Pages

.

ဝိဥာဏ အင်အားဖြည့် စာစုများ ၄ မှ ၆

ဝိဥာဏ အင်အားဖြည့် စာစုများ (၄)

ချုံကြားမှ ဘုံဖျားသို့
***************
နွားမသည် နို့ကိုပေး၏။ ဤသည်မှာ ကမ္ဘာတစ်ဝှန်းကလက်ခံထားသော အကြောင်းတစ်ရပ်ဖြစ်၏။ သို့သော် ဤထူးခြားသည့်လုပ်ဆောင်ချက် မည်သို့ပုံပေါ်လာကြောင်း ရှေ့တိုးစဉ်းစားသူ နည်းပါးလှ၏။ မြက်ကို နို့အဖြစ် ပြောင်းလဲစေသော စွမ်းဆောင်ချက်က နွားမထံ၌ ရှိနေခြင်းကြောင့် နို့ကို ထုတ်လုပ်ပေးနိုင်ခြင်းဖြစ်သည်။ ဤအံ့ဘနန်းစွမ်းရည်က ဖန်ဆင်းရှင်၏ဝေနေယျလောကရှိ သာမန်အရာလေးမှသည် ပိုမိုရှုပ်ထွေးနက်ရှိုင်းသည့် အရာသို့ အသွင်ပြောင်းလဲစေပြီး၊ ကျွန်ုပ်တို့မှ နို့ ဟုခေါ်ဆိုရာ အဖိုးတန်အရည်ကို ထုတ်လုပ်ပေးလိုက်သည်။

အပင်များထံတွင်လည်း အလားတူစွမ်းဆောင်ရည်တစ်ရပ်အား တွေ့ရ၏။ ကျွန်ုပ်တို့သည် ထိုအပင်များထံမှ ကောက်ပဲ သီးနှံ နှင့် ဟင်းသီးဟင်းရွက်များ ရရှိကြ၏။ ဤအရာသည် မည်သည့်အခြေအနေများအောက်မှ ဖြစ်ပေါ်လာရသနည်း ? အပင်တို့သည် မြေကြီးထံမှ ရေနှင့်အာဟာရဓာတ်တို့ကို လက်ခံရယူပြီးနောက် ကောက်ပဲသီးနှံနှင့်ဟင်းသီးဟင်းရွက်များ အဖြစ် အသွင်ပြောင်းပေးလိုက်ရာမှ ဤသို့ဖြစ်ပေါ်လာရပေသည်။ အပင်က အဆင့်နိမ့်သည့်အရာတစ်ခုကို မိမိအတွင်းသို့ ၀င်ရောက်ခွင့်ပြုလိုက်၏။ သို့သော် အတွင်းပိုင်းယန္တရား၏အလုပ်လုပ်ပုံစံနစ်ဖြင့် အဆင့်မြင့်အရာတစ်ခု အသွင်သို့ (ပြောင်းလဲ) ထုတ်လုပ်လိုက်လေသည်။



လူ့ဘ၀အတွက်လည်း ဤသို့ပင်ဖြစ်သည်။ ရလဒ်ကောင်းထွက်ပေါ်လိုလျှင် အသွင်ပြောင်းနည်းစဉ်တစ်ခုကို ဖော်ဆောင်ရပေမည်။ လူသားသည် အောင်မြင်မှုအလို့ငှာ မိမိဝန်းကျင်မှ အကောင်းအဆိုးတွန်းအားနှစ်ရပ်လုံးကို လည်းကောင်း၊ နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ မိမိ၏ပညာရေးထံမှ အသိပညာကိုလည်းကောင်း၊ မွေးရာပါ ကာယနှင့်စိတ္တတုန့်ပြန်ချက်ကိုလည်းကောင်း လက်ခံစုပ်ယူတတ်ရပေမည်။ ၄င်းနောက် အပင်က မြေဆီမြေနှစ်ကို အာဟာရဓာတ်အဖြစ်ပြောင်းလဲကာ သီးနှံများဖြစ်ထွန်းသွားစေသည့်နည်းလမ်းအတိုင်း ထိုအရာများအား “အောင်မြင်မှု” အဖြစ်သို့ အသွင်ပြောင်းယူရပေမည်။ အရှုံးများထဲကပင်လျှင် အတွေ့အကြုံအား စစ်ထုတ်ပြီး အနာဂတ်အတွက် ပိုမို ကောင်းမွန်သော- အောင်မြင်စေသော လမ်းကြောင်းကိုလည်း မိမိဖာသာ ချမှတ်ဖော်ဆောင်သွားရမည်ဖြစ်သည်

ဤသည်မှာ လူသားအတွက်ဖြစ်စေ၊ အခြားသက်ရှိသတ္တ၀ါများအတွက်ဖြစ်စေ လောကသဘာဝ၏ဓမ္မသတ် ဖြစ်၏။ သို့ဖြစ်ရာ မိမိထံတိုးဝင်လာသောအခွင့်အလမ်းများကို ပုံဖော်ယူနိုင်သည့်စွမ်းရည်ရှိသူတိုင်းအဖို့ အောင်မြင်စေရာ အနေအထားအဖြစ် လျောက်ပတ်တင့်တယ်အောင် တန်ပြန်ပြောင်းလဲတတ်ကြ၏။ အခြားတစ်ဖက်တွင်ကား ဤထူးခြားချက်ကို အမိအရ မဆုပ်ကိုင်နိုင်သူများအဖို့ အရှုံးနှင့်သာ အဆုံးသတ်ရပါတော့သည်။

ဖန်ဆင်းရှင်က မိမိအလိုတော်၏၀ိသေသတစ်ရပ်အနေနှင့် နွားကို ဖန်ဆင်းထားတော်မူ၏။ ဖန်ဆင်းရှင်က ကျွန်ုပ်တို့အား ဘာဖြစ်စေလိုသည်ကို နွားများထံမှတစ်ဆင့် ပြသပေးတော်မူ၏။ ကျွန်ုပ်တို့ရရှိသည်မှာ “မြက်” အသွင်ဖြင့်ဖြစ်နိုင်သော်လည်း “နို့”ဖြစ်လာအောင် ပြုလုပ်ရပါမည်။ လူတို့သည် ကျွန်ုပ်တို့အပေါ် မတရားမှုပြုလေသည့်တိုင် ကျွန်ုပ်တို့အဖို့ ယင်းမတရားမှုကို အခွင့်အရေးအဖြစ် အသွင်ပြောင်းပစ်ရန် လိုအပ်ပါ၏။ ၄င်းအပြင် ကျွန်ုပ်တို့သည် ဒုက္ခ၏၀ိုင်းရံမှုကိုခံရသော် ယင်းဒုက္ခုကိုလည်း လမ်းကြောင်းပြောင်းတတ်ရပေလိမ့်မည်။


 ၀ိဥာဏ အင်အားဖြည့် စာစုများ (၅)

ကြက်ဥ ပုံပြင်
**********
ကြက်ဥတစ်လုံးကို ဗဟိဒ္ဓအမြင်နဲ့ကြည့်လိုက်တယ်။ လတ်ဆတ်လုံးချောနေပြီး ကောင်းကောင်းမွန်မွန် လှလှပပလေးပါဘဲ။ ဒါပေမယ့် တကယ်ကောင်းမကောင်းဆိုတာ အခွံခွာကြည့်မှ သိမှာလေ။ ဒီနေ့လူသားတွေကလည်း ဒီလိုပါဘဲ။ သူတို့ရဲ့ပြင်ပအခွံတွေကို ဖောက်ထွင်းမကြည့်ဘဲနဲ့ အမှန်ကိုမြင်နိုင်မှာ မဟုတ်ပေဘူး။ သူတို့ခန္ဓာကိုယ်ပေါ် တင့်တယ်လှပတဲ့အ၀တ်အစားတွေ ဆင်ယင်ထားကြတယ်။ သူတို့ရဲ့အတွေးအကြံတွေကို တောက်ပပြောင်မြောက်တဲ့ စကားလုံးတွေနဲ့စွပ်ထားကြတယ်။ ကျွန်တော်တို့အမြင်မှတော့ တကယ့်ကို တင့်တယ်ကောင်းမြတ်နေသလိုပါဘဲ။ ဒါပေမယ့် အဲ့ဒီအခွံတွေရဲ့အောက်မှာ အကျည်းတန်စရိုက်ဆိုးတွေ ခိုအောင်းတိမ်မြုပ်နေနိုင်ပါတယ်။ ဒီလိုလူစားတွေကို အနီးကပ်ပေါင်းသင်းကြည့်တဲ့အခါကျမှ - ရောနှောဆက်ဆံကြည့်တဲ့အခါကျမှ - အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့တဲ့အခါကျမှ သရုပ်မှန်ကို မထင်မှတ်ဘဲ တွေ့လာ သိလာကြရတယ်။

လူကြီးလူကောင်းဆိုတဲ့ မျက်နှာစာနောက်ကွယ်မှာ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တန်ဖိုးမဲ့မှု၊ မာယာပရိယာယ်၊ မာန်မာန၊ အစွဲ၊ မောက်မာမှု၊ အမြတ်ထုတ်ခေါင်းပုံဖြတ်တတ်ခြင်း စတာတွေ စုပြုံတည်ရှိနေတဲ့ လူစားမျိုးဟာ သူတို့အကျိုးစီးပွားကို ပခုံးချင်းယှဉ်လာတာနဲ့တပြိုင်နက် သရုပ်မှန်သဏ္ဍာန်စစ်တွေ ပေါ်လွင်လာတာပါဘဲ။ အဲ့ဒီအခါမှ သူ့ရဲ့အရောင်အသွေး အမှန်ကို ကျွန်တော်တို့ မြင်လိုက်ကြရတယ်။ အင်း ......... လက်စသတ်တော့ ကြက်ဥပုပ်ကြီးပါလား လို့လေ။

လက်ရှိကမ္ဘာရဲ့ သဘောကွဲလွဲမှုနွံအိုင်များထဲမှာ “ ငါသာလျှင် ကြက်ဥကောင်း ” အဖြစ် စီမံကိန်းချပုံဖော်နေလေ့ရှိတဲ့ အရေခြုံတွေကသာ ထိပ်တန်းကို ရောက်နေတတ်လေရော။ ဒါပေမယ့် ဒီဖြစ်အင်ဟာ တာရှည်မခံပါဘူး။ လူသားတွေကို နောက်လောကတစ်ခုထဲ နေရာချပေးမယ့် အချိန်ကာလဟာ တရွေ့ရွေ့နဲ့ မနှေးအမြန် ချဉ်းကပ်နီးကပ်လာပါပြီ။ အဲ့ဒီအချိန်ရောက်ယင် အခွံတွေအားလုံး ခွာချခံရပါလိမ့်မယ်။ ဂုဏ်အင်သြဇာတွေအားလုံး လူတွေရဲ့လက်ထဲမှာ ရှိနေတော့မှာမဟုတ်တော့ပါဘူး။ ဖန်ဆင်းရှင်တစ်ပါးတည်းရဲ့ လက်တော်ထဲမှာဘဲ အလုံးစုံရောက်ရှိနေမှာ ဖြစ်ပါတယ်။



ဝိဥာဏ အင်အားဖြည့် စာစုများ (၆)

ကုရ်အာန် နောက်တစ်မျိုး
*******************
တစ်ခါက မုစ်လင်မ်တစ်ဦးသည် မုစ်လင်မ်မဟုတ်သူတစ်ဦးအား ကုရ်အာန်(ဘာသာပြန်)တစ်စုံကို ဖတ်ရှုရန် ပေးခဲ့၏။ မုစ်လင်မ်မဟုတ်သူက လိုလိုလားလားယူသွားပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် အစမှအဆုံးတိုင် ဖတ်ရှုလေ၏။ ၄င်းတို့နှစ်ဦး နောက်တစ်ကြိမ်တွေ့ဆုံသောအခါ မုစ်လင်မ်မဟုတ်သူက ဤသို့ဆို၍ ပြန်ပေးလေ၏ “ ငါဖတ်ဖို့အတွက် ကုရ်အာန် နောက်ထပ်တစ်မျိုးကို ပေးပါဦး ”။

မုစ်လင်မ်ဖြစ်သူက သူ့မိတ်ဆွေမှာ ကုရ်အာန်ဘာသာပြန်ပုံစံနောက်တစ်မျိုး လိုချင်သည်ဟု ထင်မြင်ပြီး ထပ်မံရှာဖွေကာ ပေးလိုက်ပြန်၏။ မုစ်လင်မ်မဟုတ်သူကလည်း မိနစ်အနည်းငယ်မျှ လှန်လျောဖတ်ရှုကြည့်ပြီးနောက် ပြောလိုက်သည်ကား “ အယင်တစ်အုပ်အတိုင်းပါဘဲ။ ဘာမှမထူးဘူး။ ငါဆိုလိုတာက - မင်းတို့ မုစ်လင်မ်တွေ နေ့စဉ်ကျင့်သုံးနေတဲ့ လမ်းညွှန်ကုရ်အာန်ကို ပြောတာလေ ” ဟူ၏။

သာမန်အားဖြင့် ဤသည်ကို ရယ်စရာမျှဟု ထင်ကောင်းထင်ကြပေမည်။ သို့သော် ၄င်းမုစ်လင်မ်မဟုတ်သူ၏စကားမှာ မုစ်လင်မ်တို့၏အရှိုက်ကို ထိမှန်သွားစေပါသည်။ မုစ်လင်မ်တို့ထံတွင် ကုရ်အာန် နှစ်မျိုး အမှန်ရှိနေသလော ? ရှိနေသကဲ့သို့ ဖြစ်နေပါသည်။ ပထမတစ်မျိုးမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကျော်က ဖန်ဆင်းရှင်မှထုတ်ပြန်ချမှတ်ပေးသော ကုရ်အာန်ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ မုစ်လင်မ်တို့မှ မိမိဖာသာ ရေးသားသတ်မှတ်ထားသော ကုရ်အာန်ဖြစ်သည်။ ပထမတစ်မျိုးသည် ဧကန်မလွဲ ကျမ်းမြတ်ကုရ်အာန် မူရင်းစစ်စစ် ဖြစ်၏။ ဒုတိယတစ်မျိုးမှာ ကုရ်အာန် ဟုပင် လူသိများ၍ ကုရ်အာန်ဋီကာ(အကျယ်ပြန်ဖွင့်ဆိုချက်) နှင့် ကုရ်အာန်ဘာသာပြန်(အဓိပ္ပာယ်ပြန်ဆိုချက်)ဟု နှစ်မျိုးနှစ်စားဖြင့် ပညတ်ထားကြသည်။ ဤဒုတိယအမျိုးအစားသည် မူရင်းအရဗီနှင့်သက်ဆိုင်ရာစာပေစကားစာသားများ ယှဉ်တွဲဖော်ပြထားပြီး ခေတ်ကာလ၏ထင်ဟပ်မှုများကို အခြေပြုထားသည်။

အစ္စလာမ် ဟူသည် အပ်နှင်းနာခံခြင်း ဟု ကုရ်အာန်က သင်ကြားထားသည်။ သို့သော် မုစ်လင်မ်တို့သည် မိမိတို့၏ ကိုယ်ပိုင်ဋီကာအရ မိမိတို့၏သာသနာကို မာန၏အကြောင်းခံအဖြစ် ပြောင်းလဲလိုက်ကြသည်။ ကယ်တင်လွတ်မြောက်ခြင်း ဟူသည် မိမိ၏လုပ်ရပ်အပေါ်၌သာမူတည်ကြောင်း ကုရ်အာန်က ပြောထား၏။ သို့ရာတွင် မုစ်လင်မ်ဟု အမည်ခံယုံမျှနှင့် ကယ်တင်ခြင်းခံရရန် လုံလောက်ပြီဟု မုစ်လင်မ်တို့က မိမိတို့ဖာသာ ဖွင့်ဆိုလိုက်ကြ၏။

ကုရ်အာန်ထဲရှိ အစ္စလာမ်က မိမိ၏ပြစ်ချက်ကို မိမိဖာသာ သိတတ်လာပြီး(အမှန်မြင်ပြီး) အမှားပြင်ဖို့ ကြိုးပမ်းအားထုတ်ရန် ဆုံးမထား၏။ သို့ပင်သို့ငြား မုစ်လင်မ်တို့ဖန်တီးလိုက်သော ကုရ်အာန်အရ လူတို့၏အပြစ်အနာအဆာများကို ထုတ်ဖော်၍ မိမိ၏ပြစ်ချက်ကိုမူကား လျစ်လျူရှုနေရန် အစ္စလာမ်က ဆုံးမထားသလို အထင်ရောက်စေ၏။ ကုရ်အာန်၏အစ္စလာမ်သည် စကြ၀ဠာလုံးဆိုင်ရာသာသနာတော်ဖြစ်ပြီး လူသားမှန်သမျှနှင့် သက်ဆိုင်၏။ သို့ပါသော်လည်း မုစ်လင်မ်တို့က အခြားသူများနှင့်မသက်ဆိုင်သော မိမိတို့၏မိရိုးဖလာအမွေအဖြစ် မိမိတို့ဖာသာ ရုပ်လုံးဖော်လိုက်ကြပေ၏။
 




No comments:

Post a Comment

Note: only a member of this blog may post a comment.