အစ္စလာမ် နှင့် ကုရ်အာန်သည် ခေတ်စံနစ်၏နောက်တွင်
ကျန်ရစ်နေခဲ့ပါသလော ? ( ၁ )
*************************************
ခေတ်ကာလများနှင့် သဟဇာတ ?
------------------------------------
အစ္စလာမ့်ဥပဒေဆိုင်ရာ ကုရ်အာန့်စည်းမျဉ်းများအရ လူထုကောင်းကျိုးဆိုသည်မှာ
အသက်ဘဝ၊ သာသနာ၊ ဂုဏ်သိက္ခာ၊ မိသားစု၊ ပိုင်ဆိုင်မှု နှင့် အသိဥာဏ်အား
ထိန်းသိမ်းစောင့်ရှောက်ခြင်း မည်ပေသည်။ ယင်းဥပဒေ၏ပင်ကိုယ်သဘော၌
အပြောင်းအလဲဟူသည်မရှိ၊ သို့သော် လူထုကောင်းကျိုးဖြစ်ထွန်းရေးအတွက်ဆိုလျှင်မူ
စည်းမျဉ်းအချို့မှာ ခြွင်းချက်ရှိ၏။ တဖန် မည်သည့်အရာပင်ဖြစ်စေ
အစ္စလာမ့်ဥပဒေ၏ အနှစ်သာရနှင့်သော်လည်းကောင်း၊
ပွင့်လင်းထင်ရှားစွာတားမြစ်ပိတ်ပင်ချက် (ဟရာမ်)နှင့်သော်လည်းကောင်း ဆန့်ကျင်မှုမရှိလျှင် အစ္စလာမ့်ဥပဒေလမ်းကြောင်း (ယှရီအဟ်)က ပြုလုပ်ခွင့် (မုဗာဟ်)ကို ပေးအပ်ထားသည်။
သိပ္ပံဘာသာရပ်
----------------
အာကာသကောင်းကင်လွှာများ နှင့် မြေပထဝီ၌ ဖန်ဆင်းရှင်၏ဖန်ဆင်းချက်ကိုလေ့လာပြီး
လေးနက် စွာစဉ်းစားဆင်ခြင်ကြသူများကို ကျမ်းမြတ်ကုရ်အာန်က နိသမ္မဥာဏ်ရှင်
အဖြစ် အထူးအလေးထားဖော်ပြထား၏ (၃း၁၉၁)။ စဉ်းစားတွေးခေါ်မှုအားဖြင့်
ဖန်ဆင်းရှင်ကိုသိရှိလာအောင် လူသားတို့အပေါ် မပြတ်ဖိတ်ခေါ်ချက်က နက္ခတ်ဗေဒပညာ
(နက္ခတ္တဗေဒ မဟုတ်)ကို နက်နက်ရှိုင်းရှိုင်း လေ့လာလိုက်စားခြင်းဖြစ်ပေါ်လာစေခဲ့ပါသည်။ အကယ်၍သာ မုစ်လင်မ်လောကသည် ယင်းသို့အခြေအနေမျိုး ထပ်မံတက်လှမ်းနိုင်ခဲ့သော် ဤဖိတ်ခေါ်ချက်သည် အာကာသစူးစမ်းလေ့လာရေးဘာသာရပ်ကို အကျိုးထူးအကျိုးသစ်များဖြင့် ဆက်လက်မြှင့်တင်ပေးဦးမည်ဖြစ်သည်။
အလားတူစွာပင် ကုရ်အာန်က လူတို့အား မိမိကိုယ်အတွင်းကို စဉ်းစားသုံးသပ်ရန်၊
သုတ်သွေးရည်တစ်စက်မှသည် လူသားပုံ အဆင့်ဆင့်ပေါ်လာရသည့် မိမိမူလပကတိ အစကို
လေးနက်စွာဆင်ခြင်ရန် တွန်းအားပေးထားသည် (၂၂း၅ ၊ ၃ဝး၈)။
ဤသို့သောပါဒတော်များ၏ အမြင်ဖွင့်ပေးမှုကြောင့် မုစ်လင်မ်တို့သည် ဇီဝဗေဒ
နှင့် ဆေးသိပ္ပံပညာ၌ ပိုမိုတိုးတက်အောင် စူးစမ်းရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပေသည်။
သို့ရာတွင် ဤသိပ္ပံကြိုးပမ်းချက်များက အသက်ဘဝကိုထိန်းသိမ်းစောင့်ရှောက်ခြင်း ကဲ့သို့သော ဗျာဒိတ်တော်လာဥပဒေသ၏ဘောင်အပြင်ဖက်သို့ ကျွံထွက်မသွားရပါ။ သိပ္ပံဆိုင်ရာကြိုးပမ်းချက် နှင့် ကိုယ်ကျင့်ဥပဒေ နှစ်ရပ်ကို အကောင်းဆုံးပေါင်းစည်းပေးနိုင်လျှင်ကား (ဆေးပညာလောက၏ဥပမာအရ အသက်ကယ်တင်ခြင်း ဟူသော) ကောင်းကျိုးကျေးဇူး ထွက်ပေါ်လာစမြဲ ဖြစ်ပါ၏။
မုစ်လင်မ်တို့သည် စာရိတ္တ နှင့် သိပ္ပံကောင်းကျိုးတို့ကို မြှင့်တင်ပေးသော
အတွေးအမြင် နှင့် တီထွင်မှုများ ဖော်ထုတ်ရန် တာဝန်ရှိကြ၏။ ဤအယူအဆအား
ရှေးဦးမုစ်လင်တို့မှ ကောင်းစွာသိနားလည်ခဲ့ကြကုန်၏။
ကမ္ဘ္ဘ့သမိုင်း၏အကြီးမားဆုံးတီထွင်မှုအချို့ကို
မုစ်လင်မ်တို့မှ ဆောင်ရွက်ခဲ့ကြကြောင်း တွေ့နိုင်၏။ ဥပမာ - တရုတ်
မုစ်လင်မ်တို့သည် စက္ကူလုပ်ငန်းကို စတင်ဖော်ဆောင်ခဲ့ကြ၏။ တဖန်
မုစ်လင်မ့်လူ့ဘောင်သည် သိပ္ပံနယ်ပယ်၌လည်း ဦးဆောင်ခဲ့ကြ၏။ အထူးသဖြင့် ဆေးပညာ၊
နက္ခတ်ဗေဒ (အာကာသလေ့လာရေးပညာ) နှင့် သင်္ချာပညာရပ်၌ ဖြစ်ကြ၏။ ဥပမာ -
အလ်ရာဇီ၏ ဝက်သက်ရောဂါ နှင့် ရေကျောက်ရောဂါကုထုံး၊
နက္ခတ်တာရာကြည့်မှန်ပြောင်း တီထွင်မှု၊ အလ်ခဝါရိဇ်မီ၏ အက္ခရာသင်္ချာပညာ (သူ့အား
အက္ခရာသင်္ချာပညာ၏ဖခင်အဖြစ်သတ်မှတ်ထားကြ၏)။
ဝိဇ္ဇာ နှင့် အနုပညာ ဘာသာရပ်
-------------------------------
အိဟ်စာန်၏အယူအဆကို ဖန်ဆင်းရှင်နှင့်တင့်တယ်စွာဆက်ဆံမှုဟု
ဖွင့်ဆိုကြ၏။ အိဟ်စာန်သည် ဟုစ်န် ဟူသော စကားလုံးမှဆင်းသက်လာသည်။ ဟုစ်န်သည်
ကောင်းမြတ်ခြင်း နှင့် တင့်တယ်မှုကို ဆိုလိုသည်။
အိဟ်စာန်ပြုကျင့်လေ့ရှိသူအား မုဟ်စင်းန် ဟုခေါ်ဆိုပြီး
တင့်တယ်လှပအောင်ဖန်တီးသူ (တစ်နည်း) လောကကို ကောင်းကျိုးဆောင်သူ (တစ်နည်း)
ကုသိုလ်တရားပွားများသူဟု အဓိပ္ပါယ်ရ၏။ ကုရ်အာန်မှ ဤသို့ ဆိုထားပါသည်။
မုချဧကန် အလ္လာဟ်အရှင်မြတ်သည် လောကကောင်းကျိုးဆောင်သူ (ကုသိုလ်တရားပွားများသူ)ကို ချစ်ခင် နှစ်သက်တော်မူ၏။ ကုရ်အာန် ( ၂း၁၉၅ )
မုဟ်စင်းန် ဟူသည် လုပ်ရပ်ကောင်းများဖြင့် လောကကိုအလှဆင်သူ၊ ၄င်းပြင်
လူ့အဖွဲ့အစည်းရှိ အကျည်းတန်ကိုယ်ကျင့်စာဂ မှန်သမျှကို
ဆန့်ကျင်အားထုတ်သူဖြစ်၏။ ကမ္ဘာမြေပ်ါဝယ် ဗျာဒိတ်ကျင့်ဝတ်များနှင့်တစ်ကွ
ကြံ့ကြံ့ခံ၍ လှပတင့်တယ်စေသူဟု ဆိုရပေမည်။ ကုရ်အာန်က လူသားတို့အား
အချိန်နေရာမရွေး
''ဂုဏ်ကျက်သရေဝတ်စုံ'' ကို ဆင်မြန်းကြရန်တိုက်တွန်းထားသည် (၇း၃၁)။
တမန်တော် မုဟမ္မဒ် (ဆွ)က မိမိ၏သာဝကတော်များကို ဤသို့ သင်ကြားပေးတော်မူခဲ့၏။
“ အလ္လာဟ်အရှင်မြတ်သည် လှပတင့်တယ်ကျက်သရေအပေါင်းနှင့် ပြည့်စုံတော်မူ၏။ ၄င်းပြင် ထိုအရှင်မြတ်သည် ကျက်သရေမင်္ဂလာရှိစေခြင်း/လှပတင့်တယ်စေခြင်းကို တွေ့မြင်လိုတော်မူ၏ ''
အစ္စလာမ့်ယဉ်ကျေးမှု၏ ထင်ရှားသောကဏ္ဍအဖြစ် အနုပညာထွန်းကားမှုကို လက်ရေးအတတ်ပညာ
နှင့် ဗိသုကာအတတ်ပညာ၌ ယနေ့ထက်တိုင် ခမ်းနားစွာတွေ့မြင်နိုင်ပေသည်။
မုစ်လင်မ်ကမ္ဘာအတွင်း ရောက်ရာနေရာတွင် အနုသုခုမလက်ရာများကို
တွေ့မြင်ရပါလိမ့်မည်။ အထူးသဖြင့် တူရကီ၊ စပိန်၊ အီဂျစ်၊ ဆီးရီးယား နှင့်
မော်ရိုကိုနိုင်ငံများ၌ ဖြစ်ကြ၏။
သို့သော် သာသနာအား သန့်ရှင်းစေရန် နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှါ လူသား၊ တိရစ္ဆာန်၊ ရုပ်ပွားဆင်းတုများကို ရေးဆွဲ/ထုဆစ်ခြင်းကိုမူ
ရှေးမဆွကပင် တားမြစ်ထားပါသည် (၁၄း၃၅)။ ဤတားမြစ်ချက်သည် မုစ်လင်မ်တို့အား “
ယုံကြည်ချက်အဆိပ်သင့်မှု ” လမ်းကြောင်းထဲသို့ လမ်းချော်ဝင်ရောက်မသွားစေရန်
တင်ကြို ရှောင်ရှားစေခြင်းဖြစ်၏။ အလှဆင်မှုကို ကုရ်အာန်က အားပေးထားသော်လည်း
အလွန်အကျွံဖြုန်းတီးခြင်းမပြုရန် သတိပေးချက်ရှိနေသည် (၇း၃၁)။
လူမှုရေးမျှတမှုကို လျစ်လျူရှုပြီး အဆောက်အဦခမ်းနားအောင်ပြုရေးး၌နစ်မွန်းနေခြင်း
(နွမ်းပါးသူများအား သိမ်ငယ်သထက်သိမ်ငယ်အောင် ပြုလုပ်ခြင်း) ကိုလည်း
ရှုတ်ချထား၏။ အကြောင်းမှာ ယင်းသို့ပြုမူလေ့ရှိသည့်
အတိတ်ကာလလူ့ယဉ်ကျေးမှုများမှာ ပျက်စီးခြင်းသို့
မရှုမလှဆိုက်ရောက်ခဲ့သောကြောင့် ဖြစ်လေသည် (၈၉း၇)။
လူ့အခွင့်အရေးများ
-------------------
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးကို ဖန်တီးခြင်းနှင့်အတူ
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာချက်လည်း ထွက်ပေါ်လာခဲ့၏။
စင်စစ်မှာတော့ ယင်းဥပဒေအများစုမှာ ကုရ်အာန်(၄း၁) နှင့် စွန္နဟ်၌
ရှိနှင့်ပြီးဖြစ်၏။ သို့ဖြစ်ရာ အစ္စလာမ်သာသနာက
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးများကို
လွန်ခဲ့သောနှစ်ပေါင်း ၁၄ဝဝ ကျော်ကပင် ချပြထားခဲ့သည်ဟု မုစ်လင်မ်တို့မှ
ဆိုကြခြင်းဖြစ်သည်။ တမန်တော်မြတ် မုဟမ္မဒ် (ဆွ)၏ (ဟဂ်ျခရီးစဉ်မှ)
နှုတ်ဆက်မိန့်ခွန်းတော်၌ လူမှုရေးသာတူညီမျှမှု၊ စီးပွားရေးဆိုင်ရာအခွင့်အရေး၊
အမျိုးသမီးအခွင့်အရေး၊ လူမျိုးခွဲခြားမှုပပျောက်ရေး နှင့်
လူသားတိုင်းတန်းတူအခွင့်အရေးရရှိရေး စသည်များကို ထင်ရှားစွာ တွေ့ကြရပေမည်။
ယနေ့ကာလ၏လူ့အခွင့်အရေးလှုပ်ရှားမှုများ၌
ရံဖန်ရံခါ လျစ်လျူရှုခံရသော အကြောင်းနှစ်ရပ်ကိုလည်း ကုရ်အာန်က တင်ပြထား၏။
၎င်းတို့မှာ မိသားစုဘဝကိုတန်ဖိုးထားခြင်း နှင့်
ဂုဏ်သိက္ခာကိုတန်ဖိုးထားခြင်း ဖြစ်လေသည်။
တရားဝင်ထိမ်းမြားမှုမရှိသော လိင်ဆက်ဆံမှုများကို ကုရ်အာန်က
ရှုတ်ချထားသည့်အပြင် ပြစ်ဒဏ်လည်းပေးစေ၏ (၂၄း၂ ၊ ၂၅း၆၈)။ ၄င်းမှာ
မျိုးနွယ်နှင့်မိသားစုနှောင်ကြိုးကို ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှါ ဖြစ်သည်။ မိသားစုအားထိန်းသိမ်းစောင့်ရှောက်ခြင်းသည်
ကုရ်အာန်ရှုထောင့်၌ လူ့အခွင့်အရေးတစ်ရပ်အဖြစ် အဆင့်ဝင်နေပါသည် (၄း၁)။
ထိုအခွင့်အရေးအား ကလေးသူငယ်တိုင်းမှ ရရှိခံစားအပ်သလို
ကြံ့ခိုင်သောလူ့အဖွဲ့အစည်း မှန်သမျှမှ ကောင်းစွာထိန်းသိမ်းရန်လိုအပ်ပေသည်။ လက်ရှိအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးများတွင် မိသားစုထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍ မပါဝင်ချေ။
အစ္စလာမ်သာသနာ၌ ဂုဏ်သိက္ခာသည် လူ့အခွင့်အရေး၏အခြေခံဖြစ်သောကြောင့်
ကုရ်အာန်က တန်ဖိုးထားထိန်းသိမ်းစေသည် (၁၇း၇ဝ)။ လူတို့၏ဂုဏ်သိက္ခာအား
အလေးမထားကရုမစိုက်ခြင်း သို့မဟုတ် သိက္ခာချခြင်းတို့သည် လူ့အဖွဲ့အစည်းအတွင်း
တစ်ဖက်စောင်းနင်းဆက်ဆံရေးများ တစ်သီတစ်တန်းကြီး ပေါ်ပေါက်လာလေ့ရှိသည်။
အစ္စလာမ့်ဥပဒေက သွားပုပ်လေလွင့်ပြောဆိုမှု/အသရေဖျက်ခြင်းမှလည်းကောင်း၊ သက်သေအထောက်အထားမဲ့ စွပ်စွဲပုတ်ခတ်ခြင်းမှလည်းကောင်း၊ အမည်ပြောင်ပေးခြင်း/နှိမ့်ချချိုးနှိမ်ခြင်းမှလည်းကောင်း၊ အတွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမှလည်းကောင်း၊ စပ်စုထောက်လှမ်းခြင်းမှလည်းကောင်း လူသားတို့အား အကာအကွယ်ပေးရန် အပြင်းစား ကြိုးပမ်းထားသည်ကို မျက်ဝါးထင်ထင်တွေ့နိုင်ပါသည် (၂၄း၎ ၊ ၂၄း၂၇-၂၈ ၊ ၄၉း၁၁-၁၂ ၊ ၁ဝ၄း၁)။
** လူ့အဖွဲ့အစည်းတစ်ခု၌ ဤဖော်ပြချက်များ ကြီးစိုးလွှမ်းမိုးမင်းမူလာပြီဆိုလျှင် နာမ်ပိုင်းဆိုင်ရာ /စိတ်ဓါတ် အနိမ့်ကျဆုံးအဆင့်သို့ ရောက်ရှိသွားခြင်းပင်ဖြစ်သည် **
အလားတူစွာပင် ဗျာဒိတ်ဥပဒေကို ချိုးဖောက်စော်ကားသူတို့အား
ထိထိရောက်ရောက်ပြစ်ဒဏ်ပေးရန် ကုရ်အာန်က ခေတ်သစ်ဥပဒေများထက်ပင် ပြင်းထန်စွာ
ဆိုထားသည်။ ဤဥပဒေအားဖြင့် လူ့အဖွဲ့အစည်းဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုကို
တားဆီးထားခြင်းဖြစ်သည်။
ယနေ့မုစ်လင်မ်တို့ထံတွင် ကြီးစွာသော စိန်ခေါ်ချက်တစ်ရပ်ကြုံတွေ့နေရသည်။ ၄င်းမှာ အစ္စလာမ့် ဥပဒေပါရဂူများက ၄င်းတို့ခေတ်အခြေအနေအလျောက် ထုတ်ဖော်တင်ပြထားခဲ့သော လူ့အခွင့်အရေးဆိုင်ရာဥပဒေများအား ပြန်လည်တည်ဆောက်အကောင်အထည်ဖော်ရန် မစွမ်းနိုင်ကြခြင်းပင် ဖြစ်တော့သည်။
ဥပမာပေးရပါလျှင် - အမွေခံခြင်းဥပဒေ၌ အမျိုးသမီးသည် အမျိုးသားဝေစု၏ထက်ဝက်သာရခြင်းမှာ
အဘယ်ကြောင့်နည်းဟု အချို့မုစ်လင်မ်တို့က မေးမြန်းလာကြသည်။ ယင်းဥပဒေအား
လက်ရှိခေတ်၌လည်း အသုံးပြုနေဆဲဖြစ်သည်။ ခေတ်သစ်အမျိုးသမီးအချို့မှာ
အတိတ်ခေတ်ကာလအမျိုးသားတို့၏ကဏ္ဍအတိုင်း
မိသားစု၏အိမ်ထောင်ဦးစီးနေရာ၌ ရောက်နေကြကုန်၏။ ဤအနေအထားက
ယနေ့ခေတ်ဥပဒေပညာရှင်များအတွက် အောက်ပါမေးခွန်းကို ဖြေဆိုပေးရန်
တွန်းအားပေးလျက်ရှိပေသည်။
'' အမွေခံဥပဒေများသည် မိသားစုစံနစ်၌ တရားမျှတမှုကိုဖော်ဆောင်ပေးသည်ဟုဆိုလျှင် မိသားစုတာဝန်ကိုထမ်းဆောင်နေရသော အမျိုးသမီးတို့အဖို့ အမျိုးသားထက်မပိုလျှင်သော်မှ တန်းတူဝေစု မရသင့်ပါသလော ''
ခေတ်သစ်ဋီကာရှင်များက ရသင့်ကြောင်း ပြောကြပေမည်။ အကြောင်းသော် ယင်းဥပဒေ၏
အနှစ်သာရနှင့်ရည်ရွယ်ချက်က မိသားစုဆိုင်ရာတရားမျှတမှုကို
ထိန်းသိမ်းဖော်ဆောင်ရန်ဖြစ်ခြင်းကြောင့်ပင်။
သို့ရာတွင် (ရှေးကျမ်းကိုင်) ဋီကာရှင်များကမူ ငြင်းဆိုကြပါလိမ့်မည်။
အကြောင်းမှာ ကုရ်အာန်က လူ့ဘဝနှင့်လူ့အဖွဲ့အစည်း အတွက်
ပြီးပြည့်စုံသောစံပြစံနစ်ကို ချမှတ်ပေးအပ်ထားပြီးဖြစ်ခြင်းကြောင့်ပင်။
၎င်းပြင် ခေတ်သစ်လူ့အဖွဲ့အစည်းအဖို့ ကုရ်အာန့်ဥပဒေကို
ပြင်ဆင်တည်ဆောက်ကြမည့်အစား ကုရ်အာန့်ဥပဒေအပေါ်အခြေပြု၍
လူ့အဖွဲ့အစည်းကသာလျှင် ပြင်ဆင်တည်ဆောက်အပ်သည်ဟု ဆိုကြပေသည်။
ဤသို့သောမေးခွန်းမျိုးအပေါ် ယနေ့ခေတ်၏ဥပဒေပညာရှင်များအကြား ပွင့်လင်းစွာ
ဆွေးနွေး အဖြေရှာသင့်ပြီဖြစ်၏။ သို့ရာတွင် လိုအပ်ချက်နှင့်ပြဿနာမှာ
အဆမတန်များပြားလာသော်လည်း နှီးနှော ဆွေးနွေးအဖြေရှာခြင်းက မရှိသလောက်သာ
ဖြစ်နေပေသည်။
No comments:
Post a Comment
Note: only a member of this blog may post a comment.