Pages

.

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၁၀)

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၁၀)
************************************************

(၂) ရှီအဟ် ဂိုဏ်း
==========
တမန်တော်မြတ်ကြီး (SAW) ပရိနိဗ္ဗာန်စံလွန်ပြီးနောက် လူတစ်စုက အလီ (R)သည်သာ ပထမဦးဆုံး ခလီဖဟ်ဖြစ်ထိုက်သည်ဟု ခံယူခဲ့ကြသည်။ သို့သော် ဖွင့်ဟဖော်ထုတ်ခြင်းမပြုခဲ့ဘဲ အလီ (R)၏ ဘက်တော်သား အုပ်စုတွင်း နေခဲ့ကြ၏။
အလီ (R)သည် တမန်တော်မြတ် (SAW)၏ အနီးဆုံးသွေးချင်း တစ်ဝမ်းကွဲညီတော်၊ ၄င်းပြင် ကလေးငယ်များအနက် အစ္စလာမ်ကို ပထမဦးဆုံးလက်ခံသက်ဝင်သု၊ ၄င်းပြင် သမီးတော် ဖာသွိမဟ် (R)၏ ခင်ပွန်းဖြစ်ခြင်း၊ ၄င်းပြင် စစ်ပွဲများ၌ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်စွမ်းဆောင်နိုင်သူ၊ ၄င်းပြင် ပညာဥာဏ်ကြီးမားသူ အစရှိသော အရည်အသွေးကောင်းများကြောင့် ယင်းသို့ယူဆခြင်းဖြစ်၏။
လက်တွေ့တွင်မူ တမန်တော်မြတ် (SAW)သည် မည်သူ့ကိုမျှ မိမိ၏အုပ်ချုပ်ရေးအရိုက်အရာ (ခိလာဖသ်) ဆက်ခံရေးအတွက် တစ်လုံးတစ်ပါဒမျှ မိန့်မှာတော်မူခဲ့ခြင်း မရှိချေ။ အလီ (R)သည် ခိလာဖသ်အတွက် တမန်တော်မြတ် (SAW)က မိမိအား ဝဆွီယသ် (မှာတမ်း)ပြုတော်မူခဲ့ခြင်း မရှိကြောင်းကို တရားဝင်ပြောဆိုသည်သာမက အဘူဘကရ်၊ အုမရ်၊ အုဆ်မာန်း (R)တို့ အစဉ်အဆက် ခလီဖဟ်ဖြစ်ခြင်း၌ ကျေနပ်စွာလက်ခံ ဘိုင်အသ်ပြုခဲ့သူ ဖြစ်ပေသည်။
ထိုအုပ်စုသည် ဆွစ်ဖီးန်စစ်ပွဲနောက်ပိုင်းမှစ၍ ရှီအဟ် အမည်ဖြင့် ပေါ်ထွက်လာပြီး အလီ (R)သာလျှင် ပထမဆုံးခလီဖဟ် ဖြစ်ထိုက်ကြောင်း၊
ရှေ့ပိုင်းခလီဖဟ်များမှာ အလီ၏အခွင့်အရေးကို လူယူသွားသူများဖြစ်ကြောင်း ကြွေးကြော်လာကြလေသည်။ ၄င်းနောက် ရှီအဟ်အုပ်စုအတွင်း မုရ်သဒ်များ၊ မုနာဖစ်က်များ၊ ဘိဒ်အသ်သီ (သာသနာကို ပုံပြောင်းတီထွင်သူ)များ၊ ခါရိဂျီးန်ဂိုဏ်းနှင့်အစေးမကပ်သူများပါ ရောနှောပူးပေါင်းပါဝင်ခဲ့ကြလေသည်။
အလီ (R)ကွယ်လွန်ပြီးနောက် အလီ (R)နှင့် ဖာသွိမဟ် (R)၏မျိုးနွယ်သာလျှင် အစဉ်အဆက် ခလီဖဟ်ဖြစ်ထိုက်သည်ဟု ခံယူကြကုန်၏။ ကုရ်အာန်၌ အတွင်းသဘော (၇ဝ)ရှိသည်ဟုဆိုပြီး လွဲမှားစွာ အဓိပ္ပါယ်ကောက်ယူခဲ့ကြသည်။ စိတ်ကူးယဉ်အတွေးအခေါ်ပေါင်းများစွာသည်လည်း ပေါက်ဖွားလာခဲ့ပေသည်။
တတိယခလီဖဟ် အုဆ်မာန်း (R)၏လက်ထက်ကတည်းကပင် ယဟူဒီလူမျိုး အဘ်ဒုလ္လာဟ် ဘင်န် စဘာ ဆိုသူသည် အစ္စလာမ့်အရေခွံကိုစွပ်၍ ရှီအဟ်အုပ်စုအတွင်း၌ ရောနှောခဲ့ပြီး မုစ်လင်မ်တို့အကြား ဆန့်ကျင်ပုန်ကန်မှု ဖြစ်ပေါ်လာရန် သွေးထိုးမြှောက်ပင့်ပေးခဲ့သည်။ အလ္လာဟ်အသျှင်မြတ်သည် အလီ (R)၏ ရုပ်သွင်ဆောင်ပြီး လူ့လောကသို့ကြွမြန်းလာခဲ့သည်ဟူ၍ မဖွယ်ရာသောအတွေးအခေါ်ကို သွတ်သွင်းခဲ့သည်။ ၄င်းနောက် ထိုသူနှင့်နောက်လိုက်များသည် ကုရ်အာန်အား တလွဲတချော်အဓိပ္ပာယ်ဖွင့် ပြန်ဆိုသောတံခါးကို ဖန်တီးးဖွင့်လှစ်ပေးခဲ့ကြသည်။ သို့ရာတွင် ကုရ်အာန်ပညာရှင်များရှိနေကြသဖြင့် ဟဒီးဆ်ဖက်သို့ လမ်းကြောင်းပြောင်းကာ ထွင်လုံးဟဒီးဆ်များစွာ ဖန်တီးကြတော့သည်။ ယင်းသို့ တီထွင်ဖန်တီးထားသော ဟဒီးဆ်အတုများကို မောင်ဿွူးအဟ် ဟု ခေါ်သည်။ အဓိကအားဖြင့် အလီ (R)အား မတန်တဆအဆင့်မြှင့်တင်ထားမှု၊ မုအာဝီယဟ် (R)နှင့်ဘက်တော်သားတို့ကို သိက္ခာချမှု၊ မိမိ တို့၏စိတ်ကူးယဉ်ခံယူချက်များအား အကာအကွယ်ပြုမှုများအပေါ် အခြေခံထားသည့် ဟဒီးဆ်အတုများ ဖြန့်ချိခဲ့ကြသည်။ ထိုသို့သော ဟဒီးဆ်အတုများကို ရှာဖွေစုဆောင်း၍ (အစစ်များနှင့် ခွဲခြားသိမြင် နိုင်စေရန်) အိမာမ် ဂျလာလွတ်ဒီးန် စီယူသွီ(ရဟ်/rh) က “ အလ္လိယုလ် မောင်ဿွူးအဟ် ဖိလ်အဟာဒီးဆိလ် မောင်ဿွူးအဟ် ” ဟူသောအမည်ဖြင့် ကျမ်းတစ်စောင် ပြုစုတင်ပြခဲ့သည်။
စင်စစ်အားဖြင့် ရှီအဟ်ဂိုဏ်း ဟူသည့် ကန့်လန့်ကာ၏နောက်ကွယ်၌ ယဟူဒီများ၊ ပါးရှန်းနိုင်ငံသား မဂျူစီ (မီးကိုးကွယ်သူ)များ ရှိနေခဲ့ကြ၏။ အစ္စလာမ်ကို လက်စားချေရန် မုစ်လင်မ့်အင်အားစု နှင့် ညီညွတ်မှုကို ရှီအဟ် လမ်းကြောင်းမှ အတွင်းလှိုက်ဖြိုခွဲခဲ့ခြင်းပင်။ ထင်ရှားသောသာဓကမှာ အဘ်ဒုလ္လာဟ် ဘင်န် စဘာ နှင့်အဖွဲ့၏ လက်ချက်ဖြင့် ရှီအဟ်အတွင်း အယူအဆမျိုးစုံဖြင့် အုပ်စုကွဲခဲ့သည်သာမက အုပ်စုကြီးနှစ်စုသည် မဂျူစီ(မီးကိုးကွယ်သူ)များအဖြစ် ခံယူခဲ့ကြကုန်သည်။ ရှီအဟ်အုပ်စုများစွာအနက် ထင်ရှားသော အုပ်စုကြီးသုံးစုရှိ၏။ ၄င်းတို့မှာ ကီစာနီယာ၊ ဂျအ်ဖရီယာ နှင့် ဇိုင်ဒီယာတို့ဖြစ်ကြသည်။ ၄င်းတို့၏အရေးပါလှသော အဓိကယုံကြည်ချက် အချို့ကို လေ့လာပါက ယဟူဒီနှင့် မဂျူစီတို့၏ ကြိုးကိုင်ခဲ့မှုများကို ရိပ်စားနားလည်နိုင်ပေမည်။

(က) ပြန်လည်ကြွမြန်းလာခြင်း
အလီ (R)သည် ကွယ်လွန်ခြင်းမဟုတ်၊ အသက်နှင့်တစ်ကွရှိနေပြီး ပြန်လည်ကြွမြန်းလာမည်။ ထိုရောအခါ ကမ္ဘာတစ်ခွင်လုံး တရားမျှတမှုဖြင့် ဖုံးလွှမ်းသွားမည်။ ကီစာနီယာအုပ်စုကမူ အလီ မဟုတ်၊ အိမာမ် ဟနဖီယာရိဿွါ ဟု ဆိုကြ၏။

(ခ) အလီသည် နဘီတမန်တော်ဖြစ်ခြင်း
အချို့အုပ်စုက တမန်တော်မြတ် (SAW)၏နောက် အလီ(R)သည် နဘီအဖြစ် ဆက်လက်တည်ရှိခဲ့သည် ဟု ယုံကြည်ကြ၏။ အချို့အုပ်စုမှာ အလီ နှင့် တမန်တော်မြတ် (SAW)သည် ရုပ်ချင်းဆင်တူလှသဖြင့် ကောင်းကင်တမန်ချုပ် ဂျိဘ်ရီးလ် (AS)က နဘူဝသ်ကို မှားယွင်းပေးအပ်မိသည်ဟု ခံယူကြသည်။ အချို့အုပ်စုက (ယင်းသို့မှားယွင်းသည့်အတွက်) ဂျိဘ်ရီးလ်အား ကျိန်ဆဲ၍ ကာဖိရ်အဖြစ် သတ်မှတ်ခဲ့သည် ( ဤအချက်သည် ယဟူဒီဝါဒစစ်စစ်ပင် ဖြစ်သည် ) ။

(ဂ) အလ္လာဟ် ဖြစ်ခြင်း
အုပ်စုတစ်စုက အလီ (R)သည် အလ္လာဟ် ပင်ဖြစ်သည်ဟုဆိုကြ၏။ ထိုအုပ်စုကို အလီ (R) ကိုယ်တိုင်က မီးပုံတွင်းသို့ တွန်းချခဲ့သည်။
အုပ်စုတစ်စုကမူ တမန်တော်မြတ်(SAW)သည် အလ္လာဟ် ဖြစ်သည်ဟု ယုံကြည်ခဲ့ကြကုန်သည်။

(ဃ) လျှို့ဝှက်ခြင်း
ယုံကြည်ချက်၌သော်လည်းကောင်း၊ ခေါင်းဆောင်/အိမာမ်သည်လည်းကောင်း လျှို့ဝှက်စွာတည်ရှိခြင်းကို ဆိုလိုသည်။ ခေါင်းဆောင်အကြီးအကဲကို နာခံခြင်းသည် ၄င်းတို့၏မပြုမနေရတာဝန်ဖြစ်သည်။ ခေါင်းဆောင်ခိုင်းသမျှ ယှရီအသ်နှင့်ညီသည်မညီသည် စဉ်းစားပိုင်ခွင့်မရှိ၊ မှန်မှန်မှားမှားနောက်လိုက်ပြုရ၏။

ရှီအဟ်တို့သည် မိမိတို့၏ဂိုဏ်းဂဏ နှင့် အယူအဆပြန့်ပွါးရေးအတွက် ဟဒီးဆ်အတုများ တီထွင်ခဲ့ကြ၏။ ဆင့်ပြန်ချက် (ရိဝါယသ်)အများစု၌ အလီ (R)အား ညွှန်းဆိုခုတုံးလုပ်ခဲ့ကြသည်။ ၄င်းတို့၏ လှည့်ကွက်တစ်မျိုးမှာ စစ်မှန်ခိုင်မာသော ဟဒီးးဆ်တစ်ပုဒ်ကိုယူ၏၊ မိမိတို့ဖက် တိမ်းညွှတ်စေမည့်စကားလုံးများဖြင့် ဆင်တူယိုးမှားဖြစ်အောင် ပြင်ဆင်ရေးသား၏။ ဆင့်ပြန်မှုလမ်းကြောင်း (စနဒ်)အတွင်း အလီ (R)ဖြစ်စေ၊ မိမိတို့၏ ဘက်တော်သားတစ်ဦးဦးကို ဖြစ်စေ မသိမသာသွတ်သွင်း၍ ထည့်သွင်းပေါင်းစပ်ဖော်ပြလိုက်လေ၏။ တော်ရုံတန်ရုံလူများမှာ မျက်စေ့လည်သွားနိုင်ပြီး အစစ်အမှန်ဟုပင် ထင်မှတ်သွားတတ်ပေသည်။ ပိုမိုဆိုးဝါးသွားသည်မှာ မုအာဝီယဟ် (R)၏ ဘက်တော်သားများအနက် အချို့က (နိုင်ငံရေး)တန်ပြန်စံနစ်အဖြစ် ကိုယ့်ဖက်ကိုယ်ယက်သော ဟဒီးဆ်အတုများ ထပ်ထွင်လိုက်ကြခြင်းပင်ဖြစ်သည်။ ထိုအခါ ဟဒီးဆ်တော် (အစစ်) နှင့် ဟဒီးဆ်အတု ဖြန့်ချိထိန်းသိမ်းမှုတို့မှာ များပြားလုံးထွေးကုန်တော့သည်။

(၃) ဂျမ်ဟူးရ် အုပ်စု
ဤအုပ်စုသည် ဂိုဏ်းဂဏ မဟုတ်။ အစ္စလာမ့်မူရင်းပေါ်၌ ပုံဟန်မပျက် စစ်မှန်စွာတည်တံ့နေသော ဆွဟာဘဟ် အုပ်စုဖြစ်သည်။ ဤသူတို့သည် ခဝါရိဂ်ျများ၊ ရှီအဟ်များ၊ သာသနာကို ပုံပြောင်းအောင်အတတ်ဆန်းသူ
(ဘိဒ်အသ်သီ)များနှင့် ကင်းကင်းရှင်းရှင်းနေခဲ့ကြသည်။ ဤအုပ်စုကြီးမှ အချို့သည် အလီ (R)နှင့်လည်းကောင်း၊ အချို့သည် မုအာဝီယဟ် (R)နှင့်လည်းကောင်း ရှိနေခဲ့ကြပြီး အချို့မှာကား မည်သည့်အုပ်စုနှင့်မျှ မရောဘဲ ကြားနေဝါဒ ကိုသာ ကျင့်သုံးခဲ့ကြ၏။
ဤနေရာ၌ “ကြားနေဝါဒ” နှင့် “ဘက်မလိုက်ဝါဒ” မတူညီကြောင်း ရှင်းပြပါမည်။ လူမှန်သမျှ အခြေခံ အားဖြင့် အကောင်း - အဆိုး၊ အမှား- အမှန် စသဖြင့် ဘက်တစ်ခုခုသို့လိုက်သည်ချည်းပင်ဖြစ်သည်။ မည်သည့်ဘက်မှ မလိုက်ဟု ကြွေးကြော်သူများသည် ယုံကြည်ချက်ကင်းမဲ့သူ၊ သစ္စာသမာဓိ မရှိသူများဟု ဆိုနိုင်၏။ နောက်ဆုံးတွင် ထိုသူတို့မှာ မိမိတို့၏အကျိုးစီးပွားအထောက်အကူပြုသည့်ဖက် သို့မဟုတ် အင်အားသာရာနောက်သို့ လိုက်သည့်သူများသာဖြစ်သွားကြောင်း မုချတွေ့မြင်နိုင်ပေသည်။ ဆွဟာဘဟ်တို့၏ ကြားနေဝါဒမှာကား မုစ်လင်မ်အချင်းချင်း သွေးကွဲ၍ သွေးချောင်းစီးမည့်ကိစ္စမှ ရှောင်ကြဉ်ခြင်းပင်။ ယင်းကြားနေဝါဒရှင် ဆွဟာဘဟ်တို့သည် ပြိုင်ဆိုင်တိုက်ခိုက်မှု၌ မည်သည့်ဖက်မှ မပါဝင်သော်လည်း အများစုက (ဆွစ်ဖင်းန်စစ်ပွဲနှင့်ပတ်သက်၍) အလီ (R)သာလျှင် မှန်ကန်သည့်လမ်းစဉ်ပေါ်ရှိကြောင်း ထိုသူတို့၏နောက်ဆုံး ကာလထုတ်ဖော်ချက်များတွင် မငြင်းနိုင်အောင် တွေ့မြင်ခဲ့ကြရပေသည်။

ဟဒီးဆ်အတုထွင်သည့်အုပ်စုများ မည်မျှရဲတင်းခဲ့သနည်းဆိုသော် ဆွဟာဘဟ် နှင့် သာဘိအီးန်တို့ ရှေ့မှောက်မှာပင် ဗလီဝတ်ကျောင်းတော်များ၌ အုပ်စုဖွဲ့ထိုင်ကာ ၄င်းတို့၏ ကိုယ်ပိုင်ဟဒီးဆ်များ၊ ကိုယ်ပိုင်ထွင်လုံးတရားများကို ပြောင်ပြောင်တင်းတင်း ဟောပြောပို့ချသည်အထိဖြစ်လာခဲ့၏။
လက်ကျန် ဆွဟာဘဟ်များ (ဥပမာ - အိဘ်နု အုမရ် - R) တို့သည် လုံခြုံရေးရဲတပ်ဖွဲ့များ၏အကူအညီဖြင့် ၄င်းတို့အား ဗလီများမှ မောင်းထုတ်ပစ်ရသည်အထိပင် ဖြစ်ခဲ့၏။ * ဒုတိယခလီဖဟ်ကြီး အုမရ် (R)၏ ခေတ်ကာလကတည်းကပင် အစ္စလာမ့်လူ့အဖွဲ့အစည်းအတွင်း ရဲတပ်ဖွဲ့များကို စံနစ်တကျ ဖွဲ့စည်းခဲ့ပြီးဖြစ်သည် *

ဆွဟာဘဟ်ခေတ် နှင့် သာဘိအီးန်ခေတ် ကြားကာလတစ်လျှောက် ဟဒီးဆ်အတု၏ ဓမ္မန္တရာယ် မည်မျှ စတင်ကြီးထွားနေခဲ့သည်ကို သိရှိအပ်ရာသည်။ လက်ကျန် ဂျမ်ဟူးရ် ဆွဟာဘဟ်များနှင့် သာဘိအီးန်တို့သည် ဟဒီးဆ်တော်များကို တစ်ဖက်၌ ဖြန့်ချိပို့ချထိန်းသိမ်းခဲ့ကြသလို အခြားတစ်ဖက်၌လည်း ဟဒီးဆ်အတုဖန်တီးမှုအန္တရာယ်များအပေါ် အလစ်မပေး စောင့်ကြပ်ကာကွယ်ခဲ့ရပေသည်။
ထိုခေတ်အတွင်း စစ်မှန်သော ဟဒီးဆ်တော်တို့အား ထိန်းသိမ်းပို့ချရာ တစ်ခုတည်းသော ပင်မဌာနမှာ မဒီနဟ် ရွှေမြို့တော်သာ ဖြစ်ခဲ့ပေသည်။

** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ
ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏
သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်ပြချက် ဖြစ်ပါသည်။ ငြင်းခုံလိုသူများအနေနှင့် မူရင်းကျမ်းရှင်နှင့် ဆက်သွယ်ငြင်းခုံကြပါကုန် **

အင်န်ရှာ အလ္လာဟ်။ ဆက်လက်ဖော်ပြသွားပါမည်။ အနိုင်ယူငြင်းခုံမှုများအတွက် အချက်အလက်များ ချပြနေခြင်း မဟုတ်ပါ။ လူသိနည်းလွန်းသော အကြောင်းအရာများကို အလွယ်တကူ လေ့လာနိုင်ရန် ကြိုးစားတင်ပြပေးနေခြင်းသာဖြစ်ကြောင်း သိစေအပ်ပါသည်။


July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.