Pages

.

အလှုဒါနပြုသူတို့ လိုက်နာအပ်သည့်ဝတ္တရား(၅)ပါး အပိုင်း ၁ မှ ၅

အလှူဒါနပြုရာတွင် လိုက်နာအပ်သည့် ၀တ္တရား (၅)ပါးရှိသည်။ အလှူဒါနပြုသူတိုင်းသည် အဆိုပါဝတ္တရား (၅) ပါးနှင့်အညီ ဒါနပြုအပ်ပေသည်။
ပထမ၀တ္တရား

          အလှူဒါနပြုရာတွင် လိုက်နာရမည့် ပထမ၀တ္တရားမှာ မိမိပြုသည့် အလှုဒါနကို လူတို့မသိစေရန် တိတ်တဆိတ် ပြုရန်ဖြစ်၏။ တိတ်တဆိတ် အလှုဒါန ပြုအပ်ကြောင်း တမန်တော်မြတ်က အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့၏။
          "လူတို့အား အသိမပေးဘဲ တိတ်တဆိတ် လှူဒါန်းခြင်းသည် အလ္လာဟ် အရှင်မြတ်၏ ဒေါသအမျက်ကို ပြေစေ၏။"

        "ယာဘက်လက်ဖြင့် အလှူဒါန ပြုသည်ကို ၀ဲဘက်လက်က မသိစေရန် တိတ်တဆိတ် လှူဒါန်းသူ မွတ်စလင်မ်အား အလ္လာဟ်အရှင်မြတ်က အရိပ်အာဝါသ အလျဉ်းမရှိသည့် ကိယာမသ် ကမ္ဘာ့တရားခွင်နေ့တွင် အရိပ်အာဝါသ ချီးမြှင့်ခြင်းခံရမည့် ပုဂ္ဂိုလ် ခုနစ်ဦးနှင့်အတူ အရိပ်အာဝါသ ချီးမြှင့်တော်မူလိမ့်မည်။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်၏ အရိပ်အာဝါသမှ လွဲ၍ မည်သည့် အရိပ်အာဝါသမှ ရှိလိမ့်မည်မဟုတ်။"

တိတ်တဆိတ် အလှူဒါနပြုရခြင်း၏ သဘော
        လူတို့မသိစေဘဲ တိတ်တဆိတ် အလှူဒါနပြုရခြင်း၏ သဘောမှာ မိမိရှိသော နှမြောတွန့်တိုခြင်းကို ချုပ်ငြိမ်းစေရန်ဖြစ်၏။ တစ်ဖန် အလှူဒါနနှင့် ဒွန်တွဲလျက် ယင်းကိုဖျက်ဆီးသည့် ရိယာ ပြစားမှုသည် ရှိတတ်၏။ ကြောက်စရာ ကောင်းလှသော ရိယာ ပြစားမှု၏ အတွင်းရောဂါဆိုးမှ မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် လူတို့မသိစေဘဲ တိတ်တဆိတ် အလှူဒါနပြုခြင်းကို လက်ကိုင်ပြုရ၏။ သို့ဖြင့် ရိယာ ပြစားခြင်းမှ လွတ်မြောက်မှု ရရှိနိုင်၏။ နမြော တွန့်တိုခြင်းနှင့် ရိယာပြစားတို့မှာ ကြောက်မက်ဖွယ် ရောဂါဆိုးကြီးများ ဖြစ်ရုံမက မွတ်စလင် တစ်ဦး ကွယ်လွန် သေဆုံးသည့်အခါ ကဗရ် သင်္ချိုင်းအတွင်း ရိယာ အတွင်းရောဂါဆိုးသည် မြွေသဏ္ဍာန်ဖြင့် လာရောက် ဒုက္ခပေး ညှင်းဆဲပေမည်။ နှမြောတွန့်တိုခြင်း၏ အတွင်းရောဂါဆိုးသည် ကင်းသဏ္ဍာန်ဖြင့် လာရောက် ဒုက္ခပေး ညှင်းဆဲပေမည်။ ဤလောက၌ နှမြောတွန့်တိုသူသည် ကဗရ်သင်္ချိုင်းတွင်းသို့ ကင်းကို ကြိုတင် ပို့လိုက်ခြင်းပင် ဖြစ်၏။ ဤလောက၌ အလှူဒါန ပြုသော်လည်း ရိယာ ပြစားရန်အတွက် ပြုပါက မိမိ၏ အလှူဒါနကို မြွေစာအဖြစ် ကျွေးမွေးကာ အချီးအနှီး ပြုလုပ်ခြင်းပင်ဖြစ်၏။ ဤလောက၌ အလှူဒါနပြုပြီး ကဗရ် သင်္ချိုင်းအတွင်း၌ ကင်း၏ရန်မှ လွတ်မြောက် သွားသော်လည်း ရိယာ ပြစားမှုအတွက် အလှူဒါနပြုခြင်းကြောင့် မြွေ၏ရန်မှ မလွတ်မြောက်နိုင်ပေ။

          အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ကို ရိယာ မပါဘဲ တိတ်တဆိတ် လှူဒါန်းနိုင်သော သောင်ဖီးက် ပေးသနားတော်မူပါစေ ။ အာမီးန်။

(aaitee.blogspot.com) (Islamic Teachings) ( မုဖ်သီနူးရ်မိုဟမ္မဒ်၏ အစ္စလာမ်နှင့် သူတော်ကောင်းကျင့်စဉ် - စာအုပ်မှ မူရင်းအတိုင်း ကူးယူဖေါ်ပြသည် ) သဗ်လီးဂေဒီးန် (အူရဒူ) မော်လာနာ အာရှစ်က် အေလာဟီ - အရ်ဗအီးန် - (အရဗီ) အေမာမ် ဂဇာလီ



ဖုန်းထဲတွင် Simple Islam application ကို ထည့်ထားခြင်းဖြင့် နေ့စဉ် အစ္စလာမ့် ဗဟုသုတများကို လေ့လာ ဆည်းပူးနိုင်ပါသည်။ apk ဖိုင်ကို ဒီမှာရယူပါ။
   အလှူဒါနပြုရာတွင် လိုက်နာအပ်သည့် ၀တ္တရား (၅)ပါးရှိသည်။ အလှူဒါနပြုသူတိုင်းသည် အဆိုပါဝတ္တရား (၅) ပါးနှင့်အညီ ဒါနပြုအပ်ပေသည်။

ဒုတိယ၀တ္တရား
          အလှူဒါနပြုရာတွင် လိုက်နာအပ်သည့် ဒုတိယ၀တ္တရားမှာ မိမိ၏ အလှူဒါနပေးကမ်းစွန့်ကြဲခြင်းကို သူတစ်ပါးအပေါ် ကျေးဇူးပြုခြင်းဟု မထင်မှတ် မယူဆရန်ဖြစ်၏။
အလှူဒါနကို ကျေးဇူးပြုခြင်းဟု ထင်မှတ် မထင်မှတ်မှုကို ဆန်းစစ်ခြင်း
          အလှူဒါနပြုပြီးနောက် တစ်ဦးတစ်ယောက်အပေါ် ကျေးဇူးပြုသည်ဟု မထင်မှတ်ရ၊ မယူဆရ ဟူသော ၀တ္တရားကို ကျေပွန်ခြင်းရှိမရှိကို ဆန်းစစ်ရန်မှာ မိမိက အလှူဒါန ပြုလိုက်သော သူသည် မိမိအား မခြေမငံ ဆက်ဆံသည်ဖြစ်စေ၊ ၄င်းသည် မိမိ၏ ရန်သူနှင့် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံသည်ကို သိလျှင်ဖြစ်စေ၊ ၄င်းအပေါ် မိမိက အမျက် ဒေါသထွက်ခဲ့လျှင် မိမိသည် မိမိ၏ အလှူဒါန ပြုခြင်းကို တစ်ဖက်သားအပေါ် ကျေးဇူးပြုခြင်းဟု ထင်မှတ်နေသည်မှာ ထင်ရှားပေသည်။ ထို့ကြောင့်သာလျှင် ၄င်းအပေါ် ဒေါသထွက်မိခြင်း ဖြစ်၏။
ကျေးဇူးပြုသည်ဟု ထင်မှတ်ခြင်းကို ကုစားနည်း
          သူတစ်ပါးအား ပေးကမ်းစွန့်ကြဲခြင်း၊ အလှူဒါနပြုခြင်းကို မိမိက ကျေးဇူးပြုခြင်းဟု မထင်မှတ် သင့်ပါဘဲလျှက် မိမိနှလုံးသားတွင် ယင်းသို့ လွဲမှားသည့်အတွေး အယူရှိခဲ့သော် မှားယွင်းသည့် အယူအဆကို ဖျောက်ဖျက်ပစ်ရမည်။ လွဲမှားသည့်အယူအဆ၊ အတွေးအမြင်ကို ပြောင်းပစ်ရမည်။ သေချာစွာ တွေးကြည့်လျှင် မိမိက ပေးကမ်း စွန့်ကြဲလိုက်သည့်သူမှာ အမှန်စင်စစ်  မိမိ၏ ကျေးဇူးရှင်ပင်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်က ချမှတ်တော်မူ ထားသည့် တာဝန် ၀တ္တရား တစ်ခုကို ထမ်းဆောင်ရာတွင် ၄င်းက အကြောင်းခံအဖြစ် ပါဝင်ခြင်းဖြစ်၏။ ၄င်းကသာ ဤသို့ လှူဒါန်းခြင်းကို လက်မခံပါက လှူဒါန်းရမည့်တာဝန် ကျေပွန်တော့မည် မဟုတ်ချေ။
 သူဆင်းရဲ (အလှူခံ) သည် မိမိ၏ နှလုံးသား၌ စွဲကပ်လျှက်ရှိသည့် နှမြော တွန့်တိုခြင်းကို ကုစားပေးသည့် ဆရာဝန် တစ်ယောက်ပမာ ဖြစ်၏။ ဇကာသ် လှူဒါန်းရသည့် တာဝန်နှင့် ခိုင်ရာသ် အပို လှူဒါန်းရသည့် တာဝန်၏ အဓိက ရည်ရွယ်ချက်မှာ လှူဒါန်းသူ၏ နှလုံးသား အတွင်းရှိ နှမြော တွန့်တိုခြင်း ရောဂါဆိုးကို ကုစားခြင်းပင် ဖြစ်ပေရာ ဇကားသ် အဖြစ်ပေးသည့် ငွေကြေးပစ္စည်းတို့သည် နှလုံးသား အတွင်းရှိ နှမြော တွန့်တိုခြင်းကို ဆေးထားသည့် အညစ်ကြေး ရေများသာဖြစ်၏။ ထို့ကြောင့်ပင် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်းဟိ ၀စလ္လမ်) သည် ဇကာသ်၊ စွဒကဟ် ငွေကြေး - ပစ္စည်းတို့ကို ရယူသုံးစွဲ စားသောက် တော်မူလေ့ မရှိပေ။ တမန်တော်မြတ်က " ဇကားသ်၊ စွဒကဟ် အဖြစ်ပေးသည့် ငွေကြေးပစ္စည်းတို့သည် လှူဒါန်းသူ ပေးကမ်း စွန့်ကြဲသူပိုင် ပစ္စည်းများ၏ အညစ်အကြေး ချေးညော်များပင်ဖြစ်၏ " ဟူ၍ မိန့်တော်မူခဲ့၏။ 

          မိမိ၏ အလှူဒါနပြုခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းကို လက်ခံရယူခြင်းဖြင့် မိမိနှင့် မိမိပိုင် ပစ္စည်းဥစ္စာကို သန့်ရှင်း စင်ကြယ်အောင် ပြုပေးသောသူသည်သာ မိမိပေါ်ကျေးဇူးပြုခြင်း ဖြစ်သဖြင့် မိမိက ၄င်းအပေါ် ကျေးဇူးပြုခြင်း မဟုတ်သည်မှာ ထင်ရှား၏။ မိမိခန္ဓာကိုယ် အတွင်းရှိ ကျန်းမာရေးကို  ဆုတ်ယုတ်စေမည့်  သွေးဆိုးများကို တစ်ဦး တစ်ယောက်က စုတ်ထုတ်ပေးပါက ၄င်းသည် မိမိအား ကျေးဇူးပြုသူဟု အားလုံးကပင် မှတ်ယူကြမည်ဖြစ်၏။ နှလုံးသားအတွင်းရှိ ( ထာဝရနေရမည့် လောကုတ္တရာတွင် အကျိုးယုတ်စေမည့်) နှမြော တွန့်တိုမှုကို ဖယ်ရှားပေးကာ ကျေးဇူးပြုသူသည် (မတည်မြဲသည့် လောကီရေး ကျေးဇူးပြုခြင်းထက်) ပို၍ မြတ်သည်ဟု မှတ်ယူသင့်၏။
          အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ နှမြော တွန့်တို တတ်သော နှလုံးသား ရောဂါဆိုးကို အလှူဒါန ပြုခြင်းဖြင့် ကုစားနိုင်စွမ်း ပေးသနားတော်မူပါစေ ။ အာမီးန်။
          (aaitee.blogspot.com) (Islamic Teachings) ( မုဖ်သီနူးရ်မိုဟမ္မဒ်၏ အစ္စလာမ်နှင့် သူတော်ကောင်းကျင့်စဉ် - စာအုပ်မှ ကူးယူတင်ပြသည် ) သဗ်လီးဂေဒီးန် (အူရဒူ) မော်လာနာ အာရှစ်က် အေလာဟီ - အရ်ဗအီးန် (အရဗီ) အေမာမ် ဂဇာလီ ။ နေ့စဉ် အစ္စလာမ့် သအ်လီမ်များကို မိမိဖုန်းထဲတွင် လေ့လာ လိုပါက Simple Islam v2 apk ဖိုင်ကို အင်တာနက်မှ ရယူ၍ Install လုပ်ထားပါ။ 




တတိယ၀တ္တရား
          အလှူဒါနပြုရာတွင် လိုက်နာအပ်သည့် တတိယ ၀တ္တရားမှာ မိမိအကြိုက်ဆုံး အနှစ်သက်ဆုံး ပစ္စည်းဥစ္စာကို အလ္လာဟ်အရှင်မြတ် အတွက် စွန့်လှူရန်ဖြစ်၏။ မိမိမနှစ်သက် မလိုလားသည့် ပစ္စည်းဥစ္စာကို အလ္လာဟ်အရှင်မြတ် အတွက် ပေးကမ်းစွန့်ကြဲခြင်းမှာ မသင့်လျော်သည့် အလှူဒါနဖြစ်၏။ အလှူဒါနပြုခြင်း၏ ရည်ရွယ်ချက်သည် မိမိအား မွေးမြူဖန်ဆင်းကာ လိုလေသေးမရှိ ပြုစုစောင့်ရှောက်တော်မူသော၊ တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးကြောင်း သက်သေထူခြင်းဖြစ်သဖြင့် မိမိအနှစ်သက်ဆုံး ပစ္စည်းဥစ္စာကို အလ္လာဟ်အရှင်မြတ်အတွက် ပေးလှူသင့်သည်။ မိမိ မနှစ်သက် မလိုအပ်သည့် ပစ္စည်းဥစ္စာကို အလ္လာဟ်အရှင်မြတ်အတွက် စွန့်လှူခြင်းမှာ မိမိ နှလုံးသားတွင် အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးစိတ် မည်မျှရှိသည်ကို မိမိ ကိုယ်တိုင် ဆန်းစစ် ဝေဖန်ကြည့်နိုင်၏။
          အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ အကောင်းဆုံးသော အနှစ်သက်ဆုံးသော ပစ္စည်းဥစ္စာများဖြင့် အလှူဒါန ပြုနိုင်စွမ်း ပေးသနားတော်မူပါစေ ။ အာမီးန်။

စတုတ္ထ၀တ္တရား
          အလှူဒါနပြုရာတွင် လိုက်နာအပ်သည့် စတုတ္ထ ၀တ္တရားမှာ မိမိ ပေးလှူသည့် အလှူကို ရက်ရောစွာ ပေးကမ်း လှူဒါန်းရခြင်းဖြစ်၏။ တွန့်တိုစိတ်၊ နှမြောစိတ်ဖြင့် လှူဒါန်းမှု မပြုသင့်။ တမန်တော်မြတ်က " ဒစ်ရ်ဟမ် ငွေဒင်္ဂါးတစ်ပြား၏ အလှူဒါနသည် ငွေင်္ဒါးအပြားတစ်သိန်း အလှူဒါနထက်ပို၍မြတ်သည်" ဟု မိန့်တော်မူခဲ့၏။ *
          ရက်ရက်ရောရော သဒ္ဓါစိတ်ဖြင့် လှူဒါန်းသည့် ငွေဒင်္ဂါးတစ်ပြားသည် နှမြောတွန့်တိုစိတ်ဖြင့် ငွေဒင်္ဂါး အပြားတစ်သိန်း လှူဒါန်းသည်ထက် ပို၍မြတ်၏။ ** (အောက်ခြေမှတ်စုတွင် ဖော်ပြထားသည်မှာ  ဤသို့ဆိုခြင်းကြောင့် နှလုံးသားအတွင်း၌ နှမြောတွန့်တိုမှုရှိနေသမျှ မလှူတန်း မပေးကမ်းအပ်ဟု မယူဆသင့်။ အစ ကနဦးတွင် နှမြောတွန့်တိုမှု ရှိမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ဤသို့သော အချိန်တွင် နှလုံးသားအတွင်းရှိ နှမြောတွန့်တိုမှုကို ဆန့်ကျင်ကာ စွန့်စား၍ ပေးကမ်း လှူတန်းခြင်းမှာ ကြီးမြတ်သော တိုက်ပွဲပင်ဖြစ်ပြီး နှလုံးသား ဆန္ဒနှင့် ဆန့်ကျင်၍ စွန့်လှူရသဖြင့် ပို၍ပင် အကျိုးစ၀ါးဗ် ကြီးမားပေမည်။)
          အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား နှလုံးသား၏ နှမြောတွန့်တိုမှုများကို ဆန့်ကျင်၍ စွန့်စွန့်စားစား အလှူဒါန ပြုနိုင်စွမ်း ပေးသနားတော်မူပါစေ ။ အာမီးန်။

ပဉ္စမ၀တ္တရား
          အလှူဒါနပြုရာတွင် လိုက်နာအပ်သည့် ပဉ္စမ၀တ္တရားမှာ အကောင်းဆုံး ၊ အထိုက်တန်ဆုံး နေရာကို ရှာဖွေဆန်းစစ်ကာ လှူဒါန်းခြင်း ဖြစ်၏။ မိမိ လှူဒါန်းသည့် ပစ္စည်းဥစ္စာကို အကောင်းဆုံး အမြတ်ဆုံးနေရာတွင် စွန့်ကြဲ လှူဒါန်းရပေမည်။ ကိုယ်ကျင့်တရား ကောင်းမြတ်သည့် အာလင်မ် သာသနာ့ပညာရှင်အား ပေးလှူခြင်းဖြင့် အာလင်မ်ပညာရှင်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်နာခံရာတွင်လည်းကောင်း၊ သပ်က်ဝါ ရှောင်ကြဉ်ခြင်းတရား လက်ကိုင်ထားရာတွင် လည်းကောင်း အထောက်အပံ့ရပေမည်။ သို့မဟုတ် မိသားစုရှိသည့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် သာမာန်မွတ်စလင်မ် တစ်ဦးဦးအား ပေးကမ်း စွန့်ကြဲခြင်းဖြင့်လည်း မိမိ အလှူဒါနကို တန်ဖိုးရှိအောင် ပြုနိုင်ပေသည်။ ဖော်ပြပါ အရည်အချင်းကောင်းများ တစ်ဦးတစ်ယောက် တည်း၌တွေ့ရသော် ယင်းပုဂ္ဂိုလ်အား လှူဒါန်းခြင်းမှာ အကောင်းဆုံးဖြစ်၏။ အဆိုပါ အရည်အချင်းကောင်းများ အနက် အရည်အချင်းကောင်း တစ်ခုခုသာလျှင် တစ်ဦးတစ်ယောက်၌ ရှိနေပါကလည်း ၄င်းပုဂ္ဂုလ်အား ပေးကမ်း စွန့်ကြဲခြင်းပြုကာ မိမိပစ္စည်းကို သန့်ပြန့်အောင် ပြုနိုင်ပေသည်။ လောကီသက်တမ်းသည် မတည်မြဲသည့် သက်တမ်းဖြစ်ပြီး လောကီစည်းစိမ်ဥစ္စာသည်လည်း ထာဝရမဟုတ်ပဲ လောကုတ္တရာ အရောက် ခရီးနှင်ရာတွင် မရှိမဖြစ် လိုအပ်သည့် အသုံးအဆောင် မျှသာဖြစ်၏။ သပ်က်ဝါ တရားလက်ကိုင်ပြုကာ လောကီသက်တမ်းကို ယာယီတည်းခိုစခန်းဟု မှတ်ယူလျက် လောကုတ္တရာခရီးကို နှင်နေသည့် သူတော်စင် သူတော်မြတ်တို့ကိုသာ ရွေးချယ်လှူဒါန်းသင့်ပေသည်။ သီလကောင်းခြင်း၊ ကိုယ်ကျင့်တရား မွန်မြတ်ခြင်းတို့ကို အဓိကထား လှူဒါန်းသင့်၏။ ဤသည်တို့ကြောင့်ပင် တမန်တော်မြတ်က အလှူဒါနပြုခြင်းနှင့် ပတ်သက်၍ "သင်တို့သည် ကိုယ်ကျင့်တရား ကောင်းမြတ်သူများ ၊ သီလသမာဓိနှင့် ပြည့်စုံသူများကို ကျွေးမွေးကြကုန်၊ အီမာန် သက်ဝင် ယုံကြည်သူများအား ပေးကမ်း လှူဒါန်းကြကုန်" ဟူ မိန့်တော်မူခဲ့၏။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ထိုက်တန်သောနေရာတွင် ထိုက်တန်သော သူအား အလှူဒါန ပြုနိုင်စွမ်း ပေးသနားတော်မူပါစေ ။ အာမီးန်။

( မုဖ်သီနူးရ်မိုဟမ္မဒ်၏ အစ္စလာမ်နှင့် သူတော်ကောင်းကျင့်စဉ် - စာအုပ်မှ ကူးယူတင်ပြသည် ) သဗ်လီးဂေဒီးန် (အူရဒူ) မော်လာနာ အာရှစ်က် အေလာဟီ - အရ်ဗအီးန် (အရဗီ) အေမာမ် ဂဇာလီ ။

အစ္စလာမ့် သအ်လီမ်များကို မိမိဖုန်းထဲတွင် နေ့စဉ် လေ့လာလိုပါက Simple Islam v2 .apk ဖိုင်ကို ရယူ၍ Install လုပ်ထားပါ။ 
Simple Islam နှင့်ဆက်သွယ်ရန် Email : haroonrangoni@gmail.com Website : http://aaitee.blogspot.com (Simple Islam)

No comments:

Post a Comment

Note: only a member of this blog may post a comment.