Pages

.

ကျမ်းမြတ်ကုရ်အာန်နှင့် မျက်မှောက်ခေတ်သိပ္ပံပညာ

 

ဘာသာပြန်ဆိုသူ၏အမှာစာ
မပြတ်မစဲ သနားကြင်နာတော်မူသော၊ မဟာကရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါအံ့။
ချစ်စွာသော စာရှုသူ . . . . .
ယခုခေတ် ကမ္ဘာကြီး၏ ဖြစ်ပေါ်ပြောင်းလဲမှုများသည် သိပ္ပံနှင့်နည်းပညာအစွမ်းကြောင့်ဖြစ်သည်ဟုဆိုလျှင် ယင်းသိပ္ပံပညာသည် လူသားများအတွက် အံမခန်းဖွယ် ဖြစ်ရပ်များ ယူဆောင်လာသည်ဟု ဆိုနိုင်ပေသည်။ ယနေ့ သိပ္ပံပညာ၏ရှာဖွေ တွေ့ရှိချက်များကား ဤကမ္ဘာလောကကြီးကို စိုးမိုးအုပ်ချုပ်နေသော အလ္လာဟ်အရှင် ရှိကြောင်း တစ်နည်းနည်းနှင့် သက်သေခံနေကြပေသည်။  ဤသည်တို့ကို သတိပြုမိသောသူများ အားလုံး အစ္စလာမ်ဘက်သို့မျက်နှာမူနေကြသည်မှာ ကမ္ဘာနှင့်အ၀ှမ်း အမြောက်အမြား ရှိနေကြပေသည်။ ၎င်းဖြစ်ရပ်များထဲမှ  ဤစာအုပ်ငယ်ကို ရေးသားထုတ်ဝေခဲ့သော ပြင်သစ် ဆေးသိပ္ပံပညာရှင်ကြီး ဒေါက်တာမောရစ် ဗုကိုင်းလ်လည်း ပါဝင်ပေရာ သူ၏လေ့လာတွေ့ရှိချက်များနှင့် ကျမ်းမြတ်ကုရ်အာန်၏ အဆိုများ ကိုက်ညီမှု၊ အလ္လာဟ်အရှင်၏ ၀ဟီလမ်းညွှန် အပေါ် လေ့လာ လိုက်စားရာမှ အစ္စလာမ်တည်းဟူသော အမှန်တရားအပေါ် ရပ်တည်ခွင့် ရရှိသူတစ်ယောက်အကြောင်းကို ဤဘာသာပြန်စာအုပ်ငယ်တွင် လေ့လာနိုင်ပေသည်။ ဘာသာပြန်သူအနေနှင့်
KNOW THE TRUTH
FOLLOW THE TRUTH
SPREAD THE TRUTH
ISLAM  IS THE TRUTH.
ဟူသော ဆောင်ပုဒ်ကလေးနှင့်အညီ မိမိသာမက ချစ်စွာသော စာရှုသူများကိုလည်း အမှန်တရားကိုသိစေချင်၊ လိုက်နာစေချင်ပါသည်။ အထူးသဖြင့် အမှန်တရား များနှင့် ပြည့်နှက်နေသော ကုရ်အာန်ကျမ်းကိုလည်း မိမိတို့၏ အသိဖြင့် လေ့လာပြီး အစ္စလာမ်၏ အလှတရားများကို ကိုယ်တိုင်ရှာဖွေ ခံစားစေချင်ပါသည်။
ဘာသာပြန်သူမှာ ၀ါရင့်စာရေးဆရာမဟုတ်သလို၊ ၀ါရင့်ဘာသာပြန်သူလည်း မဟုတ်သေးပါ။ သို့သော် စာရှုသူများအား အမှန်တရားနှင့် ပတ်သက်သော သက်သေ အထောက်အထားများကို မိမိသိသလို သိစေချင်သော စေတနာနှင့် ကြိုးစားအားထုတ် ထားခြင်းသာဖြစ်ပေရာ၊ အမှားတစ်စုံတစ်ရာပါရှိပါက ဘာသာပြန်သူ၏ အမှားသာဖြစ်ကြောင်း ၀န်ခံ၍ ချစ်စွာသောစာရှုသူများအား အစဉ်လေးစား ကျေးဇူးတင်လျှက်-
ဒေါက်တာလှလှဝင်း
စကားချီး
ဒေါက်တာ မောရစ်စ်ဗုကိုင်လ်သည် ထင်ရှားကျော်ကြားသော ပြင်သစ်လူမျိုး  ခွဲစိတ်ကုဆရာဝန်တစ်ဦးဖြစ်သလို သိပ္ပံပညာရှင်တစ်ဦးလည်းဖြစ်သည်။ ထို့ပြင်  The  Bible,  The  Quran  and  Science (ဘိုင်ဘယ်လ်၊ ကုရ်အာန်နှင့် သိပ္ပံပညာ) ဟူသော ဂျူးနှင့် ခရစ်ယာန်ဝါဒများနှင့်ပတ်သက်သောဘုရားသခင်၏ ထုတ်ပြန်ချက်များဆိုင်ရာ သုတေသန တွေ့ရှိချက်များပါဝင်သည့်စာအုပ်ကို ရေးသားပြုစုခဲ့သော စာပေပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။ ဤစာတမ်းသည် ဘာသာရေးနှင့် သိပ္ပံပညာနယ်ပယ်အတွက် အသေးစိတ် လေ့လာပြီး အကျိုးပြုနိုင်စွမ်းရှိသော စာတမ်းတစ်ခုလည်း ဖြစ်သည်။ သူသည် ထင်ရှား၍ ထူးချွန်ပြောင်မြောက်သည့် သိပ္ပံပညာရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ဖာရိုဘုရင်တစ်ပါးဖြစ်သည့် မာနက်ပတဟ် (Merneptah) ၏ရုပ်အလောင်းကောင်ကို လေ့လာစမ်းစစ် သုတေသနပြုရန် ရွေးချယ်ခြင်း ခံခဲ့ရပါသည်။ သူ ဆော်ဒီအာရေဗီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့စဉ်ကာလအတွင်း ကျမ်းမြတ်ကုရ်အာန်၏ အချို့သော အာယသ်တော်များကို ပြသပေးသောကြောင့် ကြည့်ရှုလေ့လာခွင့် ရခဲ့သည်။ ထိုအာယသ်တော်များတွင် အလ္လာဟ်အရှင်မြတ်က ဖာရိုဘုရင်၏ ရုပ်အလောင်းကောင်ကို နောင်လာနောက်သားများအတွက် သက်သေလက္ခဏာအဖြစ် မပျက်မစီး ထိန်းသိမ်းထားမည်ဟု အတိအလင်း ပြောဆိုထားပြီးဖြစ်သည်ကိုလည်း တွေ့ရှိခဲ့ရသည်။
ခရစ်ယာန်ဘာသာဝင်လည်းဖြစ်၊ ဘက်မလိုက်တတ်သော သိပ္ပံပညာရှင်လည်းဖြစ်သော ဒေါက်တာဗုကိုင်းလ်အတွက် သမ္မာကျမ်းစာအတွင်း တမန်တော်မူစာ (عليه الصلاة و السلام) ၏နောက်သို့ လိုက်လံရင်း ပင်လယ်နီအတွင်း ရေမြုပ်သေဆုံးခဲ့ရသည့် ဖာရိုဘုရင် ၏ဇာတ်ကြောင်းကို ကောင်းစွာ ကျွမ်းကျင်တတ်မြောက်ထားပြီးဖြစ်သည်။ မကြာ သေးခင်ကာလအထိပင် ကမ္ဘာက မသိသေးသော ကျမ်းမြတ်ကုရ်အာန်မှ တမန်တော် မူစာလက်ထက် ထိုဖာရိုဘုရင် မာနက်ပတဟ်(Merneptah) ၏ ရုပ်အလောင်းကို မပျက်မစီးအောင် ထိန်းသိမ်းထားမည်ဟူသော တိကျသည့် ကြိုတင်ဟောကိန်းထုတ်ထားသောအကြောင်းကို ကျေနပ် အံ့သြစွာနှင့် သိလိုက်ရပေသည်။
ဤအကြောင်းအရာအဖြစ်အပျက်သည်ကား ဒေါက်တာဗုကိုလ်အား အာရဗီဘာသာစကားကို လေ့လာသင်ယူပြီးနောက် ကုရ်အာန်ကျမ်းမြတ်ကို စေ့စပ်သေချာစွာ လေ့လာသုတေသနပြုစေသောအကြောင်းတရားပင်ဖြစ်သည်။ သူ၏ ကုရ်အာန်ကျမ်းမြတ်နှင့်  သမ္မာကျမ်းတို့ကို နှိုင်းယှဉ်လေ့လာမှုမှ နောက်ဆုံးကောက်ချက်မှာ – ကျမ်းမြတ်ကုရ်အာန်မှ သိပ္ပံဆိုင်ရာ အကြောင်းချင်းရာများ နှင့်ပတ်သက်သော ဖွင့်ဟပြောဆိုချက်များသည် ခေတ်မီသိပ္ပံပညာရပ်များနှင့် ပြည့်ဝစွာကိုက်ညီပြီး သမ္မာကျမ်းမှ ဖွင့်ဟ ပြောဆိုချက် များသည်ကား သိပ္ပံနည်းကျ လုံးဝ လက်ခံနိုင်ဘွယ်မရှိဟူသောအချက်ပင်တည်း။
ယခု စာရှုသူဖတ်နေသော ဤစာအုပ်ငယ်မှာ လန်ဒန်နိုင်ငံရှိ ဓနသဟာယတက္ကသိုလ်တွင် ဒေါက်တာဗုကိုင်းလ်ကိုယ်တိုင်က ကျမ်းမြတ်ကုရ်အာန်နှင့် မျက်မှောက်ခေတ်သိပ္ပံဟူသော ဘာသာရပ်အတွက် ပေးခဲ့သော ဟောပြောပို့ချမှု မှတ်စုဖြစ်ပြီး ၎င်းစာအုပ်ငယ်မှ အစ္စလာမ်တည်းဟူသော ထာဝရသစ္စာတရားကို လမ်းညွှန်ပြသပေးပါလိမ့်မည်။
ကျမ်းမြတ်ကုရ်အာန်နှင့်မျက်မှောက်ခေတ်သိပ္ပံပညာ
၁၉၇၆ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် ပြင်သစ်ဆေးသိပ္ပံဟူသောနေရာ၌ သူမတူ တမူထူးခြားလှသော ဟောပြောပို့ချမှုတစ်ခု ပြုလုပ်ခဲ့ပေသည်။ ဤဟောပြောပို့ချမှု စာတမ်း၏ခေါင်းစဉ်မှာ “ကျမ်းမြတ်ကုရ်အာန်တွင် ပါရှိသော ဇီဝကမ္မနှင့် သန္ဓေသား ဗေဒဆိုင်ရာ အချက်အလက်အကြောင်းချင်းရာများ´´(Physiolgical and Embryology Data in The Quran) ဟူ၍ဖြစ်သည်။ ကျွန်ုပ်အနေနှင့် ကျမ်းမြတ်ကုရ်အာန်၏ ဇီဝကမ္မဗေဒနှင့် မျိုးပွားခြင်းဆိုင်ရာ သေချာသော ဖော်ပြချက်များနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များကို တင်ပြလိုပါသည်။ ယခုကဲသို့ တင်ပြရသည့် ရည်ရွယ်ချက်ကား အထက်ဖော်ပြပါ ပညာရပ်များနှင့်ပတ်သက်သော ယနေ့ ကျွန်ုပ်တို့၏ အသိပညာ၊ ဗဟုသုတများ တစ်နည်းဆိုသော် (ကျမ်းမြတ် ကုရ်အာန်ကို ထုတ်ပြန်ပို့ချခဲ့သော အချိန်ကာလမှာကတည်းက ယခု မျက်မောက်ခေတ် ကာလမှာမှ ရှာဖွေတွေ့ရှိနိုင့်သည့် အချက်အလက်များ၊ အတွေးအခေါ် အယူအဆ များသည် ထို `ကုရ်အာန်ကျမ်း´စာအုပ်တွင် ပါဝင်နေကြောင်းကို ထုတ်ဖော်တင်ပြ လိုသည့်အတွက်ကြောင့် ဖြစ်ပါသည်။
အမှန်ပင် ကုရ်အာန်ကျမ်းပေါ်ပေါက်စဉ်ခေတ်ကာလက လူသားများသိနေသည့် အသိထက် ရှေ့သို့ ပိုတိုးတက်နေသော ပညာရေးအခြေအနေများ ယခင့်ယခင် ခေတ်ကာလများက မရေးခဲ့၊ မလုပ်နိုင်ခဲ့ဘူးဆိုတာကို လက်ရှိအသိပညာတွေ့ရှိချက် များနှင့် ကျမ်းမြတ်ကုရ်အာန်ကို တိုက်ဆိုင် စစ်ဆေးကြည့်မှသာ သိနားလည်နိုင်မည်   ဖြစ်သည်။
ထို့အပြင် သမ္မာကျမ်း (ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်း)အတွင်း ပါဝင်သောဆင်တူသည့်အချက်အလက်များနှင့် ကုရ်အာန်ကျမ်းကို နှိုင်းယှဉ်လေ့လာမှုသည်လည်း ကျေနပ်ဖွယ် ဖြစ်ပေသည်။ ဤသည်မှာ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်းဆိုင်ရာ မြင့်မြတ်သော ကျမ်းစာအသီးသီးရှိ အချို့သော စာပိုဒ်များနှင့် ခေတ်သစ်အသိပညာ များ၏ ထိပ်တိုက်ရင်ဆိုင်မှုများကို စမ်းစစ်လေ့လာမှုဆိုင်ရာ လုပ်ငန်းစဉ်ကို ဖြစ်ပေါ် စေသောကြောင့် ဖြစ်ပါသည်။ ဤသည်တို့၏ အကျိုးဆက် ရလာဒ်မှာကား  “The  Bible,  the  Quran  and  Science´´ဟူသော စာအုပ်တစ်အုပ် ရေးသားထုတ်ဝေနိုင် ခဲ့ခြင်းပင်ဖြစ်ပါသည်။ ဤစာအုပ်၏ ပထမဆုံးပြင်သစ်ဘာသာနှင့် ရေးသားထုတ်ဝေမှုသည် ၁၉၇၆ ခုနှစ်၊ မေလအတွင်း ထွက်ပေါ်ခဲ့ပါသည်။ (Seglers,  Paris)။  အင်္ဂလိပ်ဘာသာနှင့် အရဗီဘာသာပြန်များ ကိုလည်း ယခုအခါ ရေးသားထုတ်ဝေပြီး ဖြစ်သည်။
အစ္စလာမ်က အမြဲတစေ လက်ခံထားသကဲ့သို့ ဘာသာတရား နှင့် သိပ္ပံပညာသည် အမွှာညီအစ်မ ဖြစ်သည်ဟူသောအချက်သည် အထက်ပါစာအုပ်ထွက်ပေါ်လာသောအခါ ထူးဆန်းအံ့သြဘွယ်ရာ မဟုတ်တော့ပေ။ ယနေ့ မျက်မှောက်ကာလသိပ္ပံပညာ၏ ကြီးမားအံ့သြဘွယ် တိုးတက်သော ခြေလှမ်းများလှမ်းနေသောအချိန်တွင် ကျမ်းမြတ်ကုရ်အာန်၏ ဖော်ပြချက်များကို ပိုမိုနားလည်သဘောပေါက်နိုင်ရန် တိကျသေချာသော သိပ္ပံဆိုင်ရာအချက်အလက်များအား အသုံးပြု၍ ကျမ်းမြတ်ကုရ်အာန်၏ ဖော်ပြချက်များကို တွဲဖက် လေ့လာရန် ပို၍ ပို၍ လိုအပ်ကြောင်းကို အတိအလင်း ဖော်ညွှန်းနေပေသည်။ ထပ်၍ပြောရလျှင် ရာစုနှစ်တစ်စုအတွင်း များပြားလှစွာသော သိပ္ပံပညာဆိုင်ရာတွေ့ရှိချက်များသည် ဘာသာရေး ယုံကြည်ချက်များကို အဆုံးသပ်စေခဲ့သော်လည်း အစ္စလာမ်ဘာသာဆိုင်ရာ ထုတ်ဖော်ချက်များ၏ ဓမ္မဓိဋ္ဌာန်ကျသော စမ်းစစ်ဝေဖန်မှုများက ၀ဟီကျခြင်း (ကျမ်းစာကျရောက်ခြင်း)၏ အချို့သောကဏ္ဍရပ်များတွင် သဘာဝလွန် အရည်အသွေးများ ပါရှိနေကြောင်းကို မီးမောင်းထိုးပြခဲ့ခြင်းပင် ဖြစ်သည်။
အားလုံးသော သုတေသနများပြုလုပ်ပြီး လူအများနားလည်အောင် ယေဘုယျပြု မှတ်ချက်ချရမည်ဆိုသော် သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိချက်များအားလုံးသည် (အနှိုင်းမဲ့ ကိုးကွယ်ရာအရှင်) တည်ရှိနေခြင်းဟူသောအချက်ကို ဆင်ခြင်သုံးသပ်ရန် မြင့်မားစွာ   အကျိုး ဖြစ်ထွန်းစေသည်ဟူသောအချက်ပင် ဖြစ်သည်။
ယနေ့ မျက်မှောက်ခေတ်ကာလ၏ အချို့သော ပညာဗဟုသုတများနှင့်ပတ်သက်၍ ဘက်မလိုက်သော အာဃာတကင်းသောနည်းလမ်းနှင့် သဘာဝလွန်အရာများ လေ့လာတွေ့ရှိချက်များကို ကျွန်ုပ်တို့ဘာသာ စမ်းစစ်သည်နှင့် တပြိုင်နက် (ဥပမာ – အသက်ရှင်ခြင်း ပြဿနာနှင့်ပတ်သက်၍ အလွန်တရာ သေးငယ်လှသော ကျွန်ုပ်တို့၏ အသိပညာသည်ပင်လျှင်) ကျမ်းမြတ်ကုရ်အာန်၏ လမ်းကြောင်းအတိုင်း တွေးခေါ် စဉ်းစား ဆင်ခြင်ခြင်းသည် အမှန်တကယ်လိုသည်ဟူသော အကြောင်းတရားများကို ရှာဖွေတွေ့ရှိလာပေမည်။
လူသား၏ မွေးဖွားခြင်း၊ ၎င်း၏ အသက်ရှင်သန်ခြင်းနှင့် ဘ၀ကိုထိန်းသိမ်း စောင့်ရှောက်ထားသည့် ထူးခြားသော အစုအဝေးကြီးတစ်ရပ်အကြောင်း ကျွန်ုပ်တို့ တွေးတောဆင်ခြင်ကြသောအခါ၊ တစ်နည်းဆိုသော် ဤဘာသာရပ်နယ်ပယ်နှင့် ပတ်သက်သော ကျွန်ုပ်တို့၏ အသိပညာ ဗဟုသုတများ ကျယ်ပြန့်လာသည်နှင့်အမျှ လူသား၏ဘ၀ အသက်သည် အလိုအလျောက် ဖြစ်လာသည်ဟူသော ယူဆချက်၏ သေချာမှုပမာဏသည် နည်းသည်ထက် နည်းလာသည်ဟူသော အချက်ပင်ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ အချို့သော အသိသညာများ၏ လက်ခံနိုင်ဘွယ်မရှိသည့် ဒီဂရီမှာ တဖြည်းဖြည်း မြင့်တက်လာနေခြင်းပင်ဖြစ်သည်။ ဥပမာ – ပြင်သစ်လူမျိုး ဆေးပညာဆိုင်ရာ နိုဘယ်ဆုရှင်၏ ရှေ့တန်းတင် အယူအဆဖြစ်သည့် သက်ရှိ ပစ္စည်းများသည် မိမိဘာသာ ဖန်တီးဖြစ်ပေါ်သောအရာဖြစ်ပြီး ၎င်းသည် ၎င်း၏ မူလဓာတ်သဘာဝပစ္စည်းကိုအခြေခံပြီး ပြင်ပမှ သက်ရောက်သော တစ်စုံတရာသော သြဇာလွှမ်းမိုးမှုကြောင့် မတော်တဆ တိုက်ဆိုင် ဖြစ်ပေါ်လာသည်ဟူသော အသိသညာများ ဖြစ်သည်။ ဤယူဆချက်မှ ခိုင်မာစွာ ပြောဆိုနိုင်သောအချက်မှာ အထက်ဖော်ပြပါ အခြေအနေမှ သက်ရှိ ရုပ်သဘာဝပစ္စည်း (Living  Organism) များ ဖြစ်ပေါ်လာပြီး ထိုမှတစ်ဆင့် ထူးခြားရှုတ်ထွေးသည့် လူဟူသော ရုပ်သတ္တ၀ါအဖြစ်သို့ ဖြစ်ပေါ် ရောက်ရှိလာသည်ဟူသော ယူဆချက်ပင်ဖြစ်သည်။ ကျွန်ုပ်အတွက်မူကား  သိပ္ပံပညာ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများက (အလွန် အံ့အားသင့်ဘွယ်ကောင်းသော၊ ရှုတ်ထွေးလှသည့် အဆင့်မြင့်သတ္တ၀ါကြီးများနှင့်ပတ်သက်သော) နားလည်သဘောပေါက်မှု ဖြစ်စေသည့်အပြင် ဆန့်ကျင်ဘက် သီအိုရီ သဘောတရားကို ပြင်းထန်စွာ ငြင်းခုံစေမှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရသော် သက်ရှိများ၏ ထူးခြားသော အဖြစ်အပျက်များ၌ သာမန်ထက်လွန်ကဲလှသော အဖွဲ့အစည်းကြီး တစ်ရပ် တည်ရှိနေခြင်းပင်ဖြစ်သည်။
(ကုရ်အာန်ကျမ်း) စာအုပ်၏ များလှစွာသောကဏ္ဍများတွင် ရိုးရှင်းသောဝေါဟာရ များဖြင့် အထက်ပါကဲ့သို့သော ယေဘုယျအားဖြင့် အလေးအနက် စဉ်းစားဖွယ်ရာ များကို လမ်းညွှန်နေပေသည်။ သို့သော် ၎င်းတွင် ယနေ့ မျက်မောက်ကမ္ဘာ၏ သိပ္ပံ ပညာရှာဖွေ တွေ့ရှိချက်များနှင့် တိုက်ရိုက်ဆက်နွယ်နေသော အကန့်အသတ်မဲ့ ပို၍တိကျသည့် အချက်အလက်များပါရှိနေပေသည်။ ဤသို့သော အချက်အလက်များကြောင့် ယနေ့ ခေတ်သိပ္ပံပညာရပ်ပေါ်တွင် ကျမ်းမြတ်ကုရ်အာန်၏ ဆွဲဆောင်မှု သည် သံလိုက်ကဲ့သို့ အားကောင်းလှပေသည်။
ကျမ်းမြတ်ကုရ်အာန်ကို နားလည်ရန် လိုအပ်သော
စွယ်စုံကျမ်းဆိုင်ရာ အသိပညာဗဟုသုတများ

များပြားလှသော ရာစုနှစ်များအတွက် လူသားတွင် လုံလောက်သော သိပ္ပံပညာဆိုင်ရာ နည်းလမ်းများ မသိရှိသေးသောကြောင့် ကုရ်အာန်ကျမ်းမြတ် အတွင်းပါရှိသော စွယ်စုံကျမ်းဆိုင်ရာ အသိပညာများကို လေ့လာ စူးစမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယနေ့ ခေတ်ကာလကျမှသာလျှင် ကျမ်းမြတ်ကုရ်အာန်၏ မြောက်မြားလှစွာသော အာယသ်တော်များမှာ သဘာဝတရား၏ အကြောင်းချင်းရာများနှင့် ပတ်သက်နေကြောင်းကို ပြည့်ဝစွာ သဘောပေါက်နားလည်နိုင်ခဲ့ကြသည်။ ကျွန်ုပ်အနေနှင့် မိမိနားလည်သလောက် ပြောနိုင်တာကတော့ အခန်းကဏ္ဍအလိုက် အသိပညာများ နေ့စဉ် နှင့်အမျှ တစ်ရှိန်ထိုး တိုးတက်နေတဲ့ ဒီ (၂၀)ရာစုနှစ်အတွင်းမှာ သာမန်သိပ္ပံပညာရှင်တစ်ဦးအနေနှင့် အထူးပြု သုတေသနလုပ်ထားတဲ့ အရင်းအမြစ်တွေမရှိဘဲနှင့် ကျမ်းမြတ်ကုရ်အာန်ထဲမှာ ဒီကဏ္ဍတွေ ပညာရပ်တွေ နှင့်ပတ်သက်တဲ့ ဖော်ပြချက်တွေကို ဖတ်ကြည့်ရုံမျှနှင့် နားလည်ဘို့ဆိုတာ အလွန် မလွယ်ကူဘူးဆိုတဲ့ အချက်ပါဘဲ။ ဒီဆိုလိုချက်ကတော့ တစ်စုံ တစ်ယောက်အနေနှင့် စွယ်စုံကျမ်းကဲ့သို့သော ဗဟုသုတရှိမှသာလျှင် ကျမ်းမြတ်ကုရ်အာန် ၏ ပညာရပ်ဆိုင်ရာ အာယသ်တော်များကို နားလည်နိုင်မှာဖြစ်ပြီး ထိုဗဟုသုတသည်လည်း များမြောင်လှသော ပညာရပ်နယ်ပယ် များကို လွှမ်းခြုံ ဆုပ်ကိုင်နိုင်သည့် စွယ်စုံကျမ်းကဲ့သို့သော ဗဟုသုတမျိုး ဖြစ်သင့်ပါသည်။
ကျွန်ုပ်အနေနှင့် “သိပ္ပံပညာ´´ဆိုတဲ့စကားလုံးကို ခိုင်မာစွာထူထောင်ထားပြီးဖြစ်တဲ့ ပညာရပ် နယ်ပယ်များအတွက်သာ အသုံးပြုမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်ုပ်က ရည်ညွှန်းလိုသော “သိပ္ပံပညာ´´တွင်ကား အချိန်ကာလတစ်ခုအတွက် အဖြစ်အပျက် အကြောင်းချင်းရာများ၊ အကြောင်းချင်းရာအတွဲများကိုသာ ရှင်းလင်းပြနိုင်ပြီး နောင်တွင် ဖြစ်နိုင်ချေရှိသော သိပ္ပံဆိုင်ရာ တိုးတက်မှုများကြောင့် ထပ်မံရှင်းလင်းချက်များ ပေါ်ထွက်လာ၍ စွန့်ပယ်လိုက်ရသောသီအိုရီများ မပါဝင်ပေ။ အခြေခံအားဖြင့် ကျွန်ုပ်ပြုလုပ်မဲ့ နှိုင်းယှဉ် လေ့လာချက်မှာ ကုရ်အာန်ကျမ်း၏ ဖွင့်ဟပြောဆို ကြေငြာချက်များနှင့် နောက်ထပ် ဆွေးနွေးငြင်းခုံဘွယ် မရှိတော့သော ဗဟုသုတ၊ ပညာရပ်နယ်ပယ်များအတွက်သာ ဆိုလိုပါတယ်။ ကျွန်ုပ် အနေနှင့် သိပ္ပံပညာရပ်ဆိုင်ရာ အကြောင်းအချက်တစ်ခုကို ထုတ်ဖော်ပါက ၎င်းင်းအချက်သည် ၁၀၀% မသေချာသေး၊ အတည်မပြုရသေးလျှင်တောင်မှ ကျွန်ုပ်က ဤအချက်ကို ရှင်းလင်းအောင် တင်ပြသွားမှာဖြစ်ပါတယ်။
ကျမ်းမြတ်ကုရ်အာန်တွင် ဖော်ပြထားသော ဖွင့်ဟရေးသားချက်များအနက် ယနေ့ခေတ် သိပ္ပံပညာနှင့် သေချာမှု ရှိ၊မရှိ တိုက်ဆိုင်စစ်ဆေးမှု၊ အတည်ပြုမှုမပြုရသေးသော ဥပမာများမှာ အလွန်ရှားပါးလှပါတယ်။ ကျွန်ုပ်ရည်ညွှန်းချင်တာကတော့ ဤ တင်ပြမှုများကို ခိုင်မာသော အထောက်အထားများနှင့် ညွှန်းဆိုပြမည် ဖြစ်သောကြောင့် ၎င်းတို့၏ ထင်ရှားသော သက်သေသာဓကများအား သိပ္ပံပညာရှင်များအနေနှင့် အလွန်ဖြစ်နိုင်သော အထောက်အထားများဟု ဆင်ခြင်သင့်ပါတယ်။ ဥပမာတစ်ခု ပြုရမည်ဆိုလျှင် ကျမ်းမြတ်ကုရ်အာန်တွင် အသက်၏မူလအစသည် ရေဖြစ်သည် ဟူသောအချက်နှင့် အခြားတစ်ချက်မှာ စကြ၀ဠာကြီးထဲတွင် ကျွန်ုပ်တို့ ကမ္ဘာနှင့် ဆင်တူသော ဂြိုဟ်များ အခြားတစ်နေရာရာတွင် ရှိသည်ဟူသော အချက်များ ပါဝင်နေခြင်းပင်ဖြစ်သည်။ မည်သို့ဆိုစေကာမူ သိပ္ပံဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအတွက် ကုရ်အာန်ကို ရည်ညွှန်းနိုင်သော်လည်း ယင်းသည် ဘာသာရေးဆိုင်ရာ အကောင်းဆုံး ကျမ်းစာအုပ် အဖြစ် တည်ရှိနေကြောင်းနှင့် ၎င်းစာအုပ်အား သိပ္ပံပညာဆိုင်ရာစာအုပ် အဖြစ် မမျှော်လင့်သင့်ပေ။ လူသားအနေနှင့် ထာဝရဘုရားသခင်၏ ဖန်တီးခြင်း (၀ါ) ဖန်ဆင်းခြင်း နှင့်ပတ်သက်၍ အလေးအနက် စဉ်းစားဘို့ တောင်းဆိုခြင်းခံရတဲ့အခါမှာ သူ့အနေနှင့် လေ့လာစူးစမ်းနိုင်တဲ့ သဘာဝအကြောင်းချင်းရာများ အများကြီး ရှိနေပါ တယ်။ အထူးသဖြင့် ထာဝရဘုရားသခင်ရဲ့ ဘုန်းတော်အနန္တရှိခြင်းနှင့်ပတ်သက်ပြီး အလေးအနက်ထား တင်ပြနိုင်ဘို့မှာ အထက်ပါ သဘာဝရဲ့ ထူးခြားတဲ့ ဖြစ်စဉ်ဖြစ်ရပ် တွေကို ထာဝရဘုရားသခင်က သူ့ရဲ့ဘုန်းတော်အနန္တတန်ခိုးတော်ကို သိစေရန်အလို့ငှာ ထင်ရှားတဲ့ ရည်ရွယ်ချက်နှင့် ပြုလုပ်ထားတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဤသို့ သဘာဝတရားရဲ့ အကြောင်းချင်းရာတွေပေါ်မှာ စဉ်းစားဝေဖန်ခြင်းအားဖြင့် ကျွန်ုပ်တို့အနေဖြင့် သိပ္ပံပညာဆိုင်ရာ ဗဟုသုတ အသိပညာတွေဟာ ထာဝရ ဘုရားသခင်ရဲ့ အခြားသောပုံစံနှင့်ပေးထားတဲ့ လက်ဆောင်မွန်တွေဖြစ်ကြောင်း သွယ်ဝိုက်ဖော်ပြနေတယ် ဆိုတာကို ဆင်ခြင်မိမှာ အမှန်ပင်ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဆင်ခြင် သုံးသပ်မှုကနေ ရလာတဲ့ တန်ဘိုးကတော့ ရုပ်ပိုင်းဆိုင်ရာ ဘုရားမဲ့ဝါဒီများက ထာဝရဘုရားသခင်ကို ယုံကြည်ခြင်းအပေါ်မှာ ပယ်ဖျက်ပြီး (ငြင်းပယ်ပြီး) သိပ္ပံဆိုင်ရာ အချက်အလက်တွေကိုသာ ယုံကြည်တယ်ဆိုတဲ့ သဘောထက်များစွာ သာလွန်တောက်ပ၀င်းလင်းနေတာကို တွေ့ရှိနိုင်မယ်ဖြစ်တယ်။
ကျွန်ုပ်အနေနှင့် ကျွန်ုပ်၏ သုတေသနလုပ်ငန်းစဉ်တလျှောက် မိမိကိုယ်ကိုမိမိ အစဉ်အမြဲ ဘက်မလိုက်သော ဓမ္မဓိဋ္ဌာန်ကျသောသူဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ကျွန်ုပ်အနေ နှင့် ကျမ်းမြတ်ကုရ်အာန်ကို လေ့လာရာမှာလည်း ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ရဲ့ လူနာမှတ်တမ်းဖိုင်ကိုဖွင့်ပြီး တွေ့ရတဲ့လက္ခဏာတွေကိုကြည့်ပြီးမှ ရောဂါအမည်တပ်သကဲ့သို့ တိကျတဲ့ မှန်ကန်တဲ့ နည်းစနစ်နှင့် ချဉ်းကပ် လေ့လာခဲ့တယ်လို့ ကိုယ့်ကိုယ်ကို ယုံပါတယ်။ ကျွန်ုပ်အနေနှင့် ၀န်ခံရမယ့်အချက် ကတော့ ပထမဆုံးကုရ်အာန်ကိုလေ့လာခြင်းဟာ အစ္စလာမ်အပေါ်မှာ ယုံကြည်ခြင်း ဆိုတဲ့ ယုံကြည်ချက်ကြောင့်မဟုတ်ဘဲ အမှန်တရားကို ရှာဖွေလိုတဲ့အတွက် ရိုးစင်း သောသုတေသန လုပ်ကြည့်ခြင်းဘဲ ဖြစ်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ကျွန်ုပ်ရှာ နေတဲ့ အမှန်တရားကို ယနေ့ ကျွန်ုပ်မြင်ရပါပြီ။ ကျွန်ုပ်၏ လေ့လာစမ်းစစ်မှု ပြီးဆုံးသွားတဲ့အချိန်မှာ တွေ့ရှိသိမြင်သွားတဲ့ ကျွန်ုပ်၏ အသိပညာအားလုံးကနေ ကျွန်ုပ်အား လမ်းညွှန်တဲ့အချက်ကတော့ ကုရ်အာန်သည် တမန်တော် (၀ါ) ပရော်ဖက်မုဟမ္မဒ်ထံသို့ ထုတ်ပြန် ချမှတ်ခြင်းခံရသော၊ ၀ဟီလမ်းညွှန်သာ ဖြစ်သည်ဟူသော အချက်ပင်ဖြစ်ပါသည်။
ကျွန်ုပ်တို့အနေနှင့် ကုရ်အာန်ကျမ်း၏ ထုတ်ပြန် ဖွင့်ဟကြေငြာချက်များမှာ ယနေ့သိပ္ပံဆိုင်ရာ အမှန်တရားကို စစ်ဆေးဖော်ထုတ်ပေးသောမှတ်တမ်းသာ ဖြစ်သည်ဟု ယူဆသင့်ပြီး၊ ရှေးယခင်လူသားများအနေနှင့် ထိုခေတ်ထိုအခါကရှိခဲ့သော လူသားအဆင့်နှင့်အညီ နားလည်နိုင်သော သိသာထင်ရှားသည့် ဥပမာ ဆောင်သော အခြေအနေမှာသာ ရှိခဲ့ကြောင်း နားလည်ထားသင့်ပါတယ်။ ဤကိစ္စရပ် များနှင့် ပတ်သက်၍ ဘယ်လိုအခြေအနေနှင့် စိတ်ကူးစိတ်သန်းများဖြင့် ပုံဖော်ကြည့် နိုင်ပါသလဲ။ ကျမ်းတော်၏ မူရင်းစာသားများတွင် နောင်တွင်ဖြစ်ပေါ်လာသော ပြောင်းလဲမှု တစုံတရာရှိနေပါသလား။ ကျမ်းစာတွင် မထင်မရှားပြုပြင် ပြောင်းလဲမှု များသည် လူသားများ စိတ်ကြိုက် ကြိုးဆွဲရာလိုက်၍ ပြုပြင်ဖန်တီးမှုများမှ လွတ်မြောက် နိုင်ပါ သလား။ အနည်းငယ်မျှသော စာသား၏ ပြောင်းလဲမှုများသည် ၎င်းတို့၏ ထင်ရှားသော ရှေ့နောက်ညီခြင်းနှင့် အရည်အချင်းများ အလိုအလျောက်ပျက်စီးစေနိုင်ပြီး၊ ကျွန်ုပ်တို့အား ခေတ်သိပ္ပံနှင့် ကိုက်ညီသော ၎င်းင်းစာသားများ၏ ဆိုလိုရင်း အဓိပ္ပါယ်များကို နားလည်နိုင်မှုမှ ဟန့်တားပေမည်။ ကျမ်းမြတ်ကုရ်အာန်တွင် ပျံ့ကျဲတည်ရှိနေသော ဖွင့်ဟဖော်ပြချက်များသည် ဘက်လိုက်ခြင်းမရှိသော လေ့လာ စမ်းစစ်သူတစ်ဦးအား ၎င်းစမ်းစစ်မှုများ၏ မှန်ကန်မှုကို မှတ်ကျောက်တင်ပေးသည့် ထင်ရှားသော သက်သေအမှတ်အသားအဖြစ် ရှိနေပါသည်။
ကုရ်အာန်၏ ဟောကြားချက်များမှာ အနှစ် (၂၀)ပတ်ဝန်းကျင် ကာလအတွင်း လူသားအား ထုတ်ပြန်ပို့ချပေးသော ၀ဟီလမ်းညွှန်ကျမ်းဖြစ်ပါတယ်။ ယင်းကဲ့သို့ ထုတ်ပြန်ပို့ချရာတွင် ဟစ်ဂျရီ ခုနှစ်၏ တစ်ဖက်စီတွင် တူညီသော အတိုင်းအတာရှိ အချိန်ကာလကို ကြာညောင်းစေခဲ့ပါတယ်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့်၊ ဤကျမ်းတစ်ခုလုံးတွင် သိပ္ပံဆိုင်ရာအမြင်တွေ၊ ရှုထောင့်တွေကျဲပြန့်ကျရောက်ခဲ့တယ် ဆိုတဲ့အချက်ကို စဉ်းစားဝေဖန်ကြည့်လျှင် သဘာဝကျတယ်ဆိုတာ သိရှိနိုင်ပါတယ်။ ကျွန်ုပ်လေ့လာခဲ့သော ဆည်းပူးမှုတွင် ကျွန်ုပ်တို့အနေနှင့် ကုရ်အာန်ကျမ်းတော်တွင် ပါဝင်သော စူရာဟ် (ကဏ္ဍ)များအလိုက် စုစည်း၍ ဘာသာရပ်အလိုက်၊ ခေါင်းစဉ်များ အလိုက် အုပ်စုများပြန်ခွဲပြီး လေ့လာရန် လိုအပ်ပေသည်။
ဤသို့သော ဘာသာရပ်များ၊ အစုအဝေးမျာကို မည်သို့ခွဲခြားကြမည်နည်း။ ကုရ်အာန်ကျမ်းတော်တွင်ကား  ဤကဏ္ဍများနှင့်ပတ်သက်၍ သီးသန့်ခွဲခြားရန် ထူးခြားသော ညွှန်ကြးချက်များ မတွေ့ရှိရပါ။ ထို့ကြောင့် ကျွန်ုပ်အနေနှင့် ကုရ်အာန်၏ ဖွင့်ဟပြောကြားချက်များကို ဘာသာရပ်အလိုက် ကျွန်ုပ်ကိုယ်ပိုင် အယူအဆအရ ခွဲခြမ်းထားသော ဘာသာရပ် ခေါင်းစဉ်များအဖြစ် တင်ပြလိုပါတယ်။
ပထမဦးဆုံး ကျွန်ုပ်တင်ပြသင့်တဲ့ ခေါင်းစဉ်ကတော့ “ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း´´အကြောင်းပါဘဲ။ ဤအကြောင်းအရာနှင့် ပတ်သက်၍ စကြ၀ဠာကို ဖန်ဆင်းခြင်းဟူသောကိစ္စရပ်နှင့် သက်ဆိုင်သော ယနေ့ အများလက်ခံထားသည့် အယူအဆများကို ကျမ်းမြတ်ကုရ်အာန်၏ ကျမ်းပိုဒ်တော်များနှင့် နှိုင်းယှဉ် စစ်ဆေးလေ့လာနိုင်သည်။ ထို့နောက် ကျမ်းပိုဒ်တော်များကို အောက်ဖော်ပြပါ ယေဘုယျခေါင်းစဉ်များနှင့် ခွဲခြား လေ့လာနိုင်သည်။ အာကာသ သိပ္ပံ (၀ါ) နက္ခတ္တဗေဒပညာ၊ ကမ္ဘာဂြိုဟ်၊ တိရစ္ဆာန်လောကနှင့် သစ်ပင်ပန်းမန်လောက၊ လူသားနှင့် လူသား၏ မျိုးပွားခြင်း စသည်တို့ ဖြစ်သည်။ လူသား၏ မျိုးပွားခြင်း (၀ါ) မျိုးဆက်ဖြန့်ခြင်းဟူသောဘာသာရပ်မှာ ကျမ်းမြတ်ကုရ်အာန်မှ အထူးအရေးပါသော သီးခြားချမှတ်ထားသည့် ကဏ္ဍလည်း ဖြစ်ပေသည်။ ဖော်ပြပါ ဘာသာရပ်များ၏ ခေါင်းစဉ်များတွင် နောက်ထပ်ခေါင်းစဉ် ခွဲများ ခေါင်းစဉ်ငယ်များ များစွာထပ်မံခွဲခြား နိုင်ပါသေးတယ်။ ရှေ့ဆက်၍ တင်ပြရမည်ဆိုသော် ကုရ်အာန်ကျမ်းနှင့် သမ္မာကျမ်းများတွင် ဖွင့်ဆိုမှုများကို ခေတ်မှီပညာရပ် များနှင့် ရှုမြင်သုံးသပ် နှိုင်းယှဉ်လေ့လာမှုသည် အလွန်အရေးပါသော အသုံးဝင်သော ကိစ္စရပ်ဖြစ်ပေသည်။ ဤသို့ နှိုင်းယှဉ် လေ့လာသုံးသပ်ချက်များကို `ဖန်ဆင်းခြင်း၊ ရေလွှမ်းမိုးခြင်း နှင့် လူများ သိန်းçသန်းချီ၍ ပြောင်းရွှေ့ နေထိုင်ခြင်း´ အစရှိသော ခေါင်းစဉ်များအတွက် နှိုင်းယှဉ်လေ့လာပြီးဖြစ်သည်။


စကြ၀ဠာအား ဖန်ဆင်းခြင်း
ပထမဦးဆုံးအနေနှင့် ကုရ်အာန်မှာဖော်ပြထားတဲ့ `ဖန်ဆင်းခြင်း´အကြောင်းကို လေ့လာစမ်းစစ်ကြည့်ကြပါစို့။
ဖန်ဆင်းခြင်းဆိုင်ရာ အလွန့် အလွန်အရေးကြီးလှသော ယေဘုယျ အတွေးအခေါ် အယူအဆတစ်ရပ်မှာ သမ္မာကျမ်းစာ၏ ဖွင့်ဆိုချက်နှင့် မတူညီဘဲ ထွက်ပေါ် လာခဲ့ပါသည်။ ဤအယူအဆမှာ အနောက်တိုင်း ပညာရှင်များက မှားယွင်းစွာ ကောက်ယူပြီး ကျမ်း (၂)ခုကြား ဆက်နွယ်မှုကိုထောက်ပြရန် ကြိုးစားကြသော်လည်း ဤဆင်တူသော အတွေးအခေါ် အယူအဆများမှာ အမှန်ပင် ဆန့်ကျင်နေကြ သည်။ အခြားသော ဘာသာရပ်အကြောင်းအရာများထက်  ဖန်ဆင်းခြင်းနှင့်ပတ်သက်၍ အနောက်တိုင်းသားများအနေနှင့် ပြင်းထန်သော ကိုင်းညွှတ်စိတ်ဓါတ်ရှိနေသည်မှာ “မုဟမ္မဒ်(صلي الله عليه و سلم) သည် သမ္မာကျမ်းစာ၏ ယေဘုယျအနှစ်ချုပ်´´ ကို ကူးယူ ကိုးကားထားသည်ဟူသောအချက်ဖြစ်သည်။ အမှန်ပင် ဤယူဆချက်ကို ထောက်ခံပေးသည်မှာ သမ္မာကျမ်းစာ တွင် ထာဝရဘုရားသခင်သည် (၆)ရက်ကြာမျှ ဖန်ဆင်းခြင်းအမှုကိုပြုအပြီး နောက်တစ်ရက်တွင် အနားယူတော် မူသည်ဟူသောအချက်ဖြစ်၍ ၎င်းင်းကျမ်းတော်၏ ဖွင့်ဆိုချက်ကို  ကြငှန်းများကဏ္ဍ၊ ကျမ်းပိုဒ် (၅၄) တွင် အောက်ပါအတိုင်း ဖွင့်ဆိုထားသည်။
“အသင်တို့၏ အဆင့်ဆင့်ပြုစုပျိုးထောင်တော်မူသော အရှင်သည် အလ္လာဟ် ဖြစ်၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာ မြေပြင်ကို (၆)ရက်အတွင်း ဖန်ဆင်းတော်မူခဲ့သည်။´´ (၇း၅၄)

ဤနေရာတွင် ကျွန်ုပ်တို့အနေနှင့် ခေတ်သစ်ဝေဖန်ရေးသမားများ၏ “အိုင်ယါမ်´´ဟူသောစကားရပ်နှင့် ပတ်သက်သော အလေးအနက်တင်ပြချက်ကို အဖြောင့်  အတိုင်း တင်ပြလိုပါသည်။ “အိုင်ယာမ်´´ဟူသောစကား၏တစ်ခုသော အဓိပ္ပါယ်၊ ဘာသာပြန်ဆိုချက်မှာ “ရက်များ´´ဖြစ်သကဲ့သို့ အခြားအဓိပ္ပာယ်များမှာ “အချိန်ကာလ အပိုင်းအခြားရှည်ကြီး´´ (၀ါ) “ခေတ်ကာလများ´´ဟူ၍ အဓိပ္ပါယ်ရှိပြီး ၎င်းမှာ (၂၄)နာရီသာရှိသော နေ့အပိုင်း အခြားတစ်ခုတည်းကို မဆိုလိုပါ။ ကျွန်ုပ်အတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးအချက်ကတော့ သမ္မာကျမ်းစာ၏ ဖွင့်ဆိုချက်ကို ဆန့်ကျင်၍ ကုရ်အာန်ကျမ်းတော်တွင် ကမ္ဘာမြေနှင့် မိုးကောင်းကင်များ ဖန်ဆင်းခြင်းဟူသော ကွင်းဆက်သဘော၊ ရှေ့နောက် အစီအစဉ်သဘောကို ဖော်ပြ မထားခြင်းပင်ဖြစ်သည်။ ၎င်း၏ ညွှန်းဆိုချက်တွင် ကမ္ဘာဂြိုဟ်မတိုင်မီ မိုးကောင်းကင်များဟူ၍လည်းကောင်း၊ မိုးကောင်းကင်များ မဖန်ဆင်းမီ ကမ္ဘာဂြိုဟ်ဟူ၍လည်းကောင်း၊ ဖော်ပြခြင်းမရှိဘဲ ဖန်ဆင်းခြင်းကို ယေဘုယျအားဖြင့်သာ ညွှန်ပြနေပြီး ဤအချက်ကို သွာဟာကဏ္ဍ၊ ကျမ်းပိုဒ် (၄)တွင် အောက်ပါအတိုင်း တင်ပြထားပေသည်။
“(ကုရ်အာန်ကျမ်းမြတ်သည်) ကမ္ဘာဂြိုဟ် နှင့် မြင့်မားလှစွာသော မိုးကောင်းကင် စကြ၀ဠာများကို ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်ထံတော်မှ ထုတ်ပြန်ပို့ချချက် တစ်ရပ်ဖြစ်ပေသည်။´´ (၂၀း၎)

အမှန်တကယ်မှာ ကုရ်အာန်ကျမ်းမှ ဆင်းသက်လာသောအယူအဆမှာ ကောင်းကင်နှင့် ပတ်သက်သော ဆင့်ကဲ ပြောင်းလဲဖြစ်ပေါ်ခြင်းနှင့် ကမ္ဘာမြေကြီးနှင့် ပတ်သက်သော ဆင့်ကဲ ပြောင်းလဲဖြစ်ပေါ်ခြင်းများသည် အတူတူဖြစ်ပေါ်လာသည်ဟူသော အယူအဆပင်ဖြစ်သည်။ ဤအယူအဆနှင့်ပတ်သက်၍ လုံးဝဥဿုံ အခြေခံကျသော မှန်ကန်သည့် အချက်အလက်များလည်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ ၎င်းမှာ – “ဒုခါန်း´´ခေါ် မူလအစဓါတ်ငွေ့ထုကြီး တစ်ခုတည်ရှိခဲ့ခြင်း၊ ၎င်းဓါတ်ငွေ့ထုကြီးမှာ အခြားအရာများနှင့် ရောယှက်မှုမရှိဘဲ သီးခြားရှိနေခြင်း၊ ၎င်းင်းတွင် ဖွဲ့စည်းနေသော အရာများသည် အစပထမက – `ရသ်က်´ ခေါ် ရောနှောနေသော အခြေအနေ ၌ရှိခဲ့ခြင်း၊ နောက်တွင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အရ `ဖသ်က်´ခေါ် ကွဲထွက် ပျံ့နှံ့သွားခြင်း စသည်တို့ဖြစ်သည်။ ဖော်ပြပါ ဖြစ်စဉ်နှင့် သဘောတရားများအားလုံးကို ခွဲခြားဖော်ပြထားသောကဏ္ဍ၊ ကျမ်းပိုဒ် (၁၁) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
“ထို့နောက် ထို (အလ္လာဟ်)အရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူ၏။ ထိုအချိန်တွင် ယင်း မိုးကောင်းကင်သည် အခိုးအငွေ့တစ်ရပ်သာဖြစ်၏။´´ (၄၁း၁၁)
ဤတူညီသော သဘောတရားကိုနဗီတမန်တော်များကဏ္ဍ၊ ကျမ်းပိုဒ် (၃၀) တွင်လည်း အောက်ပါအတိုင်း ဖော်ပြထားသည်။
“အမှန်တရားကို မယုံကြည်သူများ မမြင်ကြလေသလော့။ မိုးကောင်းကင် စကြ၀ဠာ များနှင့် ကမ္ဘာဂြိုဟ်သည် တစ်ခုတည်းပူးကပ်လျှက်ရှိခဲ့ကြရာ ငါအရှင်မြတ်သည်  ၄င်းတို့ကို ခွဲခြမ်းတော်မူခဲ့၏´´ (၂၁း၃၀)
ကွဲထွက်ခြင်းဖြစ်စဉ်ကြောင့် ကမ္ဘာများစွာ(လောကများစွာ) ဖြစ်ပေါ်လာရခြင်းကို  ဖော်ပြပါ ကုရ်အာန်၏ အဆိုကို ထောက်ခံလျက်ရှိနေပေသည်။ ဤလေ့လာတွေ့ရှိချက် များက ခေတ်သိပ္ပံအချက်အလက်များနှင့် ကုရ်အာန်၏ အဆိုများ၊ အချက်အလက်များ များစွာတွင် ကိုက်ညီကြောင်း ပြသနေကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေနှင့် သမ္မာကျမ်းစာတွင် ဖော်ပြထားသော “ဖန်ဆင်းခြင်း´´နှင့်ပတ်သက်သည့် ကမ္ဘာနှင့် မိုးကောင်းကင်များ ဆက်တိုက်ဖြစ်လာသည်ဟူသော စကားစုများမှာ လုံးဝ လက်ခံနိုင်ဖွယ်မရှိသောကြောင့် သမ္မာကျမ်းနှင့် အလှမ်းဝေးလာခဲ့ရသည်။ အထူးသဖြင့်  ကုရ်အာန်ကျမ်းတော်တွင် ဒါဇင်ပေါင်းများစွာ ဖော်ပြထားပြီး ပထမဦးဆုံးကဏ္ဍ ဖြစ်သော အဖွင့်ကဏ္ဍ၊ ကျမ်းပိုဒ် (၂)တွင် အောက်ပါအတိုင်း ဖော်ပြထားလေသည်။
“ချီးမွမ်းထောပဏာခြင်းအပေါင်းတို့သည် လောကခပ်သိမ်းတို့ကို အဆင့်ဆင့်ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်တော်မူ၏။´´ (၁း၂)
အထက်ဖော်ပြပါ စကြ၀ဋ္ဌာနှင့် ကမ္ဘာဂြိုဟ်ကိုဖန်ဆင်းခြင်းဟူသောဖြစ်စဉ်နှင့် ပတ်သက်၍ ခေတ်သစ်အယူအဆများက ပြည့်စုံစွာ ထောက်ခံသဘောတူထားပြီး ဖြစ်သည်။ ခေတ်သစ်အယူအဆများတွင် မူလအဆင့်တွင် နက်ဗျူလာခေါ် ဓါတ်ငွေ့ထုကြီး တည်ရှိခြင်း၊ ဒုတိယဆင့်အခြေအနေတွင် မူရင်းဓါတ်ငွေ့ထုကြီးအတွင်းရှိ အရာဝတ္ထုများ တစ်နည်းဆိုသော် ဒြပ်စင်များ ပေါက်ကွဲလွင့်စင်ခွဲထွက်ခြင်းဟူသော အယူအဆကို ခိုင်မာစွာ လက်ခံထားပြီးဖြစ်သည်။ ဤသို့ ကွဲထွက်ခြင်းဖြစ်စဉ်မှာ ဂလက်ဆီ ခေါ် နဂါးငွေ့တန်းများ (ကြယ်အစုအဝေး)ကို ဖြစ်ပေါ်စေခြင်း၊ ထို့နောက်တဖန် ၎င်း `ဂလက်ဆီ´ များမှ ခွဲထွက်ပြီး `ကြယ်´များကို လည်းကောင်း၊ ၎င်း `ကြယ်´ များမှ `ဂြိုဟ်´များ ခွဲထွက်ဖြစ်ပေါ်လာလေသည်။
ဤအယူအဆနှင့် ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်တွင် မိုးကောင်းကင်များ နှင့်ကမ္ဘာဂြိုဟ်ကြားတွင် ကြားခံဖြစ်သောဖန်ဆင်းမှုဟူ၍ စူရဟ်အလ်ဖုရ်ကာန်၊ (၂၅း ၅၉) တွင် အောက်ပါအတိုင်း တင်ပြထားပေသည်။
“ထို(အလ္လာဟ်) အရှင်မြတ်သည် မိုးကောင်းကင်များနှင့်၊ ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းနှစ်ခုကြားရှိအရာများကို လည်းကောင်း ဖန်ဆင်းတော်မူသောအရှင် ဖြစ်ပေသည်။´´ (၂၅း၅၉)
ဤအချက်ကိုလည်း ခေတ်သစ်ရှာဖွေ လေ့လာတွေ့ရှိချက်များက ထောက်ခံလျက်ရှိပေသည်။ ခေတ်သစ်သိပ္ပံပညာ စူးစမ်းလေ့လာချက်အရ စနစ်တကျ ဖွဲ့စည်းထား သော နက္ခတ္တဆိုင်ရာစနစ်များ၏ပြင်ပတွင် တံတားကြီးများကဲ့သို့ တွဲဆက်နေသောအရာများ တွေ့ရှိရသည်ဟူသောအချက်သည် ကြားလွှာဖန်ဆင်းခြင်းဟူသော အထက် သိပြီးသားအချက်တစ်ခုဖြစ်သည့် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာဂြိုဟ်သည် ၎င်း၏ ကိုယ်ပိုင် ကြယ်တစ်လုံးမှ ပေါက်ဖွားလာသည်ဟူသောအချက်ကို သိရှိရသောအချိန်တွင် သမ္မာကျမ်းစာ၏ တတိယမြောက်နေ့တွင် ကမ္ဘာဂြိုဟ်ကို ဖန်ဆင်းပြီး စတုတ္ထနေ့တွင် မိုးကောင်းကင်များကို ဖန်ဆင်းခဲ့သည်ဟူသောအဆိုမှာ လုံးဝ လက်ခံနိုင်ဖွယ် မရှိတော့ချေ။
ဤသို့သော အခြေအနေမျိုးတွင် လူတစ်ယောက် အထူးသဖြင့် သူ၏ စိတ်ကူး စိတ်သန်းများကို သမ္မာကျမ်းစာမှရယူပြီး “စကြ၀ဠာ ဖွဲ့စည်းဖြစ်ပေါ်ခြင်း´´ နှင့်ပတ် သက်သော ယေဘုယျ အသိသညာတစ်ခုကို မိမိသဘောနှင့် မိမိ ပြင်ဆင်ပြီး ကုရ်အာန်ကျမ်းကို ရေးသားခဲ့သည်ဟူသောအချက်ကို ကျွန်ုပ်တို့ မည်သို့မျှ စိတ်ကူးပြီး နားလည်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အထက်ပါ “စကြ၀ဠာ ပေါ်ထွန်းခြင်း´´ ဟူသော အသိသညာမှာ ထိုစာရေးဆရာ (တမန်တော်မုဟမ္မဒ်(صلي لله عليه و سلم)၏ ကွယ်လွန်သေဆုံးပြီး ရာစုနှစ်ပေါင်းများစွာအထိ လူသားများ သိရှိနားလည်နိုင်စွမ်း မရှိသေးသောကြောင့် ဖြစ်သည်။
အာကာသသိပ္ပံပညာ – အလင်းရောင်နှင့် ရွေ့လျားခြင်း

ကျွန်ုပ်တို့အနေနှင့် ယခုအချိန်မှစပြီး အာကာသသိပ္ပံပညာအကြောင်းကို ဆွေးနွေးကြပါစို့။ ကုရ်အာန်ကျမ်းတွင် ပါဝင်သော အာကာသသိပ္ပံပညာနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖွင့်ဟရေးသားဖော်ပြတိုင်း အနောက်တိုင်းသားများက ဒါဟာ ဘာမှမဆန်းပါဘူးလို့ ပြန်မပြောသင့်ပါဘူး။ အဘယ်ကြောင့်ဆိုသော် အာရပ်လူမျိုးများအနေနှင့် ဤပညာရပ်နယ်ပယ်နှင့်ပတ်သက်၍ အရေးပါသော ရှာဖွေ စူးစမ်းမှုများကို ဥရောပတိုက်သားများမတိုင်မီ ရှေးနှစ်ပေါင်းများစွာကတည်းက ရှာဖွေလေ့လာမှုပြုလုပ်ခဲ့ပြီး ဖြစ်ကြလေသည်။
ဤသို့သော အချက်အလက်များကို နားလည်မှု၊ အသိအမှတ်မပြုခြင်းမှာ အထူးသဖြင့် သမိုင်းကို နားမလည်ခြင်းမှ မွေးဖွားလာသည့် မှားယွင်းသောယူဆချက်များသာဖြစ်တော့သည်။ ပထမဦးဆုံးအနေနှင့်ပြောရလျှင် သိပ္ပံပညာသည် အာရပ် နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ထိုအချိန်ကာလမှာ ကုရ်အာန်ကျမ်းမြတ်ကို ထုတ်ပြန်ချမှတ်ပြီး မကြာခင်ကာလ ဖြစ်ခဲ့ပါသည်။ ဒုတိယအချက်မှာ အစ္စလာမ့်ယဉ်ကျေးမှု အထွတ်အထိပ်ရောက်သော ထိုအချိန်ကာလမျိုးတွင်ရှိသော သိပ္ပံပညာဆိုင်ရာ အသိဗဟုသုတမှာ ထိုခေတ် ထိုအခါက လူသားတစ်ယောက် အနေနှင့် မိုးကောင်းကင်နှင့်ပတ်သက်သော ဖွင့်ဆိုရေးသားချက်များကို ကျမ်းမြတ်ကုရ်အာန်တွင် ဖော်ပြရေးသားထားသကဲ့သို့ နှိုင်းယှဉ်လောက်အောင် ရေးသားနိုင်သည့် အခြေအနေ (အသိပညာ ဗဟုသုတ) မရှိနိုင်သေးချေ။
m
ဒီနေရာမှာ ကျွန်ုပ်ထပ်ပြောချင်တာကတော့ ဒီဘာသာရပ်ဟာ အလွန် ကျယ်ဝန်းလှတဲ့အတွက်ကြောင့် ၎င်းနှင့်ပတ်သက်သော အတိုချုပ်ကိုသာ ဖော်ပြပေးနိုင်ပါမယ်။
သမ္မာကျမ်းစာတွင် နေနှင့်လကို အရွယ်အစားအားဖြင့် ကွဲပြားသော အလင်းရောင် စတင်ဖြစ်ထွန်းရာနေရာနှစ်ခုဟု ဖွင့်ဆို တင်ပြထားသော်လည်း ကုရ်အာန်တွင် ၎င်းတို့နှစ်ခုအား အထူးအသုံးအနှုန်းကိုသုံးပြီး ခွဲခြားပြထားပါတယ်။ `နူးရ်´ဟူသောစကားလုံးကို `လ´ အတွက် သုံးပြီး `စီရာဂ်ျ´ဟူသော စကားလုံးကို နေအတွက် သုံးထားပါသည်။  `နူးရ်´ဟူသော စကားလုံးက ဖော်ညွှန်းလိုသော အလင်းရောင်မှာ အလင်းကို ပြန်လွှတ်သော မလှုပ်ရှားသော (လောင်ကျွမ်းမှု မရှိသော) အဆောက်အအုံဟုဆိုလိုပြီး  `စီရာဂ်ျ´ဟူသော စကားလုံးမှ ညွှန်းဆိုသော “အလင်းရောင် ´´မှသာလျှင် “အလင်းနှင့် အပူရှိန်၏ အရင်းအမြစ်ဖြစ်ပြီး ကောင်းကင်နှင့်ပတ်သက်သော ဖွဲ့စည်းတည်ဆောက်မှုရှိပြီး ထာဝရပေါက်ကွဲ လောင်ကျွမ်းနေသော အခြေအနေရှိသည့်အရာ´´ ဟူ၍ ဆိုလိုခြင်းဖြစ်ပါသည်။
`နဂျမ်´ဟူသောစကားလုံး၏ အခြားသော အရည်အသွေးကို ဖော်ပြသည့်စကားလုံးမှာ ဆာကိဗ် ဟူသော စကားလုံးဖြစ်၍ ၎င်း၏ အဓိပ္ပါယ်မှာ သူ့ ဖာသာလောင်မြိုက်ပြီး ညအခါ အာကာသအတွင်း လောင်ကျွမ်း ပျောက်ကွယ်သည်ဟုအဓိပ္ပါယ်ရသည်။
ကျမ်းမြတ်ကုရ်အာန်တွင် အခြားသုံးနှုန်းထားသော စကားလုံးမှာ `ကောင်ဝ်ကဗ်´ဟူသောစကားလုံးဖြစ်ပြီး ၎င်း၏ အဓိပ္ပါယ်မှာ `အာကာသတွင် ဖြစ်ပေါ်သောအရာ´ဖြစ်ပြီး နေကဲ့သို့ ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်နိုင်ခြင်း မရှိပေ။ ယင်း၏ သဘောမှာ ခေတ်သိပ္ပံ အခေါ်အဝေါ်အရ `ဂြိုဟ်´ ဟူသော စကားလုံးနှင့် အဓိပ္ပါယ်တူပေသည်။
ယနေ့ ခေတ်သိပ္ပံ၏ လေ့လာတွေ့ရှိချက်များအရ မိုးကောင်းကင်စကြ၀ဠာ၏ ဖွဲ့စည်းတည်ဆောက်ပုံသည် ကြယ်များက တိကျစွာ သတ်မှတ်ထားသော ပတ်လမ်းကြောင်းများအတွင်း ရွေ့လျားလျက်ရှိပြီး ၎င်းင်းတို့၏ ဒြပ်ထုနှင့် ရွေ့လျားမှု အမြန်နှုန်းများအရ ဖြစ်ပေါ်သော ဆွဲငင်အားများနှင့် အပြန်အလှန် ဆွဲငင်ခြင်းအားဖြင့် စကြ၀ဠာတစ်ခုလုံးကို ချိန်သားညီအောင် (ဘေူညေခန) ဖွဲ့စည်းတည်ဆောက်ထားသည်။ ယနေ့ခေတ်အချိန်ကာလတွင် ကျွန်ုပ်တို့လူသားများ တတ်သိနားလည်သဘောပေါက်နိုင်သောသဘောတရားကို ကျမ်းမြတ်ကုရ်အာန်၏ နဗီတမန်တော်များကဏ္ဍ၊ ကျမ်းပိုဒ် (၃၃) တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။
ထို (အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် ည နှင့် နေ့ကိုလည်းကောင်း၊ နေ နှင့် လကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့၏။ ယင်း (ဂြိုဟ်နက္ခတ်) အသီးသီးသည် ကိုယ်ပိုင်ပတ်လမ်း၌ ရွေ့လျားလှည့်ပတ်လျက်ရှိကြ၏။´´ (၂၁း၃၃)


ကျမ်းစာ၏စာသားတွင် အာရဗီစကားလုံး `ယတ်စ်ဘာဟူးန်´သည် ရွေ့လျားသော အရာဝတ္ထုများ၏ လှုပ်ရှားမှုဟူသော အယူအဆကို ဖွင့်ဟပြောဆိုပြီး တစ်စုံတစ်ယောက်က မိမိခြေထောက်ဖြင့် မြေပြင်တွင် လှည့်ပတ် ပြေးလွှားသည် (၀ါ) ရေထဲတွင် ကူးခတ်ခြင်းကဲ့သို့သော အဓိပ္ပါယ်များပါဝင်သည်။ ကောင်းကင်နှင့်သက်ဆိုင်သောအရာဝတ္ထုများအတွက်မူကား ယင်းစကားလုံးကို မူရင်းအဓိပ္ပါယ်ဖြစ်သည့် မိမိကိုယ်ပိုင် လှုပ်ရှားမှုဖြင့် လှုပ်ရှားသွားလာခြင်း´´ ဟူ၍ အဓိပ္ပါယ် ပြန်သင့်သည်။
ညနှင့် နေ့ဖြစ်ပေါ်ခြင်း၏ ကွင်းဆက်သဘောတရားနှင့်ပတ်သက်၍ ယနေ့ လူတိုင်း သိနေပြီးသောသဘောတရားမှာ ကျမ်းမြတ်ကုရ်အာန်တွင် အထူးထင်ရှားစွာ ဖော်ပြထားပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာရဗီစကားလုံး `ကောင်ရေ´ဟူသည် အသင်းအဖွဲ့များကဏ္ဍ၊ ကျမ်းပိုဒ် (၅) တွင်  အဝေ့အ၀ိုက် (၀ါ) ၀ိုင်းသော ပုံစံရှိသည် အပြားသဖွယ် နေ့နှင့်ည တလှည့်စီဖြစ်ပေါ်နေပုံကို မူရင်းအဓိပ္ပါယ်ဖြစ်သည့် ဦးခေါင်းတွင် ရစ်ပတ်ထားသော “ခေါင်းပေါင်း´´နှင့် ဥပမာဆောင်ဖော်ပြထားပေသည်။
ဤနှိုင်းယှဉ်ဖော်ပြချက်သည် ကုရ်အာန်ကို ထုတ်ပြန်ချမှတ်ပေးသောအချိန်တွင် အာကာသသိပ္ပံဆိုင်ရာ အချက်အလက်မှာ မသိရှိသေးသောကာလဖြစ်၍ ကောက်ချက်ချရန်မလိုသော  လုံးဝ သင့်တော် ခိုင်မာသော နှိုင်းယှဉ်တင်ပြချက်ဖြစ်သည်။
မိုးကောင်းကင်၏ ဆင့်ကဲပြောင်းလဲဖြစ်ပေါ်ခြင်းနှင့်၊ နေ၏ တည်ရှိရာနေရာနှင့် ပတ်သက်သော အယူအဆကိုလည်း ဖော်ပြထားပေသည်။ ထိုဖော်ပြချက်များသည် ယခုခေတ် အယူအဆများနှင့် မြင့်မားစွာ ကိုက်ညီနေပေသည်။ ကုရ်အာန်ကျမ်းသည် စကြ၀ဠာချဲ့ကားထွက်နေခြင်းဟူသော သဘောတရားကို သွယ်ဝိုက်တင်ပြထားပေသည်။ ထို့ပြင် အာကာသဟင်းလင်းပြင်၏ ပျက်သုဉ်းကျဆုံးနေခြင်းကိုလည်း ဖော်ပြထားပေသည်။ ဤအချက်ကိုလည်း ထူးခြားသော နည်းပညာဖွံ့ဖြိုးတိုးတက်မှု ကျေးဇူးကြောင့်၊ လူသား၏ လကမ္ဘာသို့ခရီးမှတစ်ဆင့် ဖော်ထုတ် တွေ့ရှိနိုင်ခဲ့သည်။ သို့သော် အထက်ဖော်ပြပါ စကြာဝဠာချဲ့ကားခြင်း၊ ကျုံ့ဝင်ခြင်းသဘောတရားမှာ ကျွန်ုပ်တို့ အနန္တဂရုဏာတော်ရှင်ကဏ္ဍ၊ ကျမ်းပိုဒ် (၃၃)တွင် နားလည်ခံစားနိုင်သည်။
အိုဂျင်န်နှင့် လူသားအပေါင်းတို့  အသင်တို့အနေနှင့် မိုးကောင်းကင် စကြာဝဠာများနှင့် ကမ္ဘာဂြိုဟ်ကို ထိုးဖောက်နိုင်စွမ်းရှိကြလျှင် ထိုးဖောက်၍သွားကြလော့။ အသင်တို့ အနေနှင့် ထိုးဖောက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ သို့သော် စွမ်းအားရှိလျှင် ကား (ထိုးဖောက်နိုင်ပေမည်။)´´     (၅၅း၃၃)
ဤစွမ်းအားသည် အလွန်အင်အားကြီးသော အနန္တတန်ခိုးရှင် အလ္လာဟ်အရှင်ထံမှ ဖြစ်ပြီး အနန္တဂရုဏာတော်ရှင်ကဏ္ဍတစ်ခုလုံး၏ အကြောင်းအရာသည် ထာဝရဘုရားသခင် (အလ္လာအရှင်မြတ်)၏ လူသားအပေါ်ထားရှိသည့် မဟာဂရုဏာတော်ကို ဖော်ညွှန်းနေပါသည်။
ကမ္ဘာဂြိုဟ်


ယခုတစ်ခါ ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ် (၀ါ) ကမ္ဘာမြေကြီး ဖန်ဆင်းခြင်းကို လေ့လာကြပါစို့။ ဥပမာတစ်ရပ်အနေနှင့် အသင်းအဖွဲ့များကဏ္ဍ အတွင်းမှ အောက်ပါကျမ်းပိုဒ် (၂၁) ကို လေ့လာစမ်းစစ် ကြည့်ကြပါစို့။
အသင်တို့မမြင်ကြလေသလော။ ထိုအလ္လာဟ်အရှင်မြတ်သည် ရေကို မိုးကောင်းကင်မှ ချပေးတော်မူခဲ့ပြီး မြေလွှာအောက်တွင် ၀င်ရောက်စေပြီး ရေများ၏ အရင်းအမြစ် ဖြစ်စေသည် မဟုတ်ပါလော။ ထို့နောက် ထိုအရှင်သည်ပင်လျှင် ယင်း(ရေ)ဖြင့် အမျိုးမျိုးသော အရောင်အဆင်းများရှိသည့် သီးနှံများကို ဖြစ်ထွန်းထွက်ပေါ် စေတော်မူ၏။´´      (၃၉း၂၁)
ယနေ့ခေတ်အခါသမယတွင် ဤအယူအဆသည် ကျွန်ုပ်တို့အတွက် အတန်သဘာဝကျသော နားလည်မှု ရှိစေသည့် အယူအဆတစ်ရပ်ဖြစ်သော်လည်း၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤသဘောတရားများကို လူသားများ လက်ခံနားလည်နိုင်မှု မရှိသေးဟူသော အချက်ကိုကား မမေ့သင့်ပါ။ (၁၆) ရာစုနှစ်များမတိုင်မီ  ဘားနဒ် ပါလစီ၏ ရှာဖွေတွေ့ရှိချက်အရ ရေသံသရာလည်ခြင်း၏ ကြောင်းကျိုးဆီလျော်သော တင်ပြချက်မတိုင်ခင်အထိ ရေသံသရာလည်ခြင်းကို မည်သူမျှ နားလည်သိကျွမ်းမှု မရှိသေးပါ။ ဤတင်ပြချက်မတိုင်မီ အလျင်က လူသားတို့သည် ပင်လယ်သမုဒ္ဒရာမှ ရေများက လေတိုက်ခတ်မှုကြောင့် ပြင်းထန်သော အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး တိုက်ကြီးများ၏  အတွင်းပိုင်းသို့ ရောက်ရှိသွားသည်ဟူသော အယူအဆ သီအိုရီ သဘောကို ပြောဆိုခဲ့ကြလေသည်။ ထို့နောက် တိုက်ကြီးများအတွင်း စီးဝင်ရောက်ရှိ နေကြသော ရေများသည် ချောက်ကမ္ဘားကြီးများမှတဆင့် ပင်လယ်သမုဒ္ဒရာများသို့ ပြန်လည်စီးထွက်ကုန်ကြသည်ဟူသော သီအိုရီသဘောကို ပလေတို (ဏူအေသ)၏ ခေတ်မှစ၍ွှမေအမေကျ ဟု ခေါ်တွင်ခဲ့ကြောင်းသိရသည်။ (၁၇) ရာစုတွင် ပေါ်ပေါက် ခဲ့သော အတွေးအခေါ်ပညာရှင် ဒီစ်ကာ့တ်သည်ပင်လျှင် အထက်ပါ သီအိုရီကို ယုံကြည်လက်ခံခဲ့သည်။ (၁၉) ရာစုနှစ်ရောက်သော အချိန်ကာလတွင်တောင်မှ အရစ္စတိုတယ်၏ သီအိုရီဖြစ်သော ရေများသည် အေးမြသော တောင်တန်းကြီးများနှင့် လှိုင်ဂူကြီးများထဲတွင် သိပ်သည်းစွာအေးခဲသွားပြီးနောက် မြေအောက်ရေအိုင်များအဖြစ် တစ်ဖြစ်လဲပြောင်းလဲပြီး တစ်ဖန်မြေပြင်သို့ စမ်းချောင်းများ၊ ရေစီးကြောင်းများအဖြစ် ပေါ်ထွက်လာသည်ဟူသော အယူအဆကို ယုံကြည်လက်ခံနေကြသူများရှိခဲ့သည်။ ယနေ့ခေတ်အခါသမယတွင်မူ မြေအောက်ရေဟူသည် မိုးရေများ၊ ကမ္ဘာ့ မြေလွှာအတွင်း စိမ့်ဝင်ခိုအောင်းရာမှ ဖြစ်ပေါ်လာသည်ကို ကျွန်ုပ်တို့ နားလည်ထားပြီးဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်အနေနှင့် မျက်မှောက်ခေတ် ရေအကြောင်းကို လေ့လာဆည်းပူးပါက ဖော်ပြပါ ရေသံသရာလည်ခြင်းနှင့် ပတ်သက်၍ခေတ်သိပ္ပံပညာ လေ့လာတွေ့ရှိချက်များနှင့် ကုရ်အာန်ကျမ်းမြတ်တွင် ဖော်ပြထားသော မြောက်မြားလှစွာသော အာယသ်တော်များ၏ ကိုက်ညီမှုကို နှိုင်းယှဉ် လေ့လာ သိရှိ နိုင်မည်သာမက၊ ခေတ်သစ် သိပ္ပံပညာတွေ့ရှိချက်များနှင့် ကျမ်းမြတ်ကုရ်အာန်တို့အကြားရှိ ထူးခြားသော ကိုက်ညီမှုအတိုင်းအတာ မြင့်မားပုံကို သတိပြုမိနိုင်မည်ဖြစ်သည်။
ဘူမိဗေဒပညာရပ်တွင် မကြာသေးမီကာလအတွင်းကမှ ရှာဖွေတွေ့ရှိထားသော အကြောင်းချင်းရာတစ်ရပ်မှာ တောင်တန်းကြီးများကို ဖြစ်ပေါ်စေသော လွှာတွန့်ခြင်း (၀ါ) မြေလွှာတွန့်ခေါက်ခြင်း ဖြစ်စဉ်ဖြစ်သည်။ ထပ်မံ တွေ့ရှိသော မှန်ကန်သည့် အချက်မှာ ကမ္ဘာ့အခွံလွှာ (၀ါ) ကမ္ဘာ့အပေါ်ယံလွှာသည် ကျွန်ုပ်တို့နေထိုင်နိုင်သော အခွံမာပိုင်းဖြစ်ပြီး၊ နက်နဲသော အလွှာများသည် ပူ၍ အရည်ပျော်နေသောကြောင့် သက်ရှိများ အသက်ရှင်သန် နေထိုင်ရန် မဖြစ်နိုင်ဟူသော အချက်ပင်ဖြစ်သည်။ ထို့ပြင် တောင်များ၏ တည်ငြိမ်မှုသည် လွှာတွန့်ခြင်း (၀ါ) တွန့်ခေါက်ခြင်း၏ အချင်းအရာနှင့် ဆက်နွယ်လျက်ရှိပြီး၊ ထိုသို့ ကမ္ဘာ့အပေါ်ယံလွှာ၏ တွန့်ခေါက်မှုများက ကမ္ဘာ့ မြေမျက်နှာပြင် အခြေအနေကို ဖြစ်ပေါ်စေသော အခြေခံအုတ်မြစ်များဖြစ်ပြီး၊ ၎င်းင်း တို့ကပင် တောင်များကို ဖြစ်ပေါ်စေသည်ဟူသော အချက်မှာလည်း ယခုအခါ လူသား များ သိရှိနားလည်ပြီးသောအချက်ဖြစ်သည်။
ဤအကြောင်းအရာနှင့်ပတ်သက်၍ ခေတ်သစ်သိပ္ပံရှာဖွေတွေ့ရှိချက်များနှင့် ကုရ်အာန်တွင် ဖော်ပြထားသည့် မြောက်မြားလှစွာသော အာယသ်တော်များအနက်မှ အာယသ်တစ်ခုနှင့် နှိုင်းယှဉ်လေ့လာကြည့်ကြပါစို့။ ဤအချက်ကို ထူးကဲသော သတင်းကဏ္ဍ၊ ကျမ်းပိုဒ် (၆-၇)တွင် အောက်ပါအတိုင်း ဖော်ပြထားပေသည်။
ငါအရှင်မြတ်သည်ပင်လျှင် ကမ္ဘာမြေကြီးကို ကြီးမားကျယ်ပြန့်စေပြီး တောင်များကို ငုတ်များအဖြစ် (ပြုလုပ်ဖန်ဆင်းတော်မူခဲ့သည့် မဟုတ်လော။)´´       (၇၈း၇-၈)


`အောင်းသားသာ´ဟူသော အာရဗီစကားလုံး၏ အဓိပ္ပါယ်မှာ ရွက်ဖျင်တဲများ ဆောက်သောအခါ မြေကြီးအတွင်း ရိုက်ချထားရသော ငုတ်များ (၀ါ) သပ်များဟူ၍ အဓိပ္ပါယ်ဆောင်ပြီး၊ အထက်ပါ အာယသ်တော်တွင်မူကား ဘူမိဗေဒဆိုင်ရာ တွန့်ခေါက်မှုကြီးများအတွက် နက်ရှိုင်းသော အခြေ၊ အုတ်မြစ်များဟု အဓိပ္ပါယ်ဆောင် သည်။ အခြားသော ခေါင်းစဉ် (အကြောင်းအရာ) များနှင့် ပတ်သက်၍လည်း ဓမ္မဓိဌာန်ကျကျ လေ့လာသူတစ်ဦးအတွက်လည်း ခေတ်သိပ္ပံရှာဖွေတွေ့ရှိချက်များသည် ကုရ်အာန်၏ ဖွင့်ဆိုချက်များနှင့် ရှေ့နောက်မညီ၊ လွဲချော်မှုများ မရှိကြောင်း သတိပြုမိမည်မှာ အမှန်ပင်ဖြစ်သည်။
အခြားသော အကြောင်းအရာများထက် ကျွန်ုပ်ကို အံ့အားသင့်စေသော အကြောင်းအရာတစ်ခုမှာ သက်ရှိ များနှင့်  ပတ်သက်၍ (အပင်လောက၊ ရုပ်လောက နှစ်မျိုးစလုံး) အထူးသဖြင့်၊ ၎င်းတို့၏ မျိုးပွားခြင်းနှင့် သက်ဆိုင်သော ကျမ်းမြတ်ကုရ်အာန်၏ ဖွင့်ဆို ဖော်ပြချက်များ ဖြစ်ပေသည်။ ဤနေရာတွင် ကျွန်ုပ်အနေနှင့် ထပ်မံ၍ အလေးအနက် ပြောလိုသည့်အချက်မှာ ယနေ့များ မကြာသေးမီ အချိန်ကာလတွင်းမှ ဖြစ်ပေါ် တိုးတက်ခဲ့သည့် သိပ္ပံပညာရပ်ဆိုင်ရာ တိုးတက်မှုများကြောင့်၊ ဤကဲ့သို့သော အာယသ်တော်များတွင် ပါဝင်သော အကြောင်းအရာများကို ကျွန်ုပ်တို့ပို၍ နားလည်သဘောပေါက် လာခဲ့ရသည် ဟူသောအချက်ပင်ဖြစ်သည်။ ထို့ပြင် အထက်ပါ အာယသ်တော်များထက်ပို၍ နားလည်လွယ်သော အာယသ်တော်များ ရှိနေ သေးကြောင်းနှင့် ထိုအာယသ်တော်များက အလွန် သိသာထင်ရှားသည့် ဇီဝဗေဒ  ဆိုင်ရာ အနက်အဓိပ္ပါယ်များကို ဖုံးကွယ်ထားသေးကြောင်းကိုလည်း အသိပေးလိုပါ သည်။ ဤအချက်ကို ယခင်တစ်ကြိမ် ရည်ညွှန်းထားပြီးသော နဗီတမန်တော်များကဏ္ဍ၏ ကျမ်းပိုဒ် တစ်ခုကို ကိုးကား၍ တင်ပြလိုပါသည်။
၎င်းနောက် ငါအရှင်မြတ်သည် သက်ရှိအရာများအားလုံးကို ရေမှ ဖြစ်စေတော်မူ၏။ သို့ပါလျှက် ၄င်းတို့ (ကာဖိရ် – မယုံကြည်သူများ)သည် သက်ဝင်ယုံကြည်ခြင်း မရှိကြလေသလော။´´   (၂၁း၃၀)


ဤအာယသ်တော်သည် ခေတ်သစ်အယူအဆဖြစ်သော အသက်၏အစသည် ရေနှင့် ပတ်သက်သည်ဟူသော အချက်ကို ထောက်ခံအတည်ပြုပေးသည်။ မုဟမ္မဒ်(صلي الله عليه و سلم)၏ လက်ထက်တွင် ဇီဝဗေဒပညာရပ်၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသည် မည်သည့်တိုင်း နိုင်ငံတွင်မှ လုံလောက်သော တိုးတက်မှုအဆင့်အတန်းမရှိခဲ့ချေ။ ထို့ကြောင့်ပင် အပင်များတွင် အဖိုနှင့်အမ အစိတ်အပိုင်းနှစ်ခုစလုံး ပါဝင်သည်ဟူသော အချက်ကို ဥပဒေတစ်ရပ်အနေနှင့် ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့မဟုတ်ဘဲ ကျွန်ုပ်တို့အနေနှင့် ကုရ်အာန်ကျမ်းတော်၏ သွာဟာကဏ္ဍ၊ ကျမ်းပိုဒ် (၅၃) ကို ဖတ်ကြည့် ပါက အောက်ပါအတိုင်း တွေ့ရှိနိုင်မည်။
ထိုအလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ ရေကိုချပေး သနားတော်မူခဲ့၏။  ထိုမှတဖန် ထိုအရှင်သည် ယင်းဖြင့်ကောက်ပဲသီးနှံအစုံအစုံတို့ကို တစ်ခုမှ အခြားတစ်ခုကို သီးခြားခွဲထွက်စေခြင်းဖြင့် ပေါ်ထွက် ပေါက်ရောက်စေတော်မူခဲ့သည်။´´       (၂၀း၅၃)
ယနေ့ခေတ်ကာလတွင် သစ်သီးများသည် သစ်ပင်မှ ဖြစ်ပေါ်လာကြောင်း အပင်များတွင် လိင်မှုဆိုင်ရာ အရည်အချင်းများရှိကြောင်း ကျွန်ုပ်တို့ သိရှိလာရပြီးဖြစ်သည်။ (ဥပမာ – ငှက်ပျောပင်ကဲ့သို့သော မျိုးမအောင်သည့် ပန်းပွင့်များမှလာသောအပင်ဖြစ်လျှင် တောင်မှ အသီးဖြစ်ထွန်းနိုင်သည်) ကျမ်းမြတ်ကုရ်အာန်၊ မိုးချုံးသံကဏ္ဍ၊ ကျမ်းပိုဒ် (၃)တွင်လည်း ကျွန်ုပ်တို့ ဖတ်ရှုသိရှိနိုင်သည်မှာ -

၎င်းနောက် အလုံးစုံသော အပင်များမှ သစ်သီးများကို ထိုအရှင်မြတ်က အစုံအစုံဖြစ်စေတော်မူခဲ့သည်။´´    (၁၃း၃)
တိရစ္ဆာန်လောက၏ မျိုးပွားခြင်းနှင့် ပတ်သက်၍ အလေးအနက် စဉ်းစားကြည့်လျှင်လည်း၊ ၎င်းသဘောတရားသည် လူသားများ၏ မျိုးပွားခြင်းဖြစ်စဉ်နှင့် ဆက်နွယ်လျက် ရှိနေကြောင်း သိရှိနိုင်သည်။ ကျွန်ုပ်တို့အနေနှင့် ထိုအချက်ကို ယခုစမ်းစစ်ဝေဖန် ကြည်ကြပါစို့။
ဇီဝကမ္မဗေဒဘာသာရပ်နှင့် ပတ်သက်၍ ကျွန်ုပ်အတွက် အလွန်အမင်း ထင်ရှားသောကျမ်းပိုဒ်တစ်ခု လာရှိပါသည်။ သွေးလှည့်ပတ်ပုံနှင့် ပတ်သက်၍ ရှာဖွေတွေ့ရှိမှု မရှိသေးသော နှစ်ပေါင်းတစ်ထောင်မတိုင်မီကာလ (အကြမ်းဖျင်းအားဖြင့် ၁၃ ရာစုမတိုင်မီကာလခန့်) တွင် အစာချေစုတ်ယူခြင်းဟူသော ဖြစ်စဉ်ကြောင့် လူ၏ အူအတွင်းဖြစ်ပျက်မှုနှင့် အတွင်းအင်္ဂါ အစိတ်အပိုင်းများ၏ အဟာရဓါတ်ရရှိမှုများနှင့် ပတ်သက်၍ ကုရ်အာန်ကျမ်းတော်တွင် နို့ရည်တွင် ပါဝင်ဖွဲ့စည်းထားသောအရာများ၏ အရင်းအမြစ်အဖြစ် ဖော်ပြထားပြီး အထက်ပါယူဆချက်များနှင့် ကိုက်ညီနေပေသည်။
ဤကျမ်းစာပိုဒ်ကို နားလည်ရန်မှာ အူအတွင်းဖြစ်ပေါ်သော ဓါတုဗေဒဆိုင်ရာ တုန့်ပြန်မှုသဘောကို သိရှိ နားလည်ထားရန် လိုအပ်ပါသည်။ အူအတွင်း ဓါတ်တုန့်ပြန်မှုမှ တစ်ဆင့်အစာများမှ ထုတ်ယူထားသော အာဟာရဓါတ် အရည်များသည် သွေးကြောအတွင်း ရောက်ရှိသွားပြီး အလွန်ရှုတ်ထွေးသော ဖြစ်စဉ်မှတဆင့် ၎င်းင်းတို့၏ ဓါတ်သဘာဝပေါ်မူတည်၍ အသည်းမှတစ်ဆင့် အတွင်းအင်္ဂါများသို့ အာဟာရ ဖြည့်တင်းပေးသည်ဟူသောအချက်ဖြစ်သည်။ သွေးသည် ထိုအဟာရဓါတ်များကို သယ်ဆောင်ပြီး လူ့ခန္ဓာအင်္ဂါအစိတ်အပိုင်းများအားလုံးသို့ ပို့ဆောင်ကြောင်း၊ ၎င်းင်းအင်္ဂါများအနက် နို့ရည်ထွက်သော ဂလင်းများလည်း ပါဝင်ကြောင်း ဖြစ်သည်။
ဤဖြစ်စဉ်၏ အသေးအစိတ်အချက်အလက်သို့ မသွားမီ၊ အခြေခံသဘောတရားဖြစ်သော “အူအတွင်းပါဝင် နေသော သီးသန့်အာဟာရပစ္စည်းများ၊ အူနံရံမှာရှိသော သွေးပြွန်များသို့ ရောက်ရှိလာပုံ၊ ထို့နောက် ဤအဟာရ ပစ္စည်းများကို သွေးကြောများမှ တစ်ဆင့် သယ်ယူပို့ဆောင်ပုံ´´ ကို ရှင်းလင်းတင်ပြခွင့်ပေးပါ။
အကယ်၍ ကျွန်ုပ်တို့အနေနှင့် အောက်ဖော်ပြပါ ကုရ်အာန်၏ ပျားပိတုန်းကောင်ကဏ္ဍ၊ ကျမ်းပိုဒ် (၆၆)ကို နားလည်နိုင်မည်ဆိုလျှင်၊ အထက်ပါ အသိသညာကို ကောင်းစွာ အသိအမှတ်ပြု နားလည်နိုင်မည်ဖြစ်သည်။


အမှန်ပင်၊ ကျွဲနွားတိရစ္ဆာန်စသော ခြေလေးချောင်းသတ္တ၀ါများတွင် အသင်တို့အဖို့ (လူသားများအတွက်) သင်ခန်းစာ ရှိပေသည်။ ငါအရှင်မြတ်သည် အသင်တို့အား ၄င်းတို့၏ ၀မ်းဗိုက်အတွင်းရှိ အစာဟောင်းအိမ် (အူ)နှင့် သွေး၏ အကြားမှ သန့်စင်၍ သောက်သုံးသူတို့အတွက် နှစ်ခြိုက်ဖွယ်အရသာရှိသော နို့ရည်ကို ပေးတော်မူ၏။´´                                           (၁၆း၆၆)
လူသားအားဖန်ဆင်းခြင်း (၀ါ) အဆင့်ဆင့်ပြုစုပျိုးထောင်ခြင်း
ကျမ်းမြတ်ကုရ်အာန်ရှိ လူသားများ မျိုးပွားခြင်းနှင့် ပတ်သက်သော အကြောင်းအရာတွင် များပြားလှစွာသော ဖွင့်ဆိုရှင်းလင်းချက်များက သန္ဓေသားလေ့လာသော သိပ္ပံပညာရှင်များအတွက် စိန်ခေါ်မှုတစ်ရပ်ကို ဦးတည်လျက် ဖွဲ့စည်းဖြစ်ပေါ်စေပြီး လူသားများကို ၎င်းအဆိုများနှင့် ပတ်သက်သော ရှင်းလင်းဖွင့်ဆိုမှုများကို ရှာဖွေစေပါသည်။ ဤသို့ဖွင့်ဆိုရှင်းလင်းနိုင်မှုမှာ ဇီဝဗေဒပညာကို အကျိုးပြုစေသည်။ အခြေခံသိပ္ပံပညာရပ်များ ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်း  အထူးသဖြင့် အဏုကြည့်မှန်ပြောင်းကို တီထွင်ပြီးသော ကာလနောက်ပိုင်းမှသာ လူသားများအနေနှင့် အထက်ဖော်ပြပါ အဆိုများကို နားလည်နိုင်စွမ်းရှိလာကြသည်။ (၇) ရာစုအစောပိုင်းမှာ ရှိခဲ့သော လူသားတစ်ယောက်အတွက် ဤကဲ့သို့သော အတွေးအခေါ် အယူအဆမျိုး ဖွင့်ဟပြောဆိုရန်မှာမဖြစ်နိုင်ပါ။
ထိုအချိန်ကာလက အရှေ့အလယ်ပိုင်းဒေသတွင် နေထိုင်သော အာရဗ်လူမျိုး တစ်ယောက်က ဥရောပရှိ လူသား (သို့မဟုတ်) အခြားကမ္ဘာ့ မည်သည့်အစိတ် အပိုင်းဒေသမျိုးတွင်မဆို နေထိုင်သော လူတစ်ယောက်ထက်မဆို သန္ဓေသား  အကြောင်းနှင့် ပတ်သက်ပြီးပို၍ သိနိုင်သည်ဟူသော ညွှန်းဆိုနိုင်သည့် အထောက်အထား တစ်စုံတစ်ရာ မရှိပါ။
ယနေ့ခေတ်ကာလတွင်မူ ကုရ်အာန်နှင့် သဘာဝသိပ္ပံဆိုင်ရာ စေ့စပ်သေချာသော အသိပညာဗဟုသုတများရှိကြသည့် မွတ်စလင်မ်များ များစွာရှိကြပြီး ထိုသူများအနေနှင့် ကျမ်းမြတ်ကုရ်အာန်တွင် ပါဝင်သော မျိုးပွားမှုဆိုင်ရာ အာယသ်တော်များကို ထင်ရှား ရှင်းလင်းစွာ သိမြင်လာကြပြီး၊ ယနေ့ခေတ် လူသားတို့၏ အသိပညာများနှင့် နှိုင်းယှဉ် ထင်ဟပ် ဖွင့်ဟ ရှင်းလင်းနိုင်စွမ်းလည်း ရှိလာကြပေသည်။ ကျွန်ုပ်အနေနှင့် အမြဲ သတိရနေတဲ့ အချက်ကတော့၊ ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ကြီးပြင်းလာခဲ့တဲ့ ၁၈နှစ်သားအရွယ် လူငယ်ကလေးတစ်ယောက်က မျိုးပွားခြင်းနှင့်ဆိုင်တဲ့ မေးခွန်းကို ကုရ်အာန်မှာ ဖော်ပြထားချက်များနှင့် အကိုးအကားပြ ဖြေဆိုသွားတဲ့ အချက်ဘဲ ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းစာအုပ်ကို ညွှန်ပြပြီးလျှင် ထိုလူငယ်လေးက ဤသို့ ပြောခဲ့ပါတယ်။ ဒီစာအုပ်က မျိုးပွားခြင်းနှင့်ဆိုင်တဲ့ အရေးကြီးတဲ့ သတင်း အချက်လက် များကို များစွာပေးပါတယ်။ ကျွန်တော်တို့ ငယ်စဉ် ကျောင်းနေစဉ်တုန်းက ဆရာများက ကုရ်အာန်စာအုပ်ကို အသုံးပြုပြီး ကလေးများ မည်သို့မွေးဖွားတယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ခင်ဗျားပြောတဲ့ “လိင်ပညာရေး နှင့်ဆိုင်တဲ့ စာအုပ်တွေဟာ ကမ္ဘာ့မြင်ကွင်းမှာ အတော်လေး ခေတ်နောက်ကျနေပါပြီ´´ တဲ့ခင်ဗျာ။
အထူးသဖြင့် ဤကိစ္စရပ်နှင့်ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်ကျရောက်သော အချိန်မှာရှိသော လူသားများ၏ ယုံကြည်ချက်များမှာ အယူသီးမှုများ ဒဏ္ဍာရီများနှင့် ပြည့်နှက်လျက်ရှိပြီး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သော အကြောင်းအရာများနှင့် ခေတ်သစ် အချက်အလက်များ၏ နှိုင်းယှဉ်လေ့လာမှုများက ကျွန်ုပ်တို့အား အံ့သြလောက်အောင် ကိုက်ညီမှုများပေးပေသည်။ ထိုခေတ် ထိုအချိန်အခါက အများ လက်ခံထားသည့် မှားယွင်းနေသော အယူအဆများ တစ်စုံတစ်ရာ ကျမ်းမြတ်ကုရ်အာန်တွင် ရှိမနေခြင်းမှာ ခေတ်သစ်လေ့လာတွေ့ရှိချက်များက ကုရ်အာန်၏ ဖွင့်ဆိုချက်များကို အံ့အားသင့်စရာကောင်းလောက်အောင် ထောက်ခံအားပေးသက်သေပြ နေခြင်းပင် ဖြစ်ပါသည်။
လူသား၏ မျိုးပွားခြင်းနှင့်ပတ်သက်၍ ဖော်ပြထားသော အာယသ်တော်များထဲမှ ရှုတ်ထွေးလှသော မျိုးအောင်စေသည့် အရည်နှင့် မျိုးအောင်ရန်အတွက် အလွန် နည်းပါးလှသောပမာဏသည်သာလျှင် ထိုမျိုးအောင်ခြင်းဖြစ်စဉ်၏ အစစ်အမှန် လိုအပ်ချက် အနှစ်သာရဖြစ်ကြောင်းကို ဖွင့်ဆိုသည့် အရဗီဘာသာစကားလုံးနှင့်ပတ်သက်သော တိကျသည့် အယူအဆများကိုသာ သီးသန့်လေ့လာ စမ်းစစ် ကြည့်ပါစို့။ အမျိုးသမီး၏ မမျိုးပွားအင်္ဂါတွင် မမျိုးဥများ ခိုင်မြဲစွာ တွယ်ကပ်နေခြင်းအကြောင်းကို များလှစွာသော အာယသ်တော်များတွင်  `အလတ်က်´ဟူသောစကားလုံးဖြင့် ပြီးပြည့်စုံစွာ ဖော်ပြထားသည်။ ထို့ပြင် သွေးစိုင်သွေးခဲကဏ္ဍ၊ ကျမ်းပိုဒ် (၂)တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပေသည်။
ထိုအလ္လာဟ်အရှင်မြတ်သည် လူသားကို တွယ်ကပ်သည့်အရာတစ်ခုမှ ဖန်ဆင်း ပုံဖော်တော်မူ၏။´´ (၉၆း၂)

ကျွန်ုပ်အနေနှင့် `အလက်´ဟူသော စကားလုံးနှင့်ပတ်သက်၍ ၎င်းင်း၏ မူရင်းအဓိပ္ပါယ်၊ သဘောတရားမှ ကင်းလွတ်ပြီး သင့်လျော်သော ဘာသာပြန်ဆို ရှင်းလင်းမှုမျိုး မရှိနိုင် ဟုယူဆပါသည်။ မိခင်၏ သားအိမ်အတွင်း သန္ဓေသား၏ အဆင့်ဆင့် ပြောင်းလဲမှုနှင့်ပတ်သက်၍ အနှစ်ချုပ်ဖော်ပြထားပြီး တင်ပြ ရေးသားဖော်ပြချက်မှာလည်း အလွန် ရှင်းလင်း တိကျလှသည်။ အကြောင်းမူ သုံးနှုန်းသောစကားလုံးများမှာ ရိုးရှင်းသည်သာမကဘဲ သန္ဓေသားဖွံ့ဖြိုးကြီးထွားလာသော အရေးကြီးသော အဆင့်များကို တိတိကျကျ ဖော်ညွှန်းထားပေသည်။
ဤဖြစ်စဉ်ကို သက်ဝင်ယုံကြည်သူများကဏ္ဍ၊ ကျမ်းပိုဒ် (၁၄) တွင် အောက်ပါအတိုင်း ဖတ်ရှုသိနိုင်သည်။
ထို့နောက်ငါအရှင်မြတ်သည် ကာလလရေကြည်၏ အနည်းငယ်သောပမာဏမှ တွယ်ကပ်သော အရာတစ်ခုအဖြစ် ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် ယင်းတွယ်ကပ် နေသောအရာကို ၀ါးထားသော အသားတုံးအဖြစ်ဖန်ဆင်း ပုံဖော်လိုက်သည်။ ထို့နောက် အသားတုံးမှ အရိုးများအဖြစ် ဖန်ဆင်း ပုံဖော်တော်မူ၏။ ထို့နောက် ထိုအရိုးများကို အသားများဖြင့် တန်ဆာဆင်မြန်းပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ၄င်းအရာမှ အခြားသော ဖန်ဆင်းခံအရာတစ်ခုကို တိုးတက်ဖွံ့ဖြိုးစေတော်မူ၏။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သာလျှင် ကောင်းချီးပေးထိုက်သောအရှင်ဖြစ်သကဲ့သို့  အကောင်းဆုံးသောဖန်ဆင်းရှင်လည်း ဖြစ်တော်မူပေသည်။´´  (၂၃း၁၄)


“မုဒ်ွဃဟ်´´ဟူသောစကားလုံး (၀ါးထားသောအသားတုံး)သည် သန္ဓေသား၏ အသွင်အပြင် ပုံပန်းသဏ္ဍာန် နှင့် တိတိကျကျကိုက်ညီသည့်အပြင် ၎င်းင်း၏ ဖွံ့ဖြိုးတိုးတက်သော တိကျသေချာသော အခြေအနေအဆင့်ကို ပုံဖော်ပေးနိုင်သည်။ အရိုးများသည် ထုထည်ရှိသောအသားမျှင်များအတွင်း တိုးတက်ဖွံ့ဖြိုးပြီး ထိုအရိုးများကို မာဆယ်လ်ခေါ် ကြွက်သားများက ဖုံးအုပ်ထားသည်ဟူသောအချက်မှာ သိရှိထားပြီး အချက်အလက်များဖြစ်သည်။ ဤတွေ့ရှိချက်များက `လဟ်မွန်´ဟူသောအာရဗီစကားလုံး၏ ပြည့်ဝသော အဓိပ္ပါယ်ကို ဖော်ဆောင်နေပေသည်။ သန္ဓေသားသည် အချို့အဆင့်မှာ အချိုးအစားကျပြီး အချို့အဆင့်မှာ အချိုးအစားမကျသော အဆင့်တစ်ခုကို ကျော်ဖြတ်၍ နောက်အခါတွင် လူသားတစ်ဦးစီကို ဖြစ်ပေါ်စေသည်။ ဤအချက်ကို ဟဂ်ျပြုခြင်းကဏ္ဍ၊ ကျမ်းပိုဒ် (၅)၏ အောက်ပါအာယသ်တော်အတွင်း အဓိပ္ပါယ်ဖော်ဆောင်ပြနေလေသည်။
ငါအရှင်မြတ်သည် အသင်လူသားတို့အား မြေကြီးမှလည်းကောင်း၊ ထို့နောက် တွယ်ကပ်သောအရာ သုတ်သွေးမှလည်းကောင်း ဖန်ဆင်းတော်မူသည်။ ထို့နောက် ငါအရှင်မြတ်သည် သူ့အား အသားတုံးငယ်အတွင်း တွယ်ကပ်နေသောအရာဖြင့် ပုံဖော် ပြုလုပ်တော်မူ၏။ ၄င်းအသားတုံးသည်ကား တစ်စိတ်တစ်ဒေသ ပုံစံကျပြီး တစ်စိတ်တစ်ဒေသ အချိုးအစား ကျနခြင်းမရှိပေ။´´   (၂၂း၅)
နောက်တစ်ခုအနေနှင့် ကျွန်ုပ်တို့ ပျပ်ဝပ်ဦးချခြင်းကဏ္ဍ၊ ကျမ်းပိုဒ် (၉) တွင် ဖော်ပြထားသော အာရုံခံစားမှုများနှင့် အတွင်းအင်္ဂါ အစိတ်အပိုင်းများအကြောင်းနှင့် ပတ်သက်သော အထောက်အထား ကိုးကားမှုများကို လေ့လာ ကြည့်ကြပါစို့။
၎င်းပြင် ထိုအလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ကြားခြင်း၊ မြင်ခြင်းနှင့် ခံစားမှုများကို သီးခြားဖန်ဆင်းတော်မူခဲ့သည်။´´   (၃၂း၉)
ထပ်မံ အကျယ်ရှင်းရသော် ကုရ်အာန်ကျမ်းကျရောက်ခဲ့သော အချိန်ကာလက ရှိခဲ့သည့် မှားယွင်းသောအယူအဆ တစ်စုံတစ်ရာမျှ ကုရ်အာန်သို့ လုံးဝ ၀င်မလာခဲ့ပေ။ အထက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်၏ ဖွင့်ဆို ရှင်းလင်းချက်များမှာလည်း ယနေ့ခေတ် လေ့လာတွေ့ရှိချက်များနှင့် ရှေ့နောက်မညီညွတ်မှု၊ ခြားနားမှု တစုံတရာ မရှိပါ။
ကုရ်အာန်ကျမ်း နှင့် သမ္မာကျမ်း
ကျွန်ုပ်တို့အနေနှင့် ယနေ့ ဆွေးနွေးတင်ပြမှုရဲ့ နောက်ဆုံးကဏ္ဍဖြစ်တဲ့ ကုရ်အာန်ကျမ်းနှင့် သမ္မာကျမ်းစာများအကြောင်း နှိုင်းယှဉ်လေ့လာမှုကို တင်ပြလိုပါတယ်။ ခေတ်သစ် သိပ္ပံပညာ ရှာဖွေတွေ့ရှိချက်များနှင့် ကုရ်အာန်ကျမ်းမြတ် စာပိုဒ်များ ထိပ်တိုက် ရင်ဆိုင်တွေ့ရမှုကို သမ္မာကျမ်းစာနှင့်လည်း ရည်ညွှန်းကိုးကား တင်ပြပါ့မယ်။
ကျွန်ုပ်တို့အနေနှင့် ဖန်ဆင်းခြင်းနှင့်ပတ်သက်၍ ပြောဆို ဆွေးနွေးကြသောအခါတိုင်းမှာ အမြဲတမ်းလိုလို ပြဿနာတစ်ရပ်ကို ဖြတ်ကနဲ မြင်ရပါတယ်။ အစောပိုင်းက ကျွန်ုပ်ရဲ့ ဆွေးနွေးချက်တွေမှာ ခေတ်သစ်လေ့လာတွေ့ရှိမှုများနှင့် ကုရ်အာန် ကျမ်းမြတ်၏ စာပိုဒ်များအကြားရှိ ပြည့်စုံသော ကိုက်ညီမှုကို အလေးပေးတင်ပြပြီး ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ သမ္မာကျမ်းစာအတွင်း ဖွင့်ဆိုရေးသားထားသော ဖွင့်ဟကြေငြာချက်များတွင် သိပ္ပံနည်းကျကျ လက်ခံနိုင်ဘွယ်မရှိသော ရေးသားမှုများ ပါဝင်နေကြောင်းကိုလည်း ထောက်ပြထားပြီးဖြစ်ပါတယ်။ သမ္မာကျမ်းတွင်ပါဝင်သော “ဖန်ဆင်းခြင်း´´ နှင့် ပတ်သက်သည့် ကြီးမားလှစွာသော ဖွင့်ဆိုရေးသားချက်သည်  Sacerdotal – Narration လို့ခေါ်တဲ့ ဘုန်းကြီးပြောသောစကားရပ်များ ရေးသားချက်မှာ ဘီစီ (၆)ရာစုအတွင်းမှာ ဘုန်းတော်ကြီးများ လက်ရာဖြစ်ကြောင်း သိရှိလိုက်ရသော အချိန်တွင် ထိုကျမ်း၏ ဖွင့်ဆိုရှင်းလင်းချက်များမှာ အံ့အားသင့်စရာ မရှိကြောင်း နားလည်ခဲ့ပါသည်။ ဤသို့သော ဖြစ်ရပ်၏ အဓိကရည်ရွယ်ချက်မှာ ဘုန်းတော်ကြီးများ တရားဟောခြင်း၏ အဓိက ရည်ရွယ်ချက်သည် လူအများကို ဥပုသ်သီတင်း ဆောက်တည်ရန် တိုက်တွန်းနှိုးဆော်ခဲ့ခြင်း ဖြစ်ကြောင်း သိမြင်လာခဲ့ရပါသည်။
သမ္မာကျမ်းစာ၏ ဖွင့်ဆိုရေးသားချက်သည် ဘုန်းတော်ကြီးများ၏ တိကျသော ရည်ရွယ်ချက်သဘောထားပေါ် မူတည်ထားပေသည်။ ဘုန်းတော်ကြီး ဘော့စ်သည် ဂျေရုစလင်ရှိ သမ္မာကျမ်းစာကျောင်း၏ ကျောင်းထိုင် ဆရာတော်ချုပ်ဟောင်းဖြစ်ခဲ့ပြီး ၎င်းက အထက်ပါ ရည်ရွယ်ချက်ကို ပင်ကိုယ်အရင်းခံအားဖြင့် အရေးပါသော ဘာသာရေးဆိုင်ရာ ကျင့်သုံးမှုအဖြစ် သတ်မှတ်ခဲ့ပါသည်။ သမ္မာကျမ်းစာတွင် “ဖန်ဆင်းခြင်း´´နှင့်ပတ်သက်၍ “ရဟူဒီများ၏ အယူအဆ´´ဟုခေါ်တွင်နိုင်သည့် ပို၍ တိုတောင်း၍ ရှေးကျသော ဖွင့်ဆိုခြင်းလည်း ပါဝင်ပေသည်။  ဤဖွင့်ဆိုမှုတွင် ဖန်ဆင်းခြင်းဟူသော အကြောင်းအရာနှင့် ပတ်သက်၍ လုံးဝဥဿုံ မတူညီသော ရှုထောင့်မှ ချဉ်းကပ်တင်ပြထားပေသည်။
အထက်ပါ ချဉ်းကပ်တင်ပြမှု နှစ်ခုစလုံးကို Genesis (ကမ္ဘာဦးကျမ်း)မှ ထုတ်ယူထားပြီး ထိုကျမ်းစာသည်  ဓမ္မဟောင်းကျမ်းငါးကျမ်း သို့မဟုတ် သောင်ရဟ်ကျမ်း၏ ပထမဆုံးကျမ်းစာအုပ်ဖြစ်သည်။ သောင်ရာဟ်ကျမ်း ရေးသားသူမှာ တမန်တော် မူစာ (Moses) ဖြစ်သည်ဟု မှတ်ယူထားပြီးဖြစ်ပြီး ယနေ့ တွေ့နေရသော ကျမ်းစာမှာ ပြောင်းလဲမှုများစွာ လုပ်ဆောင်ခြင်းခံရကြောင်း သိရပါသည်
ဘုန်းကြီးများရေးသားသည့် ကမ္ဘာဦးကျမ်းနှင့်ပတ်သက်သော ဘုန်းကြီးများရေးသားဖွင့်ဆိုမှုများသည် ၎င်းင်းတို့၏ စိတ်ကူးယဉ်ဆန်သော လက်တွေ့မကျသော မျိုးရိုးစဉ်ဆက်တည်ဆောက်ပုံ ဇယားကို အာဒမ်သခင်အထိ ရေးဆွဲပြခြင်းဖြင့် နာမည်ကျော်ကြားပြီး ဤကိစ္စနှင့် ပတ်သက်၍ မည်သူကမျှ အလေးအနက်ထား၍ ယုံကြည်ခြင်းမရှိခဲ့ပေ။ မည်သို့ ဆိုစေကာမူ ဓမ္မသစ်ကျမ်း (သမ္မာကျမ်းစာ)ကို ရေးသားပြုစုခဲ့သော  မက်သူးနှင့် လုခ်တို့သည် လည်း ယေရှုခရစ် (တမန်တော် အီစာ) သခင်၏ မျိုးရိုးစဉ်ဆက်ဇယားကို အနည်းနှင့်အများဆိုသလို ဘုန်းကြီးများ၏ ဖွင့်ဆိုရေးသားမှုများကို ထပ်တူ ထပ်မျှ ပြန်လည်ထုတ်လုပ်ထားသည်ကို တွေ့နိုင်သည်။
ဓမ္မာသစ်ကျမ်းကို ရေးသားပြုစုတဲ့ ရှင်မဿဲက တမန်တော်များရဲ့ မျိုးရိုးစဉ်ဆက်သမိုင်းကို တမန်တော်အီဗရာဟင်အထိ နောက်ပြန်ဆွဲ ရေးသားခဲ့ပြီး၊ ရှင်လုကာကတော့ တမန်တော်အာဒမ်လက်ထက်အထိ ရေးသားခဲ့ပါတယ်။ ဤရေးသားချက်များအားလုံးမှာ သိပ္ပံနည်းကျကျ စဉ်းစားဆင်ခြင်သုံးသပ်ပါက လုံးဝ လက်ခံနိုင်ဘွယ်ရာမရှိပေ။ အကြောင်းမူကား၊ ကျမ်းကိုရေးသားသူများက ကမ္ဘာ၏ သက်တမ်းနှင့် ကမ္ဘာဂြိုဟ်ပေါ်တွင် လူသားနေထိုင်ခဲ့သည့် သက်တမ်းအတွက် ကိန်းဂဏန်းတစ်ခု သတ်မှတ်ခဲ့ပြီး၊ ယင်းသတ်မှတ်ချက်မှာ ယခုခေတ် ခိုင်မာစွာ သက်သေပြထားချက်များနှင့် လုံးဝဆန့်ကျင်နေသောကြောင့် ဖြစ်သည်။ အခြား တစ်ဖက်တွင် ကုရ်အာန်ကျမ်းမြတ်တွင်မူကား ဤကဲ့သို့သော အချက်အလက်မျိုးမှ ကင်းလွတ်ပေသည်။
စကြ၀ဠာဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ ယေဘုယျသဘောတရားနှင့် ခေတ်သစ်အယူအဆများသည် ကုရ်အာန်ကျမ်းမြတ်တွင် ဖော်ပြထားချက်များနှင့် မည်မျှ ပြီးပြည့်စုံစွာ ကိုက်ညီကြောင်းကို အစောပိုင်းက တင်ပြထားခဲ့ပြီး ဖြစ်သည်။ တစ်ချိန် တည်းမှာပင် သမ္မာကျမ်း၏ ဖွင့်ဟရေးသားချက်များသည် အထက်ဖော်ပြပါအချက်များနှင့် သွေဖည် ဆန့်ကျင်နေကြပေသည်။ ပထမဆုံးပေါ်ပေါက်လာသော သမုဒ္ဒရာ ရေပြင်ကြီးအကြောင်းသည် အမှန်တကယ် မဟုတ်ပေ။ အလင်းရောင်ကို ထုတ်လွှတ်သည့်ကြယ်များကို မဖန်ဆင်းမီ ပထမဆုံးနေ့တွင် အလင်းရောင်ကို ဖန်ဆင်းခြင်းသည်၎င်း၊ ကမ္ဘာဂြိုဟ်ကို မဖန်ဆင်းမီ နံနက်နှင့် ညနေခင်းကို ဖန်ဆင်းခြင်းသည်၎င်း၊ နေကို စတုတ္ထနေ့၌ ဖန်ဆင်းခြင်းသည်၎င်း၊  နေကို မဖန်ဆင်းမီ တတိယနေ့တွင် ကမ္ဘာဂြိုဟ်ကို ဖန်ဆင်းခြင်းသည်၎င်း၊ ပဉ္စမနေ့၌ လေထဲတွင် ငှက်များပေါ်ပေါက်စေခြင်း၊ ယင်းသို့ငှက်များ မပေါ်ခင် သားရဲတိရစ္ဆာန်များကို ဆဋ္ဌမနေ့တွင် ကမ္ဘာမြေပြင်တွင် ပေါ်ပေါက်စေခြင်းသည်၎င်းင်း အားလုံးသော ဖွင့်ဆိုတင်ပြချက်များသည် ထိုအချိန် ကာလက လူအများ လက်ခံထားသော အယူအဆများကို ရေးသားထားသောစာသား များမှလွဲ၍ အခြားထူးခြားသော အဓိပ္ပါယ်မရှိပေ။
သမ္မာကျမ်းတွင်ပါဝင်သော နဗီတမန်တော်များ၏ မျိုးရိုးစဉ်ဆက် တည်ဆောက်မှု ဇယားနှင့် ပတ်သက်၍လည်း ဂျူးလူမျိုးများ၏ ပြက္ခဒိန်ပေါ်မူတည်၍ ဖြစ်ပေါ်စေခဲ့သောကြောင့်၊ `၁၉၇၆´ခုနှစ်တွင် ကမ္ဘာ၏ သက်တမ်းသည် `၅၇၃၈´ နှစ်ရှိပြီ ဟူ၍ အခိုင်အမာအတိအကျ ဖော်ပြထားမှုကြောင့်လည်း လက်ခံနိုင်ရန် အလွန် ခဲယဉ်းသော တင်ပြချက် ဖြစ်နေပါတယ်။ ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်ပါဝင်နေတဲ့ နေစကြ၀ဠာအဖွဲ့အစည်းကြီး၏ သက်တမ်းမှာ နှစ်သန်းပေါင်း ၄၅၀၀ ကျော်ခန့်ရှိပြီး၊ ကမ္ဘာဂြိုဟ်ပေါ်တွင် ယနေ့ကျွန်တော်တို့သိတဲ့ လူသားများပေါ်ပေါက်လာသည့်  သက်တမ်းမှာလည်း မပိုရင်တောင်မှ နှစ်ပေါင်းသောင်းချီ ၍ ရှိနေပြီးဖြစ်သည်။
ထို့ကြောင့် ကုရ်အာန်ကျမ်းနှင့်ပတ်သက်၍ လုံးဝအရေးကြီးတဲ့အချက်မှာ ကုရ်အာန်ကျမ်းမြတ်တွင် ရက်စွဲနှင့် ပတ်သက်သော ညွှန်းဆိုမှု တစ်စုံတစ်ခုပါဝင်မှု မရှိခြင်းနှင့် အထက်ပါ အချိန်ကာလ၊ ရက်စွဲ သတ်မှတ်ချက်များမှာ သမ္မာကျမ်းစာမှာသာလျှင် အထင်အရှားညွှန်းဆို ပါဝင်ခဲ့တယ်ဆိုတဲ့အချက်ပင် ဖြစ်ပါသည်။
ကုရ်အာန်ကျမ်းတော်နှင့် သမ္မာကျမ်းစာအကြားမှာ ဒုတိယမြောက် အလွန်ထင်ရှားတဲ့ အကြောင်းအရာကတော့ ရေလွှမ်းမိုးမှုကြီး အကြောင်းဖြစ်ပါတယ်။ အမှန်စင်စစ်၊ သမ္မာကျမ်းစာတွင် ရေလွှမ်းမိုးမှုနှင့် ပတ်သက်သော ဖွင့်ဟဖော်ပြ ထားချက်မှာ သီးခြားဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာနှစ်ခုကိုဆက်စပ်ပြီး ရောမွှေ  တင်ပြထားတဲ့ ရေးသား တင်ပြချက်များသာဖြစ်ပါတယ်။ သမ္မာကျမ်းစာတွင် အားလုံးနှင့် ဆိုင်သော ရေလွှမ်းမိုးမှုကြီးအကြောင်း ဖော်ပြထားပြီး၊ ထိုရေလွှမ်းမိုးမှုကြီး ဖြစ်ပေါ်ခဲ့သော အချိန်ကာလကိုလည်း တမန်တော် အီဗရာဟင်လက်ထက်မတိုင်မီ နှစ်၃၀၀ခန့် ကာလဟု အတိအကျဖော်ပြထားပါတယ်။ ကျွန်ုပ်တို့ သိထားတဲ့ တမန်တော် အီဗရာဟင်လက်ထက်က ဖြစ်ပျက်ခဲ့တဲ့ လူသားအားလုံးနှင့်ဆိုင်သော ကြီးမား လျှင်မြန်ပြင်းထန်တဲ့ အပြောင်းအလဲကြီးဆိုတာဟာ ခရစ်တော် မပေါ်မီ ဘီစီ (၂၁) ရာစု ၊ (၂၂) ရာစု ကာလဖြစ်ခဲ့ကြောင်းကို သွယ်ဝိုက်ပြီး ပြောဆိုနေပါတယ်။ ထို့ကြောင့် သမ္မာကျမ်းစာမှာ ပြောထားတဲ့ ရေလွှမ်းမိုးမှုကြီးဟာ သမိုင်းဆိုင်ရာ အချက်အလက် များနှင့် ချိန်ထိုးကြည့်လျှင် လက်တွေ့မဖြစ်နိုင်တဲ့ ဖြစ်ရပ်ကြီးဘဲ ဖြစ်နေပါတယ်။
အားလုံး နှင့် ဆိုင်တဲ့ကြီးမားလျှင်မြန်ပြင်းထန်လှသော အပြောင်းအလဲကြီး ကြောင့် ဘီစီ (၂၁)ရာစု၊ (၂၂) ရာစု အတွင်းမှာ ကမ္ဘာမြေပြင်ပေါ်တွင် ပေါ်ထွန်းနေခဲ့တဲ့ အားလုံးသော လူ့ယဉ်ကျေးမှုကြီးများဟာ လုံးဝပျောက်ကွယ် သွားရတယ်ဆိုတဲ့ အယူအဆကို ကျွန်ုပ်တို့မည်သို့ လက်ခံနိုင်မှာလဲ။ ဤသို့လက်မခံနိုင်ရတဲ့ အကြောင်းရင်းများထဲက ဥပမာ တစ်ခုကတော့၊

 ထိုအချိန်ကာလအလျင်လာသော အီဂျစ်နိုင်ငံ၏ အလယ်ခေတ်မင်းများ အုပ်ချုပ်တဲ့ ကာလ ဖြစ်ပြီး၊ အကြမ်းအားဖြင့် ပထမဆုံးကြား ကာလရဲ့ အချိန်ဟာ အီဂျစ်ဘုရင်ရဲ့ (၁၁) ဆက်မြောက်မင်းဆက် အုပ်ချုပ်ခဲ့တဲ့ အချိန်ကာလဖြစ်ခဲ့တယ် ဆိုတာကို သိလိုက်ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် အထက်မှာဖော်ပြခဲ့တဲ့ မည်သည့်အကြောင်းရာမျှ ခေတ်သစ် သိပ္ပံအမြင်နှင့် ယှဉ်ကြည့်လျှင် လက်ခံနိုင် ဘွယ်ရာ မရှိဘူးဆိုတာ ထင်ရှားနေပါတယ်။ ထို့ကြောင့် ဒီရှုထောင့်ကနေပြီး ကုရ်အာန်ကျမ်းတော်ကမှ ခွဲခြားထွက်နေတဲ့ သမ္မာကျမ်းစာနှင့် ကြီးမားလှစွာသော ကွာဟချက်ကြီးကို တိုင်းတာနိုင်ပါတယ်။
သမ္မာကျမ်းစာနှင့် ဆန့်ကျင်ဘက်အားဖြင့် ကုရ်အာန်မှာ ဖော်ပြထားတဲ့ ကြီးမားလျှင်မြန်ပြင်းထန်သော အပြောင်းအလဲကြီးကတော့ တမန်တော်နူးဟ်နှင့် သူရဲ့နောက်လိုက်နောက်ပါများအတွက်သာ ကန့်သတ်ဖော်ပြထားကြောင်း တွေ့ရပါတယ်။ ကိုးကွယ်ရာအရှင်၏ အမိန့်မနာခံကြသော

 အခြားသောလူသားများကဲ့သို့ပင် ထိုတမန်တော်နူးဟ်၏ လက်ထက်က လူသားများသည် ၎င်းတို့၏ အကုသိုလ် ဒုစရိုက်များကြောင့် အပြစ်ဒါဏ်ခံရကြောင်းကို ဖော်ပြထားခြင်းသာဖြစ်သည်။ ကုရ်အာန်တွင် ကြီးမားလျင်မြန်ပြင်းထန်သော ပြောင်းလဲမှုကြီးဖြစ်ခဲ့သည့် အချိန် ကာလကို အတိအကျ ဖော်ပြထားခြင်း မရှိပေ။ ထို့ကြောင့် ကုရ်အာန်၏ဖော်ပြချက် များနှင့် ပတ်သက်၍ သမိုင်းဆိုင်ရာ၊ ရှေးဟောင်း သုတေသနဆိုင်ရာ ဆန့်ကျင်မှု၊ ကန့်ကွက်မှုများ လုံးဝမရှိခဲ့ပေ။
တတိယမြောက် အလွန်အမင်း ထင်ရှားသည့် နှိုင်းယှဉ်ချက်တွင်ကား အီဂျစ်နိုင်ငံ ဖာရိုဘုရင်ထံမှ ဟီးဗရူး လူမျိုးကျွန်ပြုခံရသော ကျေးကျွန်များ အမြောက်အမြားထွက်ပြေးလွတ်မြောက်စေခဲ့သော တမန်တော်မူဆာ၏ ဇာတ်လမ်းနှင့် ပတ်သက်၍ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်ုပ်အနေနှင့် ကျွန်ုပ်စာအုပ်ထဲမှာ ရေးသားထားတဲ့ အကြောင်းအရာဟာ အလွန်အမင်း အတိုချုံ့ထားတာကိုဘဲ တင်ပြပါမယ်။ ကျွန်ုပ်အနေနှင့် သမ္မာကျမ်းစာနှင့် ကုရ်အာန်ကျမ်းတို့ရဲ့ ဖွင့်ဆိုချက်များ ကိုက်ညီသော နေရာများ၊ မကိုက်ညီသော အချက်များကို မှတ်သားထားပါတယ်။ ထို့ပြင် အချို့သော အသေးစိတ်လေ့လာချက်များမှ ကျမ်းနှစ်စောင်၏ စာသားများဟာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ပြီးပြည့်စုံအောင်၊ အလွန်အသုံးဝင်သောနည်းနှင့် ဖြည့်စွက်ပေးနေသော အချက်အလက်များကိုလည်း တွေ့ရှိခဲ့ပါ တယ်။


ဖာရိုဘုရင်များလက်ထက် သမိုင်းတွင် ပေါ်ပေါက်ခဲ့သော လူများအစုလိုက် အပြုံလိုက် ပြောင်းရွှေ့ခြင်းဟာ ဘယ်လို အနေအထားမှာ ရှိခဲ့တယ်ဆိုတဲ့ အခြေအနေ နှင့်ပတ်သက်သော အနုမာဏယူဆချက်များ အမြောက်အမြားရှိသော်ငြားလည်း ကျွန်ုပ်အနေနှင့် ကောက်ချက်ဆွဲလိုတဲ့ အချက်ကတော့ ထိုဖြစ်ရပ်ကို ဖြစ်စေခဲ့သော ဖာရိုဘုရင်မှာ ရမ္မာဆက်(၂)ကို ထီးနန်းဆက်ခံခဲ့သူ မာနက်တ်ပတဟ်ဟူသော ဖာရိုဘုရင်ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ အဖြစ်နိုင်ဆုံးသီအိုရီ တစ်ရပ်ဖြစ်တယ်ဆိုတဲ့အချက်ပါဘဲ။
ခရစ်ယာန်ကျမ်းစာများထဲမှာ ပါဝင်တဲ့ အချက်အလက်များနှင့် ရှေးဟောင်း သုတေသနဆိုင်ရာ အထောက်အထားများရဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုများဟာ အထက်ပါယူဆချက် မှန်ကန်ကြောင်း ခိုင်ခိုင်မာမာ ထောက်ခံ နေပါတယ်။ ကျွန်ုပ်အနေနှင့် ကျေနပ်နှစ်သက်စွာနှင့် ပြောချင်တာကတော့ သမ္မာကျမ်းစာ၏ ဖွင့်ဟပြောဆိုချက်များက တမန်တော်မူစာကို ဖာရိုဘုရင်များရဲ့ သမိုင်းမှာ နေရာချပေးစေရန် လေးနက်သော သက်သေသာဓကဖြစ် ကျွန်ုပ်တို့အား လမ်းညွှန်သည်သာမက ရမ္မာဆက်(၂)၏ အုပ်ချုပ်စိုးမိုးသောကာလတွင် မွေးဖွား  ခဲ့ကြောင်း သက်သေအထောက်အထားများဖြင့် အကျိုးပြုနိုင်ခဲ့တဲ့ အချက်ဖြစ်ပါတယ်။ ထို့ကြောင့် တမန်တော်မူစာ၏ ဖြစ်စဉ်နှင့် ပတ်သက်၍ သမ္မာကျမ်းစာပါအချက်အလက်များဟာ လုံလောက်သော သမိုင်းတန်ဘိုးများ ပေးဆောင်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။




ဖာရိုဘုရင်၏ ရုပ်အလောင်းကောင်ကို ဆေးပညာဆိုင်ရာ လေ့လာစူးစမ်းမှုပြုခြင်းမှနေ၍ ထိုဖာရို ဘုရင်သေဆုံးခဲ့ကြောင်း၊ အရေးပါသော သတင်းအချက်အလက်များနှင့်၊ ၎င်း၏ သေခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်း အရင်းများကိုလည်း ရရှိစေခဲ့ပါသည်။
အတိအကျဖော်ပြရသော်၊ ၁၈၉၈ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော ဖာရိုဘုရင်၏ ရုပ်အလောင်းကောင်နှင့် ထိုအလောင်းမှ လေ့လာတွေ့ရှိချက်များမှ ရရှိလာသော ယနေ့ကျွန်ုပ်တို့ ပိုင်ဆိုင်ထားသည့်၊ အချက်အလက်များမှာ အမြင့်မားဆုံးသော အရေးပါသည့် အရာတစ်ခုဖြစ်ပေသည်။ သမ္မာကျမ်းစာတွင် ဖာရိုဘုရင်သည် ပင်လယ်ရေတွင်း နစ်မြုပ်စေခြင်းခံခဲ့ရသည်ဟု ဖော်ပြထားသော်လည်း၊ နောက်ပိုင်းတွင်၊ ထိုဘုရင်၏ ရုပ်အလောင်းမည်သို့ ဖြစ်မည်ကို ဆက်လက်၍ အသေးစိတ် ရှင်းလင်းပြထားခြင်းမရှိပေ။ ကျမ်းမြတ်ကုရ်အာန်၏ တမန်တော်ယူနွတ်စ်ကဏ္ဍ၊ ကျမ်းပိုဒ် (၉၂)တွင် ဖာရိုဘုရင်၏ ခန္ဓာကိုယ် ရုပ်အလောင်းသည် ငရဲခံရခြင်းအကြောင်းနှင့် ရေထဲမှ ပြန်လည်ကယ်တင်ထားခြင်း ခံရမည်ဖြစ်ကြောင်း အောက်ပါအတိုင်း ဖော်ပြ ထားပေသည်။
ဒီနေ့အခါမှာ ငါအရှင် (အလ္လာဟ်) သည် သင်၏ ရုပ်အလောင်းကောင်ကို ကယ်တင်ထားပေမည်။ သင်သည် နောင်လာနောင်သားများအတွက် ထင်ရှားသော သက်သေလက္ခဏာတစ်ရပ်ဖြစ်စေရန်အတွက် ဖြစ်မည်။ မုချဧကန်မြောက်မြားစွာသော လူသားများသည် ငါအရှင်၏ သက်သေလက္ခဏာများကို မသိကျိုးကျွန် ပြုနေကြပေသည်။´´ (၁၀း၉၂)
ထိုဖာရိုဘုရင်၏ ရုပ်အလောင်းကောင်အား ဆေးပညာဆိုင်ရာ စူးစမ်း လေ့လာစစ်ဆေးမှုများအရ၊ နောက်ထပ်သိရှိလာသည်မှာ ရုပ်အလောင်းကောင်သည် ရေထဲတွင် ကြာရှည်စွာ နစ်မြုပ်ခဲ့ခြင်း မရှိကြောင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၊ ရုပ်အလောင်းတွင် ကာလကြာရှည် ရေတွင်နစ်မြုပ်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ယိုယွင်းပျက်စီးခြင်း လက္ခဏာ တစ်စုံတစ်ရာရှိမနေခြင်းကြောင့်ပင် ဖြစ်သည်။ ဤနေရာတွင်လည်း ကုရ်အာန်ကျမ်း၏ ဖွင့်ဟရေးသားဖော်ထုတ်မှုများနှင့် ခေတ်သိပ္ပံဆိုင်ရာ လေ့လာတွေ့ရှိချက်များမှာ ထိပ်တိုက်ရင်ဆိုင်ရသော်လည်း သိပ္ပံပညာရှုထောင့်မှနေ၍ ကုရ်အာန်၏ ဖွင့်ဆိုရေးသားချက်များကို ကန့်ကွက်မှု၊ ကွဲလွဲမှု၊ ဆန့်ကျင်မှုအနည်းငယ်မျှ မပေါ်ပေါက်စေခဲ့ပါ။


သမ္မာကျမ်းဓမ္မဟောင်းအနေနှင့် အကြမ်းဖျင်းရာစုနှစ် (၉) ခု (နှစ်ပေါင်း ၉၀၀)အတွင်း ရေးသားထားတဲ့ စာပေလက်ရာများကို စုစည်းပြီး ဖွဲ့စည်းရေးသားထားတဲ့ ကျမ်းစာဖြစ်တဲ့အတွက် ထိုကာလတစ်လျှောက်လုံး များပြားလှစွာသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်းခံရပါတယ်။ ကျမ်းတော်ရဲ့ အစစ်အမှန် ရေးသားသီကုံးတဲ့ကဏ္ဍမှာ လူသားများ၏ လုပ်ဆောင်ချက်များက အတော်များပြားနေပါတယ်။ ကုရ်အာန်၏ ၀ဟီကျခြင်းမှာ သမိုင်းကြောင်းအရ သမ္မာကျမ်းစာနှင့် အလွန်အမင်းကွဲပြားခြားနားနေပါသည်။ ကုရ်အာန်ကျမ်းကျသောအချိန်တွင် ပထမဦးဆုံး ထာဝရဘုရားသခင်ထံမှ လူသား(တမန်တော် မုဟမ္မဒ်)ထံသို့ ဆက်သွယ်မှု ရောက်ရှိလာပြီး ၎င်းချမှတ်ပေးသော ၀ဟီလမ်းညွှန်ချက်ကို အလွတ်ကျက်မှတ်စေပြီး၊ တမန်တော် မုဟမ္မဒ်(صلي الله عليه و سلم) သက်တော်ရှိစဉ်ကာလအတွင်း ရေးသားမှတ်တမ်းတင်ထားခဲ့သော ကျမ်းတော်ဖြစ်ပါတယ်။ ထိုအကြောင်းကြောင့် ကုရ်အာန်ကျမ်းတွင် စစ်မှန်မှုနှင့် ပတ်သက်သော ပြဿနာတစ်စုံတစ်ရာမှ အငြင်းပွားဘွယ်မရှိပါ။


အကြိမ်အခါများစွာ မှတ်တမ်းပြုပြီးသကဲ့သို့ပင် ခေတ်သစ်သိပ္ပံပညာ ရှုထောင့်အရ လုံးဝဓမ္မဓိဋ္ဌာန်ကျသော စမ်းစစ်လေ့လာမှုများပြုရာတွင် ဤလေ့လာ တွေ့ရှိမှုများက ထိုနှစ်ခုကြားရှိ ကိုက်ညီမှုကို နားလည်၊ အသိအမှတ်ပြု စေအောင် ဦးဆောင်ခဲ့ပါတယ်။ ဤသို့နှိုင်းယှဉ်လေ့လာစမ်းစစ်မှုများမှ ကျွန်ုပ်တို့အား မှတ်ယူစေတဲ့အချက်ကတော့ မုဟမ္မဒ် (صلي الله عليه و سلم) အချိန်ကာလတုန်းက လူသားတစ်ယောက်အနေနှင့် ထိုခေတ် ထိုအချိန်ကာလ၏ အဆင့်အတန်းအရ၊ ကျမ်းတော်၏ အဆိုများကို ရေးသားပြုစုနိုင်သော စာရေးဆရာမဖြစ်နိုင်ဟူသောအချက်ပင်ဖြစ်သည်။ ဤကဲ့သို့သော အလေးအနက်စဉ်းစားမှုများဟာ ကျမ်းမြတ်ကုရ်အာန် ထုတ်ပြန် ချမှတ်ပေးခြင်းသည် သီးခြားဖြစ်သောအရာ ဖြစ်ကြောင်းထင်ရှားစေသည်။ ထို့ပြင် ဘက်မလိုက်တတ်သော သိပ္ပံပညာရှင်များအား ၎င်းင်းတို့၏ ရုပ်ပိုင်းဆိုင်ရာ  တွေးခေါ်မှုများနှင့် ရှင်းလင်းတင်ပြနိုင်စွမ်း မရှိကြောင်းကို ၀န်ခံစေရန်ဖိအားပေးသကဲ့သို့ ဖြစ်ပေသည်။
ဝဟီကျခြင်းဖြစ်စဉ်ကို မီးမောင်းထိုးပြခြင်း
နိဒါန်း


အသက်ဟူသည်—–
လူသားများ ဤကမ္ဘာပေါ်တွင် တည်ရှိခြင်းနှင့် ဤစကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းခြင်းတို့သည် သဘာဝ၏ ကံအကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာသော ရလာဒ်မဟုတ်ပေ။ ဤစကြ၀ဠာနှင့် ၎င်း၏ အဏုမြူမှုန်လေး တစ်ခုချင်းသည်၎င်း၊ မေတ္တာတရားထားသော မဟာဂရုဏာတော်ရှင်၊ အရာရာကို နိုင်နင်းလွှမ်းမိုး တော်မူသော အနန္တစွမ်းအားရှင် ဖန်ဆင်းရှင်ရှိနေကြောင်းကို ကြေငြာနေပေသည်၊ ညွှန်ပြနေပေသည်။ ဖန်ဆင်းရှင်မရှိပါက၊ မည်သည့်အရာမျှ ဖြစ်ပေါ် တည်ရှိနိုင်မည် မဟုတ်ပေ။ ၀ိဥာဉ်ရှိသော ပုဂ္ဂိုလ်တိုင်း သူ၏တည်ရှိနေခြင်းနှင့် ၎င်းတည်ရှိနေမှုသည် ဖန်ဆင်းရှင်အပေါ် မူတည်နေကြောင်း၊ ဖန်ဆင်းရှင်မရှိဘဲနှင့် သူ့ကိုယ်သူ ဖန်တီးနိုင်ခြင်း မရှိကြောင်း သေချာစွာ သိပေသည်။ ထို့ကြောင့် လူသားသည် သူ၏ အရှင်သခင် `ထာဝရဘုရားသခင် (၀ါ)၊ ဖန်ဆင်းရှင်´ကို သိအောင်ကြိုးစားဘို့တာဝန်သည် သူ၏ တာဝန်ဖြစ်သည်။


လူသားမျိုးနွယ်
လူသားသည် အခြားမည်သည့်အရာနှင့်မျှမတူသော သီးခြားအရည်အချင်းများ ပိုင်ဆိုင်သည့် ဖန်ဆင်းခံ ဖြစ်သည်။ ထာဝရဘုရားသခင်(အလ္လာဟ်)သည် သူ၏ ကိုယ်စားလှယ် (၀ါ) လက်ထောက်အဖြစ် လူသားအား ဤကမ္ဘာ မြေပေါ်တွင်ရှိသော အခြားသော ဖန်ဆင်းခံများကို လွှမ်းမိုးအုပ်စိုးဘို့ရန် အခိုင်အမာလုပ်ဆောင်ပေးသည်။ ထို့ပြင်လူသားအား ကျိုးကြောင်းဆင်ခြင်ခြင်း ပြုနိုင်သော ဆင်ခြင်ဥာဏ်ကို ယုံမှတ်အပ်နှံထားပေသည်။ ထိုဆင်ခြင်ဥာဏ်ကြောင့်ပင် လူသားသည် အခြားသော တိရစ္ဆာန်အပေါင်းနှင့် မတူ၊ တမူကွဲပြားခြားနားနေ ခြင်းဖြစ်သည်။ ပရောဖက် (မုဟမ္မဒ်(صلي الله عليه و سلم) မှ မိန့်တော်မူသည်မှာ

 -
ထာဝရဘုရားသခင် (အလ္လာဟ်) သည် ကျိုးကြောင်းဆင်ခြင်ခြင်းထက် ပို၍ ကောင်းသော ၊ ပို၍ပြည့်စုံသော ပို၍လှပသော မည်သည့်အရာကိုမျှ ဖန်ဆင်းခြင်းမပြုပါ။´´
ဤစဉ်းစားဆင်ခြင်တတ်သော ဆင်ခြင်ဥာဏ်နှင့်အတူ လူသားသည် ခွဲခြားနိုင်သော သိမြင်လာစေနိုင်သော စွမ်းအားရရှိလာသည်။ ထို့ပြင်လူသားအား လွတ်လပ်ခွင့် (လွတ်လပ်သောဆန္ဒ)ကို သူ၏ လူနေမှုဘ၀ တည်ဆောက်မှုအတွက် သူ့ဘာသာသူ ရွေးချယ်ခွင့်ကိုလည်း ပေးထားသည်။ ဤရွေးချယ်ခွင့် (၀ါ) လွတ်လပ်ခွင့်အားဖြင့် လူသားအား ထာဝရဘုရားသခင်၏ ကိုယ်စားလှယ်တော် ဟူသော အနေအထားနှင့်အညီ ပြုမူနိုင်သူ (၀ါ) အနိမ့်တကာ့ အနိမ့်ဆုံး ဖန်ဆင်းခံ၊ တိရစ္ဆာန်များအားလုံး ထက်ပိုနိမ့်ကျသောဘ၀သို့ ကျဆင်းနိုင်သူအဖြစ်သို့လည်း ကျရောက်စေနိုင်သည်။ လူသားသည် မွေးဖွားစဉ်က အရောအနှောမရှိ၊ သန့်စင်သော အပြစ်ကင်းသော အခြေအနေ၌ရှိသည်။ သို့သော် ထိုလူသားအား မှန်ကန်သော လုပ်ဆောင်ချက်များ လုပ်ဆောင်သူ (၀ါ) ဒုစရိုက်မှုများကို စိတ်အလိုလိုက်၍ လုပ်တတ်သူအဖြစ်ရောက်အောင် လွတ်လပ်စွာ ရွေးချယ်နိုင်သော စိတ်ဆန္ဒကိုလည်း ပေးထားသည်။


ထာဝရဘုရားသခင်ကပေးထားသော လမ်းညွှန်မှု
ထာဝရဘုရားသခင် (အလ္လာဟ်)သည် သူ၏ လူသားအပေါ်တွင် ထားရှိသော များပြားလှစွာသော ချစ်ခင်ခြင်းနှင့် သနားကြင်နာမှုတို့ကြောင့် ကျွန်ုပ်တို့ လူသား များအား အမှောင်ထုထဲတွင် ပစ်မထားပါ။ လူသားများအား စမ်းသပ် လုပ်ဆောင်ပြီး အမှားများတွေ့စေခြင်းဟူသော နည်းလမ်းဖြင့်သာ မှန်ကန်သောလမ်းကြောင်းကို ရှာဖွေ တွေ့ရှိစေတော်မူသည်။ လူသား၏ ဥာဏ်ပညာဆိုင်ရာ စွမ်းဆောင်နိုင်မှု၊ ကျိုးကြောင်း ဆင်ခြင်မှုတို့နှင့်အတူ၊ ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့ လူသားများအား `ထာဝရ ဘုရားသခင်ကပေးသော လမ်းညွှန်မှု´ကို ပေးလေသည်။ ဤလမ်းညွှန်မှုက လက်ရှိ လောက နှင့် နောင်တမလွန်ဘ၀များတွင် ကျွန်ုပ်တို့လူသားများ တည်ရှိနေခြင်း၏ အမှန်တရား၊ အမှန်တရားကို ဆုံးဖြတ်နိုင်သည့် စံနှုန်းနှင့် အသိပညာ၊ ဗဟုသုတများကို အတိုချုပ် လမ်းညွှန်ပေး ပေသည်။


ဝဟီကျခြင်း (၀ါ) ကျမ်းစာထုတ်ပြန်ပို့ချခြင်း
လူသားမျိုးနွယ်များ၏ အစဦးဆုံးကာလကတည်းက ထာဝရဘုရားသခင် (အလ္လာဟ်)သည် သူ၏ ၀ဟီလမ်းညွှန်ချက်များကို ပို့ဆောင်ပေးရန် (ဟောပြောပို့ချ ပေးရန်) မြောက်မြားစွာသောပရောဖက် များ(တမန်တော်များ)ကို စေလွှတ်ခဲ့ပါသည်။  ထိုပရောဖက် (တမန်တော်)များ၏တာဝန်မှာ ထာဝရဘုရားသခင်၏ ဗျာဒိတ်တော် များကို ဟောပြောပို့ချ ယုံမျှမက၊ ]] စစ်မှန်သော ငြိမ်းချမ်းရေး}} ရရှိနိုင်မည့်လမ်းသို့ ဖိတ်ခေါ်ရန်နှင့် တစ်ဆူတည်းသော ကိုးကွယ်ရာ (အလ’ာဟ်အရှင်) အား နာခံဘ၀ တည်ဆောက်ရန် လမ်းညွှန်သင်ကြားပေးရန် ဖြစ်ပါသည်။ ဤသည်မှာ အစ္စလာမ် တည်းဟူသော လမ်းစဉ်ပင်ဖြစ်သည်။ ဤသတင်းကောင်းကို လူသားမျိုးနွယ် အစဉ်အဆက်၊ အသီးသီး အသကသောမျိုးနွယ်များထံသို့ တမန်တော် (ပရော်ဖက်) အသီးသီး စေလွှတ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို တစ်ခုတည်းသော လမ်းမှန်သို့ ဖိတ်ခေါ်စေခဲ့ပါသည်။
မည်သို့ဆိုစေကာမူ အစောပိုင်းရှိ ထာဝရဘုရားသခင်၏ သတင်းကောင်းများ (၀ါ) ၀ဟီလမ်းညွှန်ချက်များ (၀ါ) ကျမ်းစာများ အားလုံးသည် နောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့သော မျိုးဆက်များကြောင့် ယိုယွင်းမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ၎င်းဖြစ်စဉ်၏ အကျိုးဆက်ရလာဒ်မှာကား ထာဝရဘုရားသခင်ထံမှ ချမှတ်ပေးသော အရောအနှောမရှိ၊ သန့်စင်သည့် `၀ဟီလမ်းညွှန်များ (၀ါ)ကောင်းကင်ကျကျမ်းစာများ´သည် ဒဏ္ဍာရီစိတ်ကူးယဉ် ပုံပြင်များ၊ အယူသည်းမှုများ၊ ရုပ်ထု၊ ရုပ်ပွားများ၊ ကိုးကွယ်ခြင်း၊ ယုတ္တိမဆန်သော တွေးခေါ်မျှော်မြင်မှုဆိုင်ရာ အယူအဆများကြောင့် ညစ်ညမ်းသွားခဲ့ ကြသည်။ ထာဝရဘုရားသခင် (အလ္လာဟ်)၏ ဘာသာတရားသည် များပြားလှသည့် ဘာသာတရားများကြားဝယ် ပျောက်ဘွယ်ခဲ့ရသည်။ လူ့သမိုင်းသည်ကား ခုနှစ်နှစ်စဉ်အလိုက် ဖြစ်ပေါ်ခဲ့သော လူသားများ၏ အလင်းနှင့် အမှောင်အကြား ဖြစ်ပေါ်ပြောင်းလဲမှုများဖြစ်ပြီး၊ ထာဝရဘုရားသခင်၏ များပြားလှစွာသော ချစ်ခြင်းကြောင့် လူသားအား အမှောင်ကမ္ဘာတွင် စွန့်လွှတ် ပစ်ပယ်ထားရစ်ခြင်း၊ အမှောင်သက်သက် လွှမ်းစေခြင်းမပြုခဲ့ချေ။


နောက်ဆုံးကျမ်းစာကျခြင်း
လူသားမျိုးနွယ်ထုတစ်ရပ်လုံးသည် အမှောင်ခေတ်တွင် အမှောင်ထုတွင်း နစ်မွန်းနေသော အချိန်ကာလ၌ ဘုရားသခင်ထံမှ နောက်ဆုံးပရော်ဖက် မုဟမ္မဒ် (صلي الله عليه و سلم) အား၊ လူသားများ၏ အပြစ်ကို ကယ်တင်ရန်အလို့ငှာ စေလွှတ်ခဲ့လေသည်။ တမန်တော် မုဟမ္မဒ်(صلي الله عليه و سلم)ထံသို့ ထုတ်ပြန်ပို့ချသော ၀ဟီလမ်းညွှန်ချက် (၀ါ) ကျမ်းမြတ်ကုရ်အာန် သည် လူသားအားလုံးအတွက် အဆုံးအစွန်ဆုံးမှန်ကန်သော နောက်ဆုံးဖြစ်သော ထာဝရမှန်ကန်သော လမ်းညွှန်ချက်ကို ကိုယ်စားပြုသည့် အရင်းအမြစ်ပင်ဖြစ်သည်။


မှန်ကန်ကြောင်းစမ်းစစ်နိုင်သည့် စံနှုန်းများ
ကုရ်အာန်ကျမ်းကဲ့သို့သော ၀ဟီလမ်းညွှန်ကျမ်းသည် ထာဝရ ဘုရားသခင်ထံမှ ချပေးသော စကားရပ်များ (၀ါ) ဗျာဒိတ်တော် အစစ်အမှန်ဖြစ်ကြောင်း ကျွန်ုပ်တို့ မည်သို့သိနိုင်မည်နည်း။ ထိုကုရ်အာန်သည် အမှန်တရား ဖြစ်ကြောင်း နားလည်နိုင်သော စံနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။


၁။ ယုတ္တိဆန်သော (၀ါ) ကျိုးကြောင်းဆင်ခြင်မှုနှင့် ပြည့်စုံသောသင်ကြားခြင်း
ဘုရားသခင် (အလ္လာဟ်)သည် လူသားအား ကျိုးကြောင်းဆင်ခြင်နိုင်သော အသိဥာဏ်နှင့် ဆင်ခြင်တုံတရားကို ပေးအပ်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသား များ၏ တာဝန်မှာ အမှားနှင့်အမှန်ခွဲခြားရန်အတွက် ထိုအသိဥာဏ်နှင့် ဆင်ခြင်တုံတရားကို အသုံးပြုရန်ဖြစ်သည်။ ထာဝရဘုရားသခင်မှ ထုတ်ပြန်ချမှတ်ပေးသော ၀ဟီ လမ်းညွှန်မှုများသည် မပျက်မယွင်း ရှိနေပါက ၎င်းတို့အား ဘက်မလိုက်သော စိတ်ဓါတ်နှင့်စဉ်းစား တွေးခေါ်ပြီး အဖြေရှာကြည့်လျှင် ကျိုးကြောင်းဆီလျော်သော ယုတ္တိဆန်သော အကြောင်းတရားများပင်ဖြစ်ရပေမည်။


၂။    ပြီးပြည့်စုံခြင်း
ထာဝရကိုးကွယ်ရာအရှင် (အလ္လာဟ်)သည် ပြီးပြည့်စုံသောအရှင်ဖြစ် သောကြောင့် ထိုအရှင့်ထံမှ ထုတ်ပြန်ပို့ချသော ၀ဟီလမ်းညွှန် (၀ါ) ကျမ်းစာသည် ပြီးပြည့်စုံသော တိကျမှန်ကန်သော အမှားအယွင်းကင်းသော ထပ်မံဖြည့်စွက်စရာ မလိုသော အမျိုးမျိုးအကွဲကွဲ အပြားပြားပြောဆိုခြင်းများမှ ကင်းသော၊ မူကွဲမရှိသော စာအုပ်မျိုး ဖြစ်ရမည်။ ယင်း၏ ဖွင့်ဟပြောဆို၊ ကြေငြာချက်များသည် ရှေ့နောက် မကိုက်ညီသော ဆန့်ကျင်သွေဖီခြင်းများမှလည်း ကင်းဝေးသင့်သည်။


၃။    ဒဏ္ဍာရီပုံပြင်လည်းမဟုတ်၊ ဘာသာရေး အယူသီးမှုများလည်းမဟုတ်
ထာဝရကိုးကွယ်ရာအရှင် (အလ္လာဟ်အရှင်)ထံမှ ထုတ်ပြန်ချမှတ်ပေးသော စစ်မှန်သည့် ကျမ်းစာသည် ထိုအရှင်မြတ်နှင့် လူသား၏ ဂုဏ်သိက္ခာကိုကျဆင်းစေမည့် စိတ်ကူးယဉ် ဒဏ္ဍာရီပုံပြင်များမှလည်းကောင်း၊ ဘာသာရေး အယူသည်းမှုများမှ သော်လည်းကောင်း ကင်းလွတ်ပေသည်။


၎။    သိပ္ပံနည်းကျကျ ဆန်းစစ်နိုင်ခြင်း
ကိုးကွယ်ရာအရှင် (အလ္လာဟ်အရှင်)သည် အားလုံးသော အသိပညာများကို ဖန်ဆင်းသည့် ဖန်ဆင်းရှင် ဖြစ်သောကြောင့် စစ်မှန်သော ကျမ်းစာ (၀ဟီလမ်းညွှန်)သည် သိပ္ပံနည်းကျသော ကျမ်းဖြစ်ရမည်။ ထို့ပြင် သိပ္ပံပညာ၏ စိန်ခေါ်မှုများကိုလည်း ခေတ်အခါတိုင်းအတွက် ကြံ့ကြံ့ခံ ခိုင်မာစွာရပ်တည်အဖြေပေးနိုင်သောကျမ်း ဖြစ်ရပေမည်။


၅။    ကြိုတင်ဟောကိန်းထုတ်ခြင်း
ဘုရားသခင် (အလ္လာဟ်)သည် အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်ကာလကို (အကြွင်းမဲ့) သိမြင်တော်မူသော အရှင်မြတ် ဖြစ်သည်။ ထို့ကြောင့် ထိုအရှင်မြတ်၏ ၀ဟီလမ်းညွှန်(၀ါ) ကျမ်းစာတွင် ၎င်းင်းက ကြိုတင်ဟောကိန်းထုတ်ထားသည့် ဗျာဒိတ်တော်များနှင့် ပြည့်စုံနေပေမည်။


၆။    လူသား၏ ယှဉ်ပြိုင်နိုင်ခြင်းမှ ကင်းလွတ်ခြင်း
တုနှိုင်းမဲ့ကိုးကွယ်ရာအရှင် (အလ္လာဟ်အရှင်)ထံမှ ထုတ်ပြန်ချမှတ်သော စစ်မှန်သည့် ၀ဟီလမ်းညွှန်ချက်သည် (၀ါ) ကျမ်းစာသည် ဘယ်သောအခါမှ မမှားနိုင်သော၊ အစဉ်အမြဲမှန်ကန်နေသောကျမ်း ဖြစ်သည်။ ကျမ်းကို လူသားက အတုယူ ပြုလုပ်ခြင်း၊ ရေးသားခြင်းကို မပြုနိုင်ချေ။ ဘုရားသခင်၏ ၀ဟီ လမ်းညွှန်ချက်သည်  ရှင်သန်နေသော ထူးဆန်း အံ့ဘွယ်ရာများဖြစ်ပြီး ထို ထူးဆန်းအံ့ဘွယ်ရာများကို သိမြင်စေရန် အလို့ငှာ ၎င်းတို့ဘာသာ သက်သေပြုနေသော လူသားအားလုံးအတွက် စူးစမ်းလေ့လာ ဆန်းစစ်ကြရန် လမ်းဖွင့်ပေးထားသောစာအုပ်လည်း ဖြစ်ပေသည်။

ဒေါက်တာလှလှဝင်းရဲ့စာမျက်နှာ

No comments:

Post a Comment

Note: only a member of this blog may post a comment.