Pages

Pages - Menu

အစ္စလာမ် နှင့် ကုရ်အာန်သည် ခေတ်စံနစ်၏နောက်တွင် ကျန်ရစ်နေခဲ့ပါသလော ? ( ၂ )

အစ္စလာမ် နှင့် ကုရ်အာန်သည် ခေတ်စံနစ်၏နောက်တွင်
ကျန်ရစ်နေခဲ့ပါသလော ? ( ၂ )
*************************************
စီးပွားရေးရာ နှင့် လွတ်လပ်စွာကုန်သွယ်ကူးသန်းမှု
-------------------------------------------------------
အပေးအယူမျှတမှန်ကန်သည့် ရောင်းဝယ်ရေးဖြစ်နေသရွေ့ လွတ်လပ်စွာကူးသန်းရောင်းဝယ်မှုကို ကုရ်အာန်က တိုက်တွန်းထားသည်။

အို - သက်ဝင်ယုံကြည်သူအပေါင်းတို့။ အသင်တို့သည် မိမိတို့အချင်းချင်း အပြန်အလှန် သဘောတူ ကျေနပ်မှုဖြင့် တစ်စုံတစ်ရာ ရောင်းဝယ်ဖောက်ကားကြသည်မှတစ်ပါး အချင်းချင်း မတရားသောနည်းဖြင့် (ရလာသော) မိမိဥစ္စာပစ္စည်းများကို စားသုံးခြင်း မပြုကြကုန်လင့်။ ကုရ်အာန် ( ၄း ၂၉ )

သို့ဖြစ်ရာ လူ့အဖွဲ့အစည်းအတွင်း မငြိမ်သက်မှုကိုဖြစ်ပေါ်စေပြီး စီးပွားကူးသန်းမှုအား ခက်ခဲကြပ်တည်းသွားစေသည့် ဒုစရို

က်သားများကို အစ္စလာမ့်ဥပဒေက ကြီးလေးသောပြစ်ဒဏ်ကို ပေးစေသည်။
ပိုင်ဆိုင်မှုအား တန်ဖိုးထားစေသည့် ကုရ်အာန့်ဥပဒေတစ်ရပ်ကို ဤသို့တွေ့နိုင်သည်။

အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦး၏ပစ္စည်းကိုတစ်ဦးက မတရားသောနည်းဖြင့် မစားသုံးကြကုန်လင့်။ ကုရ်အာန် ( ၂း ၁၈၈ )

လူတို့၏ပိုင်ဆိုင်မှုအား ထိန်းသိမ်းပေးရန်အလို့ငှါ ခိုးဝှက်ခြင်းအပေါ် ကြီးမားပြင်းထန်သည့်ပြစ်ဒဏ်ကိုလည်း ပေးစေကြောင်း မြင်ရပေလိမ့်မည် (၅း၃၈)။
အစ္စလာမ့်စီးပွားရေးပုံစံသည် ဆိုရှယ်လစ် သို့မဟုတ် ကွန်မြူနစ်ဝါဒနှင့် ကိုက်ညီခြင်း မရှိချေ။ ယင်းသို့သောအာဏာရှင်အစိုးရသည် မည်သည့်နိုင်ငံသား၏ဘဏ္ဍာရေးကိုမျှ ထိန်းညှိကိုင်တွယ်ပေးနိုင်စွမ်းမရှိ၊ ဇကာ့သ်ဒါနကိစ္စ၌ သာ၍ပင်ပိုဆိုးပေမည်။ ဇကာ့သ်သည် လူ့အဖွဲ့အစည်းရှိ သူဆင်းရဲနှင့်ဒုက္ခရောက်နေသူများအား ကူညီရန် သို့မဟုတ် လူထုကောင်းစားရေးစီမံချက်များ (ဥပမာ - ပညာရေးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ)၌ ဖြန့်ဝေသုံးစွဲရန် ဖြစ်သောကြောင့်ပင်။
ကုရ်အာန်က ပုဂ္ဂလပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုထားသည်။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ တူညီသောလုပ်အားအတွက် တူညီသောလုပ်ခကိုပေးရန် ဆိုထားသည် (၄း၃၂)။ လွတ်လပ်စွာကုန်သွယ်ကူးသန်းမှု နှင့် စီမံဆောင်ရွက်မှုကို ကုရ်အာန်က အားပေးထား၏။

ထို့နောက် ဆွလာသ်ဝတ်ပြုမှုပြီးဆုံးသောအခါ အသင်တို့သည် ပထဝီမြေဝယ် အနှံ့အပြားသွားလာကြလျက် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်တည်းဟူသော ရိက္ခာကို ရှာဖွေရယူကြလေကုန်။ ကုရ်အာန် ( ၆၂း ၁ဝ )

ကုရ်အာန်၌တွေ့ရသော စီးပွားရေးပုံဟန်သည် သမမျှတပြီး ဘက်ညီမှုရှိသည့် စည်းမျဉ်းအပေါ် တည်ရှိနေသည် (၁၇း၂၉ ၊ ၁၈း၄၆)။ စားသောက်သုံးစွဲခြင်းကို ခွင့်ပြု၏၊ ရက်ရက်ရောရောပေးကမ်းခြင်းကိုလည်း တိုက်တွန်း၏၊ သို့သော် စေးနည်းတွန့်တိုခြင်း နှင့် (အတိုင်းထက်အလွန်သုံးခြင်း) ဖြုန်းတီးခြင်းကိုမူ ပြင်းပြင်းထန်ထန် ရှုတ်ချပြစ်တင်ထားပါသည် (၂း၁၆၈ ၊ ၆း၁၄၁ ၊ ၁၇း၂၇ ၊ ၃၅း၂၉)။ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ဝါသနာအလုပ်၊ တင့်တယ်သောဝတ်စားတန်ဆာဆင်ယင်မှုတို့ကိုလည်း ကျင့်ဝတ်အားကျော်လွန်ပြီး ဥစ္စာဓန၏ကျေးကျွန်ဘဝသို့ မရောက်သွားလျှင် - အလ္လာဟ်အရှင်မြတ်သည် ရိက္ခာကိုအကောင်းဆုံးချီးမြှင့်နိုင်တော်မူသောအရှင်သခင်ဟူသည့် အသိ မပျောက်ပျက်လျှင် ကုရ်အာန်က အားပေးထား၏ (၇း၃၁ ၊ ၄၂း၃၆ ၊ ၆၂း၁၁ ၊ ကဏ္ဍ ၁ဝ၂ ၊ ကဏ္ဍ ၁ဝ၆ )။ အချို့မှာ အချို့ထက် ပိုမိုချမ်းသာကြွယ်ဝကြ၏။ ငွေကြေးဆိုင်ရာအဆင့်တစ်ခုချင်းစီ၌ ဖန်ဆင်းရှင်၏စမ်းသပ်မှုတစ်ခုစီ ရှိနေ ကြ၏။ ကြွယ်ဝသူများမှာ အလှူဒါန နှင့် သက်ညှာထောက်ထားခြင်း ဟူသော စမ်းသပ်မှုကို ရင်ဆိုင်ရသည် (၂း၂၇ဝ -၂၇၁)။ သူဆင်းရဲများမှာ စိတ်ရှည်ကြံ့ခိုင်ခြင်းဟူသည့် စမ်းသပ်ခြင်းကို ခံကြရကုန်၏ (၂း၁၅၃-၁၅၇)။ မည်သို့ပင် ဖြစ်စေကာမူ အစ္စလာမ့်လူ့အဖွဲ့အစည်းတစ်ရပ်သည် မိမိတို့ထက်နိမ့်ကျသောညီနောင်မောင်နှမတို့အပေါ် ခွဲခြား နှိမ့်ချဆက်ဆံခြင်း အလျဉ်းမပြုရချေ။ လူတိုင်းအား စွမ်းရည်ရှိသည့်အလျောက် လုပ်ငန်းနှင့်ကုန်သွယ်မှုကို လွတ်လပ်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ခွင့်ပေးထားပြီးဖြစ်သဖြင့် နိမ့်ကျသူများအပေါ် တားမြစ်နှောင့်ယှက်ခြင်း လုံးဝပြုခွင့်မရှိချေ (၄င်းသည် ခွဲခြားနှိမ့်ချဆက်ဆံခြင်းပင်ဖြစ်သည်)။ ဘက်ညီမျှတသည့် ကုန်သွယ်ဖောက်ကားမှုအလို့ငှါ ကုရ်အာန်က စီးပွားရေးဆိုင်ရာကျင့်ဝတ်များကို ဥပဒေအဖြစ် ချမှတ်ထားပါသည်။ ဥပမာ မည်သည့်ရောင်းဝယ်ဖောက်ကားမှုပင် ဖြစ်စေ (အခြေအနေပေးလျှင်) လူသက်သေနှစ်ဦး သို့မဟုတ် သုံးဦး၏ရှေ့မှောက်၌ ပြုလုပ်စေသည်။ ၄င်းပြင် ဖြစ်လာနိုင်ချေရှိသော ပဋိပက္ခများမှရှောင်လွဲနိုင်ရန်အတွက် (စာချုပ်စာတမ်းကဲ့သို့) ရေးသားမှတ်သားမှု ပြုကြရမည်ဟု ဆိုထား၏ (၂း၂၈၂-၂၈၃)။ ထို့အတူ ပြောသည့်စကား ပေးသည့်ကတိ တည်ကြည်ရပါမည် (၂း၁၇၇ ၊ ၅း၁)။ သို့သာမက ကလိမ်ကျခြင်းကိုလည်း ပြင်းထန်စွာတားမြစ်ထားသည့်အပြင် ၊ ကုရ်အာန်က ရောင်းဝယ်ဖောက်ကားရာ၌ ပြတ်သားရှင်းလင်းမှု နှင့် တည်ကြည်မှုဟူသော သမာဓိအဆင့်ရှိစေရန် တိုက်တွန်းမပျက်ဖော်ပြနေပါသည် (၂း၂၆၇ ၊ ၂၆း ၁၈၁ ၊ ၅၅း၉)။
စီးပွားရေးဆိုင်ရာ အစ္စလာမ့်သွန်သင်မှု နှင့် ခေတ်သစ်ဘောဂဗေဒအကြား အတိုးကိစ္စရပ်၌ ကွာဟချက် အလွန်ပင်ကြီးမားပါသည်။ ကုရ်အာန်က အတိုးကို အပြင်းထန်ဆုံး နှင့် အတင်းကြပ်ဆုံး တားမြစ်ပိတ်ပင်ထား၏ (၂း၂၇၅)။ ဤသို့လည်း ဆိုထားသေး၏။

အလ္လာဟ်အရှင်မြတ်သည် အတိုးအညွှန့်၌ ဆုတ်ယုတ်ပျက်စီးစေတော်မူ၍ ပေးကမ်းလှူဒါန်းမှု၌ တိုးတက်မှု ရှိစေတော်မူ၏။ ကုရ်အာန် ( ၂း ၁၇၆ )
** ယနေ့လက်ရှိဆယ်စုနှစ်များအတွင်း အတိုးအညွန့်ပေါ်အခြေပြုသည့် ကမ္ဘာ့စီးပွားရေးကဏ္ဍမျိုးစုံတွင် ဖရိုဖရဲ ကမောက်ကမ ဖြစ်နေကြသည်မှာ လက်တွေ့ပင် ဖြစ်သည် **
အတိုးအညွန့်သည် ဆင်းရဲသူများ နှင့် ကြွေးနစ်နေသူများအပေါ် ဒုက္ခဝန်ထုပ်များကို တစ်ပူပေါ်နှစ်ပူဆင့် သွန်းလောင်းသည့်ကိစ္စဖြစ်သည်ဟု ကုရ်အာန့်ရှုထောင့်က ဖော်ပြသည်။ ကုရ်အာန်၏အတိုးတားမြစ်ချက်သည် ငွေကြေး /စီးပွားရေး၌ တရားမျှတမှုရှိစေလိုသည့် အကြောင်းရင်းတစ်ရပ်ကြောင့်လည်း ဖြစ်သည်။
ဤတားမြစ်ချက်က အတိုးအခြေပြုဘဏ်စံနစ် ကြီးထွားလွှမ်းမိုးနေသော ကမ္ဘာ့ဒေသများရှိ ခေတ်သစ် မုစ်လင်မ်တို့အတွက် တကယ့်မဟာပြဿနာ အသွင်ဆောင်နေပါသည်။ ဥပမာ - အိမ်မြေဝယ်ယူလိုသည့်မုစ်လင်မ်များမှာ ဤစည်းမျဉ်းကြောင့် မည်သို့ရှေ့ဆက်ရမည်ကိုမသိ ဖြစ်ကုန်၏။ အတိုးကိစ္စအား (မိမိဆန္ဒမပါဝင်ဘဲ) မည်သို့မျှ ရှောင်မလွတ်တော့လျှင် အရေးပေါ်နှင့်အကြပ်အတည်းဆိုင်ရာဥပဒေလမ်းကြောင်းအရ မုစ်လင်မ်များအဖို့ အတိုးနှင့် ပတ်သက်ခွင့်ဖြစ်လာရကြောင်း ပညာရှင်များစွာက ဆိုကြကုန်၏။ အကြောင်းမှာ အစ္စလာမ့်ဥပဒေပညာရှင်များက စား၊ ဝတ်၊ နေရေးကို ပင်မ လူ့လိုအပ်ချက်အဖြစ် သတ်မှတ်၍ဖြစ်သည်။ ထို့အတူ အတိုးကိုရှောင်ဖယ်ရန် အခြား နည်းလမ်းမရှိတော့သည့်အခါမှသာ ပြုခွင့်ရှိကြောင်း သိမှတ်ရန်အရေးကြီးလှပါသည်။ သို့ရာတွင် မိမိဥစ္စာဓန တိုးပွားရေးအတွက် အတိုးကိစ္စ၌ ပါဝင်ပတ်သက်ခြင်းကိုမူ ပညာရှင်အများစုမှ တင်းကြပ်စွာ တားမြစ်လေ့ရှိပါသည်။

လောကီဝါဒ နှင့် စာရိတ္တ
------------------------
စာရိတ္တထက် လူမှုရေးကိုသာ ဦးစားပေးသော လောကီဝါဒယဉ်ကျေးမှုအား ကုရ်အာန်က ပယ်ချထား၏။ ကုရ်အာန်ကဖော်ပြထားသော ကိုယ်ကျင့်တရား (စာရိတ္တ)သည် ပြီးပြည့်စုံ၏၊ အဆုံးမဲ့ဖြစ်၏။ ဖန်ဆင်းရှင်သည် စာရိတ္တတရားကို ယနေ့တစ်မျိုး နောက်နေ့တစ်ဖုံ ပြောင်းလဲသတ်မှတ်တော်မူခြင်း မရှိ။ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်၊ တရားမျှတမှုနှင့်မတရားမှုတို့အကြား ဆုံးဖြတ်ခွဲခြားနိုင်ရန်အတွက် ကျမ်းမြတ်ကုရ်အာန်ကို ထာဝရမှတ်ကျောက်အဖြစ် ချမှတ်ပေးတော်မူခဲ့သည် (၂၅း၁)။
လောကီကောင်းစားရေးဝါဒ၌ အဓိပ္ပာယ်အမျိုးမျိုး နှင့် ဖွင့်ဆိုချက်အသီးသီးရှိနေကြ၏။ အမေရိကန်ပြည်ထောင်စု၌ ဝတ်ပြုကျောင်း/ကျောင်းတော်ဝါဒ နှင့် နိုင်ငံကို သီးခြားစီခွဲထုတ်လိုက်ခြင်း ဟု လောကီဝါဒအပေါ်သတ်မှတ်သည်။ တစ်နည်းအားဖြင့် ဝတ်ပြုကျောင်း (ဘာသာရေး)သည် လူထုရေးရာ (လောကီရေး)မှ ကင်းအောင်နေပြီး၊ နိုင်ငံသည် သာသနာ၏အရေးအရာမှ ကင်းစွာနေခြင်းဖြစ်သည်။ ဤလောကီဝါဒပုံစံက နိုင်ငံရေးကြောင့် သာသနာပျက်စီးခြင်းမှလည်းကောင်း၊ သာသနာကြောင့် နိုင်ငံရေးမူဝါဒပျက်စီးခြင်းမှလည်းကောင်း အကာအကွယ်ပေးလျက်ရှိသည်ဟု ယင်းဝါဒကိုထောက်ခံသူများမှ ဆိုကြ၏။ နိုင်ငံရေးအယူအဆဆိုင်ရာ အစ္စလာမ့်ပညာရှင်အချို့က ဤပုံဟန်ကို နှစ်သက်လိုလားကြ၏။ အကြောင်းမှာ အာဏာပိုင်တို့မှ သာသနာရေးအပေါ် ဖိအားပေးစွက်ဖက်ခြင်းကိစ္စများကို ၄င်းတို့အနေနှင့် စိတ်ပျက်နေကြ၍ဖြစ်သည်။
ဥရောပတစ်ခွင်၌မင်းမူနေသော လောကီဝါဒ၏ အခြားပုံဟန်တစ်ခုမှာကား လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို အပြင်းထန်ဆုံးကန့်သတ်တားမြစ်လိုက်ခြင်းပင်ဖြစ်သည်။ ဤဝါဒပုံစံသည် နိုင်ငံနှင့်ဘာသာရေးကို ပိုင်းခြားကန့်သတ်ပစ်လိုက်သည်သာမက - လူထုအကြား ဘာသာရေးအဆုံးအမ နှင့် လုပ်ရပ်များ ဆိတ်သုဉ်းသွားစေသည်။ သို့ဖြစ်ရာ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်အား ဖော်ဆောင်ရန် ခက်ခဲလှပေသည်။ ဤစံနစ်ကိုထောက်ခံကြသူတို့က - သာသနာရေးကိစ္စများကို သက်ဆိုင်ရာအသိုင်းအဝန်းအတွင်း၌ ကျင့်သုံးဖော်ဆောင်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်၊ လူထုရပ်ဝန်း၌ မည်သူတစ်ဦးမျှ အခြားသူတစ်ဦး၏ယုံကြည်ချက် လွှမ်းမိုးမှု မခံစေရဟု ဆိုကြကုန်၏။ ယင်းအယူအဆမှာ မုစ်လင်မ်တို့နှင့် မည်သို့မျှ သဟဇာတ မဖြစ်ပေ။ အကြောင်းမှာ 'အိဗာဒဟ်' မည်သော အစ္စလာမ်သာသနာ၏ ခဝပ်ခြင်းအရေးအရာများသည် နေအိမ် နှင့် ဗလီဝတ်ကျောင်းတော်၏ဘောင်ကျဉ်းကျဉ်းလေးအတွင်း၌သာ ရှိမနေသောကြောင့် ဖြစ်သည် (၂း၁၇၇)။ အစ္စလာမ်သည် လိုလျှင်ယူငင်အသုံးပြုပြီး မလိုလျှင် ဘေးဖယ်စွန့်ပစ်နိုင်သည့်အရာမဟုတ်ကြောင်း၊ တစ်သမတ်တည်းသော ဘဝလမ်းစဉ်သာဖြစ်ကြောင်း ကုရ်အာန်က သင်ပြထားပါသည် (၂း၂ဝ၈)။
အထက်ပါ လောကီဝါဒနှစ်မျိုးလုံး (အထူးသဖြင့် ဒုတိယအမျိုးအစား)က ဖန်ဆင်းရှင်၏အာဏာစက်ကို ထိပါးစော်ကားရာရောက်နေပါသည်။ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ဥပဒေနှင့်မူဝါဒများ၌ အစ္စလာမ့် ဥပဒေစည်းမျဉ်းများကို အလျဉ်းသင့်သည့်ကဏ္ဍများတွင် ထည့်သွင်းစီရင်အပ်ပေသည်။ ဗျာဒိတ်ဥပဒေနှင့် ပြောင်ပြောင်ကြီးထိပ်တိုက်ဆန့်ကျင်သည့် လူလုပ်ဥပဒေကို ပြဌာန်းအတည်ပြုခြင်းမှာ အစ္စလာမ့်ထုံးဓလေ့၌ ပြစ်မှုကြီးတစ်ရပ်ဟု သတ်မှတ်ထားပါသည် (၃း၁၈၅)။ ဤအချက်က ကုရ်အာန်၏အနှစ်သာရများသည် လောကီဝါဒနှင့်တစ်ထပ်တည်းကျရန် မဖြစ်နိုင်ခြင်း၏ သာဓကပင် ဖြစ်ပါတော့သည်။
July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.