Pages

.

အစ္စလာမ့်လမ်းစဉ်ဖြင့် လူ့ဘ၀တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ (သို့မဟုတ်) ယှရီအဟ် - ၁

အစ္စလာမ့်လမ်းစဉ်ဖြင့် လူ့ဘ၀တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ
(သို့မဟုတ်) ယှရီအဟ် - ၁
******************************************

အစ္စလာမ့်ဥပဒေ နှင့် အစ္စလာမ့်လူ့အဖွဲ့အစည်း
=======================
အစ္စလာမ်သည် ဖန်ဆင်းရှင်၏အလိုတော်သိုွဲှ့အပ်နာခံအပ်နှင်းခြင်းအပေါ် တည်ဆောက်ထားသော ဘဝလမ်းစဉ်ဖြစ်သည်။ အရဗီလို ယှရီအဟ် ဟုခေါ်သည့် အစ္စလာမ့်ဥပဒေလမ်းကြောင်းက '' ဖန်ဆင်းရှင်၏ အလိုတော်ဟူသည် အသို့နည်း '' ဆိုသောမေးခွန်းကို အဖြေပေးထားပါသည်။ ကျမ်းမြတ်ကုရ်အာန်၌ ဥပဒေပြဋ္ဌာန်းချက်
များကို ရှင်းလင်းစွာဖော်ပြထားသော ပါဒတော်များစွာပါဝင်နေ၏။ ၄င်းပြင် ထိုပါဒတော်များသည် အစ္စလာမ့်ဥပဒေအား ထုတ်နှုတ်ရယူသည့် အဓိကအရင်းအမြစ်များ ဖြစ်ပေသည်။
ဤကဏ္ဍသည် အစ္စလာမ့်ဥပဒေကိုလိုက်နာပါသည်ဟု ကြွေးကြော်ထားကြကုန်သည့်
မုစ်လင်မ်နိုင်ငံတစ်ခုခု၏ဥပဒေ (ဝါ) ကျင့်ထုံးကို ဖော်ပြခြင်းမဟုတ်ဘဲ အစ္စလာမ့်ယှရီအဟ်သဘောတရားကို တင်ပြခြင်းသာဖြစ်သည်။ ယှရီအဟ်၏အဓိပ္ပါယ်/ဆိုလိုချက်၊ ဥပဒေကို ပညာရှင်များမှ မည်သို့ထုတ်ယူကြပုံ၊ အစ္စလာမ့်ဥပဒေတွင် နေ့တစ်ဓူဝအရေးအရာများ ပါဝင်နေပုံ၊ အစ္စလာမ့်လူ့အဖွဲ့အစည်းအတွင်းရှိ အငြင်းပွားဖွယ် ပြစ်မှုဆိုင်ရာဥပဒေများ နှင့် ၄င်းတို့၏ရည်ရွယ်ချက်များအကြောင်းတို့ကို အဆင့်လိုက်တင်ပြသွားပါမည်။

ယှရီအဟ် ဟူသည်
=========
ယနေ့ခေတ်ရှိမုစ်လင်မ်အများအပြားတို့သည် ယှရီအဟ်ဟူသည့် အသုံးအနှုန်းကို ပြစ်မှုဆိုင်ရာ အစ္စလာမ့်ဥပဒေအဖြစ်သာ သီးသန့်သုံးစွဲနေသကဲ့သို့ ဖြစ်နေ၏။ ပြစ်မှုဆိုင်ရာဥပဒေသည် ယှရီအဟ်၏သေးငယ်သော အစိတ်အပိုင်းတစ်ရပ်မျှသာ ဖြစ်ပါသည်။ စင်စစ်၌ ယှရီအဟ် ဟူသည် လူတစ်ဦးချင်းဖြစ်စေ လူ့အဖွဲ့အစည်းတစ်ရပ်လုံးဖြစ်စေ ဘဝ၏အရေးအရာအပေါင်းနှင့်စပ်ဆိုင်သော နာမ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ လမ်းကြောင်းအား ကျယ်ဝန်းစွာ ဖော်ထုတ်ထားချက်ပင် ဖြစ်သည်။
ယှရီအဟ် ဟူသောဝေါဟာရမှ အစ္စလာမ့်ဥပဒေ၏ အခြေခံဒဿန နှင့် ရည်ရွယ်ချက်ကို သိရှိနိုင်၏။ ယှရီအဟ်၏ရင်းမြစ်ဝေါဟာရမှာ ယှရာ ဖြစ်ပြီး အောက်ဖော်ပြပါ အဓိပ္ပာယ်ခြောက်မျိုးထွက်ရှိသည်။ ပထမလေးမျိုးမှာ အစ္စလာမ့်ဥပဒေဆိုသည်ထက် အစ္စလာမ့်ဥပဒေအတိုင်းဘဝတည်ဆောက်မှုလမ်းကြောင်းကို ညွှန်းထားသည်။
၁။ စတင်ခြင်း
အစ္စလာမ့်ဥပဒေသည် မုစ်လင်မ့်လူ့အဖွဲ့အစည်းအတွင်း နေထိုင်ရှင်သန်ရေးစည်းမျဉ်းများကို အခြေခံမှအစ စတင်ချမှတ်ထားသည်။
၂။ ရွက်လှေ
ရွက်လှေသည် လူတို့အား ခရီးဆက်စေပြီး မျှော်မှန်းရာပန်းတိုင်သို့ အဆင့်ဆင့်သယ်ဆောင်ပေး၏။ လူ့အသိုက်အမြုံ၏ ဥာဏ်ရည်၊ ကျင့်ဝတ်၊ ကိုယ်ကျင့်တရား၊ စိတ်ဓါတ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယှရီအဟ်က ရွက်လှေတစ်စင်းကဲ့သို့အလား ဆောင်ကြဉ်းပေးသည်။
၃။ အမိုးအကာတဲ(အကာအကွယ်)
ယှရီအဟ်သည် အမိုးအကာရှိတဲတစ်လုံးကဲ့သို့ လူတို့အား ရုပ်၊ နာမ်၊ စိတ်ဓါတ် မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ပေးသည်။
၎။ ဥပဒေပြဋ္ဌာန်းခြင်း
အုပ်ချုပ်ရေးရည်ရွယ်ချက်အတွက် အစ္စလာမ့်ဥပဒေများအားသတ်မှတ်ရာတွင် စီရင်ခြင်း၏လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ဖော်ပြသည့်စကားလုံးဖြစ်သည်။ အလားတူစွာ နိုင်ငံသားတစ်ဦးချင်းစီ၏ တာဝန်နှင့်အခွင့်အရေးအပေါ် အခြေပြုသော လူမှုဆက်ဆံရေးကိုလည်း ယှရီအဟ်မှ ပြဋ္ဌာန်းထားသည်။
၅။ ရေရှိရာသို့ သွားရာလမ်းကြောင်း
အာရေဗျသဲကန္တာရများတွင် ရေသည် အသက်ရှင်သန်ရေးအတွက် ပင်မအကြောင်းအချက်ဖြစ်သည်။ ဤသဘောတရားအရ ယှရီအဟ်က အစ္စလာမ့်လူ့အသိုင်းအဝိုင်းတစ်ရပ်ကို ရုပ်၊ နာမ်၊ ကိုယ်ကျင့်တရားပိုင်းနှင့်သက်ဆိုင်သော ဘဝနေထိုင်မှုအား ဖြစ်ပေါ်လာစေသည်။ လမ်းကြောင်းဟု ရည်ညွှန်းခြင်းမှာ ယင်းလမ်း၏အဆုံးသတ်သည်
ဖန်ဆင်းရှင်၏အလိုတော်သို့ အကြွင်းမဲ့နာခံအပ်နှင်းလိုက်ခြင်း ဖြစ်သည်။ အစ္စလာမ့်ဥပဒေက စာရိတ္တဆိုးကို လျော့ပါးစေ၍ စာရိတ္တကောင်းကိုတိုးပွားစေသော ပတ်ဝန်းကျင်တစ်ခုအား ဖန်တီးပေးသည်။
၆။ မခန်းခြောက်သည့် စမ်းပေါက်
ဤစကားသည် ရင်းမြစ်အဓိပ္ပာယ်သာ မဟုတ်၊ ယှရီအဟ် ဟူသော ဝေါဟာရ၏ကိုယ်စားပြုချက်ပင် ဖြစ်နေသည်။ အဆက်မပြတ်ရေထွက်ရှိနေခြင်း ဟုသည့်ဆိုလိုချက်က ယှရီအဟ်သည် '' လူ့ခပ်သိမ်းအတွက် အဆုံးမရှိ အကျိုးဖြစ်ထွန်းစေရာ လောကတစ်ဝှန်းနှင့်သက်ဆိုင်သောပညာ '' ဟူ၍ အစ္စလာမ့်ဒဿနကို ညွှန်ပြနေပေသည်။
သို့ဖြစ်ရာ ဤဥပဒေသည် လူမျိုးတစ်စု၊ နိုင်ငံတစ်ခု၊ ခေတ်ကာလတစ်ရပ်တည်းအတွက်သာမဟုတ် - အစ္စလာမ့် ယုံကြည်ချက်ကိုလက်ခံသူတိုင်းနှင့် သက်ဆိုင်နေပါသည်။

ဗျာဒိတ်ဥပဒေအား ထုတ်နှုတ်ခြင်း နှင့် ဖွင့်ဆိုခြင်း
==========================
ယှရီအဟ် ဟုအမည်တွင်သည့် ဥပဒေများသည် လမ်းကြောင်းများစွာမှဆင်းသက်လာသည် (လာမည့်အခန်း၌ အသေးစိတ်တင်ပြပါမည်)။ ၄င်းလမ်းကြောင်းမှ ထုတ်နှုတ်သည့်ဥပဒေများမှာ နက်နဲသည့်အတတ်ပညာမှတဆင့် စံနစ်တကျဖြစ်အောင် စီမံထားခြင်းဖြစ်သည်။ ယင်းအတတ်ပညာကို ဖိက်ဟ် (ကျွန်ုပ်တို့ထံတွင် ဖိကဟ်ဟု အသံထွက်၏)
ဟု ခေါ်၏။ ဥပဒေပြုပညာ ဖြစ်သည်။ ဤပညာက ဖန်ဆင်းရှင်၏အလိုတော်အား နားလည်စေသည်။
ဥပဒေပြုရေးလမ်းကြောင်းမှ ပညာရှင်များကို ဖုကဟာ (ဧကဝုစ်နာမ် - ဖကီးဟ်)ဟု သိရှိကြသည်။ ဤပညာရှင်များသည် အစိုးရအာဏာပိုင်လက်အောက်ခံများအဖြစ် လုပ်ကိုင်လေ့မရှိကြချေ။ ၄င်းတို့ထံ၌ အခြားဖုကဟာတို့၏ ထောက်ခံခွင့်ပြုချက် (အိဂျာဇဟ်)ဖြင့် တရားဝင်အယူအဆတစ်ရပ်ကို ထုတ်ပြန်နိုင်သည့်အခွင့်အာဏာ ရှိကြသည်။
ဤပညာရပ်ကိုသိတတ်ရန်မှာ ဘဝတစ်ခုလုံးမြုပ်နှံထားရပါသည်။ မြောက်များလှစွာသော ဆရာမြတ် ဆရာကောင်းများ (စစ်မှန်သည့်ပညာရှင်များ)က ၄င်းတို့သည် နှစ်ပေါင်း ၂ဝ ကျော်အထိ လေ့လာသော်ငြား ဤအတတ်ပညာ၏လက်သင်များသာဖြစ်သေးကြောင်း ဆိုတတ်ကြ၏။ ဤအတတ်ပညာ၏ရှုပ်ထွေးနက်နဲမှုကြောင့် ဖုကဟာများ၏ ဘဝနှင့်ရင်း၍ ကြိုးပမ်းပုံဖော်ချက်များကို ယခုတင်ပြသည့်ကဏ္ဍတစ်ခုတည်းဖြင့်ပြည့်စုံလုံလောက်သည်ဟု ဆိုမရနိုင်ပါ။
အများစုဖြစ်သော စွန္နီတို့၏အစဉ်အလာအရ အစ္စလာမ်သာသနာ၌ သာသနာပိုင်လူတန်းစား ဟူ၍ မရှိ။ ဖန်ဆင်းရှင်နှင့်ဆက်သွယ်မှုရှိနေပြီး ဖန်ဆင်းရှင်၏ဆန္ဒကို လူထုထံချပြသော ဂိုဏ်းအုပ်ဂိုဏ်းချုပ်ဟူ၍လည်း မရှိပါ။ ဖန်ဆင်းရှင်နှင့် တိုက်ရိုက်ဆက်သွယ်ပေးလျက်ရှိသော (ပုပ်ရဟန်းမင်းကဲ့သို့) ကြားခံပုဂ္ဂိုလ် မရှိပါ။ လူသား၏ အသိတရား နှင့် နာမ်ပိုင်းဆိုင်ရာအပေါ် အပြင်းအထန်အားထုတ်မှုဖြင့် ဖန်ဆင်းရှင်၏အလိုတော်အား သိမြင်နားလည်မည်ဟုသာ အယုံအကြည်ထားကြပေသည်။
အစ္စလာမ့်လမ်းစဉ်တွင် ဗျာဒိတ်တော်လာလမ်းညွှန်ချက်အား သိမြင်နားလည်မှု နှင့် လက်တွေ့အသုံးချမှုကို ဥပဒေပြုခြင်းအတတ်ပညာအားဖြင့် လူသားတို့ထံ ရောက်ရှိပေသည်။ ၄င်းအထူးလေးမြတ်ဖွယ်ရာ ဥပဒေ ပါရဂူများမှာလည်း ဥပဒေအသိုင်းအဝိုင်းမှပညာရှင်များ၏ ဆန်းစစ်မှုကို ခံယူရလေ့ရှိသည်။ အကြောင်းမှာ ဖန်ဆင်းရှင်၏ ဗျာဒိတ်တော်အား တိုက်ရိုက်လက်ခံရယူသူဟူ၍ မရှိတော့ခြင်းကြောင့်ဖြစ်သည်။ ဤဆန်းစစ်မှု နှင့် ညှိနှိုင်းသုံးသပ်မှု
နည်းစဉ်၌ အယူအဆကွဲလွဲခွင့် နှင့် အချေအတင်ဆွေးနွေးခွင့် (အိခ်သိလာ့ဖ်)သော်လည်းကောင်း၊ တညီတညွတ်တည်း လက်ခံခြင်း (အိသိဖာ့က်)သော်လည်းကောင်း ဖြစ်လာပေသည်။
ဥပဒေရေးရာအယူအဆကို ဖဝါဟ် (ဗဟုဝုစ်နာမ် - ဖသ်ဝါ) ဟုခေါ်ဆို၏။ အသေအချာလေ့ကျင့်သင်ကြားထားသောသူများသာလျှင် ဖသ်ဝါ ပေးပိုင်ခွင့်ရှိ၏။ သို့သော် မိမိ၏ကိုယ်ပိုင်အယူအဆ မပါဝင်မထည့်သွင်းရချေ။ အကယ်၍ ဥပဒေပြုအတတ်ပညာသိပ္ပံဘာသာရပ်၌ ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားဖူးခြင်း၊ နက်နက်နဲနဲ
လေ့လာဖူးခြင်း မရှိသုများမှ ထုတ်ပြန်သော ဖသ်ဝါများကို အစ္စလာမ့်အယူအဆအရ ခိုင်မာခြင်း၊ တရားဝင်ခြင်း မရှိ ဟု သတ်မှတ်ကြပေသည်။

အခြေခံစည်းမျဉ်းများ နှင့် စည်းကမ်းချက်များကို ရှာဖွေရယူခြင်း
==================================
ယှရီအဟ် အဖြစ်သတ်မှတ်ရန် အစ္စလာမ့်ဥပဒေပြုပါရဂူများသည် အရင်းအမြစ်ကြီးလေးရပ်ကို အသုံးပြု၍ ထုတ်နှုတ်ရယူကြရ၏။
(က)။ ကုရ်အာန် ကျမ်းတော်မြတ်
(ခ)။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)၏ဓလေ့တော် (စွန္နဟ်)
(ဂ)။ ပညာရှင်များ၏ သဘောတူအဆိုညီမှု (အိဂ်ျမာအ်)
(ဃ)။ သဏ္ဍာန်တူဥပဒေဆိုင်ရာ နှိုင်းယှဉ်ဆန်းစစ်သုတေသနပြုချက်များ (ကိယာ့စ်)

(က) ကျမ်းမြတ်ကုရ်အာန်၌ ...
=================
“ ဤသည်ကား လူခပ်သိမ်းတို့ထံ ရှင်းလင်းဖော်ပြချက်၊ လမ်းညွှန်တရား နှင့် (အရှင့်နှစ်မြို့မှုအလို့ငှါ ဒုစရိုက်မှ ကြဉ်ရှောင်ကြကုန်သော) မုသ်သကီများအဖို့ ဆုံးမသြဝါဒ ဖြစ်၏။ ကုရ်အာန် ( ၃း ၁၃၈ )
ကုရ်အာန်က အထက်ပါကဲ့သို့ဆိုထား၏။ ဤပါဒတော်က ကျမ်းဂန်ကုရ်အာန်၏ဥပဒေများမှာ တိကျရှင်းလင်းစွာ ဖော်ပြထားခြင်းကြောင့် မည်သည့်သံသယမျှဖြစ်စရာမလိုကြောင်း တင်ပြထားသည်။ သို့သော် ဗျာဒိတ်
ထုတ်ပြန်ခြင်းလမ်းကြောင်းပေါ်မူတည်ပြီး အချို့ဥပဒေများမှာ အဆင့်ဆင့်ပြဌာန်း၍ အချို့မှာ သစ်လွင်ခြင်းခံရသည် (ဆိုလိုသည်မှာ - အချို့ဥပဒေများသည် ထပ်ဆင့်ရှင်းပြချက် သို့မဟုတ် အခြားပါဒတော်များအပေါ် ကန့်သတ်ချက်များဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်)။
ကျမ်းမြတ်ကုရ်အာန်သည် တစ်ကြိမ်တည်းနှင့် တစ်လုံးတစ်ဝတည်း ထုတ်ပြန်ကျရောက်လာခြင်း မဟုတ်။ အဆင့်လိုက် ကျရောက်လာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အစ္စလာမ့်ဥပဒေများသည်လည်း မုစ်လင်မ်လူ့အဖွဲ့အစည်း၏ လူမှုရေး၊ ကိုယ်ကျင့်စာဂဖြစ်စဉ်နှင့်တစ်ကွ ဖွံ့ဖြိုးတိုးတက်လာခဲ့၏။ ဥပမာ - အစ္စလာမ်မတိုင်မီ အာရေဗျယဉ်ကျေးမှု၌ အစဉ်အလာအလေ့အထဖြစ်နေသည့် မူးယစ်ဆေးဝါး နှင့် လောင်းကစားကို တားမြစ်ရာတွင် ကုရ်အာန်က ပထမအဆင့်အနေဖြင့် မူးယစ်သေစာသည် သန့်စင်သောရိက္ခာမဖြစ်၍ အားမပေးကြောင်း ဖော်ပြသည် (၁၆း၆၇)။ ဒုတိယအဆင့်၌ မူးယစ်သေစာနှင့်လောင်းကစားသည် မဆိုစလောက်ကောင်းကျိုးရှိနေလင့်ကစား မကောင်းကျိုး များပြားသည့်ပြစ်မှုတစ်ရပ်အဖြစ် ဖော်ပြတားမြစ်သည် (၂း၂၁၉)။ တတိယအဆင့်၌ မူးယစ်သေစာမှီဝဲထားသော
အခြေအနေတွင် ဆွလာသ်ဝတ်ပြုခွင့်မရှိကြောင်း တစ်ဆင့်တက်ကာ တားမြစ်၏ (၄း၄၃)။ မုစ်လင်မ်တို့သည် တစ်နေ့လျှင် ငါးကြိမ်တိုင်တိုင် ဝတ်ပြုရသဖြင့် မုစ်လင်မ်လူ့အဖွဲ့အစည်းမှ နောက်ဆုံးအဆင့်အဖြစ် ကြိုတင်ပြင်ဆင်နိုင်ရန် ဤဥပဒေဖြင့် ကန့်သတ်ချက် ပေးလိုက်ခြင်းဖြစ်သည်။ နောက်ဆုံး စတုတ္ထအဆင့်တွင်ကား မူးယစ်သေစာသုံးစွဲခြင်း
နှင့်လောင်းကစားကို ယတိပြတ် ပိတ်ပင်တားမြစ်လိုက်ပါသည် (၅း၉ဝ-၉၁)။
ကုရ်အာန်သည် တိကျသောဥပဒေပြဋ္ဌာန်းချက်များကို အနည်းငယ်မျှသာ ချပြထား၏။ သို့သော် အစ္စလာမ့်ဥပဒေ၌ အခြေခံစည်းမျဉ်းအဖြစ် ဖွဲ့တည်နိုင်မည့် ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်ချက်များကိုမူ ကျယ်ကျယ်ပြန့်ပြန့်ပြန့် ချမှတ်ထားပေသည်။ ဖုကဟာများသည် ရံဖန်ရံခါ ပါဒတော်တစ်ခုတည်းမှပင် စည်းမျဉ်းများစွာကို ထုတ်ယူဖော်ဆောင်တတ်ကြ၏။ အခြေအနေအသစ်၊ အနေအထားအသစ်များ ထွက်ပေါ်လာလျှင် ထပ်တိုးပြဋ္ဌာန်းရမည့် အခြေခံ ဥပဒေစည်းမျဉ်းများကို
ပြဋ္ဌာန်းထားပြီးသောဥပဒေ၏နောက်ကွယ်ရှိ အကြောင်းရင်းခံ (အိလ္လဟ်)မှ ရှာဖွေရယူကြ၏။
ကုရ်အာန်ရှိ ဥပဒေအများစုသည် လူထုကောင်းကျိုးဖြစ်ထွန်းရေးအတွေးအခေါ်မှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ၄င်း၌ လူတစ်ဦးချင်းသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ရုပ်၊ နာမ်၊ ကိုယ်ကျင့်တရား၊ အသိဥာဏ် မြင့်ခြင်းတရားများ ပါဝင်နေ၏။ လူထုကောင်းကျိုးးဖြစ်ထွန်းစေရေး ဟူသောအယူအဆသည် အစ္စလာမ့်ဥပဒေ၏အခြေခံစည်းမျဉ်းအဖြစ် ဆန့်ထွက်လာပြီးနောက် အသစ်အသစ်သော ယဉ်ကျေးမှုများ၊ ခေတ်အလျောက်အခြေအနေများအတွက်
အသုံးချနိုင်ပေသည်။ ဥပမာ လက်ရှိခေတ်ကာလတွင် ယာဉ်မောင်းဥပဒေသည် ယှရီအဟ်၏အစိတ်အပိုင်း တစ်ရပ်ဖြစ်လာသည်။ ၄င်းဥပဒေကို ချိုးဖောက်ပါက အပြစ်ရှိသည်ဟု သတ်မှတ်ကြသည်။ ဤဥပဒေများမှာ လူတို့၏ ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများကိုကာကွယ်ရန် ဆောင်ရွက်ထားသဖြင့် အစ္စလာမ့်ဥပဒေ၏ရည်ရွယ်ချက်၌ အကျုံးဝင်နေ၍ ဖြစ်ပါသည်။
ကုရ်အာန်ဆိုင်ရာ အခြေခံစည်းမျဉ်း၏အခြားဥပမာတစ်ရပ်မှာ လွယ်ကူမှုရှိစေခြင်း ဖြစ်၏။ ၄င်းမှာ
'' အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ လွယ်ကူသက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဖို့ ခက်ခဲမှုကိုကား (အလျဉ်း) လိုလားတော်မူသည် မဟုတ်ချေ '' ဟူသောအဆိုမှ ဆင်းသက်လာသည် (၂း၁၈၅)။

တာဝန်အဖြစ် သတ်မှတ်မထားသော ခက်ခဲခြင်းမှ သာသနာ့ကိုင်းရှိုင်းမှုသည် ထွက်ရှိမလာပါ (ဥပမာ - မိမိကိုယ်ကိုနာကြင်စေခြင်း)။ ဖန်ဆင်းရှင်၏ဥပဒေနောက့်သို့ ရိုးသားဖြူစင်စွာ လိုက်နာခြင်းဟူသော လွယ်ကူမှုမှသာ ထွက်လာသည်ဟု ဥပဒေပါရဂူများက ကောက်ချက်ချကြသည်။ ဤစည်းမျဉ်းကို အစ္စလာမ့်ဥပဒေက အလယ်အလတ်လမ်းစဉ်အဖြစ် ညွှန်ပြသည်။ ဖသ်ဝါ ထုတ်သည့်အခါ၌ ဖြစ်စေ၊ လူတို့အား အစ္စလာမ်သို့
ဖိတ်ခေါ်သတင်းပေးသည့်အခါ၌ဖြစ်စေ လူတို့အတွက် လွယ်ကူသက်သာမှုရှိစေရန် တိုက်တွန်းထားပါသည်။

ဤလမ်းစဉ်က အစ္စလာမ်၏အခြေခံအချက်များ၌ ခိုင်မာမြဲမြံရန် နှင့် အစ္စလာမ့်ဦးတည်ချက်များ
ခိုင်မာအားကောင်းလာစေရန် တိုက်တွန်းထားသလို၊ အရာရာတိုင်း၌ လွယ်ကူချောင်ချိစေရန် နှင့်
ကုရ်အာန့်ဦးတည်ချက်ပြည့်မြောက်ရေး၌ လှုပ်သာလှည့်သာသောနည်းလမ်းများအား အသုံးပြုရန်ကိုလည်း တိုက်တွန်းအားပေးထားပေသည်။
ကုရ်အာန်ရှိ ဥပဒေအပေါင်းကို ကျယ်ပြန့်သော စည်းမျဉ်းအမျိုးအစားခြောက်မျိုးဖြင့် အဓိကအုပ်စုများအဖြစ် ခွဲခြားနိုင်ပေသည်။
၁။ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
-----------------------------------------------
လူ့အဖွဲ့အစည်း၌ တစ်ဆူရှင်ဝါဒ နှင့် အစ္စလာမ့်ကျင့်ရပ်များကို ဤဥပဒေများက တည်ဆောက် ကျင့်ကြံစေသည်။ ဤစည်းမျဉ်းက လူ့အဖွဲ့အစည်းအတွင်းရှိ သာသနာအပေါင်း၏လွတ်လပ်စွာကိုးကွယ်ခွင့်ကိုလည်း အကာအကွယ်ပေးထားပါသည်။

၂။ အသက်ဘဝကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
---------------------------------------------------
ဤဥပဒေများက လူသားတို့၏အသက်ဘဝကို တန်ဖိုးထား၍ ကာကွယ်စောင့်ရှောက်ရေးဥပဒေများကို ဖြစ်လာစေသည်။

၃။ မျိုးနွယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
--------------------------------------------
ကြံ့ခိုင်သော အစ္စလာမ့်လူ့အဖွဲ့အစည်း၏အုတ်မြစ်ဖြစ်သည့် မိသားစုနှောင်ကြိုးများကို ဤဥပဒေများက စောင့်ရှောက်၊ အားကောင်းစေသည်။ တရားမဝင် ကာမဆက်ဆံမှု နှင့် လိင်ဖောက်ပြန်မှုကိုလည်း အပြစ်ပေးစေ၏။

၎။ ဥစ္စာပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
----------------------------------------------------
ဤဥပဒေများက နိုင်ငံသားတို့၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် နှင့် ရှာဖွေစုဆောင်းခွင့်ကို ထိန်းသိမ်းပေးသည်။ ခိုးဝှက်ခြင်းအပါအဝင် မတရားမှုများထံမှ အကာအကွယ်ပေးထားသည်။

၅။ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
-------------------------------------------------
ဂုဏ်သိက္ခာသည် လူ့အခွင့်အရေးများ နှင့် အစ္စလာမ့်လမ်းစဉ်၏အခြေခံပင်ဖြစ်ပြီး ဤဥပဒေများက နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးသည်။

၆။ အသိဥာဏ်တရားကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
--------------------------------------------------------
အသိဥာဏ် နှင့် ဆင်ခြင်တုံတရားသည် ထွဋ်မြတ်ကြောင်း အစ္စလာမ့်လမ်းစဉ်က သတ်မှတ်ထား၏။ ထို့ကြောင့် ယှရီအဟ်က ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာအန္တရာယ်များမှ အသိဥာဏ်ကို အကာအကွယ်ပေးစေ၏။ အသိဥာဏ်နှင့်ဆုံးဖြတ်မှုကို တစ်သီးတစ်ခြားစီဖြစ်သွားစေသော အရက်ကဲ့သို့ မူးယစ်သေစာများကို ဥပဒေက တားမြစ်ထားသည်။
ကုရ်အာန်ကပြဆိုထားသော အစ္စလာမ့်ဥပဒေ၏ဤစည်းမျဉ်းများအပေါ် မုစ်လင်မ်တို့က မိမိတို့၏ ယုံကြည်ချက်နှင့်လုပ်ရပ်များကို အခြေတည်ထားခြင်း ဖြစ်ပေသည်။

သာသနာ့ကျင့်စဉ်ကျင့်ရပ်များ
================
ဘဝ၏အချိန်တိုင်းသည် အဖိုးထိုက်တန်၏ ဟု အစ္စလာမ့်လမ်းစဉ်က သတ်မှတ်သည်။
ဗျာဒိတ်လမ်းညွှန်အောက်မှ နေထိုင်ဆောင်ရွက်ပါက ဘဝ၏မည်သည့်လုပ်ရပ်မဆို သာသနာ့ကျင့်ရပ်များအဖြစ် စာရင်းဝင်သွားမည်ဖြစ်သည်။
အစ္စလာမ့်ဥပဒေက မဏ္ဍိုင်ငါးရပ်ကို အဓိကသာသနာ့ကျင့်ရပ်များအဖြစ် တည်ဆောက်စေသည်။
၁။ တစ်နေ့လျှင် ငါးကြိမ် ဝတ်ပြုခြင်း - ဆွလာသ် (၂း၃)
၂။ ရမဿွာန်လမြတ်တွင် အရုဏ်ချိန်မှနေဝင်ချိန်အထိ ဥပုသ်သီလဆောက်တည်ခြင်း - ဆွောင်မ် (၂း၁၈၃-၁၈၅)
၃။ သန့်စင်ဒါန ပေးဆောင်ခြင်း - ဇကာ့သ် (၉း၆ဝ)
၎။ ငွေကြေးအင်အားနှင့်အတူ ခန္ဓာအင်အားရှိနေပါက မက္ကဟ်ရှိ အလ္လာဟ့်အိမ်တော်သို့ သွားရောက်ခြင်း - ဟဂ်ျ (၂း၁၉၆-၂ဝဝ)။

လူမှုဆက်ဆံရေး
==========
ဤဥပဒေသည် မုစ်လင်မ်အချင်းချင်းတို့၏ အခွင့်အရေး၊ တာဝန်ဝတ္တရားများနှင့် သက်ဆိုင်သည်။ ၄င်း၌ အပြန်အလှန်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ စီးပွားရေးကျင့်ဝတ်များ ပါဝင်သည်။ လူမှုဆက်ဆံရေးဆိုင်ရာဥပဒေ၌ လူသတ်မှု၊ ခိုးဝှက်မှု စသည့် ပြစ်မှုကြီးများအတွက်လည်း ပြစ်ဒဏ်ချမှတ်ခြင်း ရှိသည်။

မိသားစုဆိုင်ရာဥပဒေ
===========
ကုရ်အာန်ရှိ မိသားစုဆိုင်ရာဥပဒေများမှာ မိသားစုဝင်အချင်းချင်းဆက်ဆံရေး၊ လက်ထပ်ထိမ်းမြားခြင်း၊ လိင်မှုရေးရာကိစ္စ၊ ကွာရှင်းပြတ်စဲခြင်း၊ အမွေခံခြင်းတို့နှင့် သက်ဆိုင်ပါသည်။ အမျိုးသမီးအခွင့်အရေးနှင့် တာဝန်ကိစ္စသည်လည်း မိသာစုဆိုင်ရာဥပဒေ၌ အရေးကြီးအခန်းကဏ္ဍမှ ပါဝင်၏။

အစားအသောက်ဥပဒေ
============
အစားအသောက်ဆိုင်ရာဥပဒေသည် အခန်းကဏ္ဍ မကြီးမားသော်လည်း အစ္စလာမ့်ဥပဒေ၌ အရေးပါသောအကြောင်းတစ်ရပ်ဖြစ်သည်။ ခန္ဓာကိုယ်တွင်းသို့ တိုက်ရိုက်ဝင်ရောက်သောအရာသည် အလ္လာဟ့်သိစိတ်ကို အကျိုး သက်ရောက်စေ၏။ ထို့ကြောင့် ယှရီအဟ်၌ မရှိမဖြစ် ထည့်သွင်းထားခြင်း ဖြစ်သည်။

စစ်မက်ဥပဒေ
========
စစ်မက်ရေးရာနှင့်ပတ်သက်၍ ကုရ်အာန်မှ တိကျသောစည်းကမ်းချက်များ ချမှတ်ထားသည်။ စစ်မက် ကာလအတွင်း စောင့်ထိန်းရမည့် အခြေခံကျင့်ဝတ်များသာမက စစ်နိုင်ပစ္စည်းခွဲဝေဖြန့်ချိမှုလည်း ပါဝင်သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment

Note: only a member of this blog may post a comment.