skip to main |
skip to sidebar
ဝိဥာဏ အင်အားဖြည့် စာစုများ (၁)
ဝိဥာဏ အင်အားဖြည့် စာစုများ (၁)
စိန်ခေါ်ချက်၌ နိုးထခြင်း
******************
တောကြီးဂနိုင်ထဲတွင် တိရစ္ဆာန်တစ်စုက အခြားတစ်စုကို အစဉ်တစိုက်
စိုးရိမ်ထိတ်လန့်နေတတ်ကြ၏။ ၄င်းတို့သည် မိမိတို့၏ရှင်သန်ရေးလိုအပ်ချက်ကြောင့်
ထာဝစဉ်နိုးကြားသတိ ရှိကြသည်။ ဤသို့ဖြင့် သူတို့၏သဘာဝစွမ်းရည်
တိုးတက်မြင့်မားလာပြီး ပင်ကိုသတ္တိယုတ်လျော့သွားခြင်း အန္တရာယ်မှ
ကင်းဝေးသွားသည်။ ဘေးမဲ့တောများတွင်မူ ရံဖန်ရံခါတွင် ထိုအခြေအနေမျိုးဖြစ်အောင်
ဖန်တီးပေးရလေ့ရှိ၏။ ဥပမာ - သမင်များရှိသော ကွင်းပြင်သို့ ကျား သို့မဟုတ်
ဝံပုလွေတစ်ကောင်အား ၀င်ရောက်ခွင့်ပေးလိုက်သောအခါ သမင်တို့သည်
မိမိတို့၏ရှင်သန်ရပ်တည်မှု အတွက် နိုးကြားသတိဝင်လာလေသည်။ သို့ဖြင့်
၎င်းတို့သည် ထာဝစဉ်နိုးကြားဖျတ်လတ်လာကာ မိမိတို့၏ ပင်ကိုယ်စွမ်းရည်အား
ပြန်လည်ထိန်းသိမ်းသွားနိုင်ကြလေသည်။
လူတို့ထံ၌လည်း အလားတူပင်ဖြစ်၏။ အကန့်အသတ်မဲ့ စွမ်းရည်သတ္တိရှိနေသော်ငြား
သာမန်အနေအထားတွင် ငုပ်လျှိုးနေတတ်ကြ၏။ အန္တရာယ်စိန်ခေါ်ချက်နှင့်ရင်ဆိုင်ရသောအခါမှသာ
နိုးထလာလေ့ရှိသည်။ ဤအဖြစ်မျိုးကို နေရာမရွေး တွေ့မြင်နိုင်ပါသည်။
သက်သာချောင်ချိစွာ ဇိမ်ကျကျ နေထိုင်နိုင်သည့် မိသားစုများထံသို့
လေးကန်ထိုင်းမှိုင်းမှု နှင့် အနှစ်သာရကင်းမဲ့သည့် ဘ၀ပုံဟန်က အလွယ်တကူ
ချဉ်းနင်းဝင်ရောက်လာတတ်သည်။ အခြားတစ်ဖက်တွင်မူ
ဒုက္ခအခက်အခဲနှင့်ဝန်းရံနေသည့် မိသားစုများသည် မိမိတို့၏ပင်ကိုယ်စွမ်းရည်ကို
ပိုမို အရှိန်မြှင့်၍ ထုတ်သုံးကြပေသည်။
ယနေ့ခေတ်မွတ်စ်လင်မ်တို့မှာ ဘေးမကင်းသောဝန်းကျင်အလယ် ရောက်ရှိနေကြ၏။ ထိုခံစားချက်ရှိသော်လည်း သူတို့ မေ့လျော့နေသောအချက်တစ်ရပ်ရှိသည်။
ဤအခြေအနေနှင့်နှိုင်းစာလျှင် အစ္စလာမ့်ခေတ်ဦး၌ မက္ကဟ်နှင့်မဒီနဟ်မြို့ရှိ
မွတ်စ်လင်မ်တို့သည် မနှိုင်းသာအောင် လုံခြုံမှုကင်းမဲ့နေခဲ့ရသည်။
ဖန်ဆင်းရှင်၏စေတမန်တော် နှင့် သူ့ဆွေသဟာများမှာ အခြားမည်သူနှင့်မျှမတူအောင်
ခံစားခဲ့ကြရ၏။ သူတို့သည် လုံခြုံကာကွယ်မှုရရန် အခြားသူများထက်ပင်
ထိုက်တန်လင့်ကစား ဖန်ဆင်းရှင်က သူတို့ကို အကာအကွယ်ပေးတော်မူခဲ့ခြင်း မရှိ။
ဤအချက်ကို အဆိုးမြင်၍ ရနိုင်ပါ၏လော ? သူတို့သည်
အန္တရာယ်မကင်းသောအနေအထားများကို မနေမနား ဖြတ်ကျော်ခဲ့ကြကုန်၏။
သူတို့ဘ၀တစ်လျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်း မနေထိုင်ခဲ့ကြရရှာ။ ဤတွင်
ဘ၀၏ ဒုက္ခကျောင်းတော်ကြီးက သူတို့အား အကောင်းဆုံးလေ့ကျင့်ပျိုးထောင်ပေးပြီး ဇွဲသတ္တိဟူသည်ကို နားလည်ကျေညက်သွားစေသည်။ ထိုမှတစ်ဆင့် ဖိနှိပ်ညှင်းပန်းခြင်းအပေါ် ပြန်လည်ဆန့်ကျင်ရင်ဆိုင်ကြသောအခါ
ဆက်တိုက်ပင် အောင်ပွဲဆင့်သွားစေခဲ့ပါသည်။ စိန်ခေါ်မှုအခြေအနေများအတွင်းမှ
ဖြာထွက်လာသော နိုးကြားမှုသည် တန်ဖိုးအကြီးမားဆုံး လူ့ဗီဇအရည်အသွေးများအနက်
အပါအ၀င် တစ်ခုဖြစ်ပေသည်။
ထိပ်တန်းအောင်မြင်မှုကို
ဆွတ်ခူးနိုင်သူများမှာ အခြေအနေ၏ဖိအားကို မဖြစ်မနေထဲထဲဝင်ဝင်
ရင်ဆိုင်ခဲ့သူများသာ ဖြစ်ကြောင်း သမိုင်းက ပြဆိုနေပါသည်။ ဤသဘာဝဥပဒေသသည်
လူတစ်ဦးချင်းဖြစ်စေ လူမျိုးအလိုက်ဖြစ်စေ တသမတ်တည်း
သက်ရောက်လျက်ရှိနေသည်တကား။
( M.W.Khan ၏ Rising to the Challenge အား မြန်မာပြန်ဆိုချက်ဖြစ်သည် ) July Yeyint
No comments:
Post a Comment
Note: only a member of this blog may post a comment.