Pages

Pages - Menu

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၉)

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၉)
************************************************

လက်ဦးပထမ ဂိုဏ်းဂဏများ နှင့် ဟဒီးဆ်တော်၏ကဏ္ဍ
============================

အစ္စလာမ့်လောက၏ပထမဆုံးပေါ်ထွက်လာသော ဂိုဏ်းဂဏများအကြောင်းကို တင်ပြပါမည်။ ကွဲလွဲမှုကို ပညာအဖြစ်ရှာကြံစေရန် မဟုတ်။ ဂိုဏ်းဂဏများ ပေါ်ပေါက်ရခြင်း၏ ရင်းမြစ်အကြောင်းတို့ကို သိရှိပြီး ထိုအချက်များမှ ရှောင်ကြဉ်နိုင်စေရန်အတွက် ဖြစ်သည်။ ၄င်းအပြင် ဟဒီးဆ်ကဏ္ဍနှင့်လည်း အတိုင်းအတာတစ်ရပ်အထိ ပတ်သက်နှီးနွှယ်နေသောကြောင့် ဖြစ်၏။ ထိုခေတ်ကာလက ခ၀ါရိဂျီးန်၊ ရှီအဟ် နှင့် ဂျမ်ဟူးရ် ဟူသော အဓိက အုပ်စု သုံးမျိုးကွဲ၏။

(၁) ခဝါရိဂ်ျ အုပ်စုများ ( ခါရိဂျီးန် )
ခဝါရိဂ်ျ ဟူသည် သဟ်ကီးမ် ( ခုံသမာဓိထားရှိပြီး စေ့စပ်ညှိနှိုင်း ဖျန်ဖြေရေး )ကို လက်မခံငြင်းဆန်သောအုပ်စု ဖြစ်သည်။ အုဆ်မာန်း (R)၏ ခလီဖဟ်သက်တမ်း (၁၂)နှစ်အတွင်း ပထမခြောက်နှစ်မှာ အေးချမ်းတည်ငြိမ်ခဲ့သည်။ နောက်ပိုင်းခြောက်နှစ်၌ နိုင်ငံရေးအုံကြွမှုများ ဖြစ်ပေါ်လာသည်။ အုပ်ချုပ်ရေးအရာရှိ အာဏာပိုင်အများစုမှာ အုဆ်မာန်း (R)၏ ဆွေမျိုးသားချင်းများဖြစ်သွားခဲ့သဖြင့် လူအချို့မှ အမြင်စောင်းခဲ့ကြသည်။ မုနာဖစ်က်များက သွေးထိုးလှုံ့ဆော်ခဲ့ကြသည်။ အစ္စလာမ့်ရန်သူ ကာဖိရ်များကလည်း မုစ်လင်မ့်စည်းလုံးမှု ပြိုကွဲအောင် မီးမွှေးရန်တိုက်ပေးခဲ့ကြသည်။ အဆုံး၌ အုဆ်မာန်း (R) လုပ်ကြံခံလိုက်ရသည်။ ဤတွင် အလီ ဘင်န် အဘီ သွာလစ်ဘ် (R)သည် စတုတ္ထမြောက်ခလီဖဟ် ဖြစ်လာခဲ့သည်။ မုအာဝီယဟ် (R)နှင့်အပေါင်းအပါများက သစ္စာမခံဘဲ အုဆ်မာန်း(R)၏ လုပ်ကြံခံရမှုအပေါ် လက်စားချေပေးရန် တောင်းဆိုကြသည်။ ယင်းသို့ လတ်တလောပြုလျှင် နိုင်ငံရေးအခြေအနေ ပိုမိုရှုပ်ထွေးမည်ကိုစိုး၍ အလီ (R)မှ ဆိုင်းငံ့ထားခဲ့၏။ သို့ဖြင့် နှစ်ဖက်အုပ်စုမှာ အလျဉ်မပြတ် စစ်မက်များဖြစ်ပွားကုန်သည်အထိ ပေါက်ကွဲသွားခဲ့ကြသည်။ ၄င်းမှာ ဆွစ်ဖီးန် စစ်ပွဲ အဖြစ် သမိုင်း၌ ထင်ရှားသည်။
ဆွစ်ဖီးန် စစ်ပွဲကြီးပြီးလုနီးနီးအချိန်တွင် အရေးမလှသော မုအာဝီယဟ် (R)က စေ့စပ်ညှိနှိုင်းဖျန်ဖြေရန် ကမ်းလှမ်းလာရာ အလီ (R)မှ ယင်း သဟ်ကီးမ် ကို လက်ခံသဘောတူခဲ့သည်။ ဤတွင် သဟ်ကီးမ်ကို လက်မခံငြင်းပယ်သည့်အုပ်စုတစ်စု စတင်ကွဲထွက်သွားပြီး ခဝါရိဂ်ျ အုပ်စုများဟု အမည်တွင်ခဲ့လေသည်။
ခဝါရိဂ်ျတို့သည် သဟ်ကီးမ်ကို လက်သင့်ခံခဲ့သည့် အလီ (R) နှင့်ဘက်တော်သားများကို ကာဖိရ် အဖြစ် ဖသ်ဝါထုတ် သတ်မှတ်ခဲ့ကြသည်။ ခါရိဂျီးန်ဂိုဏ်း၏အယူအဆမှာ အောက်ပါအတိုင်း ဖြစ်သည်။
ခလီဖဟ်ကို လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ရမည်။ တင်မြှောက်ခံရသူသည် မည်သို့သောလူစားပင် ဖြစ်စေ လက်ခံသည်။ ခလီဖဟ် ရာထူးသည် သေတစ်ပန်သက်တစ်ဆုံးထိ ဖြစ်သည်။ နှုတ်ထွက်ခွင့် - လွှဲပြောင်းခွင့် မရှိ၊ ၄င်း ခိလာဖသ် အရိုက်အရာအတွက် သဟ်ကီးမ် ပြုခြင်းကို လက်မခံ။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး ခုံသမာဓိအဖြစ် လူတို့မှစီရင်ဆုံးဖြတ်ခြင်းကို ကုရ်အာန် (၅း၄၄)၏အထောက်အထားအရ လုံးဝလက်မခံကြ။
ကုရ်အာန် နှင့် ဟဒီးဆ်ကို မှန်ကန်စွာနားလည်ထားကြကုန်သော မည်သည့် ဆွဟာဘဟ်မျှ ၄င်းအုပ်စုတွင် မပါဝင်ကြ။ ကုရ်အာန် (၄း၃၅)အရ သဟ်ကီးမ်ပြုခွင့်ရှိကြောင်း သိရှိနေ၍ဖြစ်သည်။ ထိုခါရိဂျီးန်တို့သည် အဘူဘကရ်၊ အုမရ်၊ အုဆ်မာန်း (R)တို့ကို ခလီဖဟ်များအဖြစ် အစဉ်တစိုက် လက်ခံလာခဲ့ကြ၏။ အုဆ်မာန်း (R)ကိုလည်း စဦးပိုင်းနှစ်များတွင် လက်ခံခဲ့ကြ၏၊ နောင်သော် အရေးပါသည့် ရာထူးရာခံများ၌ အုဆ်မာန်း (R)၏ ဆွေမျိုးသားချင်းများဖြစ်လာကြရာဝယ် ခါရိဂျီးန်တို့ အုံကြွလာခဲ့ခြင်းဖြစ်ပေသည်။
ခါရိဂျီးန်ဂိုဏ်းသည် ယှရီအသ်ကို ပြင်းထန်စွာ အဓိပ္ပာယ်ဖွင့် သတ်မှတ်ခဲ့ကြ၏။ ထိုအုပ်စုအတွင်း ကုရ်အာန် နှင့် ဟဒီးဆ်ကျွမ်းကျင်သူ တစ်ဦးမျှ မရှိ။ ကုရ်အာန် နှင့် ဟဒီးဆ်ပညာရှင် သာဝကတော်များ၏ တပည့်တပန်းများသည်လည်း ထိုအုပ်စုအတွင်း တစ်ဦးတစ်လေမျှ မပါဝင်ခဲ့ချေ။ ထိုသူတို့သည် ကုရ်အာန်၏ အပေါ်ယံစာသားအဓိပ္ပာယ်ကိုသာ သိရှိပြီး အလိုသဘော/အနှစ်သာရများကို နားလည်းမလည်၊ ကရုလည်းမစိုက်ခဲ့ကြပေ။ ယင်းသို့သော ဂျာဟိလ်များ၏ အယူအဆ နှင့် လုပ်ထုံးလုပ်နည်းအချို့ကို ဖော်ပြပါအံ့။

အသေးအဖွဲကိစ္စကိုပင်လျှင် ကာဖိရ်ဖသ်ဝါ ထုတ်ပြန်လိုက်ကြရန် လက်နှေးနောက်တွန့်ခြင်း မရှိ။ မိမိတို့နှင့် အယူအဆမတူသော မုစ်လင်မ်များအား ဒုက္ခပေးခြင်း နှင့် သတ်ဖြတ်ခြင်း ပြုပိုင်၏။ သယံမ်မွန်ကို အချိန်တိုင်း အခြေအနေတိုင်း၌ ပြုပိုင်၏။ ဆွလာသ်၏ရကအသ်ကို စိတ်ကြိုက်သတ်မှတ်၏။ ဟဂ်ျကို နှစ်သက်သည့်လ၌ ပြုလုပ်နိုင်၏။ သမီးဖက်မှ မြေးမြစ်များကို နိကဟ်ပြုပိုင်၏။ အခြားမုစ်လင်မ်အုပ်စုမှ ဆင့်ပြန်သော ဟဒီးဆ်များကို လုံးဝလက်မခံ။ မုသားပြောဆိုမိလျှင်ပင် ကာဖိရ်ဖြစ်၏။ မိမိတို့အုပ်စုမှအပ အခြားသူတို့ကို မုစ်လင်မ်ဟု မသတ်မှတ်၊ မည်မျှ အစွန်းရောက်နေပါသနည်း။

ယင်းဂိုဏ်းဂဏသည် အလီ (R)ကိုလည်း သတ်ဖြတ်၏။ မုအာဝီယဟ် (R)တည်ထောင်သော ဘနူအုမိုင်ယဟ်မင်းအဆက်ဆက်တို့ကိုလည်း စစ်ဆင်နွှဲခဲ့ကြ၏။ အဘ္ဘာစီယဟ်မင်းဆက်ကာလရောက်ရှိမှသာ ၄င်းတို့အား အမြစ်ပြတ်သုတ်သင်နိုင်ခဲ့သည်။
၎င်းတို့မှာ ဟန်မဆောင်တတ်၊ ပွင့်လင်း၏၊ ရဲစွမ်းသတ္တိရှိကြ၏၊ လက်ရုံးနှင့်အင်အားကို အားကိုးသူများ ဖြစ်ကြ၏၊ ကြမ်းတမ်းခက်ထန်၏၊ ယဉ်ကျေးမှုကို နားလည်မှု မပေးတတ်ကြပေ။ ၄င်းတို့ထံ၌ မုသားဆိုခြင်းသည် အကြီးမားဆုံးကုဖ်ရ် ဖြစ်သဖြင့် ၄င်းတို့တွင်းရှိ ဟဒီးဆ်တော်အချို့မှာ ဆွဟီးဟ် အဆင့်အတန်းဝင်များပင် ဖြစ်ခဲ့ပေသည်။ သို့ရာတွင်လည်း မိမိတို့ဝါဒတည်မြဲရန် ထွင်လုံးဟဒီးဆ်၊ လုပ်ကြံဟဒီးဆ်၊ ဟဒီးဆ်အတုများကိုလည်း တီထွင်ခဲ့ကြ၏။ မည်သို့ဆိုစေကာမူ ၄င်းတို့ထံ လိမ်လည်တတ်သူနည်းပါးခြင်းကြောင့် ၄င်းတို့၏ ဟဒီးဆ်အတု အရေအတွက်မှာလည်း နည်းပါးခဲ့ခြင်း ဖြစ်သည်။

** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ
ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏
သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်ပြချက် ဖြစ်ပါသည်။ ငြင်းခုံလိုသူများအနေနှင့် မူရင်းကျမ်းရှင်နှင့် ဆက်သွယ်ငြင်းခုံကြပါကုန် **

အင်န်ရှာ အလ္လာဟ်။ ဆက်လက်ဖော်ပြသွားပါမည်။ အနိုင်ယူငြင်းခုံမှုများအတွက် အချက်အလက်များ ချပြနေခြင်း မဟုတ်ပါ။ လူသိနည်းလွန်းသော အကြောင်းအရာများကို အလွယ်တကူ လေ့လာနိုင်ရန် ကြိုးစားတင်ပြပေးနေခြင်းသာဖြစ်ကြောင်း သိစေအပ်ပါသည်။



July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.