ကုရ်အာန်နှင့် မိဘမေတ္တာ
=================
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူသော အရှင်မြတ်သည် အသင်တို့အနေနှင့် ထိုအရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ကြရန်နှင့်မိဘနှစ်ပါးအား ကောင်းမွန်စွာပြုစုကြရန် သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့၏။
အကယ်၍ အသင်တို့ ထံ၌ မိဘနှစ်ပါး သို့မဟုတ် တစ်ပါးသည် အိုမင်းမစွမ်း အချိန်အရွယ်သို့ ရောက်လာခဲ့သည်ရှိသော် အသင်သည် မကျေနပ်သောအမူအရာဖြင့်(အုဖ်)ဟူ၍ပင် မညည်းညူ လေနှင့်။ မိဘနှစ်ပါးအား ကြမ်းကြုတ်စွာ မဆက်ဆံ လေနှင့်။
မိဘနှစ်ပါးအား နူးညံ့ချိုသာသော စကားကိုသာ ပြောကြားလေကုန်။ မိဘနှစ်ပါး၏ရှေ့တွင် ကြင်နာစွာ ကျိုးငဲ့စွာနေထိုင်ကြလေကုန်။
၎င်းနောက် အို -အရှင်မြတ်၊ ၄င်းမိဘနှစ်ပါးသည် ကျွန်တော်မျိုးအား ငယ်စဉ်ဘဝမှစ၍ ကြင်နာပြုစုယုယခဲ့သည့်အလား အရှင်မြတ်သည်လည်း ကျွန်တော်မျိုး၏မိဘနှစ်ပါးအားကြင်နာသနားတော်မူပါဟု
တောင်းဆုပြုလေကုန်။ (တစ်ဖန် အသင်တို့သည် နှုတ်မှ အပြောသက်သက်မဖြစ်စေဘဲစိတ်တွင်း၌လည်းမိဘနှစ်ပါး၏ အမိန့်ကိုနာခံရန်၊ရိုသေမှုပြုရန်နှလုံးသွင်းထားကြလေကုန်) အလ္လာဟ်အရှင်မြတ်သည်အသင်တို့အတွင်းစိတ်ကိုပင်သိတော် မူသောအရှင်ဖြစ်တော်မူပေသည်။ အကယ်၍ အသင်တို့သည် (မိမိတို့၏မေ့မှားမှုကိုသိကြပြီး) အမိန့်တော်ကို လိုက်နာသူများဖြစ်ခဲ့ကြလျှင်(အမှားအားအမှန်ပြင်လော့၊)
မုချ မိမိအမှားကိုသိ၍ အမှန်ပြင်သူတို့အား အလ္လာဟ် အရှင်မြတ်သည်ခွင့်လွှတ်တော်မူသောအရှင်ဖြစ်ပေသည်။
(ကုရ်အာန်-၁၇း၂၃-၂၄-၂၅)
ရှင်းလင်းချက်
---------------
-
အထက်ဖော်ပြပါ အာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် အမိန့်နှစ်ရပ်ကို သတ်မှတ်ခဲ့လေသည်။
ပထမအမိန့်တွင် အလ္လာဟ်တစ်ပါးတည်းကိုသာ ကိုးကွယ်၍ ၄င်းအရှင်ကိုသာလျှင် ခဝပ်မှုပြုရန်ဖြစ်လေသည်။ ၄င်းအခြေခံတရားကို ဟောကြားဖြန့်ချိရန်အတွက် မြောက်မြားစွာသော နဗီတမန်တော်များကို စေလွှတ်တော် မူ၍ မြောက်မြားစွာသော ကျမ်းကြီးကျမ်းငယ်များကိုလည်း ပို့ချတော် မူခဲ့လေသည်။ ထို့ကြောင့် အစ္စလာမ်သာသနာတော်တွင် အလ္လာဟ် အရှင်တစ်ပါးတည်းကိုသာ ခဝပ်ခြင်း၊ ကိုးကွယ်ခြင်း၊ အားထားခြင်း အလ္လာဟ်အရှင်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍ ကိုးကွယ်မှု၊ ခဝပ်မှု မပြုခြင်းသည်ကား အဓိကအခြေခံတရားပင်ဖြစ်ပေသည်။
-
ဒုတိယအနေဖြင့် မိဘနှစ်ပါးနှင့် ကောင်းမွန်စွာဆက်ဆံကြရန် မိန့်မှတ်ခဲ့လေသည်။ လူ့ကမ္ဘာ့ဇာတ်ခုံကြီးနှင့်တကွ လူသားအားလုံးကို မရှိရာဘဝမှရှိရာဘဝသို့ ဖန်ဆင်းတော်မူသောအရှင်သည် အလ္လာဟ် အရှင်ဖြစ်တော်မူသည့်အတွက် ပထမဆုံး ထိုအရှင်၏ကျေးဇူးကိုသိပြီး ခဝပ်မှုပြုခြင်းသည် ရှောင်လွှဲမရနိုင်သောတာဝန်တစ်ရပ်ဖြစ်လေသည်။ သို့သော် အရာရာတိုင်းတွင် အကြောင်းနှင့်အကျိုးဆိုသည်မှာရှိနေရမည့် သဘာဝဓမ္မတရားအဖြစ် အလ္လာဟ်အရှင်မြတ်သည် စီရင်တော်မူခဲ့လေသည်။ ထို့ကြောင့် လူ့ဘဝကို မရှိရာမှ ရှိရာဘဝသို့ ဖန်ဆင်း တော်မူသော အရှင်သည် အလ္လာဟ်သာလျှင် ဖြစ်တော်မူသည်မှာ ဒွိဟသံသယဖြစ်ရန် မလိုသော်လည်း ၄င်းအရှင်ကပင်လျှင် လူ့လောက နှင့် လူ့ဘဝဖန်ဆင်းရာဝယ် မိနှင့်ဖပေါင်းစပ်မှုကို အကြောင်းခံစေ၍ လူသားပေါက်ဖွားမှု၏ အကျိုးကျေးဇူးကို သဘာဝဓမ္မတရားအဖြစ် သတ်မှတ်ခဲ့လေသည်။
ထို့ကြောင့် မိဘများသည် သားသမီးများကို အမျိုးမျိုးသောဒုက္ခနှင့် အကြောင်းကြောင်းသောအခက်အခဲများရှိစေကာမူကြင်နာယုယစွာဖြင့် ကျွေးမွေးစောင့်ရှောက်ခဲ့ကြလေသည်။ တစ်နည်း အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးပြီးလျှင် မိဘ၏ကျေးဇူးသည် ဒုတိယ အကြီးမားဆုံးဖြစ်လေသည်။
ထို့ကြောင့်လည်း အလ္လာဟ်အရှင်မြတ် က မိမိကိုသာ ခဝပ်ကိုးကွယ်ရန် အမိန့်နှင့် မိဘနှစ်ပါးအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန်အမိန့်ကို ဒွန်တွဲ သတ်မှတ်ခြင်းဖြစ်ပေသည်။
-
အလားတူ ကုရ်အာန်ကျမ်းတော်မြတ်တွင် အမိန့်ရှိတော်မူသည်မှာ-
-
ငါအရှင်သည် ဗနီအိစ်ရာအီလ်လူမျိုးတို့အား ငါ အလ္လာဟ် အရှင်ကိုသာ ခဝပ်ကိုးကွယ်ကြရန်၊ မိဘနှစ်ပါးနှင့်ကောင်းမွန်စွာဆက်ဆံပြုစုကြရန် ကတိသစ္စာယူတော်မူခဲ့လေသည်။
(ကုရ်အာန်-၂း၈၃)
-
အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကိုသာခဝပ်ကိုးကွယ်ကြလော့။
ထိုအရှင်နှင့် တစ်စုံတစ်ရာကိုမျှ တုဖက်ကိုးကွယ်မှုမပြုကြလေနှင့်။ မိဘနှစ်ပါးနှင့် ကောင်းမွန်စွာ ဆက်ဆံ ပြုစုစောင့်ရှောက်ကြလေကုန်။
(ကုရ်အာန်-၄း၃၆)
-
(အို...တမန်တော်) အသင်သည် (ထိုသူများအား)ပြောလော့၊ အသင်တို့လာကြကုန်။ အသင်တို့၏အရှင်က အသင်တို့အား 'ဟရာမ်'ဟူ၍ တားမြစ်ထားသောအရာများကို ကျွန်ုပ် ဖတ်ပြအံ့။
အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ မည်သည့် အရာကိုမျှ မကိုးကွယ်ကြကုန်လင့်။
၎င်းပြင် မိဘနှစ်ပါးနှင့် ကောင်းစွာ ဆက်ဆံကြလေကုန်။
(ကုရ်အာန်-၆း၁၅၁)
-
ဖော်ပြခဲ့ပြီးသည့် ကုရ်အာန်ကျမ်းမြတ်(၁၇း၂၃-၂၄-၂၅)တွင် မိဘနှစ်ပါးနှင့် ကောင်းမွန်စွာ ဆက်ဆံရန် အမိန့်ပေးပြီးသည့်နောက် မိဘနှစ်ပါး၏ ဂုဏ်ကျေးဇူးကိုသိနားလည်စေရန် အချို့အချက်အလက် များကို ပဲ့ပြင်ဆုံးမခဲ့ပေသည်။
ပထမအချက်
---------------
(''မိဘနှစ်ပါး သို့မဟုတ် တစ်ပါးသည် အသက်အရွယ်အိုမင်း ရင့်ရော်သည့်အချိန်သို့ ရောက်လာသော် အသင်တို့သည် မကျေနပ်သောအမူအရာဖြင့် 'အုဖ်'ဟူ၍ပင်မညည်းညူလေနှင့်'')ဟူသည့် အလိုသဘောမှာ မိဘအတွက် ရိုသေမှုကင်းမဲ့သည် သို့မဟုတ် မိဘ စိတ်ထိခိုက်စေမည့် မည်သို့သောစကားလုံးမျိုးကိုမျှ အသင်တို့နှုတ်မှ မထွက်စေနှင့်ဟုမိန့်ဆိုခြင်းဖြစ်ပေသည်။
ကုရ်အာန်ကျမ်းလာ ('အုဖ်')ဟူသည့်စကားလုံးသည် ပမာခိုင်း ပြသည့် အာမေဍိတ်သံစကားလုံးသာဖြစ်ပေသည်။ အရဗ်များသည် မကျေနပ်သည့် အချိန်တွင် ၄င်းအသံမျိုးထွက်လေ့ထွက်ထရှိခြင်း ကြောင့် ကုရ်အာန်က ၄င်းစကားလုံးနှင့် ပုံခိုင်းတင်ပြထားခြင်း ဖြစ်ပေသည်။
အခြားလူမျိုးများအတွက် မကျေနပ်သည့် အချိန်ကာလတွင် ထွက်သည့် အာမေဍိတ်သံမှန်သမျှလည်း ('အုဖ်') ဟူသည့် စကားရပ်၊ မပြောရန် တားမြစ်ထားသည့် အမိန့်တွင် အကျုံးဝင်ပေသည်။
အိမာမ်ဟစန်(ရ)အမိန့်ရှိသည်မှာ-
''အကယ်၍ မိဘစိတ်ထိခိုက်စေမည့် စကားအသံသည် ('အုဖ်')ဟူသည့် အာမေဍိတ်အသံထက် ပိုမိုပေါ့ပါးသည့် စကားအသံ ရှိခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ်သည် ၄င်းအသံ၊ ၄င်းစကားလုံးကို မုချတားမြစ်တော်မူချေမည်။''
(ဒွရ်ရိမန်ဆူးရ်ကျမ်း)
-
မိဘအား ရိုသေလေးစားရခြင်း၊ မိဘ၏ အမိန့်ကိုနာခံရခြင်း သည် မိဘအသက်အရွယ်ကြီးရင့်သည်ဖြစ်စေ၊ အသက်အရွယ် နုနယ်သည့်အချိန် ကာလ၌ဖြစ်စေ၊ သားသမီးများအတွက် အစဉ် လိုက်နာ ကျင့်သုံးရမည့် တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။
သို့ရာတွင် ဖော်ပြပါ ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ် တော်တွင် ('အသင်၏မိဘနှစ်ပါးအသက်အရွယ်ကြီးခဲ့သော်')ဟု မိန့်မှတ်ခဲ့ခြင်းသည် အထူးသဖြင့် အသက်အရွယ်ကြီး၍ အိုမင်းမစွမ်းသည့် အချိန် ကာလတွင် ပြုစုမှု၊ယုယမှုသည် အထူးလိုအပ်လာခြင်းကြောင့် ဖြစ်ချေသည်။
ထိုသို့သောအချိန်ကာလတွင် ကျန်းမာရေးသည်လည်း ချို့တဲ့ လာသည့်အပိုင်းဖြစ်လာသဖြင့် သားသမီးများ၏ ပြုစုမှု၊ယုယမှုတို့သည် အထူးပင် လိုအပ်လာပေသည်။
ထိုသို့ မိဘနေထိုင်မကောင်းဖြစ်လာသည့် အချိန်ကာလ၌ မိဘကို ပြုစုယုယရာတွင် တစ်ခါတစ်ရံ စိတ်တွင် သည်းခံနိုင်မှု နည်းလာခြင်း၊ ငြီးငွေ့မှုဖြစ်လာခြင်းစသည်တို့ဖြစ်ပေါ်လာတတ်သည်။
ထိုသို့သောအချိန်ကာလတွင် နှုတ်မှ ညည်းညူသည့်စကား မထွက်မိစေရန်၊ မိဘစိတ်မထိခိုက်စေဘဲ မိဘ၏ စိတ်ပျော်ရွှင်မှုကို အစဉ်ဆောင်ရွက်ရန် အရေးကြီးသောအချိန်ကာလဖြစ်သည့်အတွက် ကုရ်အာန်ကျမ်းတော်မြတ်က ('မိဘနှစ်ပါး အသက်အရွယ်ကြီးခဲ့သော်') ဟူသည့် စကားရပ်ကို အထူးပြုမိန့်မှတ်ခဲ့ခြင်းပင်ဖြစ်ပေသည်။
-
'မုဂျာဟိဒ်'(ရဟ)ကအမိန့်ရှိသည်မှာ-
''အသင်သည် မိဘနှစ်ပါး၏ အဝတ်အထည်၊ ခန္ဓာကိုယ်မှ အညစ်အကြေးများကို သန့်ရှင်းမှု ပြုပေးရသည့် အချိန်မှာပင် စိတ်ငြီးငွေ့ပြီး 'အုဖ်'ဟုပင် မဆိုလေနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုမိဘနှစ်ပါးသည် အသင်ငယ်ရွယ်စဉ်အချိန်ကာလက အသင်၏ အညစ်အကြေးများကို သန့်စင်မှုပြုရာတွင် ညည်းညူခြင်း မရှိခဲ့ပေ။''
(ဒွရ်ရိမန်ဆူးရ်ကျမ်း)
ကုရ်အာန်ကျမ်းတော်မြတ်တွင် 'အုဖ်'ဟူသည့် စကားလုံး၏ နောက်ဆက်တွဲ 'မိဘအားအော်ခြင်း၊ငေါက်ခြင်းမပြုကြနှင့်'ဟု အမိန့်ရှိခဲ့လေသည်။
'အုဖ်'ဟူသည့်အာမေဍိတ်သံပင်မထွက်ကြနှင့်ဆိုလျှင် အော်ငေါက်ခြင်းသည် အဘယ်မှာလျှင် ခွင့်ပြုနိုင်မည်နည်း။ သို့သော်လည်း ပိုမိုရှင်းလင်း သဘောပေါက်စေရန် ကုရ်အာန်ကျမ်းတော်မြတ်က ထပ်ဆင့် ရှင်းလင်းပြခြင်းဖြစ်ပေသည်။
-
ဒုတိယအချက်
----------------
မိဘနှစ်ပါးကိုရိုသေလေးစားစွာ ပြောဆိုဆက်ဆံရန်၊ ကောင်းမွန်သည့် စကားကိုသာပြောရန်၊ ပြောဆိုသည့် အသံနေ အသံထားနှင့်တကွ အမူအရာသည်လည်း ယဉ်ကျေးသိမ်မွေ့မှုရှိရန် စသည်တို့သည် ကုရ်အာန်ကျမ်းတော်မြတ်၏ အမိန့်တွင် အကျုံးဝင်သွားလေသည်။
-
ပညာရှင်ကြီး 'ဇုဟိုင်ရ်'(ရဟ)က ကုရ်အာန်ကျမ်းလာ ('မိဘနှစ်ပါးနှင့်ကောင်းမွန်သောစကားကိုသာပြောကြလေကုန်' ) ဟူသည့်အမိန့်တော်ကို အကျယ်ဖွင့်ဆိုရာတွင် အကယ်၍ အသင်၏ မိဘက အသင့်အားခေါ်ခဲ့သော် အသင်သည် ရိုသေစွာဖြင့် 'ဟုတ်ကဲ့၊ အမေ/အဖေ၊ကျွန်တော်အသင့်ရောက်ရှိနေပါပြီ'ဟု ဖြေကြားရမည်ဟု ဖွင့်ဆိုခဲ့လေသည်။
-
'ကသာဒဟ်'(ရဟ)က ကုရ်အာန်ကျမ်းလာ ('မိဘနှစ်ပါးနှင့် ကောင်းမွန်သောစကားကိုသာပြောပါ')ဟူသည့် အမိန့်တော်ကို အကျယ်ဖွင့်ဆိုရာတွင် နူးညံ့ချိုသာနိုင်သလောက်ချိုသာပြီးသာယာနာ ပျော်ဖွယ်ကောင်းသည့် စကားကိုသာပြောဆိုရမည်ဟူ၍ ဖွင့်ဆိုခဲ့သည်။
-
စအီးဒ် အိဗ်နု မုစိုင်ယဗ် (ရဟ)က အပြစ်ရှိသော ကျွန် တစ်ယောက်သည် ခက်ထန်ကြမ်းကြုတ်သည့် သခင်ရှေ့တွင် ဆက်ဆံ သည့်အလား မိဘနှင့် ဆက်ဆံရာတွင် ချစ်ကြောက်ရိုသေရမည်ဟု ဖွင့်ဆိုခဲ့လေသည်။
(ဒွရ်ရိမန်ဆူးရ်ကျမ်း)
-
တတိယအချက်
------------------
ဖော်ပြပါ အာယသ်တော်တွင် တတိယသတိပေးချက် အနေ ဖြင့် မိန့်ခဲ့သည်မှာ-
('မိဘနှစ်ပါးရှေ့တွင် ကျိုးငဲ့စွာ ချစ်ခင်ကြင်နာစွာ နေကြလေကုန်')ဟု အမိန့်ရှိခဲ့လေသည်။
'အုရ်ဝဟ်'(ရဟ)က အမိန့်ရှိသည်မှာ ဖော်ပြပါ အာယသ်တော်၏ အလိုသဘောသည် တစ်စုံတစ်ရာ၏အပေါ်၌ မိဘ၏စိတ်ဝင်စားမှုကို အသင်၏အမူအရာကြောင့် ပြောင်းလဲမှု မရှိစေရန် အထူးရိုသေစွာ အာရုံပြု၍ ဆက်ဆံရန်မိန့်ခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဆိုခဲ့၏။
-
'အသွာအ်အိဗ်နိအဗီရဗ္ဗာဟ်'(ရဟ)က ဖော်ပြပါ အာယသ်တော်၏ အလိုသဘောမှာ-
မိဘနှစ်ပါး၏ ရှေ့တွင် စကား ပြောဆိုရာ၌ လက်သီးလက်မောင်းတန်း၍ မပြောဆိုနှင့်ဟူသည့် အလိုသဘောကို ဆောင်သည်ဟု ဖွင့်ဆိုခဲ့လေသည်။
-
'ဇုဟိုင်ရ် အိဗ်နိ မုဟမ္မဒ်' (ရဟ)က ဖော်ပြပါ အာယသ်တော်၏ အလိုသဘောမှာ အကယ်၍ မိဘနှစ်ပါးက အသင့်အား ဆဲဆိုနေစေကာမူ အသင်သည် မိဘ နှစ်ပါးအား 'အလ္လာဟ်အရှင်သည် ဖေဖေမေမေတို့ကို ကြင်နာသနားပါစေ'ဟုသာ အဖြေပေးရမည်ဟု ဖွင့်ဆိုခဲ့လေသည်။
-
စတုတ္ထအချက်
-----------------
ဖော်ပြပါ အာယသ်တော်၌( ''အသင်သည် မိဘနှစ်ပါးအတွက် 'အို-အရှင်မြတ်၊ ကျွန်တော်မျိုး၏ မိဘနှစ်ပါးသည် ကျွန်တော်မျိုးအား ငယ်စဉ်ဘဝမှစ၍ ကြင်နာစွာ ပြုစုယုယခဲ့သည့်အလား အရှင်မြတ် သည်လည်း ကျွန်တော်မျိုး၏ မိဘနှစ်ပါးကို သနားကြင်နာတော်မူပါ')ဟု တောင်းဆုပြု၍သာနေလေကုန်''ဟု အမိန့်ရှိခဲ့လေသည်။
အကြောင်းမှာ ကလေးဘဝဟူသည် အသိတရားနည်းသော၊ ချူချာသော အချိန်ကာလဖြစ်ချေသည်။ ထိုသို့သော အချိန်မျိုးတွင် မိဘနှစ်ပါးသည် အမျိုးမျိုးသောဒုက္ခကို ခံစား၍ မညည်းမညူ သားသမီးများကို ကြင်နာယုယစွာဖြင့် ပြုစုစောင့်ရှောက်ခဲ့လေသည်။
ယနေ့အချိန်ကာလသည်ကား ပြောင်းလဲသွားချေပြီ။ မိဘ၏ အသက်အရွယ်သည်ခြောက်ဆယ်၊ခုနစ်ဆယ်ဝန်းကျင်သို့ ရောက်လာချေပြီ။အားအင်ကုန်ခန်းသည့် ဇရာပိုင်းသို့ ရောက်ခဲ့ချေပြီ။မရှာနိုင် မဖွေနိုင်ဖြစ်၍ သားသမီး၏ပြုစုယုယမှုလိုအပ်သည့်အပိုင်းသို့ ရောက်ခဲ့ ချေပြီ။သားသမီးများသည်လည်းလူငယ်ဘဝမှ လူရွယ်ဘဝသို့ရောက်ရှိ ကာ ဇနီးမယား၊ သမီး၊ သား၊ စီးပွားနှင့်ဖြစ်ချေပြီ။
ထိုသို့သောအချိန်အခါအခြေအနေတွင် မိဘကို ပြုစု ကျွေးမွေးစောင့်ရှောက်ရာတွင် အနည်းငယ်မျှ စိတ်တွင် တွန့်တိုမှု မဖြစ်လေနှင့်။တွန့်တိုမှု မဖြစ်စေရုံသာမက အသင်၏ ငယ်စဉ်ဘဝ တုန်းက မိဘ၏ပြုစုယုယခဲ့မှုကိုနှလုံးသွင်းပြီးအထက်ဖော်ပြပါ တောင်းဆုတော်ကိုပင် ပြုနေစေရန် မိန့်မှတ်ခဲ့ခြင်းဖြစ်ပေသည်။
-
'အိဗ်နုကဆီးရ်'ကျမ်းတွင်ဖော်ပြသည်မှာ-
တစ်နေ့ ပုဂ္ဂိုလ်တစ်ဦးသည်မိမိ၏ မိခင်ကိုကျောတွင်ပိုးလျက် သွဝါးဖ်လှည့်နေလေသည်။ တစ်ဖန် ၄င်းပုဂ္ဂိုလ်က တမန်တော်မြတ်(ဆွ)အား ''အို - တမန်တော်မြတ်(ဆွ)၊ ကျွန်တော်မျိုးသည် မိမိ၏မိခင်အား ဤသို့ပြုစုခြင်းဖြင့် ကျွန်တော်မျိုး၏တာဝန်ဝတ္တရား ကျေပွန်ပါပြီလော'' ဟု လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်(ဆွ)က ''အသင်သည် မြောက်မြားလှစွာသော မိဘကျေးဇူးထဲမှ အသက်တစ်ရှူခန့်မျှသော အချိန်ကာလ၏ ကျေးဇူကိုပင် မဆပ်နိုင် သေးပါတကား''ဟုအမိန့်ရှိခဲ့လေသည်။
(အိဗ်နုကဆီးရ်ကျမ်း၊ အတွဲ-၃၊ စာမျက်နှာ-၃၅)
-
သာဝကကြီး အဗူဟုရိုင်ရဟ်(ရ)သည် သီးခြားအိမ် တစ်လုံးတွင်နေထိုင်၍ ၄င်း၏မိခင်အား အိမ်တစ်လုံးတွင် ကောင်းစွာ ထားလေသည်။ သာဝကကြီး အဗူဟုရိုင်ရဟ်(ရ)သည် ပြင်ပသို့ သွားရန်အကြောင်းကိစ္စတစ်ခုရှိခဲ့လျှင် မိခင်အိမ်သို့ သွားပြီးတံခါးဝမှ နေ၍ ''အို-မိခင်၊ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ မိခင်အပေါ်သို့ မေတ္တာ၊မင်္ဂလာ၊ကရုဏာအပေါင်းခညောင်းပါစေ''ဟု စလာမ်ပို့သလေ့ ရှိပေသည်။ထိုအခါမိခင်ကလည်း ''အို-ချစ်သား၊ အသင့်အပေါ်သို့ လည်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ မေတ္တာ၊ မင်္ဂလာ၊ ကရုဏာ အပေါင်းခညောင်းပါစေ''ဟုပြန်လည်၍ ဆုတောင်းပေးလေ့ရှိပေသည်။
-
သာဝကကြီး အဗူဟုရိုင်ရဟ်(ရ)က''အို-မိခင်၊မိခင်သည် ကျွန်တော်မျိုးအား ကလေးအရွယ်လူမမယ်ဘဝမှစပြီး ယုယကြင်နာ စွာထိန်းသိမ်းစောင့်ရှောက်ခဲ့သည့်အတွက် မိခင်အား အလ္လာဟ် အရှင်မြတ် သနားကြင်နာတော်မူပါစေ''ဟု ဆုပန်လေသည်။ ထိုအခါ ၄င်း၏ မိခင်ကလည်း ''အို- ချစ်သား၊ အသင်သည် လူလားမြောက် လာသည့် ဤအချိန်အခါမျိုးတွင် ကျွန်ုပ်နှင့် ဤသို့ကြင်နာစွာ ဆက်ဆံသည့်အတွက် အလ္လာဟ်အရှင်မြတ်သည် အသင့်အား သနားကြင်နာတော်မူပါစေဟု ဆုတောင်းမေတ္တာပို့သလေသည်။
(ဗုခါရီကျမ်း)
-
ဖော်ပြပါ အကြောင်းအရာများကို သုံးသပ်ခြင်းအားဖြင့် အကယ်၍ လူတစ်ဦးသည် မိမိ၏မိဘနှင့်မေ့မှားပြီး အရိုအသေကင်းမဲ့စွာ ဆက်ဆံမိလျှင် ချက်ချင်းပြန်လည်တောင်းပန်ပြီး မိဘ၏ နှစ်သက် ကျေနပ်မှုကိုရယူရန် လိုအပ်ပေသည်။ သို့သာမက အလ္လာဟ် အရှင် မြတ်ထံသို့လည်း ချက်ချင်း မိမိ၏ မေ့မှားမှုအတွက် ချမ်းသာ ဆုပန်ရန် အရေးကြီးလှပေသည်။
'စအီးဒ်အိဗ်နိဂျုဗိုင်ရ်'(ရဟ)က- ကုရ်အာန်ကျမ်းလာ ('အသင်တို့၏ စိတ်တွင်းရှိအကြောင်းအရာများကိုလည်း အလ္လာဟ် အရှင်မြတ်သည် ပိုမိုသိတော်မူသည်)ဟူသည့် အာယသ်တော်၏ အလိုသဘောမှာ မိဘနှင့် မချေမငံ ဆက်ဆံမိပါက အလ္လာဟ့်ထံ မိမိ၏ မေ့မှားမှုကို ဝန်ချတောင်းပန်လျှင် အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူသည်ဟု အကျယ်ဖွင့်ဆိုခဲ့လေသည်။
(ဒွရ်ရိမန်ဆူးရ်ကျမ်း)
----------------------------------------------------------------------------
(အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဒုတိယ ဥက္ကဋ္ဌ ဓမ္မသတ်မှူး
အလ်ဟာဂ်ျမောင်လာနာ ဦးအုန်းသောင် ပြန်ဆိုရေးသားသည့်
အစ္စလာမ်နှင့် မိဘမေတ္တာစာအုပ်မှ ကူးယူတင်ပြသည်)

No comments:
Post a Comment
Note: only a member of this blog may post a comment.