ခရီးသည်နှစ်ဦး ခရီးထွက်ခဲ့ကြတယ်။ လမ်းတစ်နေရာမှာ ခရီးတစ်ထောက်နားပြီး
စားသောက်ဖို့ စီစဉ်ကြတယ်။ တစ်ဦးမှာ မုန့်ငါးချပ်ပါပြီး နောက်တစ်ဦးမှာ
မုန့်သုံးချပ်ပါတယ်။ အဲဒီအချိန်မှာ နောက်ခရီးသွားတစ်ဦး ရောက်ရှိလာတယ်။
ခရီးသွားနှစ်ဦးက နောက်ရောက်လာသူကို အတူစားသောက်ဖို့ ဖိတ်ခေါ်လိုက်တယ်။
သူတို့သုံးဦးဟာ မုန့်ရှစ်ချပ်ကို အတူတကွစားကြတယ်။ စားသောက်ပြီးတဲ့အခါ
နောက်ရောက်လာသူက ခရီးသည်နှစ်ဦးကို ငွေဒင်္ဂါးရှစ်ပြားပေးပြီးတော့
"ဒါဟာကျွန်တော် စားသောက်တဲ့အတွက် အစားပေးခြင်းဖြစ်ပါတယ်" လို့ပြောပြီး
ထွက်ခွာသွားတယ်။ ငွေဒင်္ဂါးရှစ်ပြားကို ဝေတဲ့အခါမှာ မုန့်ငါးချပ်ပါသူက
ငွေဒင်္ဂါးငါးပြားယူပြီး ငွေဒင်္ဂါးသုံးပြားကို မုန့်သုံးချပ်ပါသူကို ပေးတယ်။
အဲဒီလိုပေးတာကို မုန့်သုံးချပ်ပါသူက သဘောမတူပဲ လေးပြားစီ
အညီအမျှဝေယူကြဖို့ပြောတယ်။ နောက်ဆုံး အဝေမတည့်ဘဲ ဟဇရသ်အလီထံ
အဆုံးအဖြတ်ခံယူဖို့ ရောက်ရှိလာတယ်။ ဟဇရသ်အလီ က "ခင်ဗျားမိတ်ဆွေပေးနေတဲ့
ငွေဒင်္ဂါးသုံးပြားကို ယူလိုက်ပါ။ ကျန်သော ငွေဒင်္ဂါးငါးပြားကို ခင်ဗျားမိတ်ဆွေ
ယူပါစေ" လို့ မုန့်သုံးချပ်ပါသူကို ပြောတယ်။ အဲဒီအခါမှာ
မုန့်သုံးချပ်ပါသူက ကျွန်တော်ရသင့်ရထိုက်တာမရသရွေ့ သဘောမတူနိုင်ဘူး"လို့
ပြောတယ်။ ဟဇရသ်အလီ က "သင်ရသင့်ရထိုက်တာဟာ ငွေဒင်္ဂါး တစ်ပြားသာလျှင်ဖြစ်တယ်။
သင့်မိတ်ဆွေက ကြည်ကြည်ဖြူဖြူပေးနေတဲ့ ငွေဒင်္ဂါးသုံးပြားကို ယူလိုက်လျှင်
သင်သာပါတယ်" လို့ ဆိုတယ်။ "မဖြစ်နိုင်တာ၊ ဘယ်လိုခွဲဝေလို့
ကျွန်တော်ကတစ်ပြား သူက ခုနစ်ပြားရရတာလဲဆိုတာ ကျွန်တော်သဘောပေါက်အောင်
ရှင်းပြဆုံးဖြတ်ပေးပါ။ ကျွန်တော်နာခံပါ့မယ်" ဟဇရသ်အလီ ကပြောတယ်။ "ဒါဆိုရင်
နားထောင် မုန့်အားလုံးရှစ်ချပ်ဖြစ်တယ်။ သင်တို့က လူသုံးယောက်နော် အဲဒီတော့
အညီအမျှခွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်ရှစ်ကို သုံးနဲ့မြှောက်လိုက်
အဲဒီလိုဆိုရင် မုန့်ရှစ်ချပ်က (၂၄) ပိုင်းဖြစ်သွားမယ်။ သင်တို့ထဲမှာ ဘယ်သူက
ပိုစားတယ်၊ လျှော့စားတယ် မသိရတဲ့အတွက် အားလုံး အညီအမျှပင် စားတယ်လို့
သတ်မှတ်ရလိမ့်မယ်။ အဲဒီလိုဆိုရင် သင်က သင့်မုန့်ရဲ့ကိုးပိုင်းထဲက
မုန့်ရှစ်ပိုင်းကို စားတယ်။ တစ်ပိုင်းပဲပိုတယ်။ မုန့်ငါးချပ်ပါတဲ့
သင့်မိတ်ဆွေက သူ့မုန့် (၅) ချပ်ရဲ့ (၁၅) ပိုင်းထဲက ရှစ်ပိုင်းစားတော့ (၇)
ပိုင်းပိုမယ်၊ အဲဒီတော့ ငွေဒင်္ဂါးပေးသွားတဲ့သူဟာ သင့်မုန့်ထဲက
တစ်ပိုင်းပဲစားတယ်။ သင့်မိတ်ဆွေ မုန့်ထဲက (၇) ပိုင်းစားတယ်။ အဲဒီတော့ သင်က
တစ်ပြားရသင့်တယ်။ သင့်မိတ်ဆွေက (၇) ပြား ရသင့်တယ်။ ကဲ- ရှင်းပြီလား"
မုန့်သုံးချပ်ပါတဲ့သူက "ကျွန်တော်သဘောပေါက်ပါပြီ" လို့ ဖြေကြားလိုက်တယ်။
ဒီအကြောင်းအရာဟာ
အစ္စလာမ့်စတုတ္ထခလီဖာကြီး ဟဇရသ်အလီ (ရသွေယလ္လားဟုအန့်ဟု)
ရဲ့ဉာဏ်ပညာကြီးမြတ်ပုံကို ဖော်ပြတာလည်း ဖြစ်သလို၊ တစ်ချို့နေရာတွေမှာ
တွက်ချက်ပုံ Idea အရေးကြီးကြောင်းဖော်ပြလိုတာလည်း ဖြစ်တယ်။ မုန့် ၅
ချပ်ပိုင်ရှင်ဟာ သူတို့ယူလာတဲ့အရေအတွက်ဘက်က တွက်လိုက်ပြီး
မုန့်သုံးချပ်ပိုင်ရှင်ကတော့ ခရီးသွားဖော်နှစ်ဦး ဖြစ်လို့ အကျိုးအမြတ်ကို
ညီတူညီမျှခွဲရမယ်ဆိုတဲ့ ဘက်က တွက်တယ်။ ဟဇရသ်အလီကတော့
အမှန်ဆုံးတွက်ပေးသူဖြစ်တယ်။ မုန့်ချပ်ပါမလာသူက သူစားတဲ့အတွက် တန်ဖိုးသင့်
ပေးချေသွားတာဆိုတော့ သူစားတဲ့ ရှစ်ပိုင်းအတွက် ရှစ်ပြားပေးတယ်လို့
ယူဆလိုက်တဲ့အတွက် တစ်ပိုင်းသာပိုတဲ့ သုံးချပ်ပိုင်ရှင်အတွက်
တစ်ပြားသာရတော့တာပါပဲ။
လူတိုင်းကတော့မိမိ ပိုရတဲ့ဘက်က
တွက်ချင်ကြတာဓမ္မတာပဲ။ နေ့စဉ်လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေထဲမှာ
ကျနော်တို့ရဲ့ တွက်ချက်ပုံတွေကရော တရားမျှတမှုရှိကြပါသလား။
ဘယ်လောက်ပိုတွက်ပြီး ဘယ်လောက်ပိုယူကြပြီးပြီလဲ။
အလ်မုဖီးဒ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: only a member of this blog may post a comment.