skip to main |
skip to sidebar
ဝိဥာဏ အင်အားဖြည့် စာစုများ ၁၆ မှ ၁၈
ဝိဥာဏ အင်အားဖြည့် စာစုများ (၁၆)
ယုံကြည်သက်ဝင်မှု၏စံနှုန်း (သို့) စကားကြီးခြောက်ခွန်း
*****************************************
အဗူ ဟုရိုင်ရဟ် (အသျှင့်နှစ်မြို့မှုကိုခံစားရစေသောဝ်)
မှ ဆင့်ပြန်တင်ပြခဲ့၏။ တမန်တော် မုဟမ္မဒ် ( ငြိမ်းချမ်းသာယာမှု နှင့်
မင်္ဂလာအဖြာဖြာသက်ရောက်ပါစေသား) မှ လူသားတို့အတွက်
ကယ်တင်လွတ်မြောက်ခြင်းကိုခံရစေသော ဂုဏ်အင် သုံးရပ် နှင့် ပျက်စီးစေသောအကြောင်းသုံးရပ်အား ဤသို့ မိန့်ကြားတော်မူခဲ့၏။
“ ကယ်တင်လွတ်မြောက်ခြင်းကိုခံရစေသော ဂုဏ်အင် သုံးသွယ်ကား -
အများရှေ့မှောက်၌ဖြစ်စေ တစ်ကိုယ်တည်းရှိခိုက်ဖြစ်စေ ဖန်ဆင်းရှင်အပေါ် အကြောက်တရားထားရှိနေခြင်း၊
အေးချမ်းစဉ် နှင့် ဒေါသအမျက်ထွက်စဉ် အခြေအနေနှစ်ရပ်လုံး၌ ဖြောင့်မတ်မှန်ကန်ခြင်း၊
ဆင်းရဲနိမ့်ပါးစဉ်ဖြစ်စေ ချမ်းသာကြွယ်ဝချိန်ဖြစ်စေ အလယ်အလတ်မျှမျှတတနေထိုင်ခြင်း တို့ဖြစ်သည်။
ပျက်စီးစေရာအကြောင်းသုံးရပ်သည်ကား -
မိမိ၏အာသာဆန္ဒနောက်ကိုသာ လိုက်စားခြင်း၊
လောဘ၌ ငြိတွယ်ခြင်း၊
မိမိကိုယ်ကို အထင်ကြီး အောက်ခြေလွတ်ခြင်း တို့ဖြစ်သည်။ ၄င်းတို့အနက် အဆိုးဝါးဆုံးမှာ နောက်ဆုံးအချက်တည်း ”။
( ဗိုင်ဟကီ ကျမ်း)
ဤစကားကြီးခြောက်ခွန်းမှာ ယုံကြည်သက်ဝင်မှု၏စံနှုန်းစစ်စစ်များ ဖြစ်၏။ ဖန်ဆင်းရှင်အား အမှန်တကယ်သက်ဝင်ယုံကြည်သူသည် မိမိအပေါ် ဖန်ဆင်းရှင်မှ အခါမလပ် စောင့်ကြပ်ကြည့်ရှုနေတော်မူကြောင်း
နှလုံးသွင်းထား၏။ ထို့ကြောင့် သူ့အဖို့ အများရှေ့မှောက်၌ဖြစ်စေ၊
ထီးတည်းရှိသောအခြေအနေ၌ဖြစ်စေ ထူးမခြားနားပင်။ အကြောင်းမှာ ဖန်ဆင်းရှင်သည်သာ
သူ့ဘ၀၏ အခရာဖြစ်သောကြောင့်ပင်။ သူ့အတွက်အရေးအကြီးဆုံးကား
ဖန်ဆင်းရှင်၏အမိန့်ပညတ်များကို လိုက်နာရန်မှအပ အခြားမရှိ။ သို့ဖြစ်ရာ သူသည်
အေးချမ်းစဉ်ဖြစ်စေ အမျက်ထွက်နေစဉ်ဖြစ်စေ ဖန်ဆင်းရှင်၏ညွှန်ကြားချက်အောက်တွင်
ခိုင်မာစွာ ရပ်တည်၏။ ဆင်းရဲ ချမ်းသာသည် သူ့အတွက် ဘာမျှထူးခြားမသွား၊
အဘယ်ကြောင့်ဆိုသော် သူနှင့်ဖန်ဆင်းရှင်၏ ပတ်သက်ဆက်နွှယ်မှုသည် ထိုအရာများအပေါ်
အခြေမခံသောကြောင့်ဖြစ်၏။
ဤသို့သောလူစားမှာ မိမိသည် အဆုံးတစ်နေ့ဝယ် ဖန်ဆင်းရှင်နှင့်တွေ့ဆုံရမည့်အဖြစ်ကို ထာဝစဉ် သတိရှိနေပေသည်။ ဤအသိတရားက လောကီရေးတွယ်တာမှုနှောင်ကြိုးကို
ဖယ်ရှား၍ မိမိ၏အာသာဆန္ဒများမှ ရုန်းထွက်စေသည်။ ဆန္ဒ နှင့်
အတူတွဲလျက်ရှိနေသည့် လောဘကိုလည်း ထွက်ခွာသွားစေသည်။
တောင်တန်းကြီးတစ်ခုရှေ့တွင် တွားသွားနေရသော ပုရွက်ဆိတ်က မိမိ၏အရွယ်အစားအပေါ်
မာနတံခွန်ထူခြင်းသည် မိမိဖာသာလှည့်စားချက်သက်သက်သာဖြစ်၏။ ထို့ကြောင့် သူက ကြီးကျယ်မြင့်မြတ်ခြင်းကို ထိုသဘောအတိုင်းသာခံယူ၏။ ဖန်ဆင်းရှင်သည်သာ အကြီးကျယ်ဆုံးနှင့်အမြင့်မြတ်ဆုံးဟု
ခံယူမှသာ ဖန်ဆင်းရှင်အား သက်ဝင်ယုံကြည်ခြင်း မည်ပေသည်။ သို့ရှိရာ
ဤအချက်ကို အမှန်မြင်သွားသူအဖို့ မိမိကိုယ်ကို အထင်ကြီးအောက်ခြေလွတ်လျက်
ထင်တစ်လုံးဖြင့် မွေ့လျော်ပျော်ပိုက်စရာ အကြောင်းမရှိတော့ပါလေ။
ဝိဥာဏ အင်အားဖြည့် စာစုများ (၁၇)
လိုရာဆွဲ အတွေးအမြင်
*****************
အဗ်ဒုလ္လာဟ် အိဗ်နု စလာမ်သည် မဒီနဟ်မြို့ရှိ ဗနီ ကိုင်နုအဟ်မျိုးနွယ်စုမှ
ဂျူးအမျိုးသားပညာရှင်တစ်ဦး ဖြစ်သည်။ တမန်တော် မုဟမ္မဒ် ( ငြိမ်းချမ်းသာယာမှု
နှင့် မင်္ဂလာအဖြာဖြာသက်ရောက်ပါစေသား) သည် မက္ကဟ်မြို့၌ရှိခဲ့စဉ်က သူသည်
နှုတ်ဆိတ်နေခဲ့သော်လည်း ကိုယ်တော်မှ မဒီနဟ်သို့ပြောင်းရွှေ့အခြေချကြွမြန်းလာသည်ကိုကြားလျှင် လာရောက်တွေ့ဆုံခဲ့၏။ ထိုအခါ ကိုယ်တော်သည် ဂျူးအယူဝါဒကျမ်းဂန်များမှ နိမိတ်ဗျာဒိတ်ပြုထားသည့်အတိုင်း ဖန်ဆင်းရှင်၏တမန်တော်ဖြစ်ပြီး ဂျူးအမျိုးသားထုတို့မှ စောင့်ဆိုင်းမျှော်လင့်နေသူဖြစ်ကြောင်း သိရှိနားလည်သွားကာ သက်ဝင်လက်ခံလိုက်လေ၏။
တမန်တော်မြတ်သည် အဗ်ဒုလ္လာဟ် အိဗ်နု စလာမ်အား သီးခြားအခန်းတစ်ခုတွင်
ထိုင်နေစေပြီး ဂျူးအမျိုးသားတို့အား အခေါ်လွှတ်တော်မူ၏။ ၄င်းတို့ရောက်လတ်သော်
အဗ်ဒုလ္လာဟ် အိဗ်နု စလာမ်သည် မည်သို့သောလူစားမျိုးဖြစ်ကြောင်း
ကိုယ်တော်မြတ်က ၄င်းတို့အား မေးမြန်းလေ၏။ ၄င်းတို့က ထိုသူသည်
မိမိတို့၏ခေါင်းဆောင်၊ မိမိတို့ခေါင်းဆောင်၏သား၊ တကယ့်သူတော်ကောင်း နှင့်
မိမိတို့အနက် ပညာအရှိဆုံးပုဂ္ဂိုလ်ဟု ဖြေကြားကြကုန်၏။ အဗ်ဒုလ္လာဟ် အိဗ်နု
စလာမ်သည် နံဘေးကပ်လျက်အခန်းထဲထိုင်နေခြင်းကို ၄င်းတို့မှ မသိရှိကြချေ။ ဤတွင် သူသည် ၄င်းတို့ရှေ့မှောက်သို့ထွက်လာပြီး မုဟမ္မဒ်သည် တမန်တော်စင်စစ်ဖြစ်ကြောင်း လက်ခံကြရန် တိုက်တွန်းလေ၏။
“ သူကား ဖန်ဆင်းရှင်၏တမန်တော်ဧကန်စင်စစ်ဖြစ်သည်ကို အသင်တို့ မုချသိရှိကြ၏။ Torah သောင်ရားဟ်ကျမ်းဂန် အတွင်းတွင်လည်း သူနှင့်စပ်လျဉ်းသောဖော်ပြချက်များကို
အသင်တို့ တွေ့ပြီးဖြစ်ကြ၏။ သူသည် ဖန်ဆင်းရှင်၏ စေတမန်တော်ဖြစ်ကြောင်း
ကျွန်ုပ်မှ သက်သေခံထွက်ဆိုပါ၏။ ၄င်းပြင် ကျွန်ုပ်သည်
သူ့အားယုံကြည်ကြောင်းကိုလည်း အများသိစေအပ်ပါ၏။ သူ့ဖြစ်စဉ်ကို ကျွန်ုပ်မှ
အသိအမှတ်ပြုလက်ခံပါ၏။ သို့သာမက သူ့အဆုံးအမများမှာ သစ္စာတရားပင်ဖြစ်ကြောင်း
ကျွန်ုပ်သည် ထပ်ဆင့်အတည်ပြုပါ၏ ” ဟု ဆိုလေသည်။
အဗ်ဒုလ္လာဟ်
အိဗ်နု စလာမ်မှ အစ္စလာမ်ကိုလက်ခံလိုက်ကြောင်း ကြေငြာသည်နှင့်
သူ့အပေါ်ထားရှိသော ဂျူးအမျိုးသားတို့၏သဘောထားမှာ ခက်ထန်ခြင်းဖက်သို့
ချက်ခြင်းပြောင်းလဲသွားပါသည်။ ၄င်းတို့သည် သူ့အား လှိုက်လှဲလွန်ကဲစွာ
ချီးမွှမ်းခန်းဖွင့်နေခဲ့သော်လည်း
ယခု၌မူ လူလိမ်လူညာဟု စွပ်စွဲသမုတ်ပါတော့သည်။ မည်သို့ဆိုစေ အဗ်ဒုလ္လာဟ်
အိဗ်နု စလာမ်နောက်သို့ ဖ၀ါးခြေထပ်လိုက်ကုန်ကြသော ဂျူးအချို့ကတော့
မုစ်လင်မ်များဖြစ်လာကြ၏။
တမန်တော့်ထေရုပ္ပတ္ထိတော်အား
ပြုစုခဲ့သူ အိဗ်နု အစ္စဟာ့က်၏အဆိုအရ - မုစ်လင်မ်ဖြစ်လာသောဂျူးတို့ကို အခြား
ဂျူးအမျိုးသားတို့က မိမိတို့အသိုင်းအ၀ိုင်း၏အောက်တန်းစားများ
ဟူ၍ပင် ခေါ်ဆိုလေ့ရှိခဲ့ကြ၏။ တဖန် ယင်း (စွပ်စွဲသူ) ဂျူးများက
သိက္ခာကင်းမဲ့သွားသောအခါ “ မိမိတို့သည် ဘိုးဘေးတို့၏ မိရိုးဖလာသာသနာကို
မည်သည့်အခါမှ မစွန့်လွှတ်နိုင်၊ အခြားဘာသာတရားကိုလည်း အလျဉ်းလက်ခံလိမ့်မည်
မဟုတ် ” ဟု ဆိုတတ်ကြလေသည်။
မိမိကိုယ်ကို သာသနာကိုင်းရှိုင်းသူဟု ပုံဖော်ပြောဆိုသူများစွာရှိကြ၏။ ၄င်းတို့၏ပြင်ပလက္ခဏာအပေါင်းကလည်း ၄င်းတို့ ကြွေးကြော်နေသကဲ့သို့ ဖြစ်လျက်ရှိ၏။ သို့သော် အမှန်တရားပွင့်ထွက်လာသည့်အခိုက်တွင်မူ ၄င်းတို့သည် ဖန်ဆင်းရှင်၏ပညတ်ချက်ပြဋ္ဌာန်းချက်များကို
လိုက်နာကျင့်သုံးခြင်း မဟုတ်တော့ဘဲ မိရိုးဖလာထုံးတမ်းစဉ်လာအား
လိုက်နာသူများသာ ဖြစ်ကြကုန်သည်။ ၄င်းတို့သည် ကြီးကဲထွဋ်မြတ်တော်မူသော
အသျှင်သခင်ထက် မိမိတို့၏ ကိုယ်ပိုင်မူဟန်စံနစ်ကိုသာ ကိုးကွယ်နေကြကုန်၏။
မိမိတို့ အလွမ်းသင့်သောအုပ်စုမှဆင်းသက်လာသည့်အရာသာလျှင်
မှန်ကန်သည်ဟု အချို့က လက်ခံမှတ်ယူတတ်ကြ၏။ အခြားရင်းမြစ်ဌာနမှ
ထွက်ပေါ်လာသည့်အရာဟူသရွေ့မှာ မှားယွင်းမှုအဖြစ် ရှုတ်ချကြပြီး
ထိုအရာတို့၏တန်ဖိုးအစစ်ကိုလည်း အလေးမထားကြချေ။ စင်စစ်၌ ယင်းသို့သော
လူစားများသည် သာသနာကို ကြည်ညိုကိုင်းရှိုင်းသူဟု ဆိုမရနိုင်ပေ။
၎င်းတို့ကျင့်ကြံနေသည်မှာကား လူလုပ်လမ်းစဉ် ဖြစ်နေသဖြင့်
ဖန်ဆင်းရှင်ထံတော်ပါး၌ ၄င်းတို့သည် သစ္စာဘက်တော်သားများ မဟုတ်တော့ပါလေ။
သစ္စာတရားအပေါ် မရပ်တည်၊ အမှန်တရားအတိုင်း မကျင့်သုံးကြသောကြောင့်ဖြစ်၏။
၎င်းတို့အဖို့ မှန်ခြင်း မှားခြင်းသည် အဓိက မဟုတ်။
မိမိတို့လိုက်နာကျင့်သုံးသမျှကိုသာ မိမိတို့၏အသိုင်းအ၀ိုင်းအား ယင်းအတိုင်းသာပြုရန် သြဇာပေးကြကုန်၏။
ဖန်ဆင်းရှင်အား အမှန်တကယ် ခ၀ပ်ကိုးကွယ်ကြသူများ ဟူသည်မှာ -
ဖန်ဆင်းရှင်အလ္လာဟ်မှအပ အခြားမည်သည့်အရာကိုမျှ ဦးထိပ်မထားခြင်း၊
ဖန်ဆင်းရှင်နှင့်မိမိတို့အကြား မည်သည့်အရာကိုမျှ ကြားခံ မပြုခြင်း၊
ဖန်ဆင်းရှင်တစ်ပါးတည်းကိုသာလျှင် စူးစူးနစ်နစ်ပုံအပ်စွဲလန်းခြင်း တို့၌ တည်ရှိနေသူများသာတည်း။ ဤအခြေအနေတို့မှ လက်မဲ့ဖြစ်သူများအဖို့ စစ်ဆေးမေးမြန်းစီရင်ခံရကိန်း ရှိနေသည်တကား။
ဝိဥာဏ အင်အားဖြည့် စာစုများ (၁၈)
အစ္စလာမ့်ဘက်တော်သားသည် အာဏာရူး မဟုတ်
**************************************
အစ္စလာမ့်လောကကို အဗူ ဗကရ် (အသျှင့်နှစ်မြို့မှုကိုခံစားရစေသောဝ်) မှ အုပ်ချုပ်နေစဉ်အတွင်း သူ့ထံသို့ အာရဗ်လောက၏အကြီးအကဲနှစ်ဦးဖြစ်သော အုယိုင်နဟ် အိဗ်နု ဟိစ်န် နှင့် အကရာ အိဗ်နု ဟာဗိစ် တို့ရောက်လာ၏။
တမန်တော် မုဟမ္မဒ် ( ငြိမ်းချမ်းသာယာမှု နှင့် မင်္ဂလာအဖြာဖြာသက်ရောက်ပါစေသား) ၏ နောက်ဆုံးကာလအတွင် ဟ၀ါဇင်န်ကိုအောင်နိုင်ပြီးနောက် ကိုယ်တော်က သူတို့နှစ်ဦးအား ကုလားအုတ်အကောင်တစ်ရာစီ ပေးကမ်းချီးမြှင့်တော်မူခဲ့သည်။
ယခုသော် ၄င်းတို့သည် အဗူ ဗကရ်ထံမှ မြေကွက်(ဒေသ)တစ်ခုစီကို ထပ်မံလာရောက်
တောင်းဆိုပြန်၏။ အဗူ ဗကရ်ကလည်း ၄င်းတို့အား နှစ်သိမ့်မှုအလို့ငှာ
၎င်းတို့အတွက် ရယူပိုင်ဆိုင်ခွင့် အမိန့်စာချွန် တစ်စောင် ရေးပေးလိုက်လေ၏။
အဗူ ဗကရ်၏ဆုံးဖြတ်ချက်ကို အခြားထိပ်သီးသာဝကတော်များမှ
ထပ်မံအတည်ပြုပေးစေရန်ရည်ရွယ်ပြီး ၄င်းတို့က အုမရ် (အသျှင့်နှစ်မြို့မှုကိုခံစားရစေသောဝ်) ထံ သွားရောက်တွေ့ဆုံကြ၏။
အုမရ်၏အဖြေကား ယင်းအမိန့်စာချွန်ကို ဆွဲဖြဲလိုက်ခြင်းတည်း။
တစ်ဆက်တည်းမှာပင် “ ဤသည်မှာ ကနဦးကာလ၌ အစ္စလာမ်အပေါ် လူတို့မှ
အမြင်ကြည်လင်ရေးအတွက် တမန်တော်မြတ်မှ ဆောင်ရွက်တော်မူခဲ့သော
လိုက်လျောချီးမြှင့်မှုသာဖြစ်၏။ ယခုသော်ကား အလ္လာဟ်အသျှင်မြတ်သည် အစ္စလာမ်ကို
တောင့်တင်းခိုင်မာစေတော်မူခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အသင်တို့အပေါ် အလိုလိုက်အကြိုက်ဆောင်နေရန် အကြောင်းမရှိတော့ပါ ” ဟု ဆိုလိုက်လေသည်။
ထိုအခါ ယင်းသူနှစ်ဦးသည် အဗူ ဗကရ်ထံ ပြန်သွား၍ “ အသင်သည်
အုပ်ချုပ်သူသမ္မတလော၊ အုမရ်သည် သမ္မတလော ” ဟု မေးမြန်းကြ၏။ အဗူ ဗကရ်က “
သူဆန္ဒရှိက သူ့အား သမ္မတဖြစ်စေအံ့ ” ဟုဖြေကြားပြီး အုမရ်၏ဆုံးဖြတ်မှုကို
အတည်ပြုလိုက်လေသည်။
အဗူ ဗကရ်၏လုပ်ရပ်မှတဆင့်
ကျွန်ုပ်တို့သိရသည်မှာ “ စစ်မှန်သောအစ္စလာမ်ဟူသည် အာဏာကို လက်ကိုင်တုတ်အဖြစ်
အသုံးမပြု ” ဟူ၏။ အဗူ ဗကရ်သည် အုမရ်အပါအ၀င် မုစ်လင်မ်ထုတစ်ရပ်လုံး၏
စုံညီသဘောထားဖြင့် တမန်တော့်နောက် အုပ်ချုပ်မှုအရိုက်အရာခံ(ခလီဖဟ်)အဖြစ်
ခန့်အပ်ခြင်းခံရသူဖြစ်သည်။ သို့သော် သူ၏ဆုံးဖြတ်မှုကို အုမရ်က
အာခံလိုက်သော်ငြား အဗူ ဗကရ်မှ ငါတကောကောသည့်စိတ်ဖြင့် တုန့်ပြန်မှု မပြုခဲ့။
သို့သာမက အုမရ်၏ဝေဖန်မှုကို သိမ်မွေ့စွာ လက်ခံခဲ့သည်၊ သူ၏သဘောထားအတိုင်းပင်
ဆောင်ရွက်ခဲ့သည်၊ အုမရ်ကသာ ဆန္ဒရှိလျှင် မိမိရာထူးအား စွန့်လွှတ်ပေးအပ်လေအံ့
ဟူ၍ပင် မိမိခံယူချက်အား ခြယ်မှုန်းခင်းကျင်းပြသနိုင်ခဲ့ပေသည်။
( M.W.Khan ၏ Indifference to Power ကို ပြန်ဆိုသည် )
July Yeyint
No comments:
Post a Comment
Note: only a member of this blog may post a comment.