Pages

.

အစ္စလာမ့်လမ်းစဉ်ဖြင့် လူ့ဘ၀တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ (သို့မဟုတ်) ယှရီအဟ် အပိုင်း ( ၃ )

အစ္စလာမ့်လမ်းစဉ်ဖြင့် လူ့ဘ၀တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ (သို့မဟုတ်) ယှရီအဟ်
အပိုင်း ( ၃ )
******************************************
(ခ) စွန္နဟ်၌ ...

အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့တော်အား သက်ဝင်ယုံကြည်သည့်အပြင် အလ္လာဟ်အရှင်မြတ်အား များမြောင်စွာ အောက်မေ့တသသူအဖို့ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်ထံ၌ မွန်မြတ်လှစွာသော စံနမူနာသည် အသင်တို့အတွက် ဧကန်ရှိပေသည်။ ကုရ်အာန် ( ၃၃း ၂၁ )

မန်တော် မုဟမ္မဒ်(ဆွ)အပေါ် အထက်ပါ ကုရ်အာန့်ညွှန်းချက်သာမက သာသနာ့ရေးရာနှင့်စပ်လျဉ်း၍ မုဟမ္မဒ်(ဆွ)သည် ဒုတိယအရင်းအမြစ်ကြီးဖြစ်ကြောင်း အထက်ပါကဲ့သို့ ပြတ်သားစွာ ဖော်ပြထားသည်ကို တွေ့ရပေမည်။

အို - သက်ဝင်ယုံကြည်သူအပေါင်းတို့။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား လိုက်နာနာခံကြလေကုန်။ ထို့နည်းတူ ရစူလ်တမန်တော်မြတ်အား လိုက်နာနာခံကြလေကုန်။ ထို့နည်းတူ အသင်တို့အနက်မှ (အစ္စလာမ့် ကျင့်ဝတ်နှင့်အညီရှိကြသော) အာဏာပိုင်များ/ခေါင်းဆောင်များကို လိုက်နာနာခံကြလေကုန်။ တဖန် အကယ်၍ အသင်တို့သည် တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ အငြင်းပွားကြသော် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်တော်မြတ်ထံသို့ ရည်ညွှန်းကိုးကားမှုပြုကြကုန်။ ကုရ်အာန် ( ၄း ၅၉ )


စွန္နဟ်ဟုသိကြသော တမန်တော်မြတ် မုဟမ္မဒ်(ဆွ)၏ဘဝစံနမူနာသည် အစ္စလာမ့်ဥပဒေ၏ ဒုတိယမြောက် အရင်းအမြစ်ဖြစ်သည်။ စွန္နဟ်သည် တမန်တော့်ဖြစ်စဉ်အသေးစိတ်ကို သြဝါဒတော်များနှင့်တစ်ကွ သူ၏ သာဝကတော်တို့မှ ဆင့်ပြန်ချက်များဖြစ်ကြ၏။ ၄င်း၌ လုပ်ရပ်များ၊ မိန့်ကြားမှုများ၊ တမန်တော်မှ ဆိတ်ငြိမ်စွာဖြင့် ခွင့်ပြုချက်(သဘောတူချက်)များ၊ တမန်တော့်ရှေ့မှောက်ရှိ လုပ်ရပ်တစ်ခုခုကို ကိုယ်တော်မြတ်မှ တိုက်တွန်းအားပေးချက် သို့မဟုတ် တားမြစ်ချက်များ ပါဝင်ကြ၏။ စွန္နဟ်အား သမိုင်းအဆက်ဆက် ထိန်းသိမ်းလာသောမှတ်တမ်းကို ဟဒီးဆ် ဟု ခေါ်ဆိုသည်။ စွန္နဟ်က ကုရ်အာန်၏သွန်သင်မှုများကို ရှင်းပြသည်၊ ဖွင့်ဆိုပြသည်။ ဘဝရေးရာ၌ ကုရ်အာန့် စည်းမျဉ်းအတိုင်း မည်သို့နေထိုင်ရမည်ကို ပြသထားသည်။ ဥပမာ ကုရ်အာန်၌ မုစ်လင်မ်တို့ကို ဘဝတစ်လျှောက်လုံး ဆွလာသ်ငါးကြိမ် ဝတ်ပြုရန် ဖိတ်ခေါ်ထားသော်လည်း ဝတ်ပြုနည်းအဆင့်ဆင့်ကိုမူ တိကျစွာ ချပြမထားချေ။ ဆွလာသ် ဝတ်ပြုပုံအသေးစိတ်နှင့်တစ်ကွ ကျင့်သုံးနည်းဥပဒေကို စွန္နဟ်မှသာ ရရှိခြင်းဖြစ်သည်။ အလားတူစွာ ကုရ်အာန်က မုစ်လင်မ်တို့အား ဇကာ့သ်ပေးလှူရန် ညွှန်ကြားထားသော်လည်း ပမာဏကိုမူ ဆိုမထားပါ။ နှစ်စဉ်မည်မျှပေးဆောင်ရမည်ကို ဟဒီးဆ်၌သာ ရှာဖွေသိရှိကြရပေသည်။ ဖန်ဆင်းရှင်၏အလိုတော်အား သိအောင်ကြိုးစားသော မုစ်လင်မ်သည် ပထမဦးစွာ ကုရ်အာန်၊ ၄င်းနောက် ဟဒီးဆ်ကို မိမိတို့၏ အခြေခံရင်းမြစ်နှစ်ရပ်အဖြစ် လက်ကိုင်ပြုရပါသည်။ တမန်တော် မုဟမ္မဒ်(ဆွ)၏ ဘဝစံနမူနာသည် အစ္စလာမ့်ဥပဒေပြုခြင်း၌ အရေးအကြီးဆုံးအခန်းကဏ္ဍ၌ ပါဝင်နေပေသည်။ ဟဒီးဆ်၌ အပိုင်းနှစ်ရပ်ပါဝင်၏။ ဆင့်ပြန်သူတို့၏အစဉ်အဆက်ကွင်းဆက် (အိစ်နဒ်) နှင့် အကြောင်းအရာစာသားများ (မသ်န်) ဖြစ်၏။ ဟဒီးဆ်တော်တစ်ပုဒ်၏ယေဘူယျပုံစံကို အောက်ပါအတိုင်း တွေ့ကြရ ပေမည်။ “ အဗူ ဟုရိုင်ရဟ်ထံမှ အလ်အအ်ရာ့ဂ်ျ၊ ၄င်းထံမှ မုဟမ္မဒ် ဗင်န် ယဟ်ယာ ဗင်န် ဟဗ်ဗာန်း နှင့် အဗူလ် ဇင်နဒ်၊ ၄င်းတို့ထံမှ မာလစ်က် ဗင်န် အနတ်စ်က ဆင့်ပြန်ခဲ့သည်။ ရစူလုလ္လာဟ်(ဆွ)မှ မိန့်တော်မူသည်မှာ - မိမိ၏ညီနောင်မှ ကမ်းလှမ်းထားပြီးသောအမျိုးသမီးကို အသင်တို့အနက် မည်သူမျှ ထိမ်းမြားရေးအတွက် သူမကို မကမ်းလှမ်းကြလေနှင့်”

ဟဒီးဆ်စုဆောင်းသူတို့သည် မုစ်လင်မ်လောကတစ်လွှား၌ အချိန်နှင့်အမျှ ဟဒီးဆ်ကို ရှာဖွေစုဆောင်းခဲ့ကြ၏။ အစ္စလာမ့်အစဉ်အလာ၌ ဟဒီးဆ်စုဆောင်းကျမ်း ၆ စောင်ကို ယေဘူယျအားဖြင့် အခိုင်မာဆုံးအဖြစ် သတ်မှတ်ထားကြသည်။ ၄င်းတို့မှာ - အစ္စမာအီလ် အလ်ဗုခါရီ၊ မုစ်လင်မ် အိဗ်နု အလ်ဟဂ်ျဂျာ့ဂ်ျ၊ အဗူ ဒါဝူးဒ်၊ အန် နိစာအီ၊ အသ် သိရ် မိဇီ၊ အိဗ်နုမာဂျာဟ် တို့ဖြစ်ကြ၏။ ၄င်းတို့အနက် အလ်ဗုခါရီ နှင့် မုစ်လင်မ် ဟဒီးဆ်ကျမ်းနှစ်စောင်သည် သြဇာအကြီးမားဆုံး ဖြစ်ကြသည်။ ဟဒီးဆ်စုဆောင်းဆဲကာလတွင် မတိကျစွာ ဆင့်ပြန်ထားသောဟဒီးဆ်များ၊ ဟဒီးဆ်အတုများနှင့် စပ်လျဉ်းသောပြဿနာများ မြောက်များစွာ ဖြစ်ပေါ်ခဲ့၏။ ယင်းစိန်ခေါ်ချက်ကြောင့် မခိုင်မာသည့် ဟဒီးဆ်များမှ ခိုင်မာမှန်ကန်သည့်ဟဒီးဆ်တော်များအား ရွေးထုတ်စိစစ်ရန် ဟဒီးဆ်ဆန်းစစ်ခြင်းပညာရပ် ထွန်းပေါ်လာခဲ့သည်။ အိစ်နဒ် နှင့် မသ်န် နှစ်မျိုးလုံးကို ဆန်းစစ်သည့်အတတ်ပညာဖြင့် ဟဒီးဆ်များကို စုဆောင်းခဲ့ကြခြင်း ဖြစ်ပေသည်။

အိစ်နဒ် (ဆင့်ပြန်မှုကွင်းဆက်များ)ကို ဆန်းစစ်ခြင်း

ခိုင်မာသည့်ဟဒီးဆ်တစ်ပုဒ်အဖြစ်သတ်မှတ်ရန်အတွက် ဟဒီးဆ်၌ပါဝင်သော တမန်တော်မြတ်(ဆွ)မှ ပြောဆို/ဆောင်ရွက်စဉ် ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ကြားသိခဲ့သူတစ်ဦးဦးအထိ ခြေရာကောက်ကြရသည်။ ၄င်းထံမှ အဆင့်ဆင့် ဆင့်ပြန်လာသူတိုင်း၏ ဘဝ၊ ကိုယ်ကျင့်တရား နှင့် မှတ်ဥာဏ်စွမ်းရည်အသီးသီးကိုလည်း ဂဃနဏ ဆန်းစစ်ရသည်။ ယင်းသို့ စေ့စပ်စွာ ဆန်းစစ်ပြီးမှသာ ဖန်ဆင်းရှင်၏အလိုတော်ကို တမန်တော်မြတ်(ဆွ)၏ စကား နှင့် လုပ်ရပ်အဖြစ် ကိုယ်စားပြုထားသော ဟဒီးဆ်ဟု လက်ခံအတည်ပြုကြပေသည်။ သက်ဆိုင်ရာဟဒီးဆ်ကို အစဉ်အဆက်ဆင့်ပြန်လာသူတစ်ဦးချင်းစီ၏စကားများ အတိအကျနီးပါးတူညီမှသာ '' အခိုင်မာဆုံးဟဒီးဆ် '' အဖြစ် သတ်မှတ်သည်။ သို့သော် ရံဖန်ရံခါတွင် ဟဒီးဆ်တစ်ပုဒ်၏ဆင့်ပြန်ချက် သုံးလေးမျိုး၌ အဓိပ္ပာယ်တစ်မျိုးတည်းထွက်နေသော်လည်း စကားလုံးများမှာ အနည်းငယ်ကွဲပြားမှုများ ရှိကြ၏။ ယင်းသို့သော ဟဒီးဆ်တော်ကို '' အခိုင်မာဆုံးမှ တစ်ဆင့်နိမ့် (ဟစံန်)'' (သင့်လျော်ပြီးလက်နိုင်ခံဖွယ်)အဖြစ် သတ်မှတ်ကြ၏။

မသ်န် (ဟဒီးဆ်၏အကြောင်းအရာများ)ကို ဆန်းစစ်ခြင်း

ပညာရှင်တို့သည် ဆင့်ပြန်သူအစဉ်အဆက်နှင့်တစ်ကွ ဟဒီးဆ်တော်လာ အကြောင်းအရာများကိုလည်း ဆန်းစစ်ရ၏။ အကြောင်းအရာများမှာ ကုရ်အာန်၏သွန်သင်မှု၊ အနှစ်သာရများနှင့် ကိုက်ညီမှုရှိနေရပါမည်။ အကြောင်းမှာ မုဟမ္မဒ်(ဆွ)၏ အဓိကပင်မတာဝန်သည် ကျမ်းဂန်၏အဆုံးအမတရားကို ဖြန့်ချိခြင်းသာ ဖြစ်သောကြောင့်ပင်။ ဟဒီးဆ်တစ်ပုဒ်သည် ကုရ်အာန်နှင့်ဆန့်ကျင်နေပါက မခိုင်မာဟု သတ်မှတ်လေ့ရှိသည်။ အလားတူစွာပင် ခိုင်မာမှန်ကန်သည်ဟု အဆိုညီညွတ်ပြီးသောဟဒီးဆ်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေပါကလည်း လက်မခံတတ်ကြချေ။ သို့သော်လည်း ကျမ်းမြတ်ကုရ်အာန်ကဲ့သို့ မုဟမ္မဒ်(ဆွ)၏ သွန်သင်ချက်များသည် လူ့အဖွဲ့အစည်း တိုးတက်မှု အဆင့်ဆင့်ဖြစ်စဉ်အပေါ် မူတည်သောကြောင့် အကြောင်းအရာတစ်ခုတည်းအတွက်ပင် မတူညီသည့် လုပ်ဆောင်ချက်နှစ်မျိုးထွက်ပေါ်ရသော ဟဒီးဆ်နှစ်ပုဒ်အဖြစ်လည်း တွေ့ရတတ်ပေသည်။ ၄င်းဟဒီးဆ်များမှာ ဆန့်ကျင် ဖက်များ မဟုတ်ကြ။ တစ်မျိုးထက်ပိုသော နည်းလမ်းများကို ပြသထားခြင်း သို့မဟုတ် မုစ်လင်မ်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးပြီးနောက်မှာမှ တိုးမြှင့်သတ်မှတ်သည့်ဥပဒေများ ဖြစ်နိုင်ပေသည်။ ယင်းသို့သောကိစ္စမျိုးတွင် နောက်ပိုင်းကာလ မှတ်တမ်းတင်မှုက ကနဦးကာလမှတ်တမ်းအား လွှမ်းမိုးထား၏ (နောက်ပိုင်းကာလဟဒီးဆ်ကို ရှေးဦးကာလဟဒီးဆ် ထက် ဦးစားပေးကြရ၏)။ ဟဒီးဆ်တစ်ပုဒ်၏အကြောင်းအရာသည် ကုရ်အာန့်ဆိုလိုချက်များနှင့်ကိုက်ညီနေသရွေ့ ခိုင်မာမှန်ကန်မှုရှိကြောင်း သတ်မှတ်လက်ခံကြပေသည်။

ခိုင်မာမှန်ကန်မှု အဆင့်အတန်းများ

ဆန်းစစ်ပြီးသည့်ဟဒီးဆ်တော်တစ်ပုဒ်၏ ခိုင်မာမှန်ကန်မှုအဆင့်အတန်းကို အောက်ပါကဲ့သို့ (အကြမ်းအားဖြင့်) ခွဲခြားထားသည်။

၁။ အကောင်းဆုံး နှင့် အခိုင်မာဆုံး ဟဒီးဆ် - ဆွဟီးဟ်

ခိုင်မာမှန်ကန်မှု၌ အဆင့်အမြင့်ဆုံးဖြစ်သည်။ ၄င်း၏ ဆင့်ပြန်သူကွင်းဆက်နှင့်စာသားအကြောင်းအရာမှာ အပြစ်အနာအဆာကင်းစင်သည်။ အစ္စလာမ့်ဥပဒေပြုရေးအတွက် အခိုင်မာအမှန်ကန်ဆုံး အမျိုးအစား ဖြစ်လာသည်။

၂။ လက်ခံနိုင်ဖွယ် - ဟစံန်

ဆင့်ပြန်သူကွင်းဆက်၌ သံသယအနည်းငယ်ပါရှိသော ဟဒီးဆ်ကို ဤသတ်မှတ်ချက်တွင် ထည့်သွင်း ကြသည်။ ဥပမာ ဆင့်ပြန်သူတစ်ဦးဦးသည် မှတ်ဥာဏ်အားနည်းခြင်း သို့မဟုတ် ချို့ယွင်းချက်တစ်စုံတစ်ရာရှိနေခြင်း စသည်မျိုး ဖြစ်၏။ သို့သော် အခြားဆင့်ပြန်သူများမှာ ခိုင်မာမှန်ကန်စိတ်ချရသူများ ဖြစ်နေသည်ဆိုလျှင် ဤဟဒီးဆ် အမျိုးအစားကိုလည်း အစ္စလာမ့်ဥပဒေပြုရာ၌ သုံးသည်။ သို့ရာတွင် ဆွဟီးဟ် ဟဒီးဆ်များကို ပိုမိုဦးစားပေးရသည်။

၃။ အားနည်းသော ဟဒီးဆ် - ဿွအီးဖ်

ဤဟဒီးဆ်များသည် ဆင့်ပြန်သူကွင်းဆက်ပြတ်တောက်နေခြင်း သို့မဟုတ် အကြောင်းအရာများမှာ လက်ခံနိုင်စရာ မရှိခြင်း/ကြောင်းကျိုးလျော်ညီမှုမရှိခြင်းတို့ကြောင့် မခိုင်မာဟု သတ်မှတ်ကြသည်။ သို့ရာတွင် ကုရ်အာန် သို့မဟုတ် ဆွဟီးဟ် ဟဒီးဆ်နှင့် ဆန့်ကျင်ဖက်မဖြစ်သော ဟဒီးဆ်များကိုမူ အသုံးပြုတတ်ကြ၏။ ဥပမာ - '' တရုတ်ပြည်၌ပင်ဖြစ်စေ ပညာကို (သွားရောက်)ရှာဖွေကြကုန် '' ဟူသောဟဒီးဆ်မှာ အလွန်ကျော်ကြား၏။ စင်စစ်၌ ဆင့်ပြန်မှုကွင်းဆက်ပြတ်တောက်နေမှုကြောင့် ဿွအီးဖ် အဆင့်ဝင်နေသော်လည်း '' ပညာရှာဖွေခြင်းသည် မုစ်လင်မ်အမျိုးသားအမျိုးသမီးတိုင်းအတွက် မပြုမနေရတာဝန် ဖြစ်၏ '' ဟူသော ဆွဟီးဟ် ဟဒီးဆ်၏အနှစ်သာရနှင့်ထပ်တူပင်ဖြစ်နေသည်။ ယင်းသို့ဟဒီးဆ်မျိုးကို မုစ်လင်မ်များမှ ခိုင်မာမှန်ကန်သည်ဟု ယူဆ၍ အသုံးပြုလေ့ရှိပေသည်။

 July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.