အစ္စလာမ့်လမ်းစဉ်ဖြင့် လူ့ဘ၀တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ (သို့မဟုတ်) ယှရီအဟ် အပိုင်း (၄)
အစ္စလာမ့်လမ်းစဉ်ဖြင့် လူ့ဘ၀တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ (သို့မဟုတ်) ယှရီအဟ်
အပိုင်း (၄)
******************************************
(ဂ) ပညာရှင်များ၏ သဘောတူအဆိုညီမှု - အိဂ်ျမာအ်၌ ...
'' ငါ၏နောက်လိုက်များမှ (အစစ်အမှန်) ပညာရှင်တို့သည် မည်သည့်အခါမျှ
မှားယွင်းမှု၌ ရပ်တည် ကြလိမ့်မည်မဟုတ် '' ဟု တမန်တော် မုဟမ္မဒ်(ဆွ)မှ
မိန့်တော်မူခဲ့၏။ သို့ဖြစ်ရာ အစ္စလာမ့်ဥပဒေဖွံ့ဖြိုးတိုးတက်မှုတွင် အိဂ်ျမာအ် ဟုခေါ်သော ပညာရှင်များ၏ သဘောတူအဆိုညီမှုမှာ တတိယအရင်းအမြစ်ဖြစ်လာခဲ့သည်။ အိဂ်ျမာအ် ၏အယူအဆကား - ခေတ်တစ်ခေတ်/မျိုးဆက်တစ်ဆက်ရှိ
ပညာရှင်တို့မှ သာသနာ့ရေးရာကိစ္စတစ်ရပ်ရပ်အပေါ် အကွဲအလွဲမရှိ
သဘောတူအဆိုညီကြလျှင် ၄င်းစည်းမျဉ်းကို ဥပဒေအဖြစ် ပြဋ္ဌာန်းခြင်းဖြစ်သည်။
ကုရ်အာန်၌သော်လည်းကောင်း၊ စွန္နဟ်၌သော်လည်းကောင်း
သက်ဆိုင်ရာကိစ္စတစ်ခုခုနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြတ်သားသောလမ်းညွှန်ကို
မတွေ့ရသည့်အခါမှသာ ပညာရှင်များမှ အိဂ်ျမာအ် ပြုခွင့်ရှိပေသည်။ (မရှာဖွေ
မစိစစ်မသုံးသပ်ဘဲ စဉ်းစားအဖြေထုတ်ပိုင်ခွင့် မရှိချေ)။
ယင်းသို့သောစည်းမျဉ်းများကို အစ္စလာမ့်အသိပညာကြွယ်ဝလှသည့်ပညာရှင်များမှ
ထုတ်ဖော်ကြရ၏။ ၄င်းတို့အနေနှင့် မိမိတို့၏ကိုယ်ပိုင်အယူအဆကို
အသုံးပြုခွင့်မရှိဘဲ ကုရ်အာန်နှင့်စွန္နဟ်တို့မှ အကြောင်းရင်းခံ နှင့်
အနှစ်သာရများ၌သာ အခြေခံတွေးခေါ်ရပေသည်။ ဥပမာ အစ္စလာမ့်နယ်ပယ်သည်
အာရေဗျနယ်နမိတ်ကိုကျော်လွန်သွားသောအခါဝယ်
မုစ်လင်မ် လူ့အဖွဲ့အစည်းအဖို့ မိမိတို့ကိုဆန့်ကျင်သည့် မုစ်လင်မ်မဟုတ်သော
အခြားနိုင်ငံများနှင့် ပဋိညာဉ်စာချုပ်များ ပြုနိုင် မပြုနိုင်ကိစ္စကို
ရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။ ဤအကြောင်းနှင့်စပ်လျဉ်း၍ ကုရ်အာန်နှင့်စွန္နဟ်၌
ရှင်းရှင်းလင်းလင်းဖော်ပြချက် မရှိ။ ထို့ကြောင့် ပညာရှင်များသည် ''
၎င်းပြင် အကယ်၍ ထိုသူတို့သည် ငြိမ်းချမ်းရေးသို့ ယိမ်းညွှတ်ကြပါလျှင်
အသင်တို့သည်လည်း ငြိမ်းချမ်းရေးဖက်သို့ တိမ်းညွှတ်ပါလေ (၈း၆၁) ” ဟူသော
ကုရ်အာန့်ဆိုလိုချက်ကိုမှီး၍ မုစ်လင်မ့်လူ့အဖွဲ့အစည်းအား
မလိုမုန်းထားရှိစေကာမူ ဒုက္ခအန္တရာယ်ပေးခြင်းမပြုသမျှ ၄င်းတို့နှင့် ပဋိညာဉ်
ပြုနိုင်သည်ဟု သဘောတူအဆိုညီခဲ့ကြပါသည်။
(ဃ) သဏ္ဍာန်တူဥပဒေဆိုင်ရာ နှိုင်းယှဉ်ဆန်းစစ်သုတေသနပြုချက်များ (ကိယာ့စ်)၌ ...
အစ္စလာမ်လောကမှ ဥပဒေပါရဂူများသည် ဖန်ဆင်းရှင်၏အလိုတော်အားသိနိုင်ရန်
ဆင်ခြင်တုံတရားဖြင့် အပြင်းအထန်အားထုတ်မှု - အိဂ်ျသိဟာ့ဒ် နည်းလမ်းကို
အသုံးပြုလာခဲ့ကြသည်။ အသစ်ထွန်းပေါ်လာသည့် ယဉ်ကျေးမှု နှင့် ခေတ်ကာလ၌
(ဗျာဒိတ်နှင့်ညီညွတ်သော) တရားဝင်စည်းမျဉ်းများ ရရှိရေးအတွက်ဖြစ်သည်။
ကနဦးပိုင်းက ပညာရှင်တို့သည် ကျိုးသင့်ကြောင်းသင့်အတွေးအမြင် (ရိုင်ယ်)အားဖြင့် အစ္စလာမ့်အစဉ်အလာအပေါ်အခြေပြု၍ ဥာဏ်စွမ်းထုတ်ကြိုးပမ်းခဲ့ကြကုန်၏။
သို့သော်လည်း ကာလကြာရှည်လာသည်နှင့်အမျှ ဤနည်းစဉ်မှာ
လျော့တိလျော့ရဲဖြစ်လွန်းသည်ဟု ပညာရှင်များမှ အမြင်ဖြစ်လာကာ အခြေအမြစ်မဲ့
မခိုင်မာသည့်အတွေးအမြင်များထွက်ရှိလာမည်ကို
စိုးရိမ်ခဲ့ကြကုန်၏။ ထင်ရှားကျော်ကြား၍ သြဇာကြီးမားသော ဥပဒေပါရဂူ
(အိမာမ်) ရှာဖိအီ၏ဦးဆောင်မှုဖြင့် အစ္စလာမ့် ဥပဒေပညာရှင်တို့က
ဥပဒေဆိုင်ရာနှိုင်းယှဉ်ဆန်းစစ်သုတေသနပြုချက်တစ်ရပ်ကို
ဖော်ထုတ်အသုံးပြုခဲ့ကြသည်။ ၄င်းကို ကိယာ့စ် ဟုခေါ်ဆိုသည်။ ကုရ်အာန်၊
စွန္နဟ်၊ အိဂ်ျမာအ်၌ ထင်ရှားသည့်စည်းမျဉ်းမတွေ့ရပါက သက်ဆိုင်ရာ
အကြောင်းကိစ္စအတွက် ယင်းအရင်းအမြစ်သုံးရပ်ရှိ သဏ္ဍာန်တူ/ဆင်တူယိုးမှားကိစ္စ/အနေအထားများအပေါ် အခြေခံ လျက် နှိုင်းယှဉ်သုံးသပ်ကာ အဖြေထုတ်လေ့ရှိပေသည်။
ဗျာဒိတ်ဥပဒေ၏ အဆင့်သတ်မှတ်ချက် ၅ ရပ်
၁။ မပြုမနေရ - ဖရဿွ်
ဤဥပဒေများကို ကုရ်အာန် နှင့် စွန္နဟ်၌ ထင်ရှားစွာ အမိန့်ပေးဖော်ပြထား၏။
ယင်းဖော်ပြချက်၏ အကြောင်းတရား၊ အမြော်အမြင်မှ
လူတစ်ဦးချင်းနှင့်လူ့အဖွဲ့အစည်းအကျိုးအတွက်
ဥပဒေများကို ထုတ်ယူခြင်း ဖြစ်သည်။ ဤမပြုမနေရတာဝန်ကို ထမ်းဆောင်ခြင်းသည်
ဖန်ဆင်းရှင်ထံတော်မှ အမြင့်မားဆုံးသောကုသိုလ်အကျိုး ရရှိစေသည်။
ဤတာဝန်များကို ရှောင်ဖယ်သော် သို့မဟုတ် အလေးကရုမပြုသော် အပြစ်ထိုက်၍
နောင်တမလွန်တွင် ဖန်ဆင်းရှင်၏ပြစ်ဒဏ်ခတ်ခြင်းကို ခံရသည်။ အချို့ကိစ္စများ၌ ဤလောကီတွင်လည်း ပြစ်ဒဏ်သက်ရောက်၏။ လူတစ်ဦးချင်းစီနှင့်ပတ်သက်နေသော ဤအရာများကို သိရှိခြင်း၊ ဘဝတစ်လျှောက်ကျင့်ကြံခြင်းသည် မုစ်လင်မ်တိုင်းအတွက် မုစ်လင်မ်ဖြစ်ခြင်း၏တာဝန်ပင်ဖြစ်ပါသည်။
ဤတာဝန်များ၌ အစ္စလာမ့်မဏ္ဍိုင်ငါးရပ်လည်း အပါအဝင်ဖြစ်၏။
အများနှင့်သက်ဆိုင်သည့် မပြုမနေရတာဝန်များမှာမူ
လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် တာဝန်ရှိသော်လည်း လူတစ်ဦးချင်းစီအတွက်
မလိုအပ်ပါ။ လူတစ်စုမှ ဆောင်ရွက်ပေးခြင်းဖြင့် တာဝန်ကျေပွန်ရာရောက်၏။
လူ့အဖွဲ့အစည်းကိုကာကွယ်ရန် လူတိုင်းကိုယ်စီတာဝန်ရှိ၏။ သို့သော်
နိုင်ငံကိုကာကွယ်ရန်မှာ အများဆိုင်ရာတာဝန် ဖြစ်၏။
၂။ တိုက်တွန်းမှု/တွန်းအားပေးမှု - မန်ဒူးဗ်
ဤဥပဒေများသည် မပြုမနေရဥပဒေတို့ကို အထောက်အကူဖြစ်စေသည်။ ဤလုပ်ရပ်များကို
လုပ်ဆောင်ပါက ကုသိုလ်ရရှိပြီး ၊ လျစ်လျူရှုမိလျှင်လည်း အပြစ်မဖြစ်ချေ။ ဥပမာ
- တစ်နေ့ဆွလာသ်ငါးကြိမ်ဝတ်ပြုခြင်းသည် မပြုမနေရတာဝန်ဖြစ်၏။ သို့သော် ဤဝတ်ပြုမှု ငါးကြိမ်ရှိ အပိုဖြည့်စွက်ဝတ်ပြုမှုများမှာ ဖန်ဆင်းရှင်နှင့်ပိုမိုနီးကပ်စေသည်ဟု တိုက်တွန်းထားသည်။ (ကျွန်ုပ်တို့ထံ၌ နဝါဖိလ် ဟု ခြုံငုံခေါ်ဆိုကြသည်)။
၃။ ခွင့်ပြုချက် - မုဗာဟ်
ဤလုပ်ရပ်များသည် ခွင့်ပြဗုချက်ရှိ၏။ ကောင်းသည်ဆိုး၏ တိကျစွာ
သတ်မှတ်မထားချေ။ ဥပမာ တစ်ဆူရှင်ဝါဒ (သောင်ဟီးဒ်)အပေါ်မှာသာ ရပ်တည်ကုန်ကြသော
ရှေးကျမ်းရသူတို့၏သားငါးများကို
စားသုံးခွင့်ရှိသလို ၄င်းတို့အနက်မှ အမျိုးသမီးများကိုလည်း
ထိမ်းမြားခွင့်ရှိသည်ဟု ကုရ်အာန်၌ ဖော်ပြ၏ (၅း၅)။ ဤအပြုအမူနှစ်မျိုးမှာ
စာရိတ္တကောင်းခြင်း ဆိုးခြင်းနှင့်မသက်ဆိုင်၊ ကုသိုလ်လည်းမရ
ပြစ်ဒဏ်လည်းမသင့်ချေ။ (ယနေ့ခေတ်တွင် အဟ်လိကိသာ့ဗ် ခေါ် ရှေးကျမ်းရသူများအနက်
ဗျာဒိတ်အမိန့်အမှန်အတိုင်း ရပ်တည်သူ မရှိသလောက် နည်းပါးလွန်း၏)
လုပ်ရပ်တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ကုရ်အာန်နှင့်စွန္နဟ်၌ တစ်စုံတစ်ရာသတ်မှတ်ချက်ရှိပါလျှင်
ခွင့်ပြုချက်ပေးထားသည်ဟု နားလည်နိုင်ပါသည်။ တိကျစွာတားမြစ်ချက် သို့မဟုတ်
အစ္စလာမ့်အဆုံးအမနှင့် မဆန့်ကျင်သောအရာဟူသမျှ ပြုခွင့်ရှိကြောင်းကို
ဆိုလိုပေသည်။ ဤသည်မှာ အစ္စလာမ့်ကျင့်ဝတ်၌ နေ့စဉ်ဘဝဆိုင်ရာ
အခြေခံအကျဆုံးစည်းမျဉ်းပင်ဖြစ်၏။
၎။ မနှစ်မြို့ဖွယ် - မကရူးဟ်
ဤလုပ်ရပ်များကို တားမြစ်မထား၊ သို့သော် မနှစ်မြို့ဖွယ် သို့မဟုတ် ကဲ့ရဲ့ရှုတ်ချစရာကိစ္စမျိုးဖြစ်၏။ ၄င်းတို့ကိုပြုလုပ်မိခြင်းဖြင့် အပြစ်မဖြစ်၊ သို့ရာတွင် ရှောင်ကြဉ်ခြင်းက ကုသိုလ်အကျိုးကို ရရှိစေသည်။ အကောင်းဆုံး ဥပမာပေးရလျှင် ကွာရှင်းပြတ်စဲခြင်းကိစ္စမျိုးဖြစ်သည်။
လင်မယားကွာရှင်းမှုကို '' ဖန်ဆင်းရှင်ထံတော်ပါး၌ ပြုပိုင်ခွင့်
ရှိသောအရာများအနက် မနှစ်မြို့ဖွယ်အဖြစ်ဆုံးကိစ္စ '' ဟု သတ်မှတ်ထားပါသည်။
၅။ ယတိပြတ်တားမြစ်ပိတ်ပင်ချက် - ဟရာမ်
ဤလုပ်ရပ်များမှာ လုံးဝပိတ်ပင်တားမြစ်ခြင်းခံရ၏။ ယင်းအရာများသည်
လူတစ်ဦးချင်းရော လူ့အဖွဲ့အစည်းကိုပါ အန္တရာယ်ဖြစ်စေသောကြောင့်
တားမြစ်ထားခြင်းဖြစ်သည်။ ဤလုပ်ရပ်များကိုပြုလုပ်လျှင် အပြစ်ရှိသည်ဟု
သတ်မှတ်ထားပြီးအချို့မှာ အရေးယူပြစ်ဒဏ်ပေးစေသည်။ တားမြစ်ချက်တို့အား
ရှောင်ကြဉ်ခြင်းမှာ ဖန်ဆင်းရှင်ထံတော်မှ ဆုလာဘ် (အကျိုးကုသိုလ်) ရရှိစေ၏။
ဟရာမ်၏ဥပမာများမှာ လူသတ်မှု၊ ခိုးဝှက်မှု၊ လိင်ဖောက်ပြန်မှု၊
အရက်သေစာသောက်စားခြင်း၊ လောင်းကစား စသည်တို့ဖြစ်သည်။ ယေဘူယျအားဖြင့်
တားမြစ်မှုဖက်ရှေ့ရှုသော လုပ်ရပ်များကို ဟရာမ်ဟု သတ်မှတ်ထားပေသည်။
ဟရာမ်လုပ်ရပ်များတွင်လည်း နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ
၎င်းကိုယ်၌ကပင် အန္တရာယ်ဖြစ်စေသောအပြုအမူများ ဖြစ်သည်။ နောက်တစ်မျိုးမှာ
ခွင့်ပြုချက်လုပ်ရပ်များဖြစ်သော်လည်း အချို့အခြေအနေကြောင့် ဟရာမ်ဖြစ်ရ၏။ ဥပမာ - အလှူဒါနပေးကမ်းခြင်းသည် ကောင်းမြတ်သောအပြုအမူတစ်ရပ်ဖြစ်သည့်တိုင် (ခိုးဝှက်ခြင်း သို့မဟုတ် သမ္မာအာဇီဝမဟုတ်သည့်/မသမာသည့်စီးပွားရေးမှရရှိလာသော) ဓနဥစ္စာများမှ လှူဒါန်းခြင်းကိုမူ တားမြစ်ပိတ်ပင်ထားပါသည်။ အခြေအနေ/အနေအထားပေါ်မူတည်၍ ကျင့်ဝတ်လုပ်ရပ်များ၏အမျိုးအစားသည်လည်း အပြောင်းအလဲဖြစ်တတ်၏။ ဥပမာပေးရပါလျှင် ဆေးလိပ်သောက်ခြင်းပေါ်ထွန်းလာကာစ၌ အစ္စလာမ့်ပညာရှင်အများအပြားက ၄င်းကို မနှစ်မြို့မှု (မကရူးဟ်) ဟု အမျိုးအစားသတ်မှတ်ခဲ့ကြသည်။ အနံ့အသက်ဆိုးဝါးသောကြောင့်ဖြစ်သည်။
တဖန် ဆေးလိပ်သောက်ခြင်းသည် ကင်ဆာ နှင့် အခြားရောဂါများဖြစ်အောင်
ခန္ဓာကိုယ်အား အန္တရာယ်ပြုနိုင်ကြောင်း ဆေးပညာဆိုင်ရာဖော်ထုတ်ချက်များထွက်လာသည့်အခါ
ပညာရှင်များစွာက ဟရာမ်၏အမျိုးအစား၌ ထည့်သွင်းလိုကြသည်။ ယှရီအဟ်မှ
အကာအကွယ်ပြုထားသည့် ' အသက်နှင့်ဘဝကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ' အပေါ်
အန္တရာယ် ဖြစ်လာစေသောကြောင့်ပင်။ သို့ရာတွင်လည်း
အချို့ဥပဒေဆိုင်ရာသတ်မှတ်ယူဆချက် (ဖသ်ဝါ)မှာကား လူတစ်ဦးချင်းစီအဖို့ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အခြေအနေအပေါ် မူတည်ကြောင်း ဖော်ပြထားပေသည်။
No comments:
Post a Comment
Note: only a member of this blog may post a comment.