“ ငါအရှင်မြတ်၏ ကရုဏာမေတ္တာတော်သည်ကား အရာခပ်သိမ်းအပေါ် လွမ်းခြုံလျက် ရှိသည်။ ”
(ကုရ်အာန် ၇း၁၅၆)
“ ငါအလ္လာဟ်အရှင်မြတ်သည် ငါ၏ အချစ်တော်မုဟမ္မဒ်(ဆွ)အား ကမ္ဘာသူ၊
ကမ္ဘာသားအားလုံးတို့အပေါ်ဝယ် ကရုဏာမေတ္တာပွားများရန်အလို့ငှာ
စေလွှတ်တော်မူခြင်းဖြစ်သည်။ ”
(ကုရ်အာန် ၂၁း၁၀၇)
“ (မည်သူမဆို) ငါအလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးကြသည်ဟုဆိုလျှင် ငါ့တမန်တော်၏ လမ်းစဉ်အတိုင်း ဖဝါးခြေထပ်လိုက်ကြပါလေ။ ”
(ကုရ်အာန် ၃း၃၁)
“ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မေတ္တာတရားထားရှိကြကုန်သော သူတို့အား အကျိုးကျေးဇူး ချီးမြှင့်တော်မူသည်သာ ဖြစ်ပေသည်။ ”
(ကုရ်အာန် ၁၂း၈၈)
မေတ္တာဖြင့် ပေါင်းသင်းဆက်ဆံမှုပြုခြင်းသည် ငြိမ်းချမ်းသော
လူ့ဘောင်ဘဝတည်ဆောက်မှုလမ်းစဉ်ကို ယုံကြည်စွာ လျှောက်လှမ်းနေသော
မုစ်လင်မ်တစ်ဦးအတွက် အလေးအနက်ထား၍ ကျင့်ကြံအပ်သော
ကျင့်ဝတ်တရားတစ်ခုဖြစ်သည်။
လူဆိုသည်မှာ မည်သူနှင့်မျှ ပေါင်းသင်းဆက်ဆံမှုမပြုဘဲ
တစ်သီးတစ်ခြားနေထိုင်၍ မရပါ။ လူမှန်လျှင် လူ့အဖွဲ့အစည်းနှင့် ကင်းကွာ၍
ရမည်မဟုတ်ပါ။
မုချဧကန် ပေါင်းသင်းဆက်ဆံမှု ပြုကြရမည်သာဖြစ်သည်။
ထို့အတွက်ကြောင့်ပင် လူ့ဘောင်လောက၌ လူနှင့်လူချင်း
ပေါင်းသင်းဆက်ဆံမှုပိုင်းဆိုင်ရာနည်းလမ်းများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် ထိုသို့ လူလူချင်း ပေါင်းသင်းဆက်ဆံမှုပြုရာ၌
များသောအားဖြင့် အတ္တဗဟိုပြုပေါင်းသင်းဆက်ဆံမှုနှင့်
မေတ္တာဗဟိုပြုပေါင်းသင်းဆက်ဆံမှုဟူသော လမ်းစဉ်နှစ်ခုကို အဓိကထား
ကျင့်သုံးကြလေ့ရှိသည်။ ကျွန်ုပ်တို့အနေဖြင့် မိမိတို့ အသုံးပြုလျက်ရှိသော
ထိုလမ်းစဉ် နှစ်ရပ်ကို ခွဲခြားစိတ်ဖြာ စစ်ကြောကြည့်မည်ဆိုလျှင်-
အတ္တဗဟိုပြု ပေါင်းသင်းဆက်ဆံမှုတွင် ငါ့လူမျိုး၊ ငါ့ဘာသာ၊
ငါ့အယူဝါဒ၊ ငါ့အဖွဲ့အစည်း၊ ငါ့မိသားစု၊ ငါ့အကျိုးစီးပွားစသည့်
သတ်မှတ်ချက်များသည်လည်းကောင်း၊ မိမိနှင့် တစ်ပါးသူကို တစ်သီးတစ်ခြားစီဟူသော
ကန့်သတ်ချက်သည်လည်းကောင်း ပါဝင်လျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
မေတ္တာဗဟိုပြု ပေါင်းသင်းဆက်ဆံမှုတွင် ထိုသို့မဟုတ်
မိမိကိုယ်ကိုလေးစားသည့်အတွက် တစ်ပါးသူကိုလေးစားခြင်း၊ မိမိကိုယ်မိမိ
ချစ်မြတ်နိုးသည့်အတွက် တစ်ပါးသူကို ချစ်မြတ်နိုးခြင်း၊
မိမိနှစ်သက်သည့်အရာကို တစ်ပါးသူအတွက်လည်း နှစ်သက်ခြင်း
စသည့်သဘောမျိုးသာရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
လောကတွင် လူတစ်ယောက်အနေဖြင့် အခြားသူတစ်ဦးအပေါ် အတ္တဗဟိုပြု၍
ပေါင်းသင်းဆက်ဆံမှုပြုခြင်းသည် အမြင်ကျဉ်းမြောင်း၍ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ အမြင်ကျဉ်းမြောင်းရသည်ဆိုလျှင် မိမိ၏အတွင်း
အဇ္ဈတ္တပိုင်းဆိုင်ရာ အထီးကျန်ဆန်မှုကြောင့် ဖြစ်ပေါ်နေသော မငြိမ်းချမ်းမှုကို
ဖြေရှင်းနိုင်မှု စွမ်းအင်များ ရှိမနေ၍ပင် ဖြစ်သည်။ ထို့ကြောင့် မိမိနှင့်
တစ်ပါးသူကို ခွဲခြားမှုကိုသော်လည်းကောင်း၊
လူမျိုးရေးခွဲခြားမှုကိုသော်လည်းကောင်း၊ ဝါဒရေးရာခွဲခြားမှုကိုသော်လည်းကောင်း
လက်ကိုင်ပြုခုတုံးလုပ်၍ မိမိ၏ တည်မြဲမှုကို ထူထောင်ကြခြင်းဖြစ်သည်။
အမှန်စင်စစ်တွင်မူ ပါရှန်း၊ အိန်္ဒိယ၊ တရုတ်၊ အာရဗ်၊ အာဖေရိက၊ ဥရောပစသော
ကမ္ဘာ့အရပ်ဒေသအသီးသီးရှိ လူမျိုးအသီးသီးတွင် သူ့ခေတ်သူ့အခါအလိုက်
ပွင့်ပေါ်ခဲ့ကြသော တမန်တော်အပေါင်းတို့သည် သစ္စတရားကိုသာယုံကြည်ကိုးကွယ်သော
တမလွန်အကျိုးအတွက်ကောင်းမွန်သည့် အကျင့်စရဏကိုကျင့်ကြံသော၊
လူသားအချင်းချင်းမေတ္တာဖြင့်ပေါင်းသင်းဆက်ဆံသော လူဖြစ်ကြရန်သာ လမ်းညွှန်၊
ဟောကြား၊ ကျင့်ကြံပြသခဲ့သူများဖြစ်ပါသည်။
လာခြင်းကောင်းတော်မူသော မြတ်တမန်တော်အပေါင်းတို့၏ တူညီသောရည်ရွယ်ချက်မှာ
ဒုစရိုက်အမှောင်ထုနေရာတွင် သုစရိုက်အလင်းကို အစားထိုးရန်၊
မငြိမ်းချမ်းသောကမ္ဘာကြီးအဖြစ်မှ ငြိမ်းချမ်းသောကမ္ဘာကြီးဖြစ်ပေါ်စေရန်၊
ကွဲပြားသောအမြင်များ၊ အသားအရောင်ခွဲခြားမှုများ၊ လူမျိုးရေးခွဲခြားမှုများ၊
အဆင့်အတန်းခွဲခြားမှုများဖြင့် တစ်သီးတစ်သန့်စီနေ လျက်ရှိနေကြသော
လူ့အဖွဲအစည်းဝင်အသီးသီးအား အချင်းချင်းသင့်မြတ်ချစ်ကြည်စွာဖြင့်
ပေါင်းသင်းနေထိုင်ကြရန်သာဖြစ်ပါ သည်။ ဤအချက်ကိုအသိမမှီကြသော
နောက်လိုက်အသီးသီးမှ အတ္တကိုဗဟိုပြုလျက် ၀ါဒအား အဓိကထားပြီး
ပေါင်းသင်းဆက်ဆံမှု ပြုနေကြသဖြင့်သာ
ကမ္ဘာ့လူ့ဘောင်ကြီးတစ်ခုလုံးမငြိမ်းမချမ်းဖြစ်နေကြခြင်းဖြစ်ပါသည်။
အစ္စလာမ်သာသနာတော်က ထိုသို့ပြုလုပ်ခြင်းကို အတိအလင်းတားမြစ်ထားပါသည်။
ကမ္ဘာ့နာက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်(ဆွ)သည် အစ္စလာမ်က
ိုသက်ဝင်ယုံကြည်သူတို့အား သာသနာတူညီနောင်အချင်းချင်းကိုဖြစ်စေ၊
သာသနာကွဲအခြားသူများကိုဖြစ်စေ မေတ္တာဖြင့် ပေါင်းသင်းဆက်ဆံမှုပြုကြရန်
သွန်သင်ဟောကြားရုံမျှမကဘဲ၊ လူနှင့် လူ့ပတ်ဝန်းကျင်ကြားထဲတွင်နေထိုင်ပြီး၊
ကိုယ်တိုင်ကိုယ်ကျကျင့်သုံးပြသခဲ့သည်။ ၎င်းအချင်းအရာများကို စိတ်မျက်စိဖွင့်၍
လေ့လာမည်ဆိုလျှင် ရှင်းလင်းပြတ်သားစွာ တွေ့မြင်ရမည်သာဖြစ်ပါသည်။
ကမ္ဘာ့နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်(ဆွ)သခင် မက္ကာဟ်မြို့တော်
ပွင့်ပေါ်၍ကမ္ဘာ့လူသားထုတစ်ရပ်လုံးအား “ အစ္စလာမ် ”ဟူသော “ ငြိမ်းချမ်းသော
လူ့ဘောင်ဘ၀တည်ဆောက်မှုလမ်းစဉ် ” ကိုစံပြအဖြစ်ကျင့်သုံးပြသနေသည့် အချိန်တွင်
အာရဗ်လူမျိုးစုအပေါင်းတို့သည် ကိုယ်တော်မြတ်(ဆွ)အား ပုံစံအမျိုးမျိုး
နည်းအမျိုးမျိုးဖြင့် လူမဆန်စွာနှိပ်စက်ညှင်းပန်းခဲ့ကြသည့် အတွက်
ကိုယ်တော်မြတ်(ဆွ)သည် နေ့စဉ်နှင့်အမျှဆိုသလို ဒုက္ခဝေဒနာမျိုးစုံကို
ခံစားခဲ့ရရှာသည်။ တစ်နေ့တွင်ကိုယ်တော်မြတ်(ဆွ)သည် အာရဗ်တစ်ချို့၏
နှိပ်စက်မှုကြောင့် ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ထိုဒဏ်ရာ၏နာကျင်မှုဝေဒနာအား သည်းခံလျက်ကြိတ်မှိတ်ခံစားနေသော
ကိုယ်တော်မြတ်(ဆွ)၏ ဖြစ်အင်တွေ့မြင်နေကြရသည့် သာဝကတော်များက
မမြင်ရက်နိုင်တော့သဖြင့် “ အို… ကိုယ်တော်မြတ်(ဆွ)
ဤမျှအထိရက်စက်ယုတ်မာကြသည့် ထိုရန်သူများအပေါ် မြတ်ရှင်အလ္လာဟ်ထံမှ
အပြစ်ဒဏ်ချမှတ်စေရန် ကျိန်ဆဲမှုပြုတော်မူပါ ”
ဟုဝိုင်းဝန်းလျှောက်ထားတော်မူခဲ့ကြသည်။ ထိုအခါတွင် ကမ္ဘာ့ငြိမ်းချမ်းရေး
ဗိသုကာကြီးဖြစ်သော မြတ်တမန်တော်(ဆွ)သခင်က “ ငါကိုယ်တော်မြတ်(ဆွ)သည်
ကမ္ဘာသူကမ္ဘာသားအ ပေါင်းတို့အား ကျိန်ဆဲမှုပြုရန် ပွင့်ပေါ်ခဲ့ခြင်းမဟုတ်
(မငြိမ်းချမ်းသောဘ၀တွေကို ငြိမ်းချမ်းစေဖို့အတွက်) မေတ္တာတော်ဖြင့်
ထုဆစ်လမ်းပြပေးရန်ပွင့်ပေါ်လာခြင်းသာဖြစ်သည် ”
ဟုပြန်လည်မိန့်တော်မူခဲ့ပါသည်။
(မုစ်လင်မ်)
မှန်ပါသည်။ ကိုယ်တော်မြတ်(ဆွ)သည် မိမိအားခဲဖြင့်ပေါက်သူကို
မေတ္တာပန်းဖြင့်သာ ပြန်လည်တုန့်ပြန်တော်မူခဲ့သည့်
မဟာကရုဏာနှလုံးသားပိုင်ရှင်မျိုးဖြစ်ပါသည်။ ကိုယ်တော်မြတ်(ဆွ)သည် မိမိအား
ဝိုင်းဝန်းအကြမ်းဖက်ကြသဖြင့် ဒဏ်ရာမျိုးစုံရရှိပြီး၊ ရွှေမျက်နှာတော်မှ
သွေးများယိုစီးကျနေရှာသည့်အချိန်များတွင်ပင် ရန်သူများကို
ကျိန်ဆဲမှုပြုတော်မမူပဲ “ အို…အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏
အမျိုးသားများကို အရေးယူအပြစ်ပေးတော်မမူပါနှင့် အမှန်မှာသူတို့သည်
မသိမလိမ္မာသူများသာ ဖြစ်ပါသည်။ အရှင် သူတို့အား တရားလမ်းမှန်ကိုပြသတော်မူပါ ”
ဟုပင် မြတ်ရှင်အလ္လာဟ်ထံ တောင်းဆုပြုတော်မူခဲ့
သူသာဖြစ်ပါသည်။(ရှာမအိလ်သိရ်မိဇီ)
ထိုမျှမကသေးဘဲ ကိုယ်တော်မြတ်(ဆွ)သည် မက္ကာဟ်မြို့ကို
ပြန်လည်အောင်နိုင်သည့်အချိန်တွင် တစ်ချိန်က မိမိအပေါ် လူမဆန်စွာ
ဒုက္ခမျိုးစုံပေးခဲ့သည့် ရန်သူအပေါင်းတို့အား လက်စားချေနိုင်မည့်
အခွင့်အရေးအလုံးစုံ ပိုင်ဆိုင်နေသော်လည်း လက်စားချေပြစ်ဒဏ်ခတ်ခြင်း
အလျဉ်းမပြုလုပ်ဘဲ ခွင့်လွတ်ချမ်းသာပေးကာ ဘာသာမတူ၊ လူမျိုးမတူသူအချင်းချင်း
အပြန်အလှန်လေးစားသမှုပြုကြရန် တိုက်တွန်းခဲ့သည်ကိုကြည့်လျှင်
ကိုယ်တော်မြတ်(ဆွ)သည် အချိန်အခါမရွေး အပြောသက်သက်မျှသာမဟုတ်ဘဲ
လက်တွေ့ပါမေတ္တာဖြင့် ပေါင်းသင်းသူဖြစ်ကြောင်း တွေ့မြင်ရမည်ဖြစ်ပါသည်။
ဆက်ရန်…
နူးရ်မုဟမ္မဒ်(ခ)ခွန်ကြည်စိုး B.Sc (Bot)
No comments:
Post a Comment
Note: only a member of this blog may post a comment.