Pages

.

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၆)

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၆)
===========================================

ကုရ်အာန်ကို ဖွင့်ဆိုရှင်းလင်းပြသသော ဟဒီးဆ်၏ ပုံဟန် (၄) မျိုး
--------------------------------------------------------------------
ပထမ အမျိုးအစား
ကုရ်အာန်၏အမိန့်ပညတ်ကို ထပ်ဆင့်ထောက်ခံသော သို့မဟုတ် လေးနက်စေသော ဟဒီးဆ် အမျိုးအစား ဖြစ်သည်။ ဥပမာ-

အို - အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ မိမိတို့၏ဥစ္စာပစ္စည်းများကို မိမိတို့အချင်းချင်း မတရားသော နည်းလမ်းဖြင့်စားသုံးခြင်း မပြုကြကုန်နှင့်။ ကုရ်အာန် ( ၄း၂၉ )

ကာယကံရှင်၏သဘောတူခွင့်ပြုချက် မရှိပါလျှင် မည်သည့် မုစ်လင်မ်၏ပစ္စည်းကမျှ ဟလာလ် မဖြစ်ချေ။ ( ဟဒီးဆ် )

ဒုတိယ အမျိုးအစား
ကုရ်အာန်၏ ညွှန်းဆိုဖော်ပြချက်များ၏အလိုသဘော နှင့် အနုစိပ်ပညတ်ချက်များကို ရှင်းပြသည့် ဟဒီးဆ် အမျိုးအစား ဖြစ်သည်။
ဥပမာ(၁)- ဆွလာသ်၊ ဆွောင်မ်၊ ဇကာ့သ်၊ ဟဂ်ျ အစရှိသော ကုရ်အာန်၏ညွှန်းပြချက်များအပေါ်
၎င်းတို့၏ပညတ်ချက်အသေးစိပ်ကို ဖော်ပြထားသည့် ဟဒီးဆ်တော်များ
ဥပမာ(၂)- အာယသ်တော် (၅း၃၈)မှ သူခိုးကို လက်ဖြတ်ရန် ဟူသည် လက်ျာလက်၊ ပခုံးအထိ ဟု အဓိပ္ပာယ်ကိုဖော်ပြသည့် ဟဒီးဆ်တော်များ
ဥပမာ(၃)- အာယသ်တော် (၆း၈၂)ရှိ ဇုလ်မ် (မတရားပြုခြင်း)ဟူသော စကားလုံး၏ အလိုသဘောမှာ ရှိရ်က် ဖြစ်သည်ဟု ရှင်းပြသည့် ဟဒီးဆ်တော်များ
ဥပမာ(၄)- (၂း၁၈၇) အာယသ်တော်မှ '' ချည်မျှင်အနက်၊ ချည်မျှင်အဖြူ '' ဟူသည် ညဥ့်အမှောင်ထု နှင့် နေ့၏အလင်းရောင် ဖြစ်ကြောင်း တင်စားပုံဆောင်မှုကို ရှင်းပြသော ဟဒီးဆ်တော်များ

တတိယ အမျိုးအစား
ကုရ်အာန်က ဆိတ်ဆိတ်နေထားသော အကြောင်းအရာများဆိုင်ရာ ပညတ်ချက်ကို ဖော်ပြသည့် ဟဒီးဆ် များဖြစ်သည်။
ဥပမာ- ပင်လယ်ရေသည် သန့်ပြီး ၄င်းအတွင်း၌သေသောငါးများသည် ဟလာလ် ဖြစ်ကြောင်း၊ ဇဘဟ် လှီးဖြတ်သော ဟလာလ် တိရစ္ဆာန်၏ သန္ဓေသားသည်လည်း ဟလာလ် ဖြစ်ကြောင်း၊ မျိုးတူပစ္စည်းချင်း အလဲအလှယ် လုပ်လျှင် အပိုအလျော့မရှိရကြောင်း၊ ခြေသည်းလက်သည်းပါ သားရိုင်းတိရစ္ဆာန်များမှာ ဟရာမ် ဖြစ်ကြောင်း စသည်ကဲ့သို့ ဖြစ်သည်။

စတုတ္ထ အမျိုးအစား
မန်စူးခ် ဖြစ်သော ကုရ်အာန်အာယသ်တော်များကို သိနားလည်စေသည့် ဟဒီးဆ် အမျိုးအစား ဖြစ်သည်။
ဥပမာ - မိဘနှင့် သားချင်းအတွက် သေတမ်းစာရေးရမည် ဟူသောအမိန့်သည် ပလပ်ပြီးဖြစ်ကြောင်း ထင်ရှားစေသည့် ဟဒီးဆ်တော်များ
စင်စစ်၌ ဟဒီးဆ်ကြောင့် ကုရ်အာန်အမိန့်ပျက်ပြယ်သွားစေမှု (နာစစ်ခ်) ကို ဆိုလိုခြင်းမဟုတ်၊ (အလ္လာဟ် အသျှင်မြတ်၏ဝဟီအရ) ပို၍ကောင်းမွန်သင့်လျော်သော အချက်/အမိန့်ကို အစားထိုးလဲလှယ်ပြဋ္ဌာန်းမှုပင် ဖြစ်၏။

** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ
ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏
သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်ပြချက် ဖြစ်ပါသည်။ ငြင်းခုံလိုသူများအနေနှင့် မူရင်းကျမ်းရှင်နှင့် ဆက်သွယ်ငြင်းခုံကြပါကုန် **

အင်န်ရှာ အလ္လာဟ်။ ဆက်လက်ဖော်ပြသွားပါမည်။ အနိုင်ယူငြင်းခုံမှုများအတွက် အချက်အလက်များ ချပြနေခြင်း မဟုတ်ပါ။ လူသိနည်းလွန်းသော အကြောင်းအရာများကို အလွယ်တကူ လေ့လာနိုင်ရန် ကြိုးစားတင်ပြပေးနေခြင်းသာဖြစ်ကြောင်း သိစေအပ်ပါသည်။



July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.