အချင်းချင်းအငြင်းမပွားကြနှင့်
===============
ထိုမှတစ်ပါး အသင်တို့သည်
အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကိုလည်းကောင်း၊
ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏အမိန့်တော်များကိုလည်းကောင်း၊
လိုက်နာကြလေကုန်။
ထို့ပြင် အသင်တို့သည် အချင်းချင်းအငြင်းမပွားကြကုန်လင့်။
သို့အငြင်းပွားခဲ့ကြလျှင်
အသင်တို့သည် စိတ်ဓာတ်ကျဆုံးကြပေမည်။
အသင်တို့၏ လေ(အားအင်)သည်လည်း ဆုတ်ယုတ်သွားချေမည်။
၎င်းပြင် အသင်တို့သည် သည်းခံကြလေကုန်။
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်
သည်းခံသူတို့နှင့်အတူရှိတော်မူပေသတည်း။
( ကုရ်အာန် - ၈း ၄၆ )
------->
သာဝကကြီးအိဗ်နိအဗ္ဗားစ်(ရ)ထံမှ တစ်ဆင့်ကြားသိရ၏။
တမန်တော်မြတ်(ဆွ)မိန့်ကြားတော်မူခဲ့သည်မှာ-
“အသင်တို့သည်
မိမိညီနောင်များနှင့် အငြင်းအခုံ ပဋိပက္ခမပြုကြလင့်။
ထို့ပြင် နောက်ပြောင်ခြင်းလည်း မပြုလုပ်ကြလင့်။
ထိုမှတစ်ပါး
မဖြည့်ဆည်း/မတည်နိုင်သည့် ကတိက၀တ်ခံဝန်ချက်များလည်း
မပြု/မပေး/မချုပ်ဆိုကြလင့်” ဟု မိန့်တော်မူခဲ့ပါသည်။
( သိရ်မိဇီကျမ်း )
------->
“အသင့်အဖို့ လုံလောက်ပြည့်ဝသော အကုသိုလ်ဒုစရိုက်သည်ကား
အသင်သည် အစဉ်အမြဲ ငြင်းခုံ၊တိုက်ခိုက်၊ စကားစစ်ထိုး၊
ပြဿနာရှာ၊ ပဋိပက္ခပြုလုပ်နေခြင်း ဖြစ်သည်”ဟု
တမန်တော်မြတ် (ဆွ) မိန့်တော်မူခဲ့ပါသည်။
ဆင့်ပြန်သူ - သာဝကကြီးအိဗ်နိအဗ္ဗားစ်(ရ)၊
( သိရ်မိဇီကျမ်း )
------->
“အကြင်သူသည် မိမိမှားနေသည့်အတွက်
အငြင်းအခုံကို စွန့်လွှတ်လိုက်ပါမူ
ထိုသူ့အတွက် ဂျန္နသ်၏ ဒေါင့်ဘေး၌
အဆောက်အအုံတစ်လုံးရရှိပေမည်။
အကြင်သူသည် မိမိ မှန်ကန်နေပါလျက်
အငြင်းအခုံ ကိုစွန့်လွှတ်လိုက်ပါမူ
ထိုသူ့အတွက်ဂျန္နသ်၏ဗဟိုချက်မ၌်
အဆောက်အအုံတစ်လုံးရရှိပေမည်။
အကြင်သူသည် မိမိ၏ စာရိတ္တကို
ကောင်းမွန်အောင် ပြုလုပ်ထိန်းသိမ်းပါမူ
ထိုသူအတွက် ဂျန္နသ် ၏ မြင့်စွင့်သောဌာန၌
အဆောက်အအုံတစ်လုံးရရှိပေမည်” ဟု
တမန်တော်မြတ် (ဆွ) မိန့်တော်မူခဲ့ပါသည်။
ဆင့်ပြန်သူ - သာဝကကြီးအနတ်စ် ဗင်န် မာလိက်(ရ)၊
( သိရ်မိဇီကျမ်း )
------->
သာဝကကြီးအဗူအုမာမဟ်(ရ)ထံမှတစ်ဆင့်ကြားသိရ၏။

“တရားလမ်းမှန်အပေါ်၌ ရပ်တည်ပြီးနောက်
မည်သည့် လူမျိုးမျှ လမ်းမှားသွားခဲ့သည်မရှိ၊
သို့ရာတွင် ယင်းလူမျိုးသည် အငြင်း အခုံပြုကြသည့်အခါ
(လမ်းမှားသွားခဲ့ကြပေသည်)။”
ထို့နောက် တမန်တော်မြတ်(ဆွ)သည်
“(ထိုသူများသည် ထိုသည့်အကြောင်းကိုအသင့်ရှေ့မှောက်တွင်
ငြင်းခုံပြောဆိုရန်အတွက်သာထုတ်ဖော်ပြောဆိုခဲ့ကြသည်။
အမှန်မှာ ၄င်းတို့သည်ငြင်းခုံလေ့ရှိသောသူများသာဖြစ်ကြသည်)”
ဟူသော ကုရ်အာန်ကျမ်းမြတ်(၄၃း၅၈)တွင် လာရှိသည့်
မုက္ခပါဌ်တော်ကိုရွတ်ဖတ်သရဇ္ဈာယ်တော်မူခဲ့လေသည်။
(အဟ်မဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း)
ရှင်းလင်းချက်
--------------
ယခုအခါ မွတ်စ်လင်မ်များသည် အရေးတိုင်းလိုလိုမှာပင်
ကွဲနေကြပေသည်။ လောကီရေးရာများတွင်သာမက
အစ္စလာမ်အရေးများမှာပင် ရှက်ဖွယ်လိလိကွဲနေကြပေသည်။
အချို့တို့သည် အလွန်အငြင်းသန်ကြပေသည်။
အလွန် ရန်ဖြစ်ချင်ကြပေသည်။
ထိုသို့သော ပုဂ္ဂိုလ်များသည် ဤ သြ၀ါဒတော်ကို ဆင်ခြင်၍
ရပ်တန်းမှ ရပ်သင့်ကြပြီ၊ နောင်တရသင့်ကြပြီ။
------->
သာဝကကြီးအဗ်ဒုလ္လာဟ်အိဗ်နုအမ်ရ်(ရ)ထံမှတစ်ဆင့် ကြားသိရ၏။
ထိုသာဝကကြီးက ပြောပြသည်မှာ-
ကျွန်ုပ်သည် တစ်နေ့သောအခါနေ့လယ်အချိန်တွင်
တမန်တော်မြတ်(ဆွ)ထံ ရောက်ရှိသွားခဲ့၏။
ထိုသာဝကကြီးက ဆက်လက်၍ ပြောပြသည်မှာ
ထိုအချိန်တွင် (မုသရှာဗိဟ်) မုက္ခပါဌ်တော်တစ်ပါးနှင့် စပ်လျဉ်း၍
အငြင်းအခုံ ပြုနေသော ပုဂ္ဂိုလ်(၂)ဦး၏ အသံများကို
တမန်တော်မြတ်(ဆွ)ကြားတော်မူ၏။
ထိုအခါ တမန်တော်မြတ်(ဆွ)သည် ကျွန်ုပ်တို့ထံသို့ ကြွလာတော်မူ၏။
တမန်တော်မြတ်(ဆွ)၏ မျက်နှာတော်တွင်
ဒေါသ၏အရိပ်အရောင်ကိုတွေ့မြင်နေရ၏။
ထို့နောက် တမန်တော်မြတ်(ဆွ)က-
“အသင်တို့အလျင် ပျက်စီးသွားခဲ့ကြသောသူများသည်
ကျမ်းဂန်နှင့်စပ်လျဉ်း၍ မိမိတို့၏ အငြင်းအခုံပြုမှုများကြောင့်သာ
ပျက်စီးသွားခဲ့ကြခြင်းဖြစ်သည်”ဟုမိန့်ကြားတော်မူလေသည်။
(မွတ်စ်လင်မ်ကျမ်း)
ရှင်းလင်းချက်
--------------
“ကျမ်းဂန်လာမုက္ခပါဌ်တော်များနှင့်စပ်လျဉ်း၍ ငြင်းခုံခြင်း”ဟူသည်-
ဇဝေဇ၀ါဖြစ်စေသော၊ ဒွိဟသံသယဖြစ်စေသော၊ မုန်းတီးစေသော၊
“ဗိဒ်အသ်” - သာသနာတွင် မရှိသောကိစ္စတစ်ခုကို သာသနာရေး
ကိစ္စ ဖြစ်စေသော၊ ကာဖိရ်ဖြစ်စေသော ငြင်းခုံခြင်းမျိုးကို ဆိုလိုသည်။
ပြဿနာတစ်ခု ပြေလည်ရှင်းလင်းသွားစေလိုသော ကောင်းမြတ်သော
စေတနာဖြင့် “အာလင်မ်”များ၊ “မုဂ်ျသဟိဒ်”များကျိုးကြောင်းပြ၍
အခြေအတင်ပြောဆိုခြင်း၊ သဘောကွဲလွဲခြင်းများသည်
ဤငြင်းခုံမှုတွင် အကျုံးမ၀င်ပေ။ “အာလင်မ်”များ၏ ရိုးသားစွာ
သဘောကွဲလွဲခြင်းသည် သာသနာရေးတွင် လွယ်ကူမှုဖြစ်စေသည်။
ကရုဏာတော် သက်ရောက်ရန် အကြောင်းတရားလည်းဖြစ်သည်။
ဤသည့် သဘောကို ရည်ညွှန်း၍ တမန်တော်မြတ်(ဆွ)ကလည်း
“ကျွန်ုပ်၏နောက်လိုက်များ၏သဘောကွဲလွဲမှုသည် ကရုဏာတော်
သက်ရောက်ရန်အကြောင်းတရားဖြစ်သည်”ဟုမိန့်ကြားတော်မူခဲ့သည်။
==================================
သိရ်မိဇီကျမ်း (လူမှုဆက်ဆံရေးကဏ္ဍ) ဘာသာပြန်စာအုပ်နှင့်
သီရိပျံချီ အလ်ဟာဂ်ျ မုဖတ်စ္စီရုလ်ကုရ်အာန် အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ် -ပြန်ဆိုသော- မိရှ်ကာသ်ကျမ်း၊ပထမတွဲမှ ကူးယူဖော်ပြသည်။

No comments:
Post a Comment
Note: only a member of this blog may post a comment.