Pages

Pages - Menu

မေတ္တာဖြင့် လွှမ်းခြုံ ပေါင်းသင်းဆက်ဆံခြင်း အပိုင်း(၂)

အခြားသာဓကတစ်ခုမှာ ဂျူးဘာသာကို ကိုးကွယ်သူ ရဟူဒီအမျိုးသမီးကြီးတစ်ဦးသည် ကိုယ်တော်အားတွေ့မြင်သည့်အခါတိုင်းတွင် ဆဲရေးတိုင်းထွာခြင်းကိုသော်လည်းကောင်း၊ အိမ်ပြတင်းပေါက်မှနေ၍ ကိုယ်တော်၏ကိုယ်ပေါ်သို့ အမှိုက်များပြစ်ချခြင်းကိုသော်လည်းကောင်း ပြုလုပ်လေ့ရှိလေသည်။ တစ်နေ့တွင် ကိုယ်တော်မြတ်(ဆွ)သည် ထိုအိမ်ရှေ့မှဖြတ်သွားသည့်အချိန်၌ မိမိအားဒုက္ခပေးလေ့ရှိသည့် အမျိုးသမီးကြီးကိုမတွေ့မြင်ရသဖြင့် “ မည်သို့ဖြစ်နေရှာသလဲ ”ဟု သောကဖြစ်တော်မူခဲ့သည်။ ထို့အတွက်အမျိုးသမီးကြီး၏ အိမ်သို့ဝင်၍အခြေအနေကို မေးမြန်းစုံစမ်းရာ နေမကောင်းသဖြင့် အိပ်ရာထဲလဲနေကြောင်း တွေ့ရလေသည်။ အမျိုးသမီးကလည်း မိမိအမြဲတမ်း ဒုက္ခပေးခဲ့သူလူတစ်ဦးက မိမိအားအပြစ်မမြင်ဘဲ လူမှုရေးစိတ်ဓါတ်အပြည့်ဖြင့် သောကထားပြီး လာရောက်ကြည့်ရှုအားပေးသည်ကို တအံ့တသြဖြစ်ခဲ့လေသည်။

 မဟာမေတ္တာကရုဏာတော်ရှင်မြတ်တမန်(ဆွ)သခင်က “မည်သူမဆို ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အပေါ်အကြင်အနာမေတ္တာထားမှုပြုမှသာလျှင် စကြ၀ဋ္ဌာအရှင်သခင်မြတ်ရှင်အလ္လာဟ်ကလည်း ထိုသူအပေါ်အကြင်အနာမေတ္တာ ထားတော်မူမည်ဖြစ်ကြောင်း” လမ်းညွှန်သွန်သင်မှုပြုတော်မူခဲ့ပါသည်။ (ဗုခါရီ)


 အထက်ပါအချင်းအရာများသည် မြတ်တမန်(ဆွ)တော်သခင်၏ လူနှင့်လူချင်းမေတ္တာဖြင့် ပေါင်းသင်းဆက်ဆံမှုနှင့်ဆိုင်သော မဟာဝင်အချို့နှင့် သြ၀ါဒတော်အချို့သာလျှင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အစ္စလာမ်သာသနာတော်ကို အစစ်အမှန် သက်ဝင်ယုံကြည်သူများဖြစ်သည်ဆိုလျှင် ကိုယ်တော်မြတ်(ဆွ)သခင်၏ စွန္နတ်သွရိကာလမ်းစဉ်အတိုင်း ကမ္ဘာသူကမ္ဘာသားအားလုံးအား မေတ္တာဖြင့်သာ ပေါင်းသင်းဆက်ဆံမှုပြုကြရမည်ဖြစ်ပါသည်။

 သို့ရာတွင် မျက်မှောက်ခေတ်၌ နေထိုင်လျက်ရှိသော ကျွန်ုပ်တို့အတွင်းမှ အများစုသည် တစ်ဦးနှင့်တစ်ဦး စစ်မှန်သော ချစ်ခြင်းမေတ္တာကို အခြေခံပြီး အချင်းချင်းမိတ်သဟာပြုနေထိုင်တတ်မှုအရာတွင် များစွာ အားနည်းလျက်ရှိကြောင်း အစဉ်အမြဲ ကြုံတွေ့နေရလျက်ရှိပါသည်။ ထိုချို့ယွင်းချက်လေးတစ်ခုကြောင့်ပင် သာသနာဝင်အချင်းချင်းမညီမညွတ်ဖြစ်နေကြရသလို၊ ကမ္ဘာသူကမ္ဘာသားအားလုံးနှင့်လည်း တစ်ရင်းတစ်နှီး နေထိုင်ရန်ခက်ခဲမှု ဖြစ်ပေါ်နေရလျက်ရှိပါသည်။ ၎င်းရလဒ်အဖြစ် မိမိတို့ကိုယ်တိုင်လည်း ငြိမ်းချမ်းမှုချို့တဲ့သော ဘ၀မျိုးကို ပြန်လည်ကြုံတွေ့ရလျက်ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ထိုဖြစ်ရပ်ဆိုးများကို ကျော်လွန်လိုသည်ဆိုလျှင် သာသနာတော်က ရည်ညွှန်းသည့်အတိုင်း မေတ္တာဖြင့်ပေါင်းသင်းဆက်ဆံခြင်းဟူသော စွန္နတ်ကျင့်ဝတ်တရားကို အပြည့်အ၀ ပြန်လည်ဖေါ်ဆောင်ကျင့်သုံးရန်သာ ရှိပါသည်။

 လက်ရှိပစ္စက္ခခေတ်အပါအ၀င် နောင်ကမ္ဘာပျက်သုန်းမည့်အချိန်မရောက်ခင်ထိ ရောက်ရှိလာမည့်အနာဂါတ်ကာလတိုင်းသည် ကမ္ဘာ့နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်(ဆွ)သခင်၏ နဗူဝသ်သာသနာ့ခေတ်အတွင်းရှိနေမည်သာဖြစ်သဖြင့် အစ္စလာမ်သာသနာဝင်တိုင်းသည် မြတ်တမန်(ဆွ)တည်းဟူသော စီရားဂျန်မူနီးရန် (ကုရ်အာန် ၃၃း၄၆)လင်းဝင်းတောက်ပသော သာသနာ့မီးရှုးတိုင်၏ အလင်းကို လက်ဆင့်ကမ်းဖြန့်ချီရန်အတွက် ရဟ်မတွလ်အာလမီးန် (ကုရ်အာန်၂၁း၁၀၇)စကြ၀ဋ္ဌာ၏ မဟာကရုဏာတော်ရှင်ဟူသည့် ကိုယ်တော့်၏ မေတ္တာဓါတ်ကို ကမ္ဘာသူကမ္ဘာသားအားလုံးအပေါ်သို့ လက်ဆင့်ကမ်းဖြန့်ကျက်ပေးရန် စိတ်မျက်စိကိုဖွင့်လျက် ကြိုးပမ်းရမည်ဖြစ်ပါသည်။ ထို့အတွက် ဆွလာဝသ်မေတ္တာတရားပွားများခြင်း၊ စလာမ်ငြိမ်းချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခြင်းများသည်သာလျှင် စွန္နတ်သွရိကာဖြစ်သည်ဟု ရှုမှတ်နေ၍မဖြစ်ပါ။ မြတ်တမန်(ဆွ)၏ စွန္နတ်သွရိကာကို ကျင့်သုံးသူ မုစ်လင်မ်မှန်လျှင် ငါဆိုသော အတ္တ၀ါဒကို ဗဟိုမပြုဘဲ အများအကျိုးကိုလိုလားသော မေတ္တာဝါဒကို ဗဟိုပြုရမည်ဖြစ်ပါသည်။ ကမ္ဘာသူကမ္ဘာသားအားလုံးကို လူ့ခန္ဓာကိုယ်တစ်ခုအဖြစ်သာ ရှုမြင်၍ လူတစ်ဦးအသက်ရှင်ရန်အတွက် လူ့ခန္ဓာကိုယ်အတွင်းရှိ အသည်းနှလုံး၊ ဦးနှောက်၊ အစာအိမ်စသည့်အင်္ဂါအစိတ်အပိုင်းများ အပြန်အလှန် အထောက်အကူပြုမှုလိုအပ်သကဲ့သို့ လူသားအချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်အထောက်အကူပြုမှုလိုအပ်သည်ဟု နားလည်သဘောပေါက်လျှက် မေတ္တာဖြင့်ပေါင်းသင်းဆက်ဆံမှုပြုကြရမည်ဖြစ်ပါသည်။

 မုစလင်မ်တိုင်းသည် ဖန်ဆင်းရှင်မြတ်ရှင်အလ္လာဟ်အား ချစ်သော စိတ်ကို အရင်းခံပြီး—မြတ်တမန်(ဆွ)သခင်၏ မေတ္တာထုံးကို နှလုံးမူ၍ ဘာသာအယူဝါဒတူသူကိုဖြစ်စေ မတူသူကိုဖြစ်စေ၊ လူမျိုးတူသူကိုဖြစ်စေ မတူသူကိုဖြစ်စေ မိမိရောက်ရှိနေထိုင်ရာ ဒေသရှိလူအားလုံးနှင့် မိတ်ဆွေသင်္ဂဟဖြစ်ရေးအတွက် ကတိသစ္စာတည်ကြည်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ နူးညံ့သိမ်မွေ့မှု၊ စာနာထောက်ထားမှု၊ ခွင့်လွတ်သည်းခံတတ်မှု၊ စိတ်သဘောထားပွင့်လင်းမှု၊ အပြန်အလှန်နားလည်ပေးမှုစသည်တို့ဖြင့် ဂရုတစိုက်ပေါင်းသင်းဆက်ဆံမှုပြုကြရမည်ဖြစ်ပါသည်။ မုစလင်မ်အချင်းချင်းသာမက ဘာသာအယူဝါဒမတူသူတစ်ဦးသည် ကျွန်ုပ်တို့အား  အဆွေခင်ပွန်းအဖြစ်အသိအမှတ်ပြုရှုမြင်နိုင်စေရန် လူမျိုးမတူသူတစ်ဦးသည် ကျွန်ုပ်တို့အားမြင်လျှင် ညီရင်းအစ်ကို၊ မောင်နှမ ဆွေမျိုးသားချင်းကို တွေ့မြင်ရသကဲ့သို့ လှိုက်လှိုက်လှဲလှဲဖြစ်ပေါ်စေရန်အတွက် ကျွန်ုပ်တို့ကိုယ်တိုင်က မေတ္တာဓါတ်ခွန်အားပြည့်ဝ နေဖို့လိုအပ်ပါသည်။ ကိုယ်ရည်ကိုယ်သွေးရှိဖို့ လိုအပ်ပါသည်။ အတွေးအမြင်စင်ကြယ် ပွင့်လင်းဖို့ လိုအပ်ပါသည်။

 အစ္စလာမ့်သန်္တိသုခတရားသည် မေတ္တာစိတ်ရှိသူ၌သာ ကိန်းဝတ်တတ်သောအရာဖြစ်သည်။ ကိုယ်တော်မြတ်(ဆွ)သခင် သက်ရှိထင်ရှားစဉ်က မေတ္တာကရုဏာတော် မိုးစက်မိုးပေါက်များကို ကမ္ဘာသူကမ္ဘာသားအားလုံးခံစားရယူနိုင်ခဲ့ကြသကဲ့သို့လည်းကောင်း၊ ယနေ့ပစ္စက္ခရှိ ကိုယ်တော်၏ နောက်လိုက်မုစလင်မ်များအနေဖြင့်လည်း လူတိုင်းနှင့် မိတ်ဆွေသင်္ဂဟဖြစ်ရေးအတွက် မေတ္တာဖြင့် ပေါင်းသင်းဆက်ဆံရေး စိတ်ဓါတ်ကို ချွင်းချွက်မရှိလက်ကိုင်ပြု၍ လူတိုင်းအား ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ငြိမ်းချမ်းမှုပေးကြမည်ဆိုလျှင် ထိုအစ္စလာ့မ် စိတ်ဓါတ်မွန်သည် မကြာမီကာလအတွင်း လူ့ဘောင်ကမ္ဘာအနှံ့ ပျံ့နှံ့သွားမည်ဖြစ်ပါသည်။

 ထိုသို့ဆိုလျှင် လူတိုင်းလူတိုင်းတွင်လည်း မေတ္တာဖြင့် ပေါင်းသင်းဆက်ဆံမှုစိတ်ဓါတ်ကောင်းများ ထက်သန်သည်ထက် ထက်သန်လာမည်ဖြစ်သလို၊ ထိုအစ္စလာ့မ်စိတ်ဓါတ်မွန်သည် ကမ္ဘာသူကမ္ဘာသားအားလုံး၏ အဓိကမဏ္ဍိုင်စိတ်ဓါတ်ဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ သို့မှသာလျှင် ကျွန်ုပ်တို့ကိုယ်တိုင်အနေဖြင့်လည်း၊ ကမ္ဘာ့မေတ္တာကရုဏာတော်ရှင်မြတ်တမန် မုဟမ်္မဒ်(ဆွ)သခင်၏ စွန္နတ်သွရိကာလမ်းစဉ်အား ဖ၀ါးခြေထပ်လိုက်နာကျင့်သုံးသူ မုစလင်မ်ဖြစ်ကြောင်း သက်သေပြနိုင်ပြီးသားဖြစ်နေမည်ပင်ဖြစ်ပါသည်။

 နူးရ်မုဟမ္မဒ် (ခ) ခွန်ကြည်စိုး B.Sc (Bot)

No comments:

Post a Comment

Note: only a member of this blog may post a comment.