Pages

Pages - Menu

“ အားလုံးအတွက် ကုရ်အာန် ” - ၎

“ အားလုံးအတွက် ကုရ်အာန် ” - ၎
***************************
အစ္စလာမ်အကြောင်း နှင့် မုစ်လင်မ်တို့၏
မဖြစ်မနေဝတ္တရားများကို သိရခြင်း
======================
(က) ယုံကြည်ချက် ပန္နက်တိုင် ၆ ရပ်
------------------------------------
အစ္စလာမ်၌ ယုံကြည်ချက်ပန္နက်တိုင် (၆) ရပ်ရှိပြီး ၄င်းကို အီမာန် - ယုံကြည်ချက် သဒ္ဓါတရား ဟု ခေါ်ဆို၏။
ပထမ ပန္နက်သည် မည်သည့်ခြွင်းချက်၊ မည်သည့်သံသယ မရှိဘဲ တုနှိုင်းမဲ့ပြိုင်ဖက်ကင်း ဂုဏ်တော်များဖြင့် တစ်ဆူတစ်ပါးတည်းသန့်စင်စွာတည်ရှိနေတော်မူသောဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ချက် သဒ္ဓါတရား ထားရှိခြင်းဖြစ်သည်။
ဒုတိယ ပန္နက်သည် အလ္လာဟ်အရှင်မြတ်၏ညွှန်ကြားချက်အရ လုပ်ငန်းအသီးသီးကို ဆောင်ရွက်ကြကုန်သော ကောင်းကင်တမန်များအား ယုံကြည်ချက်သဒ္ဓါတရား ထားရှိခြင်းဖြစ်သည်။
တတိယ ပန္နက်သည် အထက်ပါကောင်းကင်တမန်များမှတဆင့် အလ္လာဟ်အသျှင်မြတ်က ကာလယန္တရားတစ်လျှောက်ရှိ တမန်တော်အသီးသီးထံ ထုတ်ပြန်ချမှတ်တော်မူခဲ့သော ဝဟီဗျာဒိတ်ကျမ်းဂန်တော်များအား
ယုံကြည်ချက်သဒ္ဓါတရား ထားရှိခြင်းဖြစ်သည်။
စတုတ္ထ ပန္နက်သည် တစ်ဆူရှင်ဝါဒကိုသာ ဟောကြားလမ်းညွှန်ခဲ့ကြကုန်သော အလ္လာဟ်အရှင်မြတ်၏ စေတမန်တော်အပေါင်းအား ယုံကြည်ချက်သဒ္ဓါတရား ထားရှိခြင်းဖြစ်သည်။ မုစ်လင်မ်တို့အနေနှင့် မည်သည့်တမန်တော်ကိုမျှ ချိုးနှိမ်ခွဲခြားခြင်းမပြုဘဲ တန်းတူလေးစားသမှု ရှိကြရမည်။


ပဉ္စမ ပန္နက်သည် ကျမ်းမြတ်ကုရ်အာန်မှ ပြဆိုထားသည့်အတိုင်း တရားစီရင်မည့် နောင်တမလွန်နေ့တော်၌ အကောင်းအဆိုးလုပ်ရပ်များကို စစ်ဆေးစီရင်ပြီးသည့်နောက် သက်ဆိုင်ရာ ဆုလာဘ် နှင့် ပြစ်ဒဏ်အား မလွဲမသွေ
ခံစားစံစားကြရမည့်အကြောင်း ယုံကြည်ချက်သဒ္ဓါတရား ထားရှိခြင်း ဖြစ်သည်။
ဆဌမ နှင့် နောက်ဆုံး ပန္နက်သည် အချိန်ကာလဟူ၍ မရှိခဲ့စဉ်ကတည်းက အလ္လာဟ်အရှင်မြတ်၏ တင်ကြိုပြဋ္ဌာန်းချက်များအပေါ် ယုံကြည်ချက်သဒ္ဓါတရား ထားရှိခြင်း ဖြစ်သည်။ ဤအချက်က အလ္လာဟ်အရှင်မြတ်၏ အထွဋ်အထိပ်ဖြစ်တော်မူသော အနှိုင်းမဲ့အသိပညာ၊ ဟူဟူသမျှအားလုံးအပေါ်ရှိသည့် ပြီးပြည့်စုံသော အရှင့်အာဏာစက် နှင့် စွမ်းဆောင်နိုင်မှုကို သိနားလည်စွမ်း ရစေ၏။

(ခ) အစ္စလာမ့် မဏ္ဍိုင် ၅ ရပ်
----------------------------
အစ္စလာမ်သာသနာ၏ ပထမဆုံးမဏ္ဍိုင် နှင့် အခြေခံအုတ်မြစ်မှာ ယုံကြည်ချက်ကို ဖွင့်ဟဖော်ထုတ်ကြေငြာခြင်း ဖြစ်သည်။ ယှဟာဒဟ် ဟု ခေါ်ဆို၏။
အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်အပ်ရာ အရှင်သခင် ဟူသည် အလျဉ်း မရှိ။ ၄င်းပြင် မုဟမ္မဒ်သည် ထိုအရှင်မြတ်၏ကျွန်စေတော် နှင့် စေတမန်တော် ဖြစ်၏ ဟု ဖွင့်ဟကြေငြာခြင်း ဖြစ်သည်။ ဤဖွင့်ဟကြေငြာချက်ကို မုစ်လင်မ်တို့သည် နေ့စဉ်နှင့်အမျှ ကြိမ်ဖန်များစွာ ရွတ်ဆိုလေ့ရှိကြသည်။ ၄င်းပြင် ဤယှဟာဒဟ်၏ အသိတရားဖြင့်သာ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယုံကြည်ချက်အားကြေငြာခြင်း တည်းဟူသော
ဤအခြေခံအုတ်မြစ်၏အထက်ဝယ် ကျန်သောမဏ္ဍိုင်ုကြီးလေးရပ်ကို ဆက်လက်ရှင်သန်သွားစေပါသည်။
ဒုတိယမဏ္ဍိုင်ုမှာ ဝတ်ပြုမှုကိုတည်ဆောက်ခြင်း ဖြစ်၏။ အရဗီလို ဆွလာသ် ဟု ခေါ်ဆို၏။ နံနက်အရုဏ်ချိန်မှသည် ညဥ့်ကာလအတွင်း နေ့စဉ်နှင့်အမျှ ဆွလာသ်ကို ငါးကြိမ် ဝတ်ပြုရ၏။ ဆွလာသ်တစ်ကြိမ်သည် ပုံမှန်အားဖြင့် ၁ဝ မိနစ်ခန့်သာ ကြာညောင်းပါသည်။ ဝတ်ပြုခြင်း ဟူသည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်၌ ကျမ်းမြတ်ကုရ်အာန်ကို ဖတ်ရွတ်သရဇ္ဈာယ်ခြင်း၊ အရှင့်အား ဦးညွှတ်ခြင်း၊ အရှင့်အား ဦးချဝပ်တွားခြင်းတို့ဖြစ်၏။
အစ္စလာမ့်ပြက္ခဒိန်၏ နဝမမြောက်လဖြစ်သော ရမဿွာန်လမြတ်သည် အလ္လာဟ်အရှင်မြတ်မှ ကျမ်းတော်မြတ်ကုရ်အာန်ကို စတင် ထုတ်ပြန်ချမှတ်တော်မူခဲ့သည့် လ ဖြစ်၏။ အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းသော
မုစ်လင်မ်တိုင်းအဖို့ ဤလမြတ်တစ်လတာလုံး ဥပုသ်သီလစောင့်ထိန်းကြရပြီး ဥပုသ်သီတင်းဆောက်တည်ခြင်းကို အရဗီလို ဆွောင်မ် ဟုခေါ်သည်။ ဤသည်မှာ အစ္စလာမ်၏တတိယမဏ္ဍိုင် ဖြစ်သည်။ ထိုလအတွင်း နေ့စဉ်အရုဏ် မတိုင်မီမှ
နေဝင်ချိန်အထိ ဥပုသ်သီလစောင့်ထိန်းကြ၏။ ဥပုသ်စောင့်ထိန်းနေစဉ် အစာရေစာစားသောက်ခြင်း နှင့် မေထုန်မှီဝဲခြင်းများကို (အခြေခံအားဖြင့်) ရှောင်ကြဉ်ရ၏။ မုစ်လင်မ်တို့သည် ကိုယ်ကျင့်စာဂကောင်းမွန်စေရန် ဤလအတွင်း
အထူးပြု ပြုပြင်တည့်မတ်လေ့ရှိကြ၏။
စတုတ္ထ မဏ္ဍိုင်မှာ တတ်စွမ်းနိုင်သူများအဖို့ နှစ်စဉ်နှစ်တိုင်း မိမိတို့၏ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအတွင်းရှိ ဆင်းရဲနွမ်းပါးသူများ၊ လိုအပ်ချက်ရှိနေသူ(ဒုက္ခသည်)များကို တရားတော်၏သတ်မှတ်ချက်အတိုင်း မဖြစ်မနေ ပေးကမ်းရသည့် အလှူဒါနဖြစ်၏။ ၄င်းကို ဇကာ့သ် ဟုခေါ်၏။
ပဉ္စမ မဏ္ဍိုင်မှာ ဟဂ်ျ ဟုခေါ်သော သာသနာ့တာဝန်ကို ထမ်းရွက်ခြင်းဖြစ်သည်။ မုစ်လင်မ်တို့၏ ဘဝတစ်သက်တာ၌ တစ်ကြိမ် မက္ကဟ်ရွှေမြို့တော် နှင့် အနီးတစ်ဝိုက်ဒေသများသို့ သွားရောက်ရသည့်ခရီးစဉ် ဖြစ်သည်။
ထိုခရီးစဉ်အတွင်း တမန်တော် အိဗ်ရာဟီမ် နှင့် သားဖြစ်သူ တမန်တော် အစ္စမာအီလ် (အလိုင်) တို့ တည်ဆောက်ခဲ့ကြသည့် အလ္လာဟ်အရှင်မြတ်၏ပထမဆုံးအိမ်တော် ကအ်ဗဟ်ဗိမာန်အား လှည့်ပတ်ဖူးမြှော်ခြင်း၊ တမန်တော်အာဒံမ် (အလိုင်) နှင့်
ဟောင်ဝါသခင်မတို့ သုခဘုံမှမြေပြင်ပေါ်သက်ဆင်းလာရာဖြစ်သော အရဖသ် တောင်ပေါ်၌ရပ်ခြင်း အစရှိသည့် ကာယလှုပ်ရှားမှု နှင့် စိတ်လှုပ်ရှားဖွယ် ကျင့်ရပ်အဆင့်ဆင့် ပါဝင်နေသည်။ တမန်တော် အိဗ်ရာဟီမ်၊ သူ၏ကြင်ရာတော်
ဟဂျရ်၊ သူ၏သားတော် အစ္စမာအီလ်တို့၏ ဘဝဖြစ်စဉ် နှင့် ရုန်းကန်အားထုတ်မှု အထိမ်းအမှတ်အခမ်းအနားကြီးဖြစ်သော ဟဂ်ျကို နှစ်စဉ် မုစ်လင်မ်ပေါင်းသန်းပေါင်းများစွာက အလ္လာဟ်အရှင်မြတ်နှင့်နီးစပ်ရေးအတွက်
ပြုကျင့်ဆောင်ရွက်လျက်ရှိပေသည်။

(ဂ) အစ္စလာမ့်လမ်းစဉ်လိုက်နာသူ မုစ်လင်မ်များ
-----------------------------------------------------
ဖော်ပြခဲ့ပြီးသည့်အတိုင်း ယှဟာဒဟ်ကို ကြေငြာပြီးသည့်နောက် အစ္စလာမ်အား မိမိ၏ဘဝလမ်းစဉ်အဖြစ် ဇောက်ချလိုက်နာသည့် မည်သည့်ပုဂ္ဂိုလ်ပင်ဖြစ်စေ မုစ်လင်မ် ဟု ခေါ်ဝေါ်သုံးနှုန်း၏။ စာပေအသုံးအနှုန်းအရ မုစ်လင်မ် ဟူသော ဝေါဟာရသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်း၏အလိုတော်ထံသို့ မိမိကိုယ်ကို အပ်နှင်းနာခံ ခဝပ်သူ ကို ခေါ်ဆိုသည်။
မိမိကိုယ်ကို အစ္စလာမ့်လမ်းစဉ်နောက် လိုက်နာသူဟု ကြွေးကြော်ကြေငြာသူ မည်သူ့ကိုမဆို မုစ်လင်မ် ဟုပင် ခေါ်ကြရသည်။ လူသားတို့၏နှလုံးသားတွင်းရှိအရာများကို တွေ့မြင်နိုင်ခြင်း မရှိသလို၊ ယင်းသို့ သိရှိရန်မှာ
လူသားတို့၏အလုပ်လည်း မဟုတ်ချေ။ သို့သော် ဤမုစ်လင်မ် ဟူသောခေါင်းစဉ်သည် ထိုသူ့အဖို့ လောကီသော်လည်းကောင်း၊ လောကုတ္တရာသော်လည်းကောင်း အောင်မြင်မှုတစ်ခုခုအတွက် အာမခံချက် မဟုတ်ချေ။ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်ပေါ်ထားရှိသည့် သူ၏ယုံကြည်ချက် နှင့် သူ၏ဖြောင့်မတ်မှန်ကန်သောလုပ်ရပ်များ ကသာလျှင် သူ့အား သုခဘုံ၏ထာဝရဌာနီသို့ ပို့ဆောင်ပေးလိမ့်မည် ဖြစ်ပါသည်။
အာရပ်လူမျိုးမှန်သမျှ မုစ်လင်မ် မဟုတ်ကြသလို မုစ်လင်မ်တိုင်းကလည်း အာရပ် လူမျိုး မဟုတ်ကြကြောင်း သိရန်လိုအပ်သည်။ အာရေဗျပြည်သည် အစ္စလာမ်မွေးဖွားရာ ဘူမိနက်သန်ဖြစ်သော်ငြား အာရပ်လူမျိုး ယဟူဒီ(ဂျူး) နှင့်
ခရစ်ယာန်တို့ အမြောက်အများ ရှိနေကြပါသည်။ သို့သာမက သန်းပေါင်း (၁၄ဝဝ) ဝန်းကျင်ရှိ ကမ္ဘာ့ မုစ်လင်မ်လူဦးရေအနက် အာရပ်လူမျိုးတို့မှာ (၁၈)ရာခိုင်နှုန်းသာ ပါဝင်ကြောင်း သိမှတ်ရပေသည်။ မုစ်လင်မ် လူဦးရေအများဆုံးရှိကြသည့်
ကမ္ဘာ့ဒေသများမှာ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ၊ အာရှတိုက်တောင်ပိုင်း၊ ဥရောပ၏အစိတ်အပိုင်းအချို့တို့ ဖြစ်ကြ၏။ မုစ်လင်မ်ဦးရေအများဆုံးရှိသောနိုင်ငံသည် အင်ဒိုနီးရှား ဖြစ်၏။ မုစ်လင်မ်တို့သည် အမေရိကန်ပြည်ထောင်စုအပါအဝင်
အနောက်တိုင်းလူ့အဖွဲ့အစည်းများအတွင်း၌ ဒီရေအလား အားကောင်းစွာ တိုးတက်များပြားလာလေရာ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းအတွင်းမှာပင် မုစ်လင်မ်လူထုပမာဏမှာ (၇)သန်းဝန်းကျင်အထိ အခြေစိုက်နေထိုင်နေပါသည်။

xxxxxxxxxxxxxxxxxxxxxxxxx
အခန်း ၁ ပြီး၏။
(ဆက်လက်ဖော်ပြပါမည်)

 July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.