Pages

.

အစ္စလာမ်သာသနာတော်မြတ် နှင့် မုတ်ဆိတ်ထားခြင်း (အပိုင်း ၁ မှလေး အစအဆုံး

 နိဒါန်း
ကမ္ဘာပေါ်တွင် အစ္စလာမ်သသနာတော် စတင်ခဲ့သည့် ကမ္ဘာဦးစ လူသားဖခင်ကြီး တမန်တော် အာဒမ် (အာလိုင်ဟိစ္စလာမ်) သခင်မှ သည်နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင် (ဆွလ်လလ္လာဟုအာလိုင်ဟိဝစ္စလာမ်)ထိ တမန်တော်များ၏ ဗီဇတော်များအနက် အလွန်ထင်ရှား ပေါ်လွင်လှသည့် မုတ်ဆိတ်နှင့် ပါးသိုင်းမွှေးထားခြင်း သည် ကိယာမသ် ကမ္ဘာပျက်မည့်နေ့တိုင် အစ္စလာမ်သာသနာတော်၏ မည်သို့သော ကျင့်စဉ် တစ်ရပ်ဖြစ်ကြောင်းကို မွတ်စလင်မ်များသိရှိကြရန် အလွန်အရေးကြီးလှပေသည်။
 မျက်မှောက်ခေတ်ကာလတွင် မုတ်ဆိတ်ထားခြင်းသည် မွတ်စလင်မ်များအဖို့ သာသနာတော်၏မပြုမနေပြုကျင့်ရမည့် တာဝန်တစ်ရပ် ဖြစ်ကြောင်း အသိများကွယ်ပျောက်လုနီးဖြစ်နေသည်မှာ မုချပင်။ အချုပ် မွတ်စလင်မ်များသည် မုတ်ဆိတ်ထားခြင်းမှာ - အာရဗ်ယဉ်ကျေးမှုတစ်ရပ်ဟူ၍လည်းကောင်း - အနောက်တိုင်းယဉ်ကျေးမှုဟူ၍လည်းကောင်း - လောကီရေးရာများကိုစွန့်ကာ တရားကျင့်ကြံအားထုတ်နေ၍ မအားလပ်သည့်အတွက် မရိတ်ဘဲ မုတ်ဆိတ်ထားနေခြင်းဟူ၍လည်းကောင်း - အချို့ ပညာမဲ့သူများက လိင်ကိစ္စအတွက် မုတ်ဆိတ်ထားသည်ဟူ၍လည်းကောင်း စသည်ကဲ့သို့ တလွှဲတချော် မှတ်ယူနေကြသည်။ ထို့ကြောင့်ပင်ယင်းကဲ့သို့ထင်မြင်ယူဆကြသော မွတ်စလင်မ်များသည် မုတ်ဆိတ်ရိတ်ခြင်း၏ ဂိုနာဟ်ကဗီရဟ် ကြီးလေးသော ပြစ်မှုကြီးကို နေ့စဉ် ကျူးလွန်မှန်းမသိ ကျူးလွန်နေလျက်ရှိနေကြ၏။ သို့ဖြစ်ပေရာ အခါအားလျော်စွာ အစ္စလာမ်သာသနာတော်မြတ် နှင့် မုတ်ဆိတ်ထားခြင်း ဟူ၍ ခေါင်းစဉ်ဖြင့် အပိုင်းများခွဲ၍ တင်ပြပေးသွားမည်။ သတိပေးလိုသည်မှာ ရိုင်းပျသော ကွန်မန်းများပေးခြင်းအား ကရုစိုက်မည်မဟုတ်ပေ။ ပြန်လည် အဖြေပေးမည်မဟုတ်ကြောင်း ဦးစွာသတိပေးလိုပေသည်။ လူ့အဖွဲ့အစည်း၏ အုပ်စုအသီးသီး၌ ၀ိသေသလက္ခဏာအမှတ်အသား သင်္ကေတများရှိကြသည်။ အစ္စလာမ်သာသနာတွင်လည်း အစ္စလာမ်သာသနာဝင်ပီသစေရန် သင်္ကေတများရှိ၏။ ယင်းတို့အနက် မုတ်ဆိတ်ထားခြင်းသည် အဓိကကျသော အမှတ်အသားတစ်ရပ်ဖြစ်ကြောင်း ကုရ်အာန်၊ ဟဒီစ်၊ အိဂ်ျမာအ်၊ ဖိကဟ်တို့၌ အောက်ပါအတိုင်းတွေ့ရှိရ၏။

 ကျမ်းတော်မြတ်ကုရ်အာန်မှ မုတ်ဆိတ်အကြောင်း - ..........

 

၁။ ကုရ်အာန်ကျမ်းတော်မြတ်တွင် စူရဟ်သွာဟာ၏ အာယသ်တော် အမှတ်စဉ် -၉၄- ၌ တမန်တော် ဟာရူးန် (အာလိုင်ဟိစ္စလာမ်)သည် မိမိ၏ညီတော် တမန်တော်မူစာ (အာလိုင်ဟိစ္စလာမ်) အား ..... အို . . . ကျွန်ုပ်မိခင်၏သား (ညီတော်) အသင်သည် ကျွန်ုပ်၏ မုတ်ဆိတ်ကိုလည်းကောင်း ဦးခေါင်းကိုလည်းကောင်း ဆွဲကိုင်ခြင်းမပြုပလေနှင့် (ကုရ်အာန် ၂၀း ၉၄) ဟူ၍ ဖော်ပြထားသည်။ ဤအချက်ကို လေ့လာခြင်းဖြင့် တမန်တော်များသည် မုတ်ဆိတ်ထားခဲ့ကြောင်းမုတ်ဆိတ်ထားခြင်းသည် ကုရ်အာန်မှ ပြဆိုထားသော အစ္စလာမ်၏ လမ်းစဉ်တစ်ရပ်ဖြစ်ကြောင်း သိရပေသည်။

၂။ အီမာမ်အဟ်မဒ် အိဗ်နုဟန် (မ်) ဘလ်သခင်အား တစ်ဦးတစ်ယောက်သောသူက မုတ်ဆိတ်ထားခြင်းနှင့်ပတ်သက်၍ ကုရ်အာန် ကျမ်းတော်မြတ်မှ အထောက်အထားထုတ်နှုတ်ပြပါရန် လျှောက်ထားခဲ့ရာ သခင်က ..... ထို့အပြင် အသင်တို့သည် မိမိတို့အား ရစူလ်တမန်တော်မြတ်ကပေးခဲ့သည်ကို ယူကြလေကုန်၊ ထိုနည်းတူစွာ ထိုရစူလ်တမန်တော်မြတ်က တာမြစ်တော်မူသည်မှ ရှောင်ကြဉ်ကြလေကုန်။ (ကုရ်အာန် ၅၉း ၇) ကိုတင်ပြခဲ့၏။ ဤအာယသ်တော်တွင် မုတ်ဆိတ်ထားရန် အမိန့်ပါရှိ၏။ အဘယ့်ကြောင့်ဆိုသော် . . . . . ကျွန်ုပ်တို့အား မုတ်ဆိတ်ထားရန် တမန်တော်မြတ်မှ ညွှန်ကြားထားသည့် မိန့်ခွန်းတော်များ မြောက်မြားစွာလာရှိထားပေသည်။ ဤအာယသ်တော်တွင် ကျွန်ုပ်တို့အား တမန်တော်မြတ်၏ ညွှန်ကြားချက်ကို လိုက်နာရန် အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် အမိန့်ပေးထားကြောင်း ထင်ရှားလျှက်ရှိပေသည်။ ထို့ကြောင့် သခင်ကြီးက ဤအာယသ်တော်ကို ထုတ်နှုတ်တင်ပြခဲ့ခြင်းဖြစ်သည်။


 ဟဒီးစ်ကျမ်းတော်လာ မုတ်ဆိတ်

(ဟဒီးစ်)   အဗူဟိုရိုင်ရဟ် (ရသွီ့)သခင်မှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် မုဟမ္မဒ် (ဆွ) မိန့်တော်မူသည်မှာ
     “ အသင်တို့သည် နှုတ်ခမ်းမွှေးများကို ညှပ်ကြပြီး မုတ်ဆိတ်များကို ထားကြလျှက် “မဂျူစီ” များကို ဆန့်ကျင်ကြကုန်။” (မွတ်စ်လင်မ်ကျမ်း)
နောက်လည်း မုတ်ဆိတ်ထားရန်အမိန့်ပေးထားသော ဟဒီးစ်အမြောက်အမြားရှိနေပေသေးသည်။


တမန်တော် မုဟမ္မဒ် (ဆွ) ၏ မုတ်ဆိတ်တော်

ဟဒီးစ်တော်တွင်လာရှိသည်မှာ - . . . . .
တမန်တော်မြတ် (ဆွ) ၌ ရွှေရင်တော်အပြည့် ဖုံးလွှမ်းအောင်ထူထဲလှသော မုတ်ဆိတ်တော်ရှိခဲ့၏။  (ရှမာအိလေ သိရ်မိဇီကျမ်း)

ဆွဟာဗာ သာဝကကြီးများ၏ မုတ်ဆိတ်တော်

၁။  သာဝကကြီး ဂျာဗိရ် (ရသွီ့)သခင်မိန့်တော်မူခဲ့သည်မှာ . . . .
    ကျွန်ုပ်တို့ ဆွဟာဗာများသည် ဟဂ်ျ သို့မဟုတ် အွမ္မရဟ် ပြုချိန်မှအပ မုတ်ဆိတ်မွှေးရှည်နေသည်များ ကို မရိတ်ဖြတ်ခဲ့ကြပါ။ ဟဂ်ျ သို့မဟုတ် အွမ္မရဟ်ပြုချိန်မှသာ လက်တစ်ဆုပ်မှအပ ပိုသော မုတ်ဆိတ်မွှေး များကို ဖြတ်တောက်ကြ၏။

၂။  တတိယမြောက် ခလီဖွာကြီးဖြစ်သော အွတ်စ်မားန် (ရသွီ့)သခင်အား ပုန်ကန်သူများသည် မဒီနဟ်မြို့တော်သို့ ၀င်လာကြသောအခါ သူပုန်တစ်ယောက်က သခင်ကြီး၏
     မုတ်ဆိတ်တော်ကို လက်ဖြင့်ဆွဲကိုင်သည်ဟူ၍ သခင်ကြီး၏ အတ္ထုပ္ပတ္တိတွင် တွေ့ရှိရသည်။ ဤအချက်ကို သုံးသပ်ခြင်းဖြင့် သခင်ကြီးတွင် ထူထဲပြည့်ဝသော မုတ်ဆိတ်တော်
     ရှိကြောင်း သိသာနိုင်ပေသည်။   (သဖ်စီရ်အိဗ်နု ကစီးရ်ကျမ်း)

၃။  သာဝကကြီး အုမရ် (ရသွီ့) သခင်ကြီး၌လည်း ပြည့်ဝ၍ များပြားလှသော မုတ်ဆိတ်တော်ရှိကြောင်း၊ လက်တစ်ဆုပ်ထက်ပိုသော မုတ်ဆိတ်တော်ကို ဖြတ်တောက်တော်မူကြောင်း
     “ဖသ်ဟုလ် ကဒီးရ်” ကျမ်းတွင် တွေ့ရှိရပေသည်။

အိမာမ်ကြီးလေးပါး၏အဆို -

ဟန္နဖီ-ရှာဖိအီ-ဟန်မ်ဗလီ-မာလိကီ  မဇ်ဟဗ်ကြီးလေးခုစလုံး၏ ခေါင်းဆောင်ကြီးများဖြစ်ကြသော အိမာမ်ကြီးလေးပါးထံ၌ မုတ်ဆိတ်မွှေးရိတ်ခြင်းသည် တစ်ညီတစ်ညွတ်တည်း ဟရာမ်
ဖြစ်ကြောင်းအောက်ပါအတိုင်းတွေ့ရှိရပေသည်။

ဟန္နဖီ မဇ်ဟဗ်

အမျိုးသားများအဖို့ မုတ်ဆိတ်ရိတ်ခြင်းသည် ဟရာမ်ဖြစ်၏။ ထို့အတူ လက်တစ်ဆုပ်စာမျှမပြည့်သေးသော မုတ်ဆိတ်မွှေးကို အနောက်နိုင်ငံသားများကဲ့သို့ လည်းကောင်း၊ မိန်းမရှာများကဲ့သို့
လည်းကောင်း ညှပ်ခြင်းသည် မပြုနိုင်သောအချက်ဖြစ်သည်။   (ဖသ်ဟုလ်ကဒီးရ်ရေမုခ်သားရ်ကျမ်း)

ရှာဖိအီ မဇ်ဟဗ်

အိမာမ် အိဗ်နုရိဖ်အဟ် သခင်တင်ပြခဲ့သည်မှာ . . . .
ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာမရှိဘဲ မုတ်ဆိတ်ရိတ်ခြင်းသည် “ဟရာမ်” ဖြစ်၏။ ဤအချက်ကို အိမာမ်ရှာဖိအီသခင်ကြီးသည် “အွမ်” ဟူသောကျမ်းတွင် ရှင်းလင်းပြတ်သားစွာ ရေးသားထား၏။

ဟန်မ်ဗလီ မဇ်ဟဗ်

မုတ်ဆိတ်မွှေးရိတ်ခြင်းသည် ဟရာမ်ဖြစ်ကြောင်းမှာ ခိုင်လုံသည့်အဆိုဖြစ်သည်။
ထိုအဆိုကိုဆန့်ကျင်သည့် မည်သည့်အဆိုမျှမရှိကြောင်း အင်န်ဆွာဖ်ကျမ်းရှင်က ရေးသားထားပေသည်။


မာလိကီ မဇ်ဟဗ်

မုတ်ဆိတ်မွှေးကို ရိတ်ခြင်းနှင့် ပုံစံပျက်အောင် ဖြတ်တောက်ခြင်းသည် ဟရာမ် ဖြစ်သည်။  (အလ်အိဗ်ဒါအု ဖွီမနာရိလ် အိဘ်သေဒါးအ်ကျမ်း)

မှတ်ချက် ။        ။ ပုံစံပျက်အောင် ဖြတ်တောက်ခြင်းဆိုသည်မှာ . . . တရားတော်မှ ပြဌာန်းထားသော အသွင်ကို ပြောင်းလဲဖျက်ဆီးပစ်ခြင်း ဖြစ်သည်။

မုတ်ဆိတ်ထားခြင်း၏ အကျိုးကျေးဇူးများ-

    မုတ်ဆိတ်ထားသူသည် တမန်တော်မြတ် မုဟမ္မဒ် (ဆွ)၏ မိန့်ကြားချက်ကို နာခံရာရောက်သည်။ တမန်တော်မြတ် (ဆွ)၏ လမ်းစဉ်ကို မြတ်နိုးရာရောက်၏။ ထို့အတူ ယခုမျက်မှောက်ကာလတွင်
တိမ်ကောပျောက်ကွယ်နေသော တမန်တော်မြတ်၏ ကျင့်စဉ်တော်တစ်ရပ်အား ရှင်သန်အောင် အကောင်ထည်ဖော်ခြင်းသည် ရှဟီဒီပေါင်း (၁၀၀)၏ အကျိုးကျေးဇူးကို ရရှိပေသည်။
    မုတ်ဆိတ်ထားသဖြင့် မျက်မြင်လောကတွင်လည်း များစွာသော အကျိုးသက်ရောက်မှုရှိကြောင်း “ဒေါက်တာဟိုမဲရ်”ကတင်ပြထားသည်။ မုတ်ဆိတ်ထားခြင်းသည်  . . . .
သတ္တိပြောင်မြောက်ခြင်း၊
ရဲရင့်ခြင်း၊
ယောင်္ကျားပီသခြင်း၊
အမျိုးသားတစ်ယောက်၏ ဂုဏ်အင်္ဂါရပ်နှင့် ညီခြင်း၊  စသည့်အချက်များကို ထင်ရှားစေသည်။

ယူနန်ဆေးပညာရှင်များ၏အဆိုအရ မုတ်ဆိတ်ကို ကြိမ်ဖန်များစွာ ရိတ်ခဲ့သော် မျက်ကြောများထိခိုက်စေ၏။ မျက်စိအားနည်းစေ၏။ မုတ်ဆိတ်ထားသူသည် ထိုဝေဒနာမှ ကင်းလွတ်၏။

ဖိကဟ်ဥပဒေအရ . . . .
တမြန်တော်မြတ် (ဆွ)၏ အမိန့်တစ်စုံတစ်ရာနှင့် ပတ်သက်၍ တမန်တော်မြတ်၏ အခြားအမိန့်တစ်စုံတစ်ရာ မရှိသရွေ့အထိ မူလတမန်တော်မြတ်၏ အမိန့်အားလုံးနာခံရန်မှာ ၀ါဂျိဗ်တာဝန် ဖြစ်သည်။ (နူရွလ်အန်ဝါရ်ကျမ်း)

သို့ဖြစ်၍ မုတ်ဆိတ်ထားရန်မှာ “၀ါဂျိဗ်” တာဝန်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် မုတ်ဆိတ်မွှေးရိတ်ခြင်းသည်
ဟရာမ်ဖြစ်၍ (ဂိုနာကဗီရဟ်) ကြီးလေးသော ပြစ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။

အချိန်တိုင်းဂိုနာဟ်

ဂိုနာကဗီရဟ် ခေါ် ကြီးလေးသော ပြစ်မှုတိုင်းသည် အလ္လာဟ်အရှင်မနှစ်မြို့သော လုပ်ရပ်များဖြစ်၍ လုံးဝရှောင်ကြဉ်ရမည့် အချက်များဖြစ်သည်။ ကျူးလွန်မိပါက ချက်ချင်း သောင်ဗဟ် အမှားဝန်ချတောင်းပန်မှု ပြုလုပ်ရပေမည်။
ဥပမာ - ခိုးဝှက်ခြင်း၊ အရက်သောက်ခြင်း၊ လောင်းကစားခြင်း၊ မိဘကိုပုန်ကန်ခြင်း၊ ဇေနာပြုခြင်း၊ အတင်းအဖျင်းပြောခြင်း၊ ဂုံးချောခြင်းနှင့် ဆဲရေးတိုင်းထွာခြင်း စသည်တို့သည် ဂိုနာကဗီရာဟ်များဖြစ်သည်။ မွတ်စလင်မ်တိုင်းရှောင်ကြဉ်ကြရန်
အထူးလိုအပ်ပါသည်။ သို့သော် ဖေါ်ပြပါပြစ်မှုများသည် ကျူးလွန်နေဆဲ အချိန်၌သာ ကောင်းကင်တမန်များ၏ ရေမှတ်ခြင်းခံရသည်။ ပြီးဆုံးသွားပါက ကောင်းကင်တမန်များ၏ ရေမှတ်ခြင်းလည်းရပ်တန့်သွား၏။
ဥပမာ - လူတစ်ယောက် ဇေနာကျူးလွန်၏  ထိုအချိန်၌ ရေးမှတ်ခံရ၏။ ပြီးဆုံးချိန်၌ ကောင်းကင်တမန်များ၏ ရေးမှတ်မှုရပ်တန့်သွား၏။
    မုတ်ဆိတ်ရိတ်သူ တစ်ဦး၏ ပြစ်မှုမှာ ထိုကဲ့သို့ မဟုတ်ချေ။
    မုတ်ဆိတ်ရိတ်ပြီးနောက် ၂၄-နာရီလုံး စက္ကန့်တိုင်း၊ မိနစ်တိုင်း၌ ဖြစ်မှုမြောက်နေလေ၏။ ဖွရ်သ်ွနမားဇ်ဖတ်နေသည်ဖြစ်စေ၊ ၀ါဂျိဗ်၊ စွန္နသ်နမားဇ်များ ဖတ်နေသည်ဖြစ်စေ၊ ဘိုင်သွလ္လာဟ်အား သွဝါးဖ်လှည့်နေသည်ဖြစ်စေ တစ်ဘက်က
ကောင်းမှုအတွက် ကောင်းမှုစာရင်းရေးမှတ်နေငြားသော်လည်း အခြားတစ်ဘက်မှ မုတ်ဆိတ်ရိတ်ထားသည့်ဂိုနာဟ် ကြောင့် မကောင်းမှုပြစ်ချက်ကို ကောင်းကင်တမန်များက ရေးမှတ်နေပေသည်။

ထို့ကြောင့် မုတ်ဆိတ်ရိတ်သော ပြစ်မှုသည် အချိန်ပြည့် ကျူးလွန်နေသော ဂိုနာဟ်ဖြစ်ကြောင်းထင်ရှားလှပေသည်။


“သတိပြုရန်”

ကျွန်ုပ်တို့ မွတ်စ်လင်မ်များသည် မိမိတို့၏ အလွန်ကြီးကြယ်လှသော အမလ်အေဘာဒသ် ကုသိုလ်ကောင်းမှုတစ်ရပ်ဖြစ်သည့် နမားဇ်တွင် ရကအသ်တိုင်း၌
“အို . . . အလ္လာဟ်အရှင်မြတ် - - - ကျွန်တော်မျိုးတို့အား အရှင်မြတ်၏ အမျက်တော်စူးရှခံထားရသော ယဟူဒီများ၏လမ်းစဉ်၊ လမ်းလွှဲသူများဖြစ်ကြသော နဆွာရာများ၏ လမ်းစဉ်မှ၊ ဖယ်ရှားတော်မူပါ . . . ဟု တောင်းဆိုနေကြသော်ငြားလည်း
ယင်း ယဟူဒီများနှင့် နဆွရာများ၏ လမ်းစဉ်ကို လိုလားနှစ်ခြိုက်စွာ ကျင့်သုံးသောအားဖြင့် မုတ်ဆိတ်ရိတ်နေကြသည်မှာ အလွန်အံသြဖွယ်ကောင်းလှပေသည်။


ဆေးပညာရှုထောင့်အရ မုတ်ဆိတ်ရိတ်ခြင်း၏ ဆိုးကျိုးများ

    မုတ်ဆိတ်ထားခြင်း၏ အရေးပါမှုနှင့် တရားတော်အဆုံးအဖြတ်များကို အနည်းအများဆိုသကဲ့သို့ စာဖတ်သူတို့ သိနေပြီးဖြစ်သဖြင့် ယခု ဆေးသိပ္ပံရှုထောင့်အရ အကျိုးအပြစ်မည်သို့ ရှိကြောင်း ဆွေးနွေးတင်ပြပါမည်။
    ဘကင်န်တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ဒေါက်တာမူရ်က မုတ်ဆိတ်ရိတ်ခြင်း၊ ဘရိတ်ဓါးနှင့် ဆပ်ပြာတို့အကြောင်းကို နှစ်ပေါင်းများစွာ သုတေသနပြုခဲ့သော သူ၏တွေ့ရှိချက်များကို တင်ပြထားရာ ထိုမှ ကောက်နှုတ်ချက်အချို့ကို “ဆွိဟသ်” အမည်ရှိ
ကျန်းမာရေးစာစောင် (ဒေလီမြို့ထုတ်)မှ ကူးယူဖော်ပြလိုက်ရပါသည်။

Skin Diseases အရေပြားရောဂါ

    မုတ်ဆိတ်ရိတ်ခြင်းဖြင့် ရရှိလိုက်သော ဆိုးကျိုးကဲ့သို့ ဆိုးဝါးသော ဆိုးကျိုးမျိုးမရှိပါ။ မုတ်ဆိတ်ရိတ်ခြင်းဟူသည် စင်စစ် အရေပြားကို စဉ်ဆက်မပျက် ဓါးဖြင့်ခြစ်ခြင်းဖြစ်သည်။ လူအများစုက မိမိမျက်နှာပြင်တွင် နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး လုံးဝမရှိဘဲ ချောမွတ်ဖြူစင်
နေသော မျက်နှာအလှပိုင်ရှင်ဖြစ်လိုကြသည်။ ထိုအဖြစ်ကို အနှောက်အယှက်ဖြစ်စေသည့် မုတ်ဆိတ်နှင့်နှုတ်ခမ်းမွှေးများကို မကြာခဏ ထက်မြက်သော ဘရိတ်ဓါးဖြင့် အရေပြားကို ခြစ်ရိတ်ခြင်း အလျဉ်းမပြုသင့် ပြုလျှင် ပါးပြင်တွင် sensitive ဓါတ်မတည့်ခြင်းများဖြစ်တတ်သည်။
ပါးပြင်ကို ရောဂါပိုးများ အလွယ်တကူသက်ရောက်နိုင်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးသကဲ့သို့ ဖြစ်နေသည်။
    အသွားတုံးသော ဘရိတ်ဓါးကို အသုံးပြုမိခြင်းဖြင့် အားစိုက်ပေးရသဖြင့်အရေပြားများကို သာပို၍ ပျက်စီးစေသည်။ ဤပျက်စီးမှုများကို သာမန်မျက်စေ့ဖြင့် မတွေ့မြင်နိုင်ပါ။ ဤပျက်စီးမှု အနာတရဖြစ်နေသည့်နေရာသို့ ရောဂါပိုးကျရောက်လျှင် မုတ်ဆိတ်ရိတ်သူသည်
ရောဂါအမျိုးမျိုး၏ ဒုက္ခပေးမှုကို လှလှကြီးခံစားရပါပေမည်။
    မုတ်ဆိတ်ရိတ်ခြင်းဖြင့် ထိခိုက်ရှနာ အသေးအဖွဲလေးများ မလွဲမသွေ ဖြစ်ရသည်။ ထိုမှတဆင့် Impeigo ဒဏ်ဖြစ်ခြင်းနှင့် Sycosisbarbae ကဲ့သို့သော ရောဂါဆိုးများကို ဆင့်ကဲဖြစ်ပွားစေသည်။ ဤသည်ပင်မက ရောဂါများမှ တစတစဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံသွားနိုင်သည်။

မုတ်ဆိတ်ရိတ်ခြင်းဖြင့် အောက်ပါရောဂါများ ဖြစ်ပွားနိုင်သည်  . . . . . .

(၁)  Acne vuogaris ၀က်ခြံထွက်ခြင်း၊
(၂)  Dandruf Seborrhose မျက်နှာအသားအရေချောက်သွေ့ခြင်း၊
(၃)  Acne Rasacea
(၄)  Rhinophyma မျက်နှာနှင့် နှာခေါင်းတို့တွင် အပူစေ့ထွက်ခြင်း၊
(၅)  Bails
(၆)  Eezema
(၇)  Urticaria Allergy ရေကြည်ဖုထွက်ခြင်းနှင့် ဓါတ်မတည့်ရောဂါများ။

ခရမ်းလွန်ရောင်ခြည်သက်ရောက်မှု

    Uitrviolet Royd ခရမ်းလွန်ရောင်ခြည်သက်ရောက်မှုသည် ခန္ဓာကိုယ် အရေပြားကို အလွန်ပင် ဆိုးရွားစွာ ထိခိုက်စေပါသည်။ ဤရောင်ခြည်သည် နေရောင်ခြည်တွင် ပါရှိပါသည်။ နေရောင်ခြည်မှ ရှောင်ကွင်းရန် မလွယ်ကူလှပါ။ နေပူလောင်ခြင်းဖြင့် မျက်နှာပေါ်တွင် အမဲကွက်များ
(တင်းတိပ်)ကို ဖြစ်ပွားစေသည်။ ထိုမှတစ်ဆင့် အခြားရောဂါများကိုလည်း ဆင့်ပွားဖြစ်ပေါ်စေတတ်ပါသည်။
    မုတ်ဆိတ်အမြဲရိတ်ခြင်းဖြင့် Pituatary Gland ပီကျူထရီဂလင်းကို ထိခိုက်စေသည်။ ထိုဂလင်းထိခိုက်ရာမှတစ်ဆင့် Nervous System အာရုံကြော အဖွဲ့အစည်းနှင့် ဆက်သွယ်နေသည့် အစိတ်အပိုင်းများကို ထိခိုက်စေသည်။ မုတ်ဆိတ်မရိတ်ဘဲ ထားခြင်းဖြင့် အထက်ပါ ရောဂါများကို
ပျောက်ကင်းစေခြင်း၊ သက်သာခြင်းများဖြစ်နိုင်ကြောင်း လက်တွေ့သုတေသနပြု တွေ့ရှိရပါသည်။




မုတ်ဆိတ်ထားခြင်းနှင့်ပတ်သက်၍ အချို့သော မတ်စ်အလဟ်များ-

၁။ မေး ။    ။ မုတ်ဆိတ်ထားခြင်းသည် အစ္စလာမ်တရားတော်အရ မည်သို့တာဝန်ပါရှိသနည်း။
    ဖြေ ။    ။ “၀ါဂျိဗ်” မပြုမနေရတာဝန်ဖြစ်သည်။ (အင်မ်ဒါဒုလ်ဖသာဝါကျမ်း)

၂။ မေး ။    ။ မုတ်ဆိတ်ရိတ်ခြင်း၌ မသည်သို့ပညတ်ချက်ရှိပါသနည်း။
    ဖြေ ။    ။ မုတ်ဆိတ်ရိတ်ခြင်းသည် “မဇ်ဟဗ်”ကြီး လေးခုစလုံး၌ တစ်ညီးတစ်ညွတ်တည်း “ဟရာမ်” ဖြစ်သည်။

၃။ မေး ။    ။ မုတ်ဆိတ်ရိတ်သူသည် တရားတော်အရ မည်သည့်အဆင့်တွင်ရှိပါသနည်း။
    ဖြေ ။    ။ မုတ်ဆိတ်ရိတ်သူသည် ဖွာဆစ်က် ဖြစ်၏။

၎။ မေး ။    ။ မုတ်ဆိတ်ကို မည်သည့်အတိုင်းအတာမျှ ထားရန် တာဝန်ရှိပါသနည်း။
    ဖြေ ။    ။ မုတ်ဆိတ်မွှေးကို လက်တစ်ဆုပ်စာမျှ ထားရန်တာဝန်ရှိ၏။ လက်တစ်ဆုပ်စာ မပြည့်မီ သို့မဟုတ် လက်တစ်ဆုပ်စာထက် လျှော့ပြီးရိတ်ခြင်း၊ ညှပ်ခြင်း၊ “ဟရာမ်” ဖြစ်၏။

၅။ မေး ။    ။ မုတ်ဆိတ်ရိတ်သူသည် “အိမာမ်” အဖြစ် ဆောင်ရွက်ပိုင်ခွင့်ရှိပါသလား။
    ဖြေ ။    ။ မုတ်ဆိတ်ရိတ်သူကို  အိမာမ် အဖြစ် တင်မြှောက်ခြင်း၊ ”မက္ကရူးသဟ်ရီမဟ်” ဖြစ်သည်။ အကယ်၍ သက်ဆိုင်သူတို့က အတင်းအဓမ္မ တင်မြှောက်ထားခဲ့၍ မလွှဲရှောင်သာသော် ၀တ်ပြုလိုက်ပါ။ ဂျမာအသ်ကို မလွှတ်ရပါ။ တင်မြှောက်သူတို့အပေါ်၌သာ အပြစ်ထိုက်ပေမည်။ (ရှာမီကျမ်း)

၆။ မေး ။    ။ နှုတ်ခမ်းမွှေးနှင့်ပတ်သက်၍ တရားတော်၏ ပညတ်ချက် မည်သို့ရှိပါသနည်း။
    ဖြေ ။    ။ နှုတ်ခမ်းမွှေး အရှည်ထားခြင်း “ဟရာမ်”ဖြစ်၏။ နှုတ်ခမ်းများပေါ်လွင်အောင် ညှပ်ရမည်။ (ရှာမီကျမ်း)

၇။ မေး ။    ။ မုတ်ဆိတ်မွှေးနှင့် ဆံပင်၊ အရောင်ဆိုးပိုင်ခွင့် ရှိပါသလား။
    ဖြေ ။    ။ အနီရောင်ဆိုးခြင်း မွတ်စ်သဟဗ် ဖြစ်၏။ အနက်ရောင်ဆိုးခြင်း “မက္ကရူးဟ်” ဖြစ်၏။ (ဂျဝါဟေရွလ် ဖွေကဟ်ကျမ်း)

၈။ မေး ။    ။ မုတ်ဆိတ်မွှေးထားခြင်းကို လှောင်ပြောင်သရော်ခြင်းသည် တရားတော်အရ မည်သို့ အပြစ်သင့်သနည်း။
    ဖြေ ။    ။ မုတ်ဆိတ်မွှေးထားခြင်းကို လှောင်ပြောင်သရော်ခြင်းသည် ရှရီအသ်တရားတော်မြတ်ကို ရှုတ်ချပြောင်လှောင်ခြင်း သက်ရောက်၍ ပြန်လည်၍ သောင်ဗဟ်ပြုရမည်။(ဖသာဝါ မဟ်မူဒီယဟ်ကျမ်း)

အလ္လာဟ်အရှင်မြတ် ကျွန်တော်အပါအ၀င် မွတ်စ်လင်မ်အပေါင်းအား ရှရီအသ်ရဲ့ အမိန့်ပညတ်ချက်များအားလုံးကို လိုက်နာနိုင်စွမ်းပေးသနားတော်မူပါစေ။ (အာမီးန်)

အစ္စလာမ်သာသနာတော်မြတ်   နှင့်  မုတ်ဆိတ်ထားခြင်း   (အပိုင်း - 1-2-3 -4) အစမှ အဆုံးတိုင်ပို့စ်အား အလ်ဟာဂ်ျ မောင်လာနာ မုဖ်သီ ဟာဖိဇ် မုဟမ္မဒ် အိဒ်ရီးစ် (မဇွါဟိရီ)၏ ပြုစုရေးသားအပ်သော အစ္စလာမ်သာသနာတော်နှင့် မုတ်ဆိတ်ထားခြင်း စာအုပ် နှင့်
မုဖ်သီ ဃာဇီ မုဟမ္မဒ် တွိုင်ယစ်ဗ် ရှမ်စီ ပြန်ဆိုရေးသားအပ်သော စွန္နသ်တော်နှင့် ခေတ်သိပ္ပံ ဒုတိယတွဲမှ ကောင်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။

ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)


အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်

No comments:

Post a Comment

Note: only a member of this blog may post a comment.