“ အားလုံးအတွက် ကုရ်အာန် ” - ၂၁
***************************
တမန်တော်များသည် အပြစ်ကင်းစင်သူများအဖြစ် တင်ပြချက်
------------------------------------------------------------
ဖန်ဆင်းရှင်မှ ဗျာဒိတ်တာဝန်နှင့်တစ်ကွစေလွှတ်တော်မူသော တမန်တော်မှန်သမျှသည် မအ်ဆူးမ် ဟူသည့် ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များဟူ၍ ကုရ်အာန်က အခိုင်အမာဆိုထားသည်။ မအ်ဆူးမ် ဆိုသည်မှာ အပြစ်မဲ့ သို့မဟုတ် ပြစ်မှုကြီးမပြုမိစေအောင်ဖန်ဆင်းရှင်၏စောင့်ရှောက်မှုကိုခံရခြင်း ကိုခေါ်ဆိုသည်။ သို့အားဖြင့် လူသားထု တစ်ရပ်လုံးအတွက် ထိပ်တန်းစံပြပုဂ္ဂိုလ်မွန်ဖြစ်စေသော ထွဋ်မြတ်ခြင်းလက္ခဏာ၊ ဖြူစင်ခြင်းစရိုက်သဘာဝနှင့်တွဲ၍ တမန်တော်များအကြောင်းကို ကုရ်အာန်က မပြတ်တမ်းတင်ပြထားသည်။ ဤသည်မှာ တမန်တော်များသည် အကုသိုလ်၏အနံ့အသက်မျှပင် ကျူးလွန်လေ့မရှိဟု အရိပ်အမြွက်သတိပေးထားခြင်းဖြစ်၏။ အခြားတစ်ဖက်မှာတော့ သမ္မာကျမ်းလာအချက်များ၌မူ တမန်တော်များ၏လုပ်ရပ်များတွင် ခွင့်လွှတ်စရာမရှိသည့်စရိုက်ပျက်မှုကို တွေ့နေရပေသည်။ ကျမ်းမြတ်ကုရ်အာန်က အလှပဆုံးဖြစ်ရပ်အနေနှင့်တင်ပြထားသော တမန်တော်ယူစုဖ် - Joseph အကြောင်းအား ဥပမာတစ်ရပ်အဖြစ်လေ့လာကြည့်ကြပါစို့။ ကုရ်အာန်နှင့်သမ္မာကျမ်းလာအချက်များမှာ လုံးလုံး ထပ်တူနီးပါးဖြစ်သည့်အပြင် ဇာတ်လမ်း၏သိက္ခာလည်း အမှန်ပင်တူညီနေပါသည်။ သို့ပင်သို့ငြား ဇာတ်ကြောင်း၏ အပိုင်းကဏ္ဍတစ်ခု၌ တမန်တော်အပေါ်ရှိသည့်ရှုထောင့်များ မည်သို့ခြားနားနေသည်ကို ရှုပါလေ။
တမန်တော် ယူစုဖ်(အလိုင်)သည် မိမိသခင်၏ဇနီးမှ ဖြားယောင်းသွေးဆောင်ရာဝယ် ထိုသူမ၏ ညွှတ်ကွင်းသို့သက်ဆင်းမှုရှိမရှိကို သမ္မာကျမ်းစာက မပြတ်မသားဖော်ပြထား၏။ ကုရ်အာန်၌မူ တမန်တော်ယူစုဖ်၏ ကိုယ်ကျင့်တရားသည် တိမ်းစောင်းယိုယွင်းမှု စိုးစဉ်းမျှပင်မရှိခဲ့ကြောင်း အပြင်းအထန်ကာကွယ်ဖော်ပြပုံကို အောက်ပါအတိုင်း တွေ့ရမည်။
အရှင်သခင်၏မယားသည် မြူဆွယ်ကြံစည်ရန် တမန်တော်ယူစုဖ်အား အခန်းတွင်း၌ သော့ခတ်ပိတ်လှောင်သောအခါ တမန်တော်မှ ဤသို့တုန့်ပြန်ပြောကြားလေ၏
'' ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ကိုယူပါ၏။ ကျွန်ုပ်၏ဖန်ဆင်းရှင်သည် ကျွန်ုပ်အား တင့်တယ်ခြင်းနေရာ၌ ဧကန် ထားရှိတော်မူပါသည်။ မုချမလွဲ ဒုစရိုက်သားတို့မှာ အောင်မြင်ကြမည်မဟုတ် '' (၁၂း၂၃)။ ကုရ်အာန်က ဆက်လက်၍ဤသို့ဆိုထားသည် '' ၎င်းပြင် ထိုမိန်းမသည် ကျူးလွန်ရန် မုချစိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ အကယ်၍သာ ယူစုဖ်သည် ဖန်ဆင်းရှင်၏လက္ခဏာတော်အား မမြင်တွေ့ခဲ့ပါလျှင် ထိုမိန်းမနှင့်ကျူးလွန်ခြင်း ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ သို့ဖြင့် ငါအရှင်မြတ်သည် သူ(ယူစုဖ်)အား မကောင်းမှုနှင့်စက်ဆုပ်ဖွယ်ရာများမှ ကင်းဝေးစေတော်မူခဲ့သည်။ အကြောင်းမှာ ထိုသူ(ယူစုဖ်)သည် ငါအရှင်မြတ်ရွေးချယ်ထားသော ကျွန်စေတော်အနက်မှ ဖြစ်ခြင်းကြောင့်တည်း'' ကုရ်အာန် (၁၂း၂၄)။
၎င်းနောက် ယူစုဖ် (အလိုင်)သည် ဖြားယောင်းမြူဆွယ်မှုမှ အလွတ်ရုန်းလေသည်။ ထိုမိန်းမသည် ယူစုဖ်အား နောက်ကျောမှဖက်တွယ်၍ သူ၏အင်္ကျီကို ဆွဲဖြဲလေ၏။ ထိုအခိုက်မှာပင် အရှင်သခင်ဖြစ်သူက ရုတ်တရက်တံခါးဖွင့်ဝင်လာရာ ယူစုဖ်နှင့်ထိုမိန်းမ၏ ဝရုန်းသုန်းကားအခြေအနေကို တွေ့မြင်လေ၏။ မယားဖြစ်သူသည် မဆုတ်မဆိုင်းပင် ယူစုဖ်က သူမအား မတရားပြုရန်ကြံစည်ကြိုးပမ်းနေကြောင်း လီဆည်စွပ်စွဲခဲ့၏(၁၂း ၂၅)။ ထိုအခါ ယူစုဖ်က ထိုမိန်းမကသာ သူ့အား မတရားပြုရန်ကြံစည်နေကြောင်း၊ မိမိ၏အင်္ကျီမှာ နောက်ကျောဖက်မှ စုတ်ပြဲနေခြင်းကပင် အထောက်အထားဖြစ်ကြောင်း ချေပလေ၏။ အကယ်၍ ယူစုဖ်၏အင်္ကျီသည် ရှေ့ဖက်မှ စုတ်ပြဲနေပါက သူမသည် ယူစုဖ်၏လက်မှအလွတ်ရုန်းနေခြင်း ဟူသော အထောက်အထား ဖြစ်လာပေမည်။ သို့ရာတွင် ယူစုဖ်၏အင်္ကျီမှာ နောက်ကျောမှစုတ်ပြဲနေခြင်းသာဖြစ်သဖြင့် ယူစုဖ်သည် သူမထံမှ အလွတ်ရုန်းခြင်းဖြစ်ကြောင်း ခိုင်လုံသွားခဲ့သည်။ အရှင်သခင်ယောက်ျားဖြစ်သူ အဇီးဇ်က ဤအထောက်အထားကိုလက်ခံ၍ မိမိဇနီးသည်၏အပြုအမူများအပေါ် ရှုတ်ချပြစ်တင်ခဲ့လေသည် (၁၂း ၂၆ - ၂၉)။
ဤအကြောင်းရပ်များကို ဖြည့်စွက်ဖော်ပြခြင်းဖြင့် ကုရ်အာန်သည် တမန်တော်ယူစုဖ်၏ဂုဏ်သိက္ခာ နှင့် သီလဖြူစင်မှုအား ကာကွယ်ထားလေသည်။ ကုရ်အာန်သည် မြင့်မြတ်သောတမန်တော်များ၏ စံပြစွမ်းရည် နှင့် အပြစ်ကင်းစင်ခြင်းအပေါ် အစဉ်တစိုက်ကာကွယ်ထားကြောင်း ပေါ်လွင်နေပါသည်။
ရံဖန်ရံခါ ကုရ်အာန်သည် ဖြည့်စွက်ထပ်တိုးခြင်းမပြုဘဲ သမ္မာကျမ်းလာဇာတ်လမ်းအချို့ကို ငြင်းပယ်ထားသည်။ ၎င်းမှာ တမန်တော်တို့၏ဂုဏ်သိက္ခာအား ကာကွယ်လိုက်ခြင်းပင်ဖြစ်သည်။ ဥပမာ - သမ္မာကျမ်း၌ တမန်တော် ဒါဝူးဒ် - David သည် ရှီဘာဘုရင်မ ရေချိုးသည်ကိုကြည့်နေပြီးနောက် သူမနှင့်လိင်ဆက်ဆံမှု ပြုခဲ့သည်ဟု စွပ်စွဲထား၏။ တမန်တော်တစ်ပါးအနေနှင့် ယင်းသို့သောအမှုကို စိတ်ကူးမျှပင်ရှိမည်မဟုတ်ဟု ကုရ်အာန်က ထောက်ပြထား၏။ တမန်တော် ဒါဝူးဒ်၏ Goliath အပေါ်အောင်ရာအောင်ကြောင်း သူရဲကောင်းပီသမှုကိုလည်းကောင်း၊ တရားမျှတမှုစိတ်ထားကိုလည်းကောင်း ကုရ်အာန်က ချီးမွှမ်းတင်ပြထားသော်လည်း ရှီဘာဘုရင်မနှင့် လိင်မှုကိစ္စကိုမူ အရိပ်အမြွက်မျှပင် မဟထားပါ။ ဧကန်ပင် တမန်တော်ဒါဝူးဒ်(အလိုင်)သည် ကြီးမြတ်သည့် တမန်တော်များအနက်မှဖြစ်ပါသည်။ သူသည် ဆာလံ - Psalm ဟုအမည်ရသော ဗျာဒိတ်ကျမ်းဂန်အား လက်ခံရှိသူဖြစ်ခြင်းကြောင့်တည်း။ Psalm အား အရဗီလို ဇဗူးရ် ဟု ခေါ်ဆိုသည်။
အစ္စလာမ့်အစဉ်အလာ၌ တမန်တော်အိဘ်ရာဟီမ်၏ပုံရိပ် လွှမ်းခြုံနေခြင်း
----------------------------------------------------------------
ကျမ်းမြတ်ကုရ်အာန်၌ တမန်တော် အိဗ်ရာဟီမ် (အလိုင်)၏ဘဝဖြစ်စဉ်ဝယ် ထပ်တိုးဖော်ပြထားသည့် အချက်အလက်များမှာ အထူးစိတ်ဝင်စားဖွယ်ဖြစ်နေ၏။ ဥပမာ - အိဗ်ရာဟီမ်သည် သူ့ဖခင် နှင့် သူ့အသိုင်းအဝိုင်းကြီးကို ရုပ်ပွားဆင်းတုကိုးကွယ်ခြင်းမှ ဖယ်ခွာရန်တရားပြသော သုခမိန်လူငယ်တစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့က အိဗ်ရာဟီမ်အား ငြင်းပယ်သည်သာမက သူ၏တစ်ဆူရှင်ဝါဒ၌ရပ်တည်မှုအပေါ် သူ့အားနှိပ်စက်ခဲ့ကြောင်း ကုရ်အာန်က ပြောပြနေသည် ( ၂၁း ၅၁ - ၇ဝ )။ ဤဖြစ်ရပ်မှာ ဓမ္မသစ်၊ ဓမ္မဟောင်းကျမ်း နှစ်ရပ်စလုံး၌ မပါဝင်ချေ။ ကုရ်အာန်က ဤဇာတ်ကြောင်းကို တမန်တော်မုဟမ္မဒ်(ဆွ)၏ဖြစ်စဉ်တော်နှင့် ကောက်ကြောင်းညီယှဉ်ပြထားခြင်း ဖြစ်သည်။ တမန်တော်မုဟမ္မဒ်(ဆွ)သည်လည်း ရုပ်ပွါးဆင်းတုကိုးကွယ်မှုကို ပယ်လှန်ခဲ့သလို သူ၏တစ်ဆူရှင်ဝါဒကြောင့် နယ်နှင်ခြင်းခံခဲ့ရပါသည်။
အလားတူပင် တမန်တော်အိဗ်ရာဟီမ်အား မက္ကဟ်မြို့တော်နှင့်တွဲ၍ အသေးစိပ်ချိတ်ဆက်ဖော်ပြထားပြန်၏။ သူသည် ထိုနေရာ၌ သားဖြစ်သူ ဣသမေလ - အစ္စမာအီလ် (အလိုင်)နှင့်အတူ ကအ်ဗဟ်ဗိမာန်တော်ကို တည်ဆောက်ခဲ့သည်။ ၄င်းနောက် ဤမက္ကဟ်မြေပေါ်တွင် မြင့်မြတ်သောတမန်တော်တစ်ပါး နှင့် ယုံကြည်သူ လူ့အဖွဲ့အစည်းကြီးတစ်ရပ် ထွန်းပေါ်လာစေရန် အိဗ်ရာဟီမ်မှ ဖန်ဆင်းရှင်ထံ နင့်နင့်နဲနဲ ဆုပန်ခဲ့ပါ၏ ( ၂း ၁၂၅ - ၁၂၉ )။ တမန်တော် အစ္စမာအီလ် - Ishmael အားဖြင့် တမန်တော်မုဟမ္မဒ်(ဆွ)၏မျိုးရိုးစဉ်ဆက်အရင်းအမြစ် ဖြစ်တည်လာခဲ့ပေသည်။ ၎င်းနောက် တစ်ဆူရှင်ယုံကြည်မှုများအကြားဝယ် အစ္စလာမ်သည် လျောက်ပတ်ဝင့်ထယ်စွာ ထွက်ပေါ်လာခဲ့သည်။ တမန်တော် အိဗ်ရာဟီမ်၏ ဤဖြစ်ရပ်သည် သောင်ရားဟ်ကျမ်းဂန်၌ မပါသည့်တိုင် ဣသမေလ၏မျိုးစေ့မှ လူမျိုးနွယ်ကြီးတစ်စုဖြစ်ပေါ်လာခြင်းမှာ အိဗ်ရာဟီမ်(အလိုင်)၏ဆုတောင်းပြည့်ခြင်း ဖြစ်ပါသည်။ ၄င်းပြင် ကမ္ဘာဦးကျမ်း ( ၁၂း ၁ - ၃ )၌လည်း အိဗ်ရာဟီမ်မိသားစုအားဖြင့် ကမ္ဘာလောကအား ကောင်းခြီးမင်္ဂလာပြုမည်ဟု ဖန်ဆင်းရှင်မှ ကတိတော်ပြုပြီး မဟုတ်ပေသလော။
(၆) သမ္မာကျမ်းဂန်ကပြောသော မုဟမ္မဒ်၏ တမန်တော်ဖြစ်ခြင်းအကြောင်း
-----------------------------------------------------------------------------
တမန်တော် အီစာ - Jesus ၏ပွင့်ပေါ်မှုသည် mesiah ဟုတ်မဟုတ် ဂျူး နှင့် ခရစ်ယာန်အကြား အပြင်းအထန် အငြင်းပွားစရာဖြစ်ခဲ့သည်။ ဂျူးတို့က တမန်တော်မူစာ၏နောက် မည်သည့်တမန်တော်ဟူသည်မရှိ၊ သောင်ရားဟ်၏နောက် မည်သည့်ကျမ်းဂန်ဟူသည်မရှိဟု သည်းသည်းထန်ထန် ခံယူခဲ့ကြသည်။ ဆန့်ကျင်ဖက်အားဖြင့် ကုရ်အာန်ကမူ အီစာသည် ဂျူးတို့ထံစေလွှတ်ခံရသည့် တမန်တော်တစ်ပါးဖြစ်သည်မှာ မှန်ကန်ကြောင်း၊ မုဟမ္မဒ်(ဆွ)သည်လည်း ဂျူး နှင့် ခရစ်ယာန် နှစ်မျိုးလုံးထံ စေလွှတ်ခံရသည့်တမန်တော်အမှန်ဖြစ်ကြောင်း ရှင်းပြထား၏။
Torah နှင့် Gospel ၏မူလကျမ်းချက်များ၌ မုဟမ္မဒ်သည် တမန်တော်အဖြစ်ပွင့်ပေါ်မည်ဟု တင်ကြိုနိမိတ်ပါဝင်နေကြောင်း ကုရ်အာန်က ခိုင်ခိုင်မာမာတင်ပြသည်။ တမန်တော်အီစာသည် ဣသရေလအမျိုးသားတို့အား ဤသို့မိန့်ကြားခဲ့ကြောင်း ကုရ်အာန်က မှတ်တမ်းတင်ထားသည်။
အို - အစ္စရာအီလ်မျိုးနွယ်ဝင်တို့၊ ငါသည် မိမိ၏အလျင်ရှိခဲ့သော သောင်ရားဟ်ကျမ်းဂန်အား အတည်ပြုသူအဖြစ်လည်းကောင်း၊ ငါ၏နောက်တွင် အဟ်မဒ် နာမည်ဖြင့်ပွင့်အံ့သော စေတမန်တော်တစ်ပါးနှင့် ပတ်သက်၍လည်းကောင်း သတင်းကောင်းပေးသူအဖြစ် စေလွှတ်ခံရသည့်တမန်တော်ဖြစ်၏။ ကုရ်အာန် ( ၆၁း ၆ )
** အဟ်မဒ် ဟူသည် တမန်တော်မုဟမ္မဒ်(ဆွ)၏ အမည်နောက်တစ်မျိုးဖြစ်သည် **
ဤစာပိုဒ်က ကုရ်အာန်ဋီကာရှင်များကို ဓမ္မဟောင်း နှင့် ဓမ္မသစ်ကျမ်းချက်များမှ တမန်တော် မုဟမ္မဒ် ပွင့်ပေါ်မည့်အထောက်အထားအား နှံ့နှံ့စပ်စပ်ရှာဖွေစေခဲ့သည်။ ဤသုတေသနမှသည် အလွန်ထူးခြားသည့် တွေးခေါ်ယူဆချက်များ ဖြာထွက်လာခဲ့ပေသည်။
သောင်ရားဟ်ကျမ်းသုတေသီများက တမန်တော်မုဟမ္မဒ်ပွင့်ပေါ်မည့် နိမိတ်ဗျာဒိတ်ကို တရားဟောရာကျမ်း ( ၁၈း၁၈ )တွင် ဤသို့တွေ့ရကြောင်း ထောက်ပြထား၏။
'' သူတို့အမျိုးသား သားချင်းတို့ထဲ၌ သင်နှင့်တူသောပရောဖက်တစ်ပါးကို သူတို့အဖို့ ငါပေါ်ထွန်းစေ၍ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည် ''။
ဤကျမ်းချက်မှာ ယေရှုပွင့်ပေါ်မည့်အကြောင်းဟု ခရစ်ယာန်များက အငြင်းဝင်ကြ၏။ မည်သို့ပင်ဆိုစေ သမ္မာကျမ်းဂန် သုတေသီပညာရှင်အချို့ကမူ တမန်တော်မူစာသည် တမန်တော်အီစာထက် တမန်တော်မုဟမ္မဒ် နှင့် ပင်ကိုယ်သဘာဝ၌ ပိုမိုနီးစပ်တူညီကြောင်း၊ ' သူတို့အမျိုး သားချင်းထဲ၌ ' ဟူသောစကားရပ်သည် အစ္စဟာ့က် - Isaac မှဆင်းသက်သည့် မူစာနှင့်အီစာ၏မျိုးဆက်ကို ဆိုလိုခြင်းထက် အစ္စဟာ့က်၏ညီနောင်သားချင်းဖြစ်သူ အစ္စမာအီလ် - Ishmael မှဆင်းသက်လာသော မုဟမ္မဒ်၏မျိုးရိုးစဉ်ဆက်ကို ရည်ညွှန်းခြင်းသာဖြစ်နိုင်ကြောင်း ဖွင့်ဟဝန်ခံထားပေသည်။
အခြား သမ္မာကျမ်းသုတေသီတစ်စုကမူ Torah အတွင်းမှ မူလဂရိစကားဖြစ်သော Periclytes ကို ထောက်ပြကြ၏။ ၄င်း၏အဓိပ္ပာယ်မှာ comforter - အာပေးမြှောက်စားချီးမြှင့်ခံရသူ (တစ်နည်း) ချီးမွှမ်းခြင်း ခံရသူ ဟူ၍ဖြစ်သည်။ ထိုအခါ ဤဝေါဟာရသည် အရဗီစကားမှ အဟ်မဒ် (ဝါ) မုဟမ္မဒ်၏အဓိပ္ပာယ်နှင့် တစ်ထပ်တည်းတူညီသည်ကို တွေ့ရလေ၏။ သို့ဖြစ်လေရာ ထိုဝေါဟာရကညွှန်းသော ' အလွန်ချီးမွှမ်းခြင်းခံရသူ' ဟူသည်မှာ အရဗီဝေါဟာရ ' မုဟမ္မဒ် ' ၏အဓိပ္ပာယ်ပင် ဖြစ်နေပါတော့သည်။
တဖန် ၎င်းဋီကာရှင်သုတေသီများကပင်ဖော်ပြသည်မှာ - ဤစကားလုံးကို Bible ၌ ခရစ်ယာန်များက သန့်ရှင်းသောဝိညာဉ်တော် ဟု အယူထားကြသည်။ သို့ရာတွင် Bible ဖော်ပြချက်များက အနာဂတ်ကာလဖြစ်နေပြီး ပစ္စုပ္ပန်ကာလမဟုတ်သောကြောင့် ထိုအသုံးအနှုန်းသည် ယေရှုနှင့်အတူရှိနေသည့် သန့်ရှင်းသောဝိညာဉ်တော်အား ရည်ညွှန်းခြင်း မဖြစ်နိုင်တော့ချေ။ ကြည့် - ရှင်ယောဟန်ခရစ်ဝင် ( ၁၅း ၂၆ )။
သို့ရှိရာ လာလတ္တံ့သောဥပဇ္ဈာယ်ဆရာ ဟူသည် ပွင့်ပေါ်ခဲ့သည့်တမန်တော် မုဟမ္မဒ်(ဆွ) ဟုတ်မဟုတ်ကို ကုရ်အာန်ဋီကာရှင်များ နှင့် သမ္မာကျမ်းဋီကာရှင်တို့အကြား အငြင်းပွားနေကြဆဲပင်။
(၇) Mary - မေရီ / မရ်ယံမ် နှင့် ယေရှု - အီစာ တို့၏ကဏ္ဍ၌ ကွဲပြားခြင်း
----------------------------------------------------------------------
ကုရ်အာန်က မရ်ယံမ်သခင်မ နှင့် သူမ၏သား အီစာကို အထူးအလေးပေးထားသော်လည်း ဤကဏ္ဍမှာ ခရစ်ယာန် နှင့် မုစ်လင်မ်တို့အား ညီညွတ်မှုရော ကွဲပြားမှုကိုပါ ပေးထားသည်။
မတူညီသော မေရီ
----------------
' စကြဝဠာအပေါင်းရှိအမျိုးသမီးများတွင် ဖန်ဆင်းရှင်၏ရွေးချယ်မြှောက်စားခံရသူ ' ဟူ၍ပင် ကုရ်အာန်က အထူးအလေးထားဖော်ပြသည် ( ၃း ၄၂ )။ စူရဟ်အမှတ်စဉ် (၁၉)ကို သူမ၏အမည်ဖြင့်ပင် တခုတ်တရ ကင်ပွန်းတပ်ထား၏။ သမ္မာကျမ်းထက်ပင် ကုရ်အာန်က မရ်ယံမ်သခင်မအကြောင်း ပိုပြီးပြောပြနေသည်မှာ ထူးခြားလှပေသည်။ သို့သာမက မရ်ယံမ်သည် အပျိုစင်ဘဝဖြင့် အီစာသခင်အား မွေးဖွားသည်ဟူသော အချက် အလက်အသစ်ကိုလည်း တင်ပြထားသည်၊ ဤအကြောင်းမှာ Bible ၌ ပြောမထားချေ။
ကုရ်အာန်၏စာပိုဒ်များက ' ဖွားတော်မူခဏ်း ' အကြောင်း တင်ပြထား၏။ မရ်ယံမ်သည် စွန်ပလွံပင် တစ်ပင်အောက်ဝယ် သေဆုံးသွားလျှင်ကောင်းစွ ဟု ညည်းညူမြည်တမ်းခဲ့သည်။ ထိုအခိုက်အတန့်မှာပင် အသံတစ်သံ ထွက်ပေါ်လျက် '' သောက မရောက်လေနှင့်။ အသင်မ၏ဖန်ဆင်းရှင်သည် အသင်မ၏အောက်၌ပင် ချောင်းတစ်ခု ဖြစ်စေတော်မူလေပြီ။ ပြီးလျှင် အသင်မသည် စွန်ပလွံပင်၏ပင်စည်ကို အသင်မဖက်သို့ ဆွဲလှုပ်ပါလျှင် ရွှန်းစိုမှည့်ဝင်းသောစွန်ပလွံသီးများ အသင်မ၏ရှေ့ဝယ် ကျရောက်လာအံ့။ ထိုအခါ အသင်မ သည် (အသီး) စား၍ (ချောင်းရေ) သောက်သုံးလော့၊ ၄င်းပြင် အသင်မ၏မျက်စေ့ကို အေးမြစေလော့ '' ဟုဆိုခဲ့၏။ ကလေးငယ်ယေရှုနှင့်အတူ သူမ၏အမျိုးသားထုထံ မပြန်မီ မရ်ယံမ်အား တုံဏှိဘာဝေပင်နေရန်ကိုလည်း မှာကြားခဲ့လေသည် ( ၁၉း ၂၂ - ၂၆ )။
ကုရ်အာန်ကဖော်ပြသည့် မေရီ၏မီးဖွားခဏ်းမှာ စင်စစ်၌ ဖန်ဆင်းရှင်ထံတော်မှလာသော ထူးဆန်းအံ့ဖွယ်လက္ခဏာတစ်ရပ်ဖြစ်ခြင်းထက် မပိုချေ။ မုစ်လင်မ်တို့သည် မေရီအား အခြားမည်သည့်အရာနှင့်မျှ ယှဉ်တွဲခြင်းမျိုးကို မပြုလုပ်ထားကြပါလေ။
ယေရှုပေါ်ရှိသည့် မြင်ကွင်းများ
-------------------------------
ယေရှုသခင် (အီစာ)မှာ နို့စို့သူငယ်အရွယ်ကတည်းကပင် ပုခက်တွင်းမှနေပြီး မိမိမိခင်၏ ကိုယ်ကျင့်သီလဖြူစင်ခြင်း နှင့် မိမိသည် ဖန်ဆင်းရှင်၏တမန်တော်ဖြစ်ခြင်း အကြောင်းကို ထူးခြားအံ့ဖွယ်ပြောကြားခဲ့သည်။ ကျမ်းမြတ်ကုရ်အာန်၌ ယေရှုသည် ဣသရေလအမျိုးသားတို့အား မိမိကိုယ်ကို လမ်းကြောင်းသုံးသွယ်ဖြင့် ရည်ညွှန်းပြောကြားခဲ့၏။ ၎င်းတို့အနက် နှစ်မျိုးမှာ ခရစ်ယာန်အမြင်နှင့် ဆန့်ကျင်နေပါသည်။
ပထမဦးဆုံး ယေရှုမှ ဤသို့ပြတ်သားရှင်းလင်းစွာပြောခဲ့၏
'' ဧကန်မလွဲ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ကျွန်တစ်ဦးသာ ဖြစ်၏။ ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဗျာဒိတ်ကျမ်းဂန် ချီးမြှင့်ပေးတော်မူပြီး တမန်တော်တစ်ပါးအဖြစ် ချီးမြှောက်ထားတော်မူ၏'' ကုရ်အာန် ( ၁၉း ၃ဝ )
ထို့ကြောင့် ကုရ်အာန်ထဲကယေရှုသည် မိမိမှာ ကိုးကွယ်ခံထိုက်ရာ ဖန်ဆင်းရှင် မဟုတ်၊ ဖန်ဆင်းရှင်အား အပ်နှင်းနာခံရသူသာဖြစ်ကြောင်း၊ ဗျာဒိတ်ကျမ်းတစ်စောင် လက်ခံရရှိသောတမန်တော်တစ်ပါး သာဖြစ်ကြောင်း အခိုင်အမာကြွေးကြော်ထားပေသည်။
ကုရ်အာန်က '' ထိုဖန်ဆင်းရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောကိုမျှ မွေးဖွါးတော်မူခဲ့သည်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏မွေးဖွါးခြင်းကိုလည်း ခံခဲ့ရသည်မဟုတ် '' ( ၁၁၂း ၃ ) ဟု ပြတ်ပြတ်သားသား ဆိုထားသည်သာမက ''ထိုအရှင်မြတ်သည် တစ်စုံတစ်ရာကို (ဖန်ဆင်းရန်) ရည်စူးတော်မူသောအခါ ' ဖြစ် ' ဟုဆိုသည်နှင့် ယင်းအရာသည် ဖြစ်လာရပေသည် '' ( ၃၆း ၈၂ ) ဟု အသိပေးထားပေသည်။ ထို့ကြောင့် ကုရ်အာန်ထဲကယေရှုသည် ထာဝရဘုရားသခင်၏သားတော် မဟုတ်ချေ။
အစ္စလာမ့်လမ်းစဉ်က ယေရှုသခင်ကို ဖန်ဆင်းရှင်၏စေတမန်တော်တစ်ပါး၊ ဣသရေလ အမျိုးသားတို့ထံ ဗျာဒိတ်တော်ကို အံ့ဖွယ်ပြာဋိဟာများနှင့်တစ်ကွ ပြသရန် ပွင့်ပေါ်လာခဲ့သူအဖြစ် ရှုမြင်သည်။ ယေရှုအား (အမည်နာမ - အီစာ၊ ဘွဲ့တော် - မစီးဟ်) Mesiah အဖြစ်ခံယူသော်လည်း လူသားထု၏ကယ်တင်ရှင်အဖြစ် သတ်မှတ်မထားချေ ( ၃း ၄၅ )။ ကုရ်အာန်ထဲကယေရှုသခင်သည် ဖန်ဆင်းရှင် မဟုတ်၊ ဘုရားသခင်၏ သားတော်လည်း မဟုတ်၊ ကိုးကွယ်ရာလည်း မဟုတ်ပါလေ။
နောက်ဆုံးအချက်မှာ ခရစ်ယာန်ဝါဒ နှင့် ကုရ်အာန်အကြား အဓိကလမ်းစဉ်ကွဲပြားချက်ဟု ဆိုရမည့် လက်ဝါးကပ်တိုင်အရေး ဖြစ်လေသည်။ ခရစ်ယာန်ဝါဒ၌ ယေရှုသခင်သည် လူသားထု၏ပြစ်မှုများအတွက် လက်ဝါးကပ်တိုင်ပေါ်၌ ကားစင်တင်သတ်ဖြတ်ခံရကြောင်း အယုံအကြည်ထားကြသည်။ သို့ရာတွင် ယေရှုသခင်သည် ကားစင်တင်သတ်ဖြတ်ခံရခြင်းဖြစ်အင်မှ ဖန်ဆင်းရှင်၏ကယ်တင်မှုကိုခံရပြီး ကောင်းကင်ဘုံများသို့ ပင့်မြှောက်သယ်ဆောင်ခံရကြောင်း၊ ကားစင်တင်စီရင်ခံလိုက်ရသည်ဟု ထင်မှတ်မှားအောင် ဖန်ဆင်းရှင်မှ စီမံတော်မူခဲ့ခြင်း ဖြစ်ကြောင်း ကုရ်အာန်ကဆိုနေသည်။ ကုရ်အာန်သည် အပြစ်ဒုစရိုက်နှင့်တစ်ကွဖန်ဆင်းခံရသည် (မူလအပြစ်) ဟူသည့် ယုံကြည်မှုမျိုးကို လက်မခံလေသောကြောင့် အစ္စလာမ့်လမ်းစဉ်၌ ယေရှုသည် လူသားထု၏ပြစ်မှုများအတွက် လက်ဝါးကပ်တိုင်အပေါ် အသေခံပေးရန်အကြောင်းမရှိချေ။ ( မိမိပြုသည့်အပြစ် မိမိသာခံရမည်၊ ကိုယ်စားပြု အပြစ်ခံယူခြင်းသည် အစ္စလာမ့်လမ်းစဉ်တွင် မရှိပါ )။
အစ္စလာမ့်အယူဝါဒတွင် ခရစ်ယာန်များအတိုင်း ယေရှုသခင်သည် ကမ္ဘာမြေသို့ တစ်ကျော့ပြန်လာ၍ မိစ္ဆာကိုနှိမ်နှင်းမည်ဟု ယုံကြည်သည်။ ယင်းသို့ပြန်လာရာဝယ် ယေရှုသခင် (တမန်တော် အီစာ)သည် မိမိမှာ ဖန်ဆင်းရှင်၏စေတမန်တော်သာဖြစ်ကြောင်း အဖြစ်မှန်ကိုကြေငြာမည်၊ တမန်တော် မုဟမ္မဒ် (ဆွ)၏လမ်းစဉ်ကို လိုက်နာမည်၊ ၄င်းနောက် သာမန်လူသားများကဲ့သို့ ကမ္ဘာမြေပေါ်သေဆုံးမည်ဟု မုစ်လင်မ်တို့မှ ယုံကြည်ထားကြသည်။ တစ်ကျော့ပြန်ယေရှုအကြောင်းကို ကုရ်အာန် ( ၄၃း ၆၁ )၌ အရိပ်အမြွက်ဖော်ပြထားပြီး၊ ဟဒီးဆ် (တမန်တော် မုဟမ္မဒ်၏ သြဝါဒအဆိုအမိန့်များ)၌မူ အတိအကျအခိုင်အမာ တွေ့ကြရပေမည်။
အခန်း (၅) ပြီး၏။
အပိုင်းကြီး ၆ ပိုင်းရှိသည့်အနက် ပထမအပိုင်း ဤတွင်ပြီးပါသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:
Post a Comment
Note: only a member of this blog may post a comment.