Pages

.

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၅)

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၅)
===========================================
၎။ အသိဥာဏ်မှ ပျောက်ကွယ်သွားခြင်း
ဟဒီးဆ်တော်တစ်ပုဒ်ပုဒ်သည် အိမာမ် သို့မဟုတ် မုဟဒ်ဒိဆ် (ဟဒီးဆ်ပညာရှင်)တစ်ဦးထံ ရောက်လာ၏။ ထိုဟဒီးဆ်တော်မှာ အလွန်ခိုင်မာမှန်ကန်ပါသော်လည်း လက်ခံရရှိသောပုဂ္ဂိုလ်မှ လုံးလုံးလျားလျား မေ့လျော့ သွားခြင်းကြောင့် ဖြစ်သည်။
ဥပမာ - ခလီဖဟ်ကြီး အုမရ် ဘင်န် အလ်ခသ်ွသွာ့ဘ် (R)က ကိုယ်မသန့်သူသည် ရေမရမချင်း ဆွလာသ် ဝတ်မပြုရဟု အမိန့်ပေးခဲ့သည်။ သာဝကကြီး အမ္မာရ် ဘင်န် ယာစိရ် (R)က သယံမ်မွန်နှင့်ပတ်သက်သော မိမိ၏ အဖြစ်ကို အသိပေးတင်ပြခဲ့သည်။ သို့တိုင်အောင် ထိုဟဒီးဆ်မှာ အုမရ် (R)မှ ဧကန်ပင် ကြားသိ-သိရှိခဲ့ဖူးသော်လည်း လုံးဝမေ့လျော့သွားပြီး အမှတ်မရတော့ချေ။ သို့ရာတွင် အုမရ် (R)သည် ထိုဟဒီးဆ်အတွက် အမ္မာရ် (R)ကို တာဝန်ခံ ခိုင်းပြီး (လူလိမ်ဟု မစွပ်စွဲ၊ တားမြစ်ပိတ်ပင်ခြင်းလည်း မပြုဘဲ) ဆက်လက်တင်ပြဖြန့်ချိစေခဲ့ပေသည်။

၅။ ဆန့်ကျင်ဖက်အဓိပ္ပာယ်ထွက်သော ဟဒီးဆ်များလည်းရှိနေခြင်း
အချို့ဟဒီးဆ်တော်များသည် တိုက်ရိုက်အဓိပ္ပာယ်ထွက်ခြင်း၊ သွယ်ဝိုက်အဓိပ္ပာယ် ထွက်ခြင်း၊ ပေါ်လွင်နေသောအဓိပ္ပာယ်၊ ဖုံးကွယ်နေသော အဓိပ္ပာယ် စသည့် ပုံသဏ္ဍာန်မျိုးဖြစ်နေသည်သာမက အဓိပ္ပာယ် ဆန့်ကျင်နေသည့် အခြားဟဒီးဆ်တော်များလည်းတွေ့ရခြင်းကြောင့် အမလ်ပြုရန် ဆိုင်းငံ့ထားခြင်း ဖြစ်ပေသည်။

၆။ မန်စူးခ် ( ပလပ်ပြီးသော ) ဟဒီးဆ်များ ဖြစ်နေခြင်း
အချို့ဟဒီးဆ်တော်များမှာ စစ်မှန်ခိုင်မာသော်လည်း ပလပ်ပြီးသော ကျင့်သုံးမှုမျိုး ဖြစ်နေသည်။
ဥပမာ - ဥပုသ်သီလရှိပါလျက် သွေးဖောက်လျှင် သွေးဖောက်သူရော သွေးအဖောက်ခံသူပါ ဥပုသ် ပျက်ကြောင်း ဟဒီးဆ်တော်ကို သာဝကကြီး ရှဒ်ဒါးဒ် ဘင်န် အောင်းဆ် (R)က ဆင့်ပြန်ခဲ့သည်။ တဖန် သာဝကကြီး အိဘ်နု အဘ္ဘာ့စ် (R)က တမန်တော်မြတ် (SAW)သည် အိဟ်ရာမ် ဆင်မြန်းထားပြီး ဥပုသ် သီလစောင့်ထိန်းထားစဉ်၌ သွေးဖောက်ထုတ်တော်မူခဲ့ကြောင်း ဆင့်ပြန်ခဲ့သည်။ ဤဟဒီးဆ်တော်များကို ဆန်းစစ် ကြည့်ရာ ပထမဟဒီးဆ်သည် ဟိဂ်ျရီ (၈)ခုနှစ်၊ မက္ကဟ်ကိုအောင်နိုင်စဉ်က ဟဒီးဆ်ဖြစ်ပြီး၊ ဒုတိယဟဒီးဆ်မှာ ဟိဂ်ျရီ (၁ဝ)ခုနှစ်၊ နောက်ဆုံးဟဂ်ျ၌ ဖြစ်နေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ပထမဟဒီးဆ်မှာ မန်စူးခ် (ပလပ်ပြီး) ဟူသည်ကို သိရပြီး ကျင့်သုံးရန်လည်း မလိုအပ်တော့ပေ။
အချုပ်အားဖြင့်ဆိုရလျှင် အချို့ဟဒီးဆ်တော်များ ကျင့်သုံးမှုမခံရခြင်းမှာ မုဂ်ျသဟိဒ်အိမာမ်များထံ၌ ခိုင်လုံသော အကြောင်းများ ရှိနေကြ၏။ ထိုအိမာမ်များမှ ထုတ်ဖော်ပြောကြားသောအချက်များကိုသာသိကြရပြီး မပြောခဲ့လျှင်မူ မသိနိုင်ကြချေ။ ကျွန်ုပ်တို့ မသိရှိသော အခြားအကြောင်းခံများလည်း မုချရှိကြပေမည်။ အလ္လာဟ်အသျှင်မြတ်သာလျှင် အသိတော်မူဆုံး ဖြစ်ပါသတည်း။

** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ
ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏
သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်ပြချက် ဖြစ်ပါသည်။ ငြင်းခုံလိုသူများအနေနှင့် မူရင်းကျမ်းရှင်နှင့် ဆက်သွယ်ငြင်းခုံကြပါကုန် **

No comments:

Post a Comment

Note: only a member of this blog may post a comment.