Pages

.

အမှောင်အလင်း အလှည့်အပြောင်း

အမျိုးသားရေးပယောဂအငြိုးအတေးတွေနှင့်
ဆူပွက်နေတဲ့နှလုံးသားတွေထဲက
အဆုံးမမြင်နိုင်တဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့်
သွေးမုန်တိုင်းတွေ ထန်ချင်တိုင်းထန်ခဲ့
အပြန်လမ်းမဲ့တဲ့ သူရဲကောင်းတို့ရဲ့ဘ၀ဟာ
မေတ္တာငတ်မွတ်နေတဲ့ မိဘသားချင်းတွေအတွက်
အဆိပ်ပင်တွေအဖြစ် တွင်ကျန်ရစ်ခဲ့ရတယ်။
မြင်းခွာတစ်ချက်ပေါက်တိုင်း မီးပွင့်ခဲ့တဲ့
သဲကန္တာရ အာရေဗျတစ်လွှားက
ဝန်ဆောင်မှုမဲ့လူ့အဖွဲ့အစည်းထဲမှ
ငြိမ်းချမ်းရေးဗိသုကာတစ်ဦး ပွင့်မှပွင့်ပါလေစရယ်လို့
ရှင်လျှက်သေနေရတဲ့အဖြစ်ဆိုးကနေ လွန်မြောက်ဖို့
လျော့တိလျော့ရဲမျှော်လင့်ချက်တွေနှင့်
ယာယီပျက်စီးနေတဲ့ကမ္ဘာငယ်ထဲမှာ
ဆင်းဆင်းရဲရဲ အသက်ဆက်ခဲ့ကြရတယ်။
အမုန်းယမ်းငွေ့တွေ တထောင်းထောင်းထနေတဲ့
ဝေဒနာသည် ကမ္ဘာကြီးကိုကုစားဖို့
အစိတ်စိတ်အမွှာမွှာကွဲအက်လွင့်ပျံနေတဲ့
လူသားဝါဒကို ကောက်ယူစုစည်းဖို့
သစ္စာတရားအလင်းရောင်ကို ထွန်းညှိရင်း
အဆိပ်သင့်အတွေးတွေကို ခွာဆုတ်တော်လှန်ဖို့
အလ္လာဟ် (အနှိုင်းမဲ့ထာဝရအရှင်) က
မုဟမ္မဒ်(စွ) သို့မဟုတ် အန္တိမနဗီချုပ်ကို
ကျမ်းတော်အပ်နှင်း စေလွှတ်ခဲ့တယ်။
မျိုးနွယ်ကွဲပြားခြားနားခြင်းကိုဗဟိုပြု
ကောက်ကျစ်တဲ့ အမဲလိုက်ယန္တရားတွေနှင့်
ဖြတ်လမ်းကနေကြီးပွားချမ်းသာချင်ကြတဲ့
အကျိုးစီးပွားမုတ်ဆိုးတွေရဲ့ရင်ထဲက
အာဃာတကျောက်ဆောင်ချောက်ကမ်းပါးတွေကို
မေတ္တာပန်းမျိုးစုံစွာနှင့် တည်ဆောက်ထားတဲ့
ယုံကြည်နားလည်မှုဥယျာဉ်တော်အဖြစ်
မျှတစွာအသွင်ပြောင်းယူပေးနိုင်ခဲ့တာမို့
ကောင်းကင်ထက်ကကြယ်တွေလတွေလို
ကမ္ဘာ့အလယ်မှာ ရောင်စဉ်ထွန်းပ
ညီညွတ်ခြင်းနှင့်ငြိမ်းချမ်းခြင်းမှတ်တိုင်တွေကို
မဟာနဗီသခင်ရဲ့ရွှေလက်တော်နှင့်
တစ်တိုင်ပြီးတစ်တိုင်စိုက်ထူနိုင်ခဲ့တယ်။
ကမ္ဘာမြေတစ်လွှားမှာ ဘာသာတရားကျိုးပေါက်မှု
အမျိုးဂုဏ်ဇာတိဂုဏ်အခြောက်တိုက်ဘ၀င်မြင့်မှု
တစ်ယူသန်မှုနှင့် ခြောက်ခြားသ၀န်တိုမှုတွေကြောင့်
နဂိုရည်ပျက်သွားခဲ့တဲ့ သာတူညီမျှမှုနှင့် ငြိမ်ချမ်းမှုကို
ဝိုင်းဝန်းအဖတ်ဆည်နေကြရတယ်။
အို … ကမ္ဘာ့အိမ်ထောင်စုဝင် မွတ်စလင်မ်တို့ရေ
သန့်ရှင်းစင်ကြယ်တဲ့ သောင်ဟိဒ်တရားကိုနာယူ
မဟာတမန်တော်မြတ် ချမှတ်သင်ပြပေးခဲ့တဲ့
သတ္တ၀ါမှန်သမျှ မိသားစုဝါဒကိုစံပြုလို့
သွေးညှီနံ့လွှမ်းလုနီးပါးဖြစ်နေတဲ့ အမိမြေဆီသို့
စုပေါင်းညီညာ လက်တွဲဖြာလျှက်
လျှောက်လှမ်းချီတက်ကြစို့ကွယ်။

နေနိုင်သူ (ကျောက်ဖျာ)

No comments:

Post a Comment

Note: only a member of this blog may post a comment.