုံးဖြစ်၏။

၁။ အရှင်မြတ်ကိုယ်တော်တိုင် မိမိကိုယ်ကို ကတ္တားပုဒ်နေရာမှ ရည်ညွှန်းခြင်း
အလ္လာဟ်အရှင်မြတ်သည် အချို့နေရာ၌ '' ငါအရှင်မြတ် '' ဟုလည်းကောင်း၊ အချို့နေရာ၌ဝယ် '' ငါတို့ '' ဟုလည်းကောင်း သုံးနှုန်းတော်မူ၏။ ဥပမာ -
အို - တမန်တော် (မုဟမ္မဒ်)၊ ငါအရှင်မြတ်၏ကျွန်များသည် ငါအရှင်မြတ်နှင့်ပတ်သက်၍ အသင့်ထံ မေးမြန်းကြသောအခါဝယ် (ဤသို့ဖြေကြားလိုက်ပါလေ)။ ဧကန်မလွဲ ငါအရှင်မြတ်သည် (ထိုသူတို့နှင့်) နီးကပ်စွာ ရှိနေတော်မူ၏။ ငါအရှင်မြတ်အားခေါ်ယူ၍ ဆုတောင်းပတ္ထနာပြုသူတိုင်း၏တောင်းဆုကို ငါအရှင်မြတ်မှ လက်ခံတော်မူ၏။ သူတို့အား ငါအရှင်မြတ်၏ အမိန့်တော်ကို လိုလိုလားလားလက်ခံနာယူ၍ ငါအရှင်မြတ်အား သက်ဝင်ယုံကြည်ကြစေလော့။ သို့မှသာ ထိုသူတို့သည် လမ်းမှန်အတိုင်း လျှောက်လှမ်းသူများ ဖြစ်လာနိုင်ကောင်းပေမည်။ ကုရ်အာန် ( ၂း ၁၈၆ )

၂။ အရှင်မြတ်သည် မိမိကိုယ်ကို တတိယနာမ်စားနေရာမှ ရည်ညွှန်းခြင်း
ရံဖန်ရံခါ၌ အလ္လာဟ်အရှင်မြတ်သည် မိမိကိုယ်ကို တတိယနာမ်စားနေရာ၌ ရည်ညွှန်းဖော်ပြထားသည်ကို တွေ့နိုင်သည်။
အလ္လာဟ်အရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာကို အသင်တို့၏လက်အောက်ခံ ဖြစ်စေတော်မူလေပြီ။ ထိုအရှင်မြတ်၏အမိန့်တော်ဖြင့် ၄င်း(ပင်လယ်)အပေါ် သင်္ဘောများ ဥဒဟိုသွားလာနိုင်ရန်၊ ၄င်းပြင် အသင်တို့သည်
ထိုအရှင်မြတ်၏ ချီးမြှင့်မှုကို ရှာဖွေနိုင်ရန်၊ ၄င်းပြင် အသင်တို့မှ ကျေးဇူးတရားကို သိရှိစေနိုင်ရန် ဖြစ်ပေသည်။ ကုရ်အာန် ( ၄၅း ၁၂ )



တစ်ခါတစ်ရံ ထိုတတိယနာမ်စားကို နာမတော်၊ ဂုဏ်တော်နှင့်တွဲထားသဖြင့် အလ္လာဟ်အရှင်မြတ်နှင့် လူသားအကြားရှိ ပတ်သက်ဆက်နွှယ်မှုကို ခိုင်မာအားကောင်းသွားစေသည်။ ကုရ်အာန်တွင်း၌ ထိုကဲ့သို့သောစာပိုဒ်မျိုး များစွာရှိနေပေသည်။

၃။ အရှင်မြတ်ကိုယ်တော်တိုင် သမိုင်းကြောင်းကို ပြန်ပြောင်းပြောပြခြင်း
တမန်တော်များနှင့် ၄င်းတို့၏အမျိုးသားကြားရှိအကြောင်းအရာကို သမိုင်းအသွင်ဖြင့် အလ္လာဟ်အသျှင်မြတ်က ပြန်ပြောင်းပြောပြထားတော်မူ၏။ ဥပမာ - တမန်တော်မူစာ နှင့် ဖိရ်အောင်န်တို့အကြား အပြန်အလှန်ပြောဆိုမှုကို ဤသို့
တစ်ဆင့်ခံပြောပြထားတော်မူ၏။

ဖိရ်အောင်န်က - လောကခပ်သိမ်း၏ဖန်ဆင်းရှင်ဟူသည် အဘယ်နည်းဟု မေးမြန်းခဲ့၏။ (မူစာက) အာကာသကောင်းကင်များ နှင့် မြေပထဝီကိုလည်းကောင်း၊ ၄င်းတို့ကြားရှိ ဟူသမျှသော အရာတို့ကိုလည်းကောင်း ဖန်ဆင်းတော်မူသော အရှင်သခင် ဖြစ်တော်မူ၏ဟု ဖြေကြားခဲ့၏။ ထို (ဖိရ်အောင်န်)က မိမိအနီးရှိနေကြသူတို့အား အသင်တို့ကြားကြပါ၏လော ဟုဆိုလေ၏။ (မူစာက) ထိုအရှင်သည် အသင်တို့နှင့် အသင်တို့၏ရှေးဦးမဆွဘိုးဘွားတို့ကို
ဖန်ဆင်းတော်မူခဲ့သည့်အရှင်သခင်ပင်ဖြစ်၏ ဟု ပြောပြန်၏။ ထိုအခါ (ဖိရ်အောင်န်က) အသင်တို့ထံ စေလွှတ်ခံရသော အသင်တို့၏တမန်တော်မှာ ဧကန်ပင် ရူးနှမ်းသူဖြစ်၏ ဟုပြောလေရာ ထို (မူစာ)က (ထိုအရှင်မြတ်သည်)
အရှေ့တိုင်းနှင့်အနောက်တိုင်းကိုလည်းကောင်း၊ ထိုအရပ်နှစ်ခုကြားရှိ ဟူသမျှသောအရာတို့ကိုလည်းကောင်း ဖန်ဆင်းစိုးပိုင်တော်မူသည့် အရှင်သခင်ပင်ဖြစ်ကြောင်း အသင်တို့သိနားလည်ကြလျှင် ကောင်းလေစွ ဟု (ထပ်မံ)
ပြောကြားခဲ့ပေသည်။ ကုရ်အာန် ( ၂၆း ၂၃ - ၂၈ )

၎။ မုဟမ္မဒ် (ဆွ)အား ရည်ညွှန်းခြင်း
တမန်တော်မုဟမ္မဒ်(ဆွ)အား ညွှန်းဆိုလေတိုင်း တမန်တော်မှာ ဒုတိယနာမ် (ကံပုဒ်)နေရာ၌ဖြစ်၏။ ဥပမာ -

အို - တမန်တော် (မုဟမ္မဒ်)၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်၊ ကောင်းသတင်းပေးသူအဖြစ်၊ သတိပေးနှိုးဆော်သူအဖြစ် စေလွှတ်တော်မူ၏။ ၄င်းအပြင် ထိုအရှင့်ခွင့်ပြုချက်ဖြင့် (လူတို့အား) အလ္လာဟ်အရှင်မြတ်ဖက်သို့ ဖိတ်ခေါ်သူအဖြစ်၊ ရောင်ခြည်ဖြာထွက်နေသော မီးအိမ်ရှင်အဖြစ် (စေလွှတ်တော်မူလိုက်လေပြီ)။ ကုရ်အာန် ( ၃၃း ၄၅ -၄၆ )

နေ့စွဲသက္ကရာဇ် နှင့် ခေတ်ကာလများထက်
ကိုယ်ကျင့်တရားအကြောင်းကို မြင်အောင်ကြည့်ပါ
========================
ကျမ်းမြတ်ကုရ်အာန်သည် သမိုင်းအထောက်အထားများကို အနုစိတ်ဖော်ပြထားသည့် ရာဇဝင်ကျမ်းတစ်စောင် မဟုတ်ချေ။ နေရာဒေသနှင့်အချိန်ကာလ မပါဝင်သော ကိုယ်ကျင့်တရားဖြစ်စဉ်များကိုသာ အထူးပြု
ဖော်ပြထားသည့်ကျမ်းဂန်သာဖြစ်သည်။ ခုနှစ်သက္ကရာဇ်ကာလကို စဉ်ပြခြင်း၊ တိကျသောအမည်နာမများကို အသုံးပြုခြင်း၊ ဖြစ်ရပ်မှန်သမိုင်းကြောင်းကို ခင်းကျင်းဖွဲ့နွဲ့ပြခြင်းတို့သည် ကုရ်အာန်၏အလုပ် မဟုတ်ပါလေ။
ဥပမာ - စူရဟ် ယာစီန်း ( ၃၆း ၁၃ - ၃၂ )၌ လူတစ်ဦးသည် မြို့တစ်မြို့သို့လာရောက်ကာ အလ္လာဟ်အရှင်မြတ်၏ဗျာဒိတ်သတင်းကိုဟောကြားကြောင်း ဖော်ပြထား၏။ မြို့သူမြို့သားတို့မှ လက်မခံ ငြင်းဆန်ကြကုန်၏။ ထိုသူသည် သစ္စာတရားကို နားလည်အောင်ရှင်းပြလေတိုင်း လှောင်ပြောင်သရော်ခံရ၏။ ၄င်းနောက် မြို့သူမြို့သားတို့မှာ သစ္စာတရားကို ငြင်ပယ်ဖီဆန်သည့်အတွက် ချေမှုန်းဖျက်ဆီးခံရပြီး အလ္လာဟ်အရှင်မြတ်က ထိုသူ၏စွမ်းဆောင်မှုအပေါ် အကျိုးဆုလာဘ်ချီးမြှင့်တော်မူလေ၏။ ဤဖြစ်ရပ်၌ လူပုဂ္ဂိုလ်နှင့်နေရာဒေသ၏အမည်၊
မည်သည့်ခေတ်ကာလ ဟူသည်ကို ဖော်ပြမထားပါ။
ဤဖြစ်ရပ်မှ ဗျာဒိတ်သတင်းကိုလက်ခံရန် ထောက်ပြထားသည်။ သမိုင်းကြောင်းဆင့်ပြန်ချက် မဟုတ်သည့် ဤပုံဟန်မှ - နေရာဒေသ၊ ခေတ်ကာလတို့အား ဖြတ်သန်းကျော်လွန်ပြီး စစ်မှန်သောကိုယ်ကျင့်တရားများသည
ဥပဓိရုပ်ဆင်းထက် အရေးကြီးသည်ဟူသော အတွေးအခေါ်ကို ပေးအပ်ထားပေသည်။ ကုရ်အာန်က လက်ရှိ ခေတ်သမယအတွင်းမှနေ၍ အတိတ်ကာလဖြစ်ရပ်အချို့တင်ပြပါက '' ပြန်လည်သတိရကြပါလေ '' ဟူသော စကားဖြင့် အစချီထားလေ့ရှိ၏။
ရံဖန်ရံခါ ဖြစ်ရပ်တစ်ခုတည်းကို သာသနာ့လမ်းစဉ် သို့မဟုတ် ကိုယ်ကျင့်တရားပဲ့ပြင်မှုအဆုံးအမများဖြင့် ကျမ်းဂန်၏အစိတ်အပိုင်းအမျိုးမျိုးတွင် တစ်ကြိမ်ထက်မက တွေ့မြင်နိုင်မည်။ အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်များကိ
စူရဟ်တိုင်း၌ တွေ့ရသကဲ့သို့ဖြစ်သည်။ အကြောင်းအရာပေါင်းစုံကို ကျမ်းဂန်တစ်စောင်လုံးအနှံ့ ဆွေးနွေး ထားသော်လည်း မည်သည့်အကြောင်းရပ်ကိုမျှ စူရဟ်တစ်ပုဒ် သို့မဟုတ် စာပိုဒ်တစ်ခုတည်းအတွင်း၌သာ
ဘောင်ခတ်သတ်မှတ်ပိတ်လှောင်ထားခြင်း မရှိပါချေ။

အခန်း (၄) ပြီး၏။

(ဆက်လက်ဖော်ပြပါမည်)

 July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.