Pages

.

စကားပြောရာတွင် ဆောင်ရန် ရှောင်ရန် အစ္စလာမ့်အဆုံးအမများ (၂)

မွန်သခဗ် အဟာဒီးဆ်ကျမ်းမှ ကောက်နုတ်ဖော်ပြသည်။ လာယအ်နီမှဝေးစွာရှောင်ကြဉ်ခြင်း ကဏ္ဍ (ဟဒီးဆ်တော်များ)

(တမန်တော်မြတ်၏ နာမတော်နောက်တွင် ဆွလ္လလ္လာဟု အလိုင်းဟိ ၀စလ္လာမ် ဟူ၍ လည်းကောင်း ဆွဟာဗဟ် အမည်နောက်တွင် ရသွီယလ္လာဟုအန့်ဟု ဟူ၍လည်းကောင်း မေတ္တာပို့သပါ။)

၁၆။ အထူးကရုဏာသက်ပါစေ
ဟဇရသ် ဟစန် က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်၏ ဟဒီးဆ်တော် တစ်ပုဒ်ကို ကျွန်ုပ်ကြားခဲ့သည်။ တမန်တော်မြတ် အမိန့်ရှိတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အကြင်ပုဂ္ဂိုလ်အား အထူးကရုဏာသက်တော်မူပါစေ။ ထိုသူသည် ကောင်းသောစကားများကို ပြောဆိုခြင်းအားဖြင့် ဒွန္နယာအာခိရသ် နှစ်ဌာနစလုံး၌ အကျိုးအမြတ် ခံစားရလေသည်။ သို့မဟုတ်က နှုတ်ဆိတ်နေခြင်းအားဖြင့် မိမိနှုတ်လျှာ၏ ချွတ်ချော်မှုများမှ လွတ်မြောက်သွားသည်။

၁၇။ နှုတ်ဆိတ်နေလျှင်
ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ် က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် အမိန့်ရှိတော်မူသည်။ အကြင်သူသည် နှုတ်ဆိတ်နေလျှင် ထိုသူသည် လွတ်မြောက်အောင်မြင်သွားသည်။
ရှင်းလင်းချက်။   ဆိုလိုသည်မှာ အကြင်သူသည် မကောင်းသော စကားနှင့် အလဟဿ အချည်းအနှီးသော စကားများပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့လျှင် ထိုသူသည် ဒွန္နယာနှင့် အာခိရသ် နှစ်ဌာနစလုံး၏ ပြဿနာများ ဘေးဒုက္ခများနှင့် ဆုံးရှုံးနစ်နာမှု အလုံးစုံမှ လွတ်မြောက်မှုရရှိမည်။ အဘယ်ကြောင့်ဆိုသော် ဘေးဒုက္ခများနှင့် အန္တရာယ်များ၌ နစ်မြုပ်နေသော လူသားများ ထိုသို့ခံစားနေရမှု၏ အကြောင်းခံသည် အများအားဖြင့် နှုတ်လျှာ၏ မဆင်ခြင်မှုများကြောင့် ဖြစ်ရပေသည်။
၁၈။ သာပိုမြတ်
ဟဇရသ် အင်မ်ရာန်ဗင်န်ဟသ်သွာန် က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် ဟဇရသ် အဗူဇရ် နှင့် တွေ့ဆုံရန်သွားရာ ထိုဆွဟာဗီကို ဗလီထဲတွင် စောင်မဲခြုံလျှက် တစ်ယောက်ထဲ ထိုင်နေသည်ကို တွေ့ရသည်။ ထိုအခါ ကျွန်ုပ်က အဗူဇရ်၊ အသင် ယခုကဲ့သို့ တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ထိုင်နေသည်မှာ မည်သည့်အတွက်ကြောင့်နည်းဟု မေးလျှောက်ရာ ထိုဆွဟာဗီက ကျွန်ုပ်သည် တမန်တော်မြတ် ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရသည်။ မကောင်းသော မိတ်ဆွေအပေါင်းအသင်း များနှင့် အတူတကွ ထိုင်နေခြင်းထက် တစ်ဦးတည်း ထိုင်နေခြင်းက ပိုမြတ်သည်။ ထို့နောက် တစ်ယောက်တည်း ထိုင်နေခြင်းထက် ကောင်းသော မိတ်ဆွေအပေါင်းအသင်းများနှင့် ထိုင်နေခြင်းကပိုမြတ်သည်။ ထို့အပြင် ကောင်းသော စကားများ တင်ပြပြောဆိုခြင်းက တိတ်ဆိတ်ခြင်းထက် သာပိုမြတ်သည်။ ထို့နောက် တိတ်ဆိတ်စွာ နေခြင်းက မကောင်းသော စကားများ ပြောဆိုခြင်းထက် သာပိုမြတ်သည်။

၁၉။ နှလုံးသားကို သေစေသောအရာ
ဟဇရသ် အဗူဇရ် က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်ထံပါး အခစားဝင်၍ ကျွန်ုပ်အား ဆုံးမစကား မြွက်ကြားတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က အမိန့်ရှိတော်မူသည်။ အချိန်များစွာကို တိတ်ဆိတ်နေခြင်းဖြင့် ကုန်လွန်ပါ။ (မလိုအပ်ဘဲ မည်သည့်စကားမျှ မဆိုနှင့်။) ဤအချက်သည် ရှိုင်ဿွာန်ကို ဝေးအောင် မောင်းနှင်စေပြီး ဒီးန်သာသနာ့လုပ်ငန်းများ၌ အထောက်အကူ ဖြစ်စေသည်။ ထို့နောက် ကျွန်ုပ်က ကျွန်ုပ်အား နောက်ထပ်ဆုံးမစကား မြွက်ကြားပါဟု ထပ်မံလျှောက်ထားရာ တမန်တော်မြတ်က အမိန့်ရှိတော်မူသည်။ များစွာရယ်မောခြင်းမှ ရှောင်ကြဉ်ပါ။ အကြောင်းမှာ ဤအချက်သည် နှလုံးသားကို သေစေသည်။ ထို့အပြင် မျက်နှာ၏ နူရ်အလင်းရောင်ကို ကုန်ဆုံးစေသည်။

၂၀။ အကောင်းမြတ်ဆုံးသော အမလ်နှစ်ခု
ဟဇရသ် အနတ်စ် က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်ထံသို့ ဟဇရသ် အဗူဇရ် ရောက်ရှိလာသောအခါ တမန်တော်မြတ်က အဗူဇရ် ကျွန်ုပ်အသင့်အား ထူးခြားသည့် အမလ်နှစ်ခုမညွှန်ပြရပေဘူးလား။ ထိုအမလ် နှစ်ခုသည် ကျင့်သုံးရာတွင် လွယ်ကူမှုရှိပြီး အမလ်ချိန်ခွင်တွင် ချိန်တွယ်ရာ၌ အခြားအမလ်များထက် သာပိုလေးလံမှု ရှိသည် အမိန့်ရှိရာ အဗူဇရ်က ယာရစူလလ္လာဟ် မုချညွှန်ပြတော်မူပါဟု လျှောက်ထားတော်မူသည်။ ထိုအခါ တမန်တော်မြတ်က မိန့်ကြားတော်မူသည်မှာ ကောင်းမွန်သော ကိုယ်ကျင့်သီလနှင့် တိတ်ဆိတ်စွာနေခြင်း အကျင့်နှစ်ခုကို မွေးမြူပါ။ ကျွန်ုပ်၏ အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်၏ ကစမ်၊ အဖန်ဆင်းခံများ အားလုံး၏ အမလ်များအနက် ဤအမလ်နှစ်ခုထက် ကောင်းမြတ်သော အမလ်မရှိချေ။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ကို အထက်ပါ ဟဒီးဆ်တော်များအတိုင်း လိုက်နာကျင့်သုံးနိုင်စွမ်း သောင်ဖီးက် ပေးသနားတော်မူပါစေ အာမီးန်။

(မွန်သခဗ် အဟာဒီးဆ်ကျမ်းမှ ကောက်နုတ်တင်ပြသည်)
အလ်မုဖီးဒ် (Al-mufeed)

No comments:

Post a Comment

Note: only a member of this blog may post a comment.