Pages

Pages - Menu

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၇)

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၇)
===========================================

ဟဒီးဆ်တော်ကို ထိန်းသိမ်းခြင်း နှင့် ဖြန့်ချိခြင်း သမိုင်းအကျဉ်း
=================================

ရှေးခေတ် အာရဘ်လူမျိုးတို့သည် အရေးအဖတ်စာပေပညာ မတတ်ကျွမ်းခဲ့ကြ။ မှတ်သားမှုကိုသာ ဦးစားပေး ခဲ့ကြပြီး မှတ်ဥာဏ်စွမ်းရည်၌လည်း ထူးထူးခြားခြား ထက်မြက်ခဲ့ကြသည်။ ဘိုးဘွားမျိုးနွယ်အစဉ်အဆက်အကြောင်း၊ သမိုင်း၊ ကဗျာလင်္ကာပေါင်းများစွာကို အလွတ်ရအာဂုံဆောင်နိုင်ခဲ့ကြ၏။ တမန်တော်မြတ် (SAW) ပွင့်ပေါ်သော ကာလ အထိ စာပေအရေးအသားကျွမ်းကျင်သူ ဟူ၍ လူနည်းစုလေးသာ ရှိခဲ့ပေသည်။ မည်သို့ဆိုစေ ၄င်းထူးခြားသော မှတ်ဥာဏ်စွမ်းရည်များကပင်လျှင် ကျမ်းမြတ်ကုရ်အာန် နှင့် ဟဒီးဆ်တော်များကို ထိန်းသိမ်းရန် အဓိက အကြောင်းရင်းခံ တစ်ရပ် ဖြစ်ခဲ့ပေသည်။
တမန်တော်မြတ်(SAW)ထံသို့ ကျမ်းမြတ်ကုရ်အာန်၏ စူရဟ်နှင့်အာယသ်တော်များသည် (ယနေ့မြင်ရသော) အစီအစဉ်အတိုင်း တစိုက်မတ်မတ် ထုတ်ပြန်ကျရောက်လာခြင်း မဟုတ်။ အခြေအနေ၊ အချိန်အခါ နှင့် လိုအပ်သော အကြောင်းခြင်းရာများအတွက် သင့်လျော်သလို ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဥပမာ တမန်တော်မြတ်(SAW)ထံတော်သို့ ပထမဦးဆုံး ကျရောက်သော စူရဟ်/ အာယသ်တော်မှာ အမှတ်စဉ် (၁) စူရဟ် ဖာသိဟဟ် မဟုတ်ပါ။ အမှတ်စဉ် (၉၆) စူရဟ် အလပ်က်၏ အာယသ်တော် (၁ မှ ၃) ဖြစ်ခဲ့သည်။ (အချို့အဆိုအရ ၁ မှ ၅ ဟု ဖော်ပြသည်)။
ထို့နည်းတူ ကုရ်အာန် နှင့် စွန္နဟ်အား သင်ကြားပို့ချရာတွင် သတ်မှတ်ချိန်၊ သတ်မှတ်နေရာ၊ သတ်မှတ် သင်ရိုးပုံစံ ဟူ၍ တမန်တော်မြတ် (SAW)ထံ မရှိခဲ့ပါ။ သာသနာ့အသိပညာများကို အိမ်၌ရှိစဉ် အိမ်သူ အိမ်သားများကို ပို့ချ၏၊ လမ်းခရီး၌ရှိစဉ် လမ်းမှန်တရားအကြောင်း ပို့ချ၏၊ ဗလီ၌ရှိစဉ် ဝတ်ပြုရန် လာရောက် စုရုံးသူများကို ဝိုင်းထိုင်စေပြီး တရားဓမ္မဟောပြောသင်ကြားပို့ချပေးတော်မူခဲ့၏။ စစ်မြေပြင်၌ရှိစဉ်လည်း ရဲစွမ်းသတ္တိရှိရန်၊ ဖြောင့်မတ် မှန်ကန်ရန် စသဖြင့် နှိုးဆော်ထိန်းကျောင်းတော်မူခဲ့၏။ သို့သော် လူတို့ငြီးငွေ့မည်ကို မလိုလားသဖြင့်
နေ့စဉ်နေ့တိုင်း သင်ကြားပို့ချ /နားဆင်စေခြင်းမျိုး မပြုတော်မူပေ။ သာသနာ့ပညာ သင်ယူဆည်းပူးသူများ၏ လွယ်ကူအဆင်ပြေမှု နှင့် အနေအထားများအပေါ် မူတည်၍ သင့်လျော်သလို သင်ကြားပို့ချပေးတော် မူခဲ့ခြင်း ဖြစ်သည်။
တမန်တော်မြတ်(SAW)၏ ပညာသင်ကြားပို့ချမှုဝိုင်း၌ ဆွဟာဘဟ် အမျိုးသားအမျိုးသမီးတို့သည် မိမိတို့၏ ရင်သွေးငယ်များကိုပါ ခေါ်ဆောင်လာ လေ့ရှိကြ၏။ ဟောပြောပို့ချသမျှ ကုရ်အာန် နှင့် စွန္နဟ်များကို မိမိတို့၏ မှတ်ဥာဏ်ဖြင့် စွဲမြဲမှတ်သားထားကြ၏။ နားမလည်သည့်အကြောင်းအရာများအား မရှက်မကြောက် ပွင့်လင်းစွာ မေးမြန်းလေ့ရှိခဲ့ကြပေသည်။ မဒီနဟ်သို့ ဟိဂ်ျရသ် ပြုပြီးနောက် သာသနာ့ပညာ သင်ပေးသင်ယူကဏ္ဍမှာ ပိုမို ကျယ်ပြန့်ကြီးထွားလာခဲ့၏၊ ဆွဟာဘဟ်တို့သည် ပညတ်တစ်ခုအတွက် ဝေးလံသောဒေသမှပင် ခရီးပြင်းနှင်၍ ကိုယ်တော်မြတ်ထံ လာရောက်မေးမြန်းဆည်းပူးသည်အထိ ဒုက္ခခံခဲ့ကြသည်။
ဆိုလေပြီးသည့်အတိုင်း အာရဘ်လူမျိုးနွယ်တို့၏ အစဉ်အလာအရ သာသနာ့ပညာများ (မိမိတို့ ကြုံဆုံကြားသိ နာယူရသည်များ)ကို မှတ်ဥာဏ်ဖြင့်သာ ထိန်းသိမ်းခဲ့ကြကုန်၏။ စာပေဖြင့် ရေးသားမှတ်တမ်းတင်သူမှာ မဆိုစလောက် ဦးရေသာ ရှိခဲ့သည်။ တမန်တော်မြတ်(SAW)သည် စာပေဖြင့် မှတ်တမ်းတင်မှုများကို အမြော်အမြင်ကြီးလှစွာ ခွင့်ပြုတော်မူခဲ့သည်သာမက အချို့သူများ အား ရေးမှတ်ရန်ကိုပင် ညွှန်ကြားတော်မူခဲ့ပေသည်။
ဆွဟာဘဟ်အများစုက မရေးမှတ်ခြင်း နှင့် ရေးမှတ်မှုကိုမနှစ်သက်ခြင်း ဟူသည်မှာ အလွတ်ကျက်မှတ်သော အစဉ်အလာအရလည်းကောင်း၊ အများစုမှာ စာပေမတတ်မြောက်ခြင်းကြောင့်လည်းကောင်း ဖြစ်၏။ တမန်တော်မြတ်(SAW)သည် စာပေသင်ကြားခြင်း မရှိခဲ့သော်လည်း မိမိ၏နောက်လိုက်များအား စာပေသင်ကြားရန် အထူးတိုက်တွန်း အားပေးတော်မူခဲ့ပေသည်။
ဥပမာ - ကာဖိရ်ဖက်မှ ဘဒရ်စစ်သုံ့ပန်းတစ်ဦးသည် မုစ်လင်မ် (၁ဝ)ဦးကို စာပေအရေးအဖတ် တတ်မြောက်သည်အထိ သင်ကြားပေးနိုင်ပါက လွတ်မြောက်ခွင့်ပေးတော်မူခဲ့သည်မှာ ခိုင်မာသည့် သာဓကတစ်ရပ် ဖြစ်၏။
တမန်တော်မြတ် (SAW)၏ ခေတ်ကာလတစ်လျှောက်လုံး ကုရ်အာန်နှင့်ဟဒီးဆ် (သာသနာ့ပညာ) ကို နည်းလမ်းနှစ်မျိုးဖြင့် ရယူထိန်းသိမ်း ခဲ့ကြ၏။ အလွတ်ကျက်မှတ်အာဂုံဆောင်ခြင်း နှင့် ရေးသားမှတ်တမ်းတင်ခြင်း တို့ဖြစ်သည်။ ဟဒီးဆ်တော်နှင့်ပတ်သက်၍ ဥပမာဖော်ပြရလျှင် အဘူ ဟုရိုင်ရဟ် (R)သည် မြောက်များလှစွာသော ဟဒီးဆ်တော်များကို အာဂုံဆောင်ကျက်မှတ်ထားပြီး တမန်တော်မြတ်(SAW)လွန်ပြီးနောက် မှန်ကန်စွာ ဆင့်ပြန်ပို့ချနိုင် ခဲ့သည်။ သို့ရာတွင် ဆင့်ပြန်သော ဟဒီးဆ်တော်အရေအတွက်၌ကား သာဝကကြီး အဘ်ဒုလ္လာဟ် ဘင်န် အမ်ရ် ဘင်န် အလ်အာ့ဆွ် (R)က သူ့ထက် သာလွန်ခဲ့လေသည်။ ယင်းသို့ သာလွန်ခဲ့ရခြင်းမှာ မိမိသည် အာဂုံဆောင် ကျက်မှတ်ခြင်းသာ ဖြစ်ပြီး အဘ်ဒုလ္လာဟ်က ရေးမှတ်ထား၍ဖြစ်ကြောင်း အဘူ ဟုရိုင်ရဟ်(R)မှ ဝန်ခံပြောပြခဲ့ပေသည်။
တဖန် တမန်တော်မြတ်(SAW)၏လက်ထက်တော်အတွင်း အဘ်ဒုလ္လာဟ် ဘင်န် အမ်ရ် ဘင်န် အလ်အာ့ဆွ်(ရဿွိ)မှ ဟဒီးဆ်/စွန္နဟ်များအား ရေးသား မှတ်တမ်းတင်နေမှုအပေါ် အချို့သာဝကများက ပြစ်တင်ရှုတ်ချ ခဲ့ကြ၏။ ဝဟီ ကျရောက်ဆဲကာလဖြစ်သဖြင့် ကျမ်းမြတ်ကုရ်အာန်နှင့်ရောထွေးသွားမည်ကို စိုးရိမ်၍ဖြစ်သည်။ တမန်တော်မြတ်သည် မနုဿလူသားသာဖြစ်သဖြင့် နှုတ်ထွက်စကားမှန်သမျှ မရေးမှတ်သင့်ကြောင်း ပြောဆိုတားဆီး ခဲ့ကြသည်။ တမန်တော်မြတ်(SAW) ထံ လျှောက်ထားတင်ပြသောအခါ ကိုယ်တော်မြတ်က ဤသို့ မိန့်ကြားတော်မူ ခဲ့သည်။

'' ငါ၏အသက်ဝိဥာဉ်ကို ပိုင်စိုးထိန်းချုပ်ထားတော်မူသော အလ္လာဟ်အသျှင်မြတ်ကို တိုင်တည်ပါအံ့။ ငါကိုယ်တော်မြတ်၏ နှုတ်ထွက်စကားတိုင်းသည် အမှန်ချည်းသာ ဖြစ်၏ ''။ ၄င်းနောက် ဟဒီးဆ်တော်အား ဆက်လက် ရေးမှတ်သွားရန် တိုက်တွန်းတော်မူခဲ့ပေသည်။

ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန် နှင့် ဟဒီးဆ်/စွန္နဟ်တော်ကို စာပေမှတ်တမ်းတင် ရယူထိန်းသိမ်းမှု သမိုင်းမှာ တမန်တော်မြတ် (SAW) သက်တော်ထင်ရှားရှိစဉ်ကပင် စတင်လာခဲ့ကြောင်း ခိုင်မာနေပေသည်။

တမန်တော်မြတ် (SAW)၏ ပညာပို့ချဖြန့်ချိခြင်း ဓလေ့တော်အချို့
==================================

သာသနာ့ပညာကို ပခုံးပြောင်းလက်ဆင့်ကမ်း သင်ကြားပို့ချပေးသော ကဏ္ဍမှန်သမျှ အစ္စလာမ့် အသုံးအနှုန်းအရ သဗ်လီးဃ် ဟု ခေါ်ဆိုသည်။ ယင်းသို့ပို့ချဖြန့်ချိရာ၌ တမန်တော်မြတ် (SAW)၏ ဓလေ့တော်အချို့ကို တင်ပြပါမည်။
၁။ တမန်တော်မြတ်(SAW)သည် မိမိ မသိရှိသောအကြောင်းတစ်စုံတစ်ရာကို မေးမြန်းခံရပါက တိတ်ဆိတ်စွာသာ နေတော်မူပြီး ဝဟီဗျာဒိတ်တော်ကို စောင့်ဆိုင်းနေလေ့ရှိ၏။
၂။ တစ်စုံတစ်ရာသောအကြောင်းရပ်အပေါ် ကောင်းစွာသဘောပေါက်စေလိုလျှင် သုံးကြိမ်သုံးခါ အမိန့်ရှိတော်မူတတ်၏။
၃။ ဆွဟာဘဟ်များ၏နားလည်သဘောပေါက်မှုနှင့်ထက်မြက်မှုအား စမ်းသပ်ရန် ပြန်လှန်မေးခွန်းထုတ်လေ့ရှိတော်မူ၏။
၎။ မေးမြန်းချက်တစ်ခုအား အဖြေပေးပြီးလျှင် ထိုအချက်နှင့်ဆင်တူသည့် အကြောင်းအရာများကိုပါ မိန့်ကြားတော်မူလေ့ရှိ၏။
၅။ ဓမ္မတရားဟောပြောမှုကို နားရက်ထား၍ ဆောင်ရွက်တော်မူခဲ့၏။ မနေမနား နေ့စဉ်ရက်ဆက်ဆောင်ရွက်ခြင်းကို မနှစ်မြို့တော်မူ။ လူအများ၏ ခက်ခဲမှုကို မလိုလား၍ ဖြစ်သည်။
၆။ သာမန်လူတို့အကြား ပြဿနာဖြစ်နိုင်မည့် မတ်စ်အလာများကို သီးသန့် ဆွဟာဘဟ် အချို့ကိုသာ သင်ကြားပြသတော်မူခဲ့၏။

ဟဒီးဆ်တော် ဖြန့်ချိရာတွင် အမျိုးသမီးတို့၏ ကဏ္ဍ
=========================

တမန်တော်မြတ်(SAW)၏ ပညာရေးအသိုင်းအဝိုင်းသည် အမျိုးသားများအတွက်သာ ဘောင်ခတ် သတ်မှတ်ထားခြင်း မရှိခဲ့။ လူအစုအဝေး (ဂျမာအသ်)၌ လည်းကောင်း၊ ဝတ်ကျောင်းတော်အတွင်း ဓမ္မပညာပေး အစီအစဉ်များ၌လည်းကောင်း၊ အီးဒ်ဆွလာသ်များ၌လည်းကောင်း အမျိုးသမီးများကို ပါဝင်စေတော်မူခဲ့သည်။
သို့ရာတွင် အများအားဖြင့် အမျိုးသားများသာ ရှိနေတတ်ကြပြီး အမျိုးသမီးများသည် အိမ်တွင်းဗာဟီရကိစ္စများဖြင့် အမြဲတစေ အချိန်ပေးရန် မဖြစ်နိုင်ခဲ့ကြပေ။ ထို့ကြောင့် အမျိုးသမီးတစ်စုက မိမိတို့အတွက် သီးသန့်အချိန်တစ်ခုဖြင့် သတ်မှတ်စီစဉ်ပေးပါရန် လျှောက်တင်ကြရာ တမန်တော်မြတ်(SAW)မှ သဘောတူခွင့်ပြုတော်မူခဲ့၏။ မဒီနဟ်မြို့နေ အန်ဆွာရ်အမျိုးသမီးတို့သည် ပညာနှင့်ပတ်သက်လာလျှင် လွန်စွာစိတ်ပါထက်သန်လေ့ရှိကြ၏။ အမျိုးသမီးရေးရာတို့ကို အမျိုးသားများအကြားမှပင် မရှက်မကြောက်မေးမြန်းတတ်ကြပေရာ မိခင်မွန် အာအိရှဟ် (R) သခင်မကြီးသည်ပင် မချီးမွမ်းဘဲမနေနိုင်အောင် ဖြစ်ခဲ့ရပေသည်။ အရှက်အကြောက်ကြီးလှသည့် အမျိုးသမီးများမှာကား တမန်တော်မြတ် (SAW)၏ကြင်ရာတော်ထံများထံမှတဆင့် မေးမြန်းမှတ်သားကြပြီး မိမိတို့အချင်းချင်းအတွင်းဝယ် လက်ဆင့်ကမ်းပို့ချခဲ့ကြပေသည်။
တမန်တော်မြတ်(SAW)သည် သီးသန့်အမျိုးသမီးအသိုင်းအဝိုင်း၌ဖြစ်စေ၊ ကြင်ရာတော်များထံမှတစ်ဆင့်ဖြစ်စေ အမျိုးသမီးရေးရာပညတ်ချက်များကို ပို့ချ ညွှန်ပြတော်မူလေ့ရှိသည်။ ထိုသို့သောဟဒီးဆ်တော်များကို အမျိုးသား သာဝကတော်များအကြား ရေချိုးးခြင်း၊ ဟိုင်ဿးွ် - ရာသီပန်းကိစ္စ၊ အကြင်လင်မယား ကိုယ်လက်နှီးနှောမှု စသည့် မတ်စ်အလာများအပေါ် သဘောထားကွဲလွဲသောအခါ တမန်တော်မြတ်(SAW)၏ကြင်ရာတော်-မိခင်မွန်များ၊ သာဝိကာမ များထံ ဦးလှည့်ကာ အဆုံးအဖြတ်ကို ခံယူခဲ့ကြရပေသည်။

** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ
ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏
သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်ပြချက် ဖြစ်ပါသည်။ ငြင်းခုံလိုသူများအနေနှင့် မူရင်းကျမ်းရှင်နှင့် ဆက်သွယ်ငြင်းခုံကြပါကုန် **

အင်န်ရှာ အလ္လာဟ်။ ဆက်လက်ဖော်ပြသွားပါမည်။ အနိုင်ယူငြင်းခုံမှုများအတွက် အချက်အလက်များ ချပြနေခြင်း မဟုတ်ပါ။ လူသိနည်းလွန်းသော အကြောင်းအရာများကို အလွယ်တကူ လေ့လာနိုင်ရန် ကြိုးစားတင်ပြပေးနေခြင်းသာဖြစ်ကြောင်း သိစေအပ်ပါသည်။



July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.