Pages

.

မေတ္တာရှင်ကြိုးကို ကိုင်ဆွဲထား မြတ်တမန်ချစ်တဲ့ အွမ္မသ်များ

“မြတ်ရှင်အလ္လာဟ်၏ ကြိုးကို ဆွဲကိုင်ကြလော့” (ကုရ်အာန် ၃း၁၀၃)
“မြတ်ရှင်အလ္လာဟ်ကို ချစ်လျှင် မြတ်တမန်တော်ကို ချစ်၍ ထပ်ကြပ်မခွာလိုက်နာကြလေကုန်” (ကုရ်အာန် ၃း၃၁)
“မြတ်တမန်ကိုယ်တော်(ဆွ)ကို အနန္တစကြဝဠာတခွင်လုံးသို့ မဟာကရုဏာရှင်(မေတ္တာရှင်)အဖြစ် စေလွှတ်တော်မူသည်” (ကုရ်အာန် ၂၁း၁၀၇)
အားလုံးကို စေ့ငုံစေဖို့
အမြင့်ဆုံးသို့တက်၍ – လှမ်းကြည့်ကြလော့
အရိပ်တဝပ်စာမျှရှိတဲ့
ကုန်းကမူပေါ်မှ ငုံ့ကြည့်ပြီး – ငြင်းခုန်မနေကြလင့်
ဤကား… မွတ်စလင်မ်တို့
အစည်းပြေစေခြင်းရဲ့… တရားခံတည်း။
ယနေ့ခေတ်မှာ သတင်းစာတစ်စောင်ကိုဖြစ်စေ၊ ဂျာနယ်တစ်စောင်ကိုဖြစ်စေ လှန်ဖတ်လိုက်ပါ။ ဒါမှမဟုတ် ရုပ်မြင်သံကြားသတင်းတွေကို ဖွင့်ပြီး နားထောင်ကြည့်လိုက်ပါ။ မျှော်လင့်ချက် ကင်းမဲ့သွားလောက်အောင် မွတ်စလင်မ်တွေ စည်းလုံးညီညွတ်မှုပြိုကွဲနေတဲ့ သတင်းတွေထက်ပိုပြီး တခြားသတင်းတွေကို တွေ့ရမှာ မဟုတ်ပါဘူး။ အဲ့ဒီလိုသတင်းတွေကို မခံစားနိုင်လို့ အိမ်အပြင်ထွက်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်မယ်ဆိုရင်လည်း “ငါသာလျှင်အမှန်”ဆိုတဲ့ အစွဲအလမ်းကို ကိုယ်စားပြုနေတဲ့ ညီညွတ်မှုမရှိတဲ့ မွတ်စလင်မ်တွေကို ထပ်ဆင့်တွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒီလို ဘာကြောင့်ဖြစ်နေရတာလဲ။
မွတ်စလင်မ်တွေ ဝါးအစည်းပြေသလိုဘာကြောင့် တဝုန်းဝုန်း ဖြစ်နေတာလဲ ဆိုတာကို အလေးအနက်ထားပြီး လေ့လာဖို့ လိုပါတယ်။
တကယ်လို့ မွတ်စလင်မ်တစ်ယောက်အနေနဲ့ နှစ်ပေါင်း ၁၄၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ အစ္စလာမ့်ရာဇဝင်သမိုင်းကို နည်းနည်းပါးပါးလောက်ဖြစ်ဖြစ် လှန်လှောလေ့လာလိုက်ရုံနဲ့ ကွဲလွဲမှုတွေ ဘယ်လောက်ထိ ဖြစ်ခဲ့တယ်။ အသေးအဖွဲကွဲလွဲမှုလေးတွေကို ပုံကြီးချဲ့ပြီး မလိုလားအပ်တဲ့ ပြဿနာအသစ်တွေ ကသောင်းကနင်းအသစ်တွေ ထပ်ဆင့်ပြီးရင်း ထပ်ဆင့် ဖြစ်စေခဲ့တယ်ဆိုတာ တွေ့မြင်ရမှာပဲဖြစ်တယ်။
အဲ့ဒီလိုနဲ့ ခုခေတ်အထိ ရောက်လာနေတဲ့ အဆုံးမသတ်နိုင်တဲ့ ဖြစ်စဉ်ကြီးကို ဖြိုခွဲပစ်ဖို့အတွက် ဒါမှမဟုတ် အဲ့ဒီဖြစ်စဉ်တစ်ခုလုံးကို ခေါက်သိမ်းပစ်လိုက်ဖို့အတွက် ဒီနေ့ခေတ်မွတ်စလင်မ်တွေအနေနဲ့ ဘယ်လိုလုပ်ကြမှာလဲ။ မွတ်စလင်မ်တွေအားလုံး စည်းလုံးညီညွတ်စေမယ့် ပြုပြင်ပြောင်းလဲမှုကို ဘယ်က စရမှာလဲဆိုတာဟာ အစ္စလာမ်သာသနာဝင်တိုင်း အလေးအနက်သောကထားပြီး ဖြေရှင်းရမယ့် ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။
လက်ရှိခေတ် မွတ်စလင်မ်တစ်ဦးတစ်ယောက်တိုင်းမှာ မှန်ကန်သင့်မြတ်တဲ့ အတွေးအမြင်မျိုး ရှိမနေဘူးဆိုရင် ဒါမှမဟုတ် အစွဲအလမ်းကင်းပြီး အပြစ်ကင်းစင်တဲ့ နှလုံးရည်မျိုးကို ရှာဖွေဖော်ထုတ်ပြနိုင်မှု မရှိဘူးဆိုရင် ပုဂ္ဂိုလ်-ဝါဒ-လူမျိုး-ဂိုဏ်းဂဏဆိုတဲ့ အစွဲအလမ်းများရဲ့ စုပ်မြိုမှုကို ခံရပြီး ဘဝအဆုံးအသတ်ရမှာ ဖြစ်သလို အနာဂတ်မျိုးဆက်သစ်တွေအတွက်လည်း ပိုမိုကြီးမားတဲ့ အမွေဆိုးတွေကို မလွဲမသွေ ချန်ထားခဲ့ရဦးမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိခေတ်ကာလအတွက်ဖြစ်စေ၊ အနာဂတ်မျိုးဆက်သစ်တွေအတွက်ဖြစ်စေ နှလုံးသားအတွင်းမှ စည်းလုံးခြင်းအင်အားတွေ ရှင်သန်နိုးထစေမယ့် အမှန်တရားကို မဖြစ်မနေ ပြန်လည်ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ လမ်းစဉ်တစ်ခု ဂိုဏ်းဂဏတစ်ခုကို တည်ထောင်ဖို့ ညွှန်းဆိုနေတာ မဟုတ်ပါဘူး။ လမ်းစဉ်သစ်တွေ ဝါဒသစ်တွေဆိုတာဟာ စည်းလုံးညီညွတ်စေခြင်းထက် ကွဲပြားခြင်းအသစ်တွေသာ ဆက်လက်ဖြစ်ပေါ်စေပြီး အစ္စလာမ့်လူ့ဘောင်အတွက် ဆူးညှောင့်ခလုတ်တွေသာလျှင် ဖြစ်စေနိုင်ပါတယ်။
တခြားတစ်ဖက်က ကြည့်မယ်ဆိုရင်…
ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။ ဒါကြောင့်ခွဲခြားမှု၊ ကွဲပြားမှုတွေကို ဖြစ်ပေါ်နေစေတဲ့ လမ်းစဉ်တွေ ပုဂ္ဂိုလ်ရေးအမည်နဲ့ တည်နေတဲ့ ဂိုဏ်းဂဏတွေကို ဖျက်သိမ်းပစ်ရမယ်ဆိုပြီး ဆန့်ကျင်မှုတွေ သွားလုပ်လို့လည်း မရနိုင်ဘူး။ အဲ့ဒီလိုဆိုရင်လည်း ပဋိပက္ခအသစ်တွေ အတိုက်အခံအသစ်တွေသာ ထပ်တိုးလာမှာဖြစ်တယ်။
သမိုင်းတလျှောက်လုံးမှာ ဖြစ်ခဲ့တဲ့ ပြိုကွဲမှုဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် အားလုံးဟာ လမ်းစဉ်အသစ် ဂိုဏ်းဂဏအသစ်ထွင်ခြင်းနဲ့ ရှိပြီးသားလမ်းစဉ်ကောင်းတွေကို အတင်းအကျပ်ဖျက်သိမ်းစေလိုခြင်းဆိုတဲ့ အစွန်းရောက် ချဉ်းကပ်မှုပုံစံတွေဟာ အဓိကတရားခံဖြစ်တယ်ဆိုတာ တွေ့ရမှာပဲဖြစ်တယ်။
ဒီလိုဆိုရင် ကွဲပြားခြားနားမှုအသစ်တွေ လမ်းစဉ်အသစ်တွေ ပုဂ္ဂိုလ်စွဲ ဝါဒအသစ်တွေ ထပ်ကာထပ်ကာဖြစ်စေတဲ့ မညီညွတ်ခြင်းသံသရာကြီးထဲက လွတ်ရုန်းထွက်စေနိုင်မယ့် နည်းလမ်းဟာ မရှိနိုင်တော့ဘူးလား။ တကယ်လို့ရှိခဲ့ရင်လည်း အဲ့ဒီနည်းလမ်းဟာ ဘာလဲ။ အဲ့ဒီနည်းလမ်းကို အသုံးပြုရင် အောင်မြင်မှု ရရှိနိုင်ပါ့မလားလို့ သံသယပွားချင်ရင်လည်း ပွားနိုင်ပါတယ်။
လက်ရှိအခြေအနေအရ စိတ်ပျက်အားလျော့စရာ မျှော်လင့်ချက် ကုန်ခမ်းစရာဖြစ်နေတယ်ဆိုတာကို လက်သင့်ခံပေမယ့်လည်း ကွဲပြားမှု အချက်အလက်တွေက များမြောင်လှတဲ့အပြင် ထပ်ဆင့်ကွဲပြားမှုတွေ ဆီကိုသာ တွန်းပို့နေတဲ့ ပြင်ပရောဂါအခြေအနေတွေကလည်း အားကောင်းလွန်းနေတဲ့အတွက် စည်းလုံးညီညွတ်မှုရနိုင်မှာ မဟုတ်တော့ဘူးဆိုတဲ့ ယူဆချက်ကို လက်သင့်ခံပေးလို့ မရနိုင်ဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး ချေပစရာ များစွာရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့…
မွတ်စလင်မ်ထု တစ်ရပ်လုံး စည်းလုံးညီညွတ်ရေးအတွက် ရိုးရှင်းတဲ့ အဖြေတစ်ခုက ထာဝရတည်ရှိခဲ့ပြီး လက်ရှိလည်း တည်ရှိနေလို့ပဲဖြစ်တယ်။ အဲ့ဒါဟာ ဘာလဲဆိုရင်…
အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူမှန်ရင် မြတ်ရှင်အလ္လာဟ်ရဲ့ အချစ်ဆုံး တမန်တော်ဖြစ်တဲ့ မြတ်တမန် မုဟမ္မဒ်(ဆွ)သခင်ကို စစ်မှန်စွာ ချစ်ဖို့ပါပဲ။ အားလုံးထက်ပိုပြီး မြတ်တမန်(ဆွ)ကို ချစ်တဲ့ အချစ်ကို ဦးထိပ်ပန်ဆင်ကြဖို့ပဲဖြစ်တယ်။
ဖန်ဆင်းရှင်ရဲ့ လက်ဆောင် စကြဝဠာရဲ့ ဂရုဏာတော်ရှင် မုဟမ္မဒ်သခင်ကို ချစ်ခြင်းကသာလျှင် မြတ်တမန်(ဆွ)သခင်ရဲ့ အွမ္မသ်ထု တစ်ရပ်လုံးအပေါ်ထားတဲ့ ဂရုဏာတော်နဲ့ စာနာနားလည်မှုကို ထွင်းဖောက်တွေ့မြင်နိုင်မှာ ဖြစ်တယ်။ မြတ်တမန်(ဆွ)သခင်ရဲ့ အွမ္မသ်အပေါ် ရှုမြင်မှုမှာ အသားအရောင်၊ မျိုးနွယ်၊ မွေးဖွားရာဒေသ၊ ဆင်းရဲမှု၊ ချမ်းသာမှု၊ ရာထူးဂုဏ်ရှိမှု၊ မူလကိုးကွယ်ခဲ့တဲ့ အယူဝါဒဆိုတာတွေ မပါဝင်ပါဘူး။ အွမ္မသ်ထုအပေါ်ချစ်တဲ့ စိတ်ကို အရင်းခံပြီး ဂရုဏာတော်နဲ့သာ ကြည့်ရှုခဲ့တာကြောင့် ဆွဟာဗာသာဝကတွေအားလုံးရဲ့ အတွေးအခေါ်စဉ်းစားမှု၊ စိတ်ဓါတ်နဲ့ ကြံစည်ချက်စတာတွေ ညီညွတ်မျှတပြီး သမာစိတ္တကျအောင် ပြုပြင်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
မြတ်တမန်(ဆွ)သခင်ရဲ့ ဆွဟာဗာသာဝကတွေကို လေ့လာကြည့်မယ်ဆိုရင် မြတ်တမန်(ဆွ)သခင်ရဲ့ မျိုးနွယ်တော်ထဲမှ အစ္စလာမ်သာသနာကို လက်ခံယုံကြည်လာကြသူတွေရှိသလို ပါရှန်းလူမျိုးဖြစ်ပြီး မီးကိုးကွယ်တဲ့ ဇိုရိုအက်စတာဘာသာမှ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်လာကြသူတွေ၊ ဂျူးနဲ့ ခရစ်ယာန်သာသနာမှ ပြောင်းလဲကြသူတွေ၊ ရုပ်ထုကိုးကွယ်သူများမှ အစ္စလာမ်ကို လက်ခံလာကြသူတွေ အာဖရိက လူမျိုးကျေးကျွန်ဘဝမှ အစ္စလာမ့်အေးရိပ်ဆာရာအောက် ဝင်လာကြသူတွေ စသဖြင့် ဒေသမျိုးစုံမှ လူအမျိုးမျိုး ပါဝင်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။
မြတ်တမန်(ဆွ)သခင်က အဲဒီလို ကွဲပြားခြားနားတဲ့ မျိုးနွယ်စုံ ဘဝအခြေအနေစုံမှ အွမ္မသ်အားအားလုံးကို စစ်မှန်တဲ့ မိတ်သဟာဖွဲ့ပေးပြီး အချင်းချင်းစည်းလုံးညီညွတ်စေခြင်းအားဖြင့် မွတ်စလင်မ်ဆိုတဲ့ လူမျိုးတစ်မျိုးတည်းဖြစ်စေခဲ့ကာ အစ္စလ့ာမ်အလင်းရောင်ကို ကမ္ဘာတစ်ခွင်လုံးကို ထွန်းလင်းဖြန့်ကျက်စေနိုင်ခဲ့ပါတယ်။ ထိုစဉ်က လွန်စွာမှ ကျက်သရေ ဆောင်ခဲ့တဲ့ အစ္စလာမ့်အရုဏ်ဦးနေ့ရက်များဟာဆိုရင် အစားထိုးပြန်ရဖွယ်မရှိနိုင်တော့မယ့် ထာဝရလွမ်းမောတမ်းတဖွယ် ကောင်းလှတဲ့နေ့ရက်တွေအဖြစ်သာ ထင်ကျန်နေခဲ့ပါတယ်။
မြတ်တမန်(ဆွ)သခင် ဝဖသ်ဖြစ်ပြီးနောက်ပိုင်း နှစ်သုံးဆယ်ခန့်မှစလို့ မွတ်စလင်မ်နဲ့ မညီညွတ်ခြင်းဆိုတာဟာ အများအမြင်မှာ အဓိပ္ပါယ်တူ ဝေါဟာရတွေအလားဖြစ်ခဲ့တယ်ဆိုရင်ဖြင့် နှစ်ပေါင်း ၁၄၀၀ ကျော်တိုင်ခဲ့ပါပြီ။
အံ့သြဖွယ်ကောင်းနေတာက တိုးတက်လှပါတယ်လို့ သတ်မှတ်ခံထားရတဲ့ ခုလိုခေတ်ကာလမျိုးမှာ မွေးဖွားကြီးပြင်း နေထိုင်နေကြတဲ့ မွတ်စလင်ညီနောင်တွေဟာလည်း ရှေးခေတ်ပုဂ္ဂိုလ်တွေရဲ့ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲဆိုင်ရာ အယူဝါဒတွေကို မက်မက်မောမော ဖက်တွယ်ထားခြင်းပဲဖြစ်တယ်။
မြတ်တမန်(ဆွ)သခင် ဝဖသ်ဖြစ်ပြီးနောက်ပိုင်း ခေတ်တွေမှာ သာသနာဝင်တွေဟာ သာသနာအရေးကိစ္စကြောင့်မဟုတ်ဘဲ ရာထူးအာဏာမက်မောမှုကြောင့်ဖြစ်စေ၊ မျိုးနွယ်စွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲတွေကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးပေါ်မူတည်ပြီး မသင့်မမြတ်ဖြစ်ကာ ကွဲပြားခဲ့ကြတယ်ဆိုတာ သမိုင်းအရ မှန်ကန်ခဲ့ပါတယ်။ အဲ့ဒါကို ဒီနေ့ခေတ် မွတ်စလင်မ်တွေအနေနဲ့ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ပါရှန်းတွေက ဘယ်လိုလုပ်ခဲ့တာ ရဟူဒီ နဆာရာနီတွေက ဘာလုပ်ခဲ့တာဆိုပြီး သမိုင်းရဲ့ အမွေဆိုးတွေကို ဆက်လက်ဖက်တွယ်ထားဦးမယ်ဆိုရင်တော့ မှန်ကန် သင့်လျော်မှာ မဟုတ်သလို ဆင်ခြင်တုံတရားနဲ့လည်း ကိုက်ညီမှာ မဟုတ်ပါဘူး။
ဒါကြောင့် မွတ်စလင်မ်ညီနောင်အားလုံးအနေနဲ့ မြတ်တမန်(ဆွ)သခင်ကို ချစ်တဲ့စိတ် အရင်းခံပြီး မိမိတို့ရဲ့ အတွေးအမြင်အားလုံးကို အမြစ်ကစပြီး တော်လှန်ပြောင်းလဲဖို့ လိုအပ်လှပါတယ်။
အို ကိုယ်တော်မြတ်(ဆွ)…
ကိုယ်တော်ရှိစဉ်က…ကျက်သရေဆောင်တဲ့ ညီညွတ်မှုအား မွတ်သိပ်တောင့်တမိပါ၏။
ကိုယ်တော်ကား…နှလုံးသားကျယ်ဝန်းသလောက်
အွမ္မသ်၏နှလုံးသားမှာကား ကျဉ်းမြောင်းခဲ့ပါ၏။
စွဲလမ်းခြင်း သလွန်ထက်၌ စဉ်ဆက်မပြတ် အိပ်မောကျလျက်သာ ရှိပါ၏။
နိုးလော့ မွတ်စလင်မ်…နိုးထကြလော့။
နက်ရှိုင်းလှတဲ့ နှလုံးသားပိုက်နက်တံခါးကို တို့များဖွင့်လှစ်ကြပါစို့ရယ်။
မိုးစက်မိုးပေါက်များဖြင့် ဖေးမသကဲ့သို့ တို့များလည်း အချစ်မိုးစက်များဖြင့် ညီနောင်အချင်းချင်း…
ဖေးမကြပါစို့။
အလျော့အတင်းဟူသော စောင်းကြိုးအား ချစ်ခြင်းဖြင့် ညှိခတ်ကြပါစို့။
ကိုယ်တော်အားချစ်ခြင်းဖြင့် ပေါင်းစည်းခြင်းကို
မည်သည့်အစစ်အမှန် ပုဂ္ဂိုလ်မွန်ကမှ မင်းတုံးချမှ တားဆီးမည် မဟုတ်ပါလေ…
တကယ်လို့ မွတ်စလင်မ်တိုင်းဟာ မြတ်တမန်(ဆွ)သခင်ကို ချစ်စိတ်နဲ့ အွမ္မသ်ထုကို ကြည့်မယ်ဆိုရင် ကွဲပြားမှုအားလုံးဟာ မညီညွတ်မှုကို ကိုယ်စားပြုခြင်းမဟုတ်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ကွဲပြားမှုဆိုတာမှာ ဦးတည်ချက်နှစ်ရပ်ရှိပါတယ်။ ကွဲပြားမှုတစ်ခုက ဆုံးရှုံးပျက်ဆီးခြင်းကို ဦးတည်စေပြီး ကွဲပြားမှု နောက်တစ်ခုက တိုးတက်ပြည့်စုံတဲ့ အောင်မြင်မှုဆီ ဦးတည်စေတဲ့ အလားသဏ္ဍန်ရှိနေလို့ပဲဖြစ်တယ်။
ဆိုလိုတဲ့သဘောကတော့…
ကွဲပြားမှုတစ်မျိုးကို စိတ်ဖြာကြည့်မယ်ဆိုရင် ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ရာထူးအာဏာ မက်မောခြင်းနဲ့ ဂုဏ်တုဂုဏ်ပြိုင်ခြင်းတွေကြောင့်ဖြစ်တဲ့ ကွဲပြားခြင်း၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲခြင်းနဲ့ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်မှုတွေကြောင့်ဖြစ်တဲ့ ညီညွတ်မှုကွဲပြားခြင်း၊ လူအများစု ဘာသာရေးအသိပညာနည်းပါးခြင်းကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာလိုသူတွေရဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်တဲ့ ကွဲပြားခြင်း၊ ဘာသာရေး မတူညီမှုကို အခြေခံလို့ဖြစ်စေ၊ နယ်မြေရေး၊ စီးပွားရေး၊ နိုင်ငံရေး အမြတ်ထုတ်လို့ဖြစ်စေ၊ ပြင်ပဘာသာခြား၊ လူမျိုးခြားတွေရဲ့ သွေးတိုးလှုံ့ဆော်မှုတွေကြောင့်ဖြစ်တဲ့ ကွဲပြားခြင်းစတဲ့ စတဲ့ အကြောင်းအရင်းတွေကြောင့်သာ ညီညွတ်မှုမရှိ ပြိုကွဲမှုဆီကို ဦးတည်သွားရခြင်းဖြစ်တယ်။
အဲ့ဒီ ကွဲပြားမှုတွေအားလုံးဟာ လောဘ-ဒေါသ-မောဟ-မာန်မာန-အာဃတစတဲ့ အတ္တကိုယ်ကျိုး မစွန့်နိုင်တဲ့အတွင်း စိတ်ရိုင်းများကို အခြေခံပြီးဖြစ်ပေါ်နေတာဖြစ်လို့ အစ္စလာမ့်ဓမ္မ၊ မုအ်မင်န်တို့ရဲ့ စာရိတ္တမွန်များနဲ့ အထင်အရှားကင်းကွာလျက် ရှိနေပါတယ်။ အဲ့ဒီကွဲပြားမှုတွေကို လက်သင့်ခံလို့မရပါ။ လုံးဝလုံးဝ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။
နောက်တစ်မျိုးကွဲပြားမှုကတော့…
အစ္စလာမ့်ဓမ္မရဲ့ အနှစ်အသားပေါ်မှာ တူညီစွာ တည်တံ့ပြီးမှုရှိပြီး ပြည့်စုံလှပတင့်တယ်ခြင်းဆိုတာကို ပုံဖော်လျက်ရှိနေပါတယ်။
အဲဒါကို မြင်ကွင်းဖော်ကြည့်မယ်ဆိုရင်…
အရောင်အဆင်း ရနံ့သဏ္ဍန်အမျိုးအစား ကွဲပြားတဲ့ ပန်းမျိုးစုံ ဖူးပွင့်နေတဲ့ ဥယျာဉ်ကြီးတစ်ခုနဲ့ ပမာတူပါတယ်။ အဲ့ဒီဥယျာဉ်က ပန်းတွေအားလုံးဟာ…
တစ်ခုတည်းဖြစ်တဲ့ မိုးကုတ်စက်ဝိုင်းမှ မိုးစက်မိုးပေါက်တွေ၊ တစ်ခုတည်းဖြစ်တဲ့ နေမင်းမှရရှိတဲ့ လင်းရောင်ခြည်နဲ့ နွေးထွေးမှုတွေ၊ တစ်ခုတည်းဖြစ်တဲ့ လေပြေတို့ကို ရှုရှိုက်ခွင့်တွေကို တူညီစွာရရှိပြီး အမျိုးအမည်စုံလင်စွာ ဖူးပွင့်လန်းဆန်းရှင်သန်နေခြင်းပဲဖြစ်ပါတယ်။
ဥယျာဉ်မှူးကလည်း ဥယျာဉ်အတွင်းမှာရှိတဲ့ ပန်းတွေဟာ အရောင်အသွေး၊ အဆင်းရနံ့ အမျိုးအမည် စုံလင်စွာနဲ့ ဖူးပွင့်ကာ အလှကျက်သရေတိုးလျက်ရှိနေတာကို တွေ့မြင်ရတဲ့အတွက် ကြည်နူးနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒါကို အမြင်မကျယ်သူ တစ်ဦးက အရောင်အဆင်းကွဲပြားမှုမရှိတဲ့ ပန်းတစ်မျိုးတည်းသာ ဖူးပွင့်မနေတဲ့အတွက် “ကျက်သရေ မရှိဘူးလို့”အပြစ်တင်မယ်ဆိုရင် ဥယျာဉ်မှူးက အဲ့ဒီလူကို “အသင်ဟာ ခံစားမှု အာရုံညံ့ဖျင်းသူ အလှတရားကို ရှာဖွေမမြင်တတ်တဲ့ ဆင်ခြင်ဥာဏ်ကင်းမဲ့သူတစ်ယောက်ပဲ ဖြစ်တယ်”လို့ တုန့်ပြန်ချေပပြောဆိုမှာသာဖြစ်တယ်။
ဘာဖြစ်လို့လည်းဆိုတော့…
ပန်းဥယျာဉ်အတွင်းမှာ ရှိနေတဲ့ ပန်းတွေဟာ ရနံ့စုံလင်းခြင်း၊ အရောင်အသွေးစုံလင်ခြင်း၊ အဆင်းပုံသဏ္ဍန်စုံလင်ခြင်း၊ အဖူးအငုံ အပွင့်အရွက် အကိုင်းအလက်များ စုံလင်မှုရှိနေခြင်းကြောင့်သာ အလှကျက်သရေတိုးပြီး မျက်စိပဿဒဖြစ်စေမှုရှိစေလို့ပဲဖြစ်တယ်။ တကယ်လို့ တစ်မျိုးတစ်စား တစ်ရောင်တစ်ဆင်းတည်းသာ ရှိနေမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ လှပကျက်သရေရှိနေခြင်းဆိုတာဟာ တည်ရှိမှာ မဟုတ်တော့ပါဘူး။ စစ်မှန်တဲ့ အချက်အနေနဲ့ ဥယျာဉ်အတွင်း အလှတံခွန်ထူနေကြတဲ့ အရောင်အသွေးစုံညီတဲ့ နှင်းဆီ၊ သစ်ခွ၊ စံပယ်ဆိုတာတွေဟာ ပန်းဆိုတဲ့ မူလဂုဏ်ပုဒ်ကို ပျောက်ပျက်စေခြင်း လုံးဝမရှိဘဲ ပြည့်စုံခန့်ညားစွာ ဖူးပွင့်ဝေဆာမှုရှိနေကြခြင်းပဲ ဖြစ်ပါတယ်။
အဲဒီလိုပါပဲ အစ္စလာမ်သာသနာတော်ဆိုတဲ့ ဥယျာဉ်တော်ကြီး အတွင်းမှာ တည်ရှိနေကြတဲ့ မွတ်စလင်မ်တွေအတွင်းမှာလည်း မဇ်ဟဗ်မျိုးစုံ ဂိုဏ်းဂဏအဖွဲ့အစည်းမျိုးစုံ ထပ်ဆင့်ကွဲပြားစွာ တည်ရှိနေခြင်းဟာ လှပဝေဆာတဲ့ ရောင်စုံပန်းများ ပွင့်လန်းနေခြင်းသဘောမျှသာ ဖြစ်ပါတယ်။
မွတ်စလင်မ်တိုင်းဟာ…
-တစ်ဆူတည်းရှိတဲ့ ဖန်ဆင်းရှင်းကို သက်ဝင်ယုံကြည်ခြင်း
-တစ်ဦးတည်းရှိတဲ့ အန္တိမတမန်တော်ချုပ် မုဟမ္မဒ်(ဆွ)သခင်ကို လက်ခံယုံကြည်တဲ့အတွက် မြတ်တမန်(ဆွ)ရဲ့ စွန္နသ်ဓလေ့တော်တွေကို ဖဝါးခြေထပ်လက်ခံကျင့်သုံးကြခြင်း
-တစ်အုပ်တည်းရှိတဲ့ ကျမ်းမြတ်ကုရ်အာန်ဓမ္မနေမင်းမှ လင်းရောင်ခြည်အတွင်း ခိုလှုံခြင်း
-တစ်ခုတည်းရှိတဲ့ ကအ်ဘာကျောင်းတော်ဘက်ကို မျက်နှာမူကာ မြတ်တမန်(ဆွ)ရဲ့ စွန္နသ်တော်အတိုင်း မြတ်ရှင်အလ္လာဟ်အား အာရုံပြုလျက် ဆွလာသ်ဘာဝနာ ဆောက်တည်ကြခြင်းဆိုတဲ့ အစ္စလာမ့်အနှစ်အသားပေါ်မှာ စစ်မှန်စွာ ရပ်တည်လျက်ရှိနေပါတယ်။
အဲ့ဒီမွတ်စလင်မ်တွေထဲမှာ ဟန္နဖီ-ရှာဖီ-မာလီကီ-ဟမ်ဗလီစတဲ့လမ်းစဉ်ဆိုပြီးဖြစ်စေ ဘလေရဝီ၊ ဒေယိုဗန်ဒီ၊ ဝဟာဘီစတဲ့ ဂိုဏ်းဂဏဆိုပြီးဖြစ်စေ အဖွဲ့အစည်းအမျိုးအမည် ကွဲပြားစွာတည်ရှိနေကြခြင်းကို တစ်မျိုးတစ်စားတည်း မဖြစ်လို့ မညီညွတ်ဘူးဆိုပြီး တရားသေ သတ်မှတ်လို့မရပါဘူး။ အမျိုးအစား စုံလင်ခြင်း၊ ပြည့်စုံတင့်တယ်ခြင်းလို့သာ ရှုမြင်ဖို့လိုပါတယ်။
တကယ်တမ်းတော့ အစ္စလာမ်သာသနာတော်ထဲက မဇ်ဟဗ်လမ်းစဉ်တွေ၊ သွရီကာလမ်းစဉ်တွေ၊ ဒါဝသ်သဗ်လိဂ်လမ်းစဉ်ဆိုတာတွေဟာ အစ္စလာမ်သာသနာဝင်တွေအတွက် ကျင့်မှုရေးရာတွေကို တစိုက်မတ်မတ် ကျင့်ကြံနိုင်စေဖို့ နှလုံးသားကို ပြုပြင်နိုင်စေဖို့ မွတ်စလင်မ်တစ်ဦးစီအဖို့ ကျင့်စဉ်ရေးရာနဲ့ပတ်သက်ရင် လွယ်ကူချောမွေ့စေဖို့အတွက် အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေသာဖြစ်ပါတယ်။
ဒီလမ်းစဉ်တွေဟာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ကူးခတ်သွားလာလို့ရသလို လွယ်ကူပွင့်လင်းမှုလည်းရှိပါတယ်။ အဲဒါတွေကို ကွဲလွဲမှုလို့ တရားသေရှုမြင်လို့မဖြစ်ပါဘူး။ ကန်သင်ရိုးတွေ မချသင့်ပါဘူး။ အတားအဆီးတွေဆိုပြီး ဖြိုဖျက်စရာလည်း မလိုပါဘူး။
တကယ်တမ်း မွတ်စလင်မ်တွေအားလုံး ဖြိုဖျက်ရမှာက နှလုံးသားထဲမှာ ကိန်းဝပ်နေတဲ့ “ငါသာလျှင်”ဆိုတဲ့ မဟာအုတ်တံတိုင်းကြီးပဲ ဖြစ်ပါတယ်။ အဲ့ဒီ “ငါသာလျှင်”ဆိုတဲ့ လှိုင်းသံကြီးရဲ့ သြဇာဟာ လွန်ဆန်ဖို့ခက်ခဲပြီး အလွန်အန္တရာယ်ကြီးလွန်းလှပါတယ်။ မွတ်စလင်မ်တွေ ဝါးအစည်းပြေသလို ဖြစ်ခဲ့ရတဲ့ ပြဿနာတွေ ထင်ယောင်ထင်မှားမှုတွေမှန်သမျှဟာ…
“ငါ(တို့)သာလျှင် အွမ္မသ်ကို ကယ်တင်နိုင်မဲ့လူဖြစ်တယ်”
“ငါ(တို့)ဦးဆောင်မှသာလျှင် အစ္စလာမ်အင်ပါယာကြီးကို တည်ထောင်နိုင်မယ်”
“ငါ(တို့)သာလျှင် မွတ်စလင်မ်တွေအားလုံးကို နည်းမှန်လမ်းမှန်အောင် လုပ်နိုင်မယ်”
“ငါ(တို့)လမ်းစဉ်သာလျှင် အမှန်အကန်ဆုံးဖြစ်တယ်။ အမြင့်မြတ်ဆုံးဖြစ်တယ်”
“ငါ(တို့)အဖွဲ့အစည်း…ငါ(တို့)ကျောင်း…ငါ(တို့)ဝါဒသာလျှင် မှန်တယ်”ဆိုပြီး
မိမိကို ဆရာမတင်ရင် တစ်စင်ထောင်လိုတဲ့ငါ…
မိမိအယူအဆကို လက်မခံရင် သဲနဲ့ပက်လိုတဲ့ငါ…
မိမိကိုယ်သာ အထင်ကြီးပြီး တစ်ပါးသူကို အထင်သေးတတ်တဲ့ငါ အစရှိတဲ့ ငါ…ငါ…ငါ ဆိုတဲ့ လှိုင်သံကြီးရဲ့ သြဇာကြောင့်ပဲဖြစ်ခဲ့တာပါ။
မွတ်စလင်မ်တစ်ဦးစီ တစ်ဦးစီအနေနဲ့ အဲ့ဒါကြီးကို နက်နက်ရှိုင်းရှိုင်းသဘောပေါက်ပြီး ပြင်ဆင်လိုခြင်း မရှိသရွေ့ “ငါသာလျှင်” ဆိုတာကြီးက အစ္စလာမ့်လူ့ဘောင်ကို ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်ပစ်နေဦးမှာပါ။ မွတ်စလင်မ်တွေရဲ့ ဘဝလမ်းစဉ်ကို ဖြောင့်ဖြောင့်တန်းတန်းမဖြစ်အောင် လှည့်ပတ်ဝှေ့ဝိုက်ပြီး လိမ်ကောက်ပစ်နေဦးမှာပါ။ မွတ်စလင်မ်လူ့အဖွဲ့အစည်းတွေရဲ့ကြားထဲမှာ ကြီးမားတဲ့ တံတိုင်းကြီးတွေ ဖန်တီးတားဆီးနေမှာပဲ ဖြစ်ပါတယ်။
ဒီ့အတွက်ကြောင့် မြတ်တမန်(ဆွ)သခင်ရဲ့ အွမ္မသ်နောက်တွေအနေနဲ့ မြတ်တမန်ကို အမှန်တကယ်ချစ်ခင်ဖို့လိုအပ်လှပါတယ်။ အဲဒီလို နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း ချစ်ခင်လာတာနဲ့အမျှ မြတ်တမန်(ဆွ)သခင်ရဲ့ နှလုံးသားကို ပိုမိုနားလည်သဘောပေါက်လာမှာဖြစ်ပြီး မွတ်စလင်မ်တစ်ဦးစီရဲ့ အတွင်းသဏ္ဍန်ထဲမှာ မိန့်မိန့်ကြီးကိန်းဝပ်နေတဲ့ “ငါသာလျှင်”ဆိုတဲ့ စွဲလန်းမှုကြီးကို ဖယ်ရှားပစ်လိုက်နိုင်မှာပဲ ဖြစ်ပါတယ်။
အဲ့ဒီလိုဆိုရင် နှလုံးသားထဲမှာ ကရုဏာတရား ကိုယ်ချင်းစာတရား မျှဝေခံစားမှုစတဲ့ ကျယ်ပြန့်တဲ့ ဆက်စပ်မှုတွေ ဖြစ်ပေါ်လာပြီး မွတ်စလင်မ်ညီနောင်တွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ပိုမိုရင်းနှီး ထိစပ်သည်ထက် ရင်းနှီးထိစပ်လာမှာပဲဖြစ်တယ်။
မွတ်စလင်မ်တစ်ဦးစီအနေနဲ့ မိမိရှေ့မှာရှိနေတဲ့ ညီနောင်တစ်ဦးဟာ မိမိထက်ပိုပြီး အစ္စလာမ်လူထုအတွက် သောကရှိတယ်။ အနိမ့်ဆုံးအနေနဲ့ဆိုရင်တောင် မိမိထက် လျော့နည်းမှာ မဟုတ်ဘူးဆိုပြီး နားလည်လာမယ်။ အချင်းချင်း ရိုသေလေးမြတ်ထားပြီး နေရာပေးလာမယ်။ အမှားအယွင်းရှိနေရင်လည်း ဖေးဖေးမမနဲ့ ပြုပြင်ပေးလာမယ်ဆိုရင် တစ်ဖက်ကလည်း နာယူလက်ခံနိုင်စွမ်းတွေရှိလာမှာပဲဖြစ်တယ်။ ညီနောင်တစ်ဦးရဲ့တင်ပြမှုကို အဆင်ခြင်မဲ့စွာနဲ့ ပယ်ချမှာ မဟုတ်သလို မိမိအမြင်ကို လက်မခံလို့လည်း ရှုံ့ချခြင်း တစ်စင်ထောင်ခြင်းတို့ကို ပြုလုပ်တော့မှာ မဟုတ်ပါဘူး။
တစ်ခြားရှုထောင့်တစ်ခုအရ မြတ်တမန်(ဆွ)သခင်ကို အစစ်အမှန် ချစ်ခြင်းနဲ့ လေ့လာမယ်ဆိုရင် ပွက်လောရိုက်နေတဲ့ အလွှာထုထဲမှာ ပါဝင်ခြင်းမရှိဘဲ အစ္စလာမ်သာသနာတော်အတွက်သာ စစ်မှန်စွာ အလုပ်လုပ်နေတဲ့ လူတွေခေတ်အဆက်ဆက်မှာ ရှိနေခဲ့တယ်။ လက်ရှိလည်း ရှိနေတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီပုဂ္ဂိုလ်တွေဟာ မိမိကိုယ်မိမိ စစ်မှန်သူဆိုပြီး ကြွေးကြော်နေတဲ့ လူတွေလို၊ မိမိရဲ့ ဂိုဏ်းဂဏအဖွဲ့အစည်းသာ အကောင်းဆုံးဆိုပြီး အခြားအဖွဲ့အစည်းတွေနဲ့ မွတ်စလင်မ်တွေကို ဝေဖန်ပုတ်ခတ်ကာ ကိုယ့်ရဲ့ ဂိုဏ်းဂဏအဖွဲ့အစည်းအတွက်သာ ကိုယ်စားပြုတဲ့ လူတွေလို မိမိကိုယ်မိမိ ကိုယ်ရည်သွေးကာ မိမိသိထားတဲ့ တစ်ထွာတစ်မိုက်နဲ့ တိုင်းတာပြီး စစ်မှန်တဲ့ ပညာရှင်တွေ သူတော်စဉ်တွေကို ဝေဖန်ရှုတ်ချရင်း အလုပ်ရှုပ်နေတဲ့ လူတွေလို အစွဲအလမ်းအတွင်းမှာ နေထိုင်ကြသူတွေ မဟုတ်ပါဘူး။
အစစ်အမှန် အလုပ်လုပ်နေတဲ့ လူတွေဟာ သူတို့ကိုယ်သူတို့ ပြုပြင်ဖို့အတွက် ကြိုးပမ်းချင်ရင် ကြိုးပမ်းလျက်ရှိနေမယ်။ တချို့ဟာ ခါန်ကာလေးတွေမှာ လူတွေကို နှလုံးသားပြုပြင်ပေးဖို့ ကြိုးပမ်းနေကြမှာ ဖြစ်သလို တချို့ဟာ မဒရ်ဆာကျောင်းလေးတွေမှာ လူငယ်တွေကို သာသနာ့ အသိပညာတတ်မြောက်စေဖို့ ကြိုးပမ်းနေကြပြီး တချို့ကတော့ ဒါဝဟ်သဗ်လိဂ်လုပ်ငန်းအသီးသီးမှာ တတ်စွမ်းသလောက်ကြိုးပမ်းနေကြပါလိမ့်မယ်။
ဒါကြောင့်လည်း သူတို့ရဲ့ လုပ်ရပ်တိုင်း လုပ်ရပ်တိုင်းမှာ အဓိပ္ပါယ်ရှိမှုတွေနဲ့ ပြည့်ဝနေပြီး သူတို့နဲ့ တွေ့ဆုံရတဲ့ လူတွေဟာလည်း ချစ်ခြင်းမေတ္တာရဲ့ နွေးထွေးမှု၊ ကရုဏာတရားရဲ့ အေးမြမှု၊ အသိပညာရဲ့ လင်းဝင်းမှုတွေကို ရရှိနေကြခြင်းဖြစ်ပါတယ်။

ဆက်ရန်…
နူးရ်မုဟမ္မဒ်
B.Sc (Bot)
  http://coatnw.wordpress.com/

No comments:

Post a Comment

Note: only a member of this blog may post a comment.