Pages

Pages - Menu

“ အားလုံးအတွက် ကုရ်အာန် ” - ၁၀


“ အားလုံးအတွက် ကုရ်အာန် ” - ၁၀
***************************
ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်ပြသချက်များ
=========================
ကျမ်းမြတ်ကုရ်အာန်ရှိ စူရဟ်များကို ကိုယ်ကျင့်တရားဆိုင်ရာအဖြစ်အပျက်တို့ဖြင့် ဝိုင်းရံတည်ဆောက်ထားပါ၏။ ကျမ်းဂန်၏များစွာသောစူရဟ်ရှည်များ၌ ကိုယ်ကျင့်တရားနှင့်စပ်လျဉ်းသောဖြစ်အင်တို့ကို အခြေခံနည်းလမ်းသုံးသွယ်ဖြင့် ကိုယ်စားပြုထားပေသည်။
- ဖန်ဆင်းရှင်၏ စကြဝဠာတစ်ခွင်ရှိသက်သေလက္ခဏာတော်များအားဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်ချက်များ၊ ကြောင်းကျိုးပြချက်များ၊ မူဘောင်များကို ဖော်ပြခြင်း။
- လက်တွေ့ကျင့်ဆောင်ရန် ဥပဒေသတစ်ရပ်ရပ်ကို ကိုယ်ကျင့်တရားဆိုင်ရာသင်ခန်းစာအဖြစ် သတ်မှတ်ခြင်း သို့တည်းမဟုတ် ကိုယ်ကျင့်တရားထိန်းသိမ်းရေးနည်းလမ်းကို သွန်သင်ပြသခြင်း။
- လွန်လေပြီးသောတမန်တော်များ နှင့် လူ့ယဉ်ကျေးမှုများ၏ သမိုင်းဖြစ်ရပ်မှန်အား ရည်ညွှန်းဖော်ပြပြီး ကိုယ်ကျင့်တရားဆိုင်ရာအဆုံးအမ (ဝါ) အခြေခံအချက်များကို ကြောင်းကျိုးပြထားခြင်း။

(က) ဖန်ဆင်းရှင်၏ သက်သေလက္ခဏာတော်များ
------------------------------------------------


ကျမ်းမြတ်ကုရ်အာန်၏ကဏ္ဍအမှတ်စဉ် ၅၅ စူရဟ် အရ်ရဟ်မာန်း၏ ပထမဦးဆုံး ၁၃ အာယသ်ကို ကြည့်ရှုပါလေ။ မဟာကရုဏာရှင်၏ ပြိုင်စံမဲ့ဂုဏ်တော် နှင့် လေးနက်ပြောင်မြောက်လှသည့်ကောင်းခြင်းတရားများကို ထင်ရှားစွာတွေ့ရပါလိမ့်မည်။ ဤစူရဟ်တော်သည် အလ္လာဟ့်သက်သေလက္ခဏာတော်များ၏ ဆွေးနွေးချက်အားဖြင့် ကုရ်အာန်မှဖော်ညွှန်းသော ကိုယ်ကျင့်တရားဆိုင်ရာ အကောင်းဆုံးဥပမာတစ်ရပ်ကို ပေးထားပါသည်။
ဤစူရဟ်၌ နာမ်ပိုင်းဆိုင်ရာအရည်အသွေး (ကိုယ်ကျင့်တရား) တိုးတက်ဖွံ့ဖြိုးရေးအတွက် စကြဝဠာအတွင်းမှ ဖန်ဆင်းရှင်၏သက်သေလက္ခဏာတော်များကို ဆက်တိုက်ပြဆို စတင်ထား၏။ အရှင်မြတ်၏ဖန်ဆင်းမှုမှ အလင်းပြထားသော တရားမျှတမှုအခြေခံကိုယ်ကျင့်သီလကိုဖော်ပြပြီးနောက် နာမ်ပိုင်းဆိုင်ရာမေးခွန်းများဖြင့် အဖြေတောင်းထားလေ၏။ ဤပုံစံအတိုင်း ဤစူရဟ်တစ်လျှောက် ထပ်ခါတလဲ ဖော်ပြထားလေသည်။
စကြဝဠာတစ်ဝှန်း ဖန်ဆင်းရှင်၏သက်သေလက္ခဏာတော်များအား ဖော်ပြထားသည့် ပထမဦးဆုံး အာယသ်တော် (၇) ကြောင်းမှာ -
ပြိုင်စံမဲ့ ကရုဏာတရားရှင် ဖြစ်သတည်း။ ထိုအရှင်သည် ကျမ်းမြတ်ကုရ်အာန်ကို သင်ကြားပို့ချပေးတော်မူခဲ့သည်။ ထိုအရှင်သည်ပင် မနုဿလူသားအား ဖန်ဆင်းတော်မူခဲ့၏။ ထိုအရှင်သည်ပင် ထိုလူသားအား (သိမြင်နားလည်)ပြောဆိုမှုကို သင်ကြားပေးတော်မူခဲ့၏။ နေနှင့်လတို့သည် တွက်ချက်သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း (သွားလာလှုပ်ရှားလျက်) ရှိကြကုန်၏။ ၄င်းပြင် ချုံနွယ်နှင့်သစ်ပင်အပေါင်းတို့မှာ (ထိုအရှင်၏အမိန့်တော်ကို) နာခံဦးညွှတ်လျက်ရှိကြကုန်၏။ ထို့ပြင် ထိုအရှင်မြတ်သည်ပင် အာကာသကောင်းကင်များကို မြှင့်စွင့်စေတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် (ဤလောက၏သတ်မှတ်ချက်) ချိန်ခွင်ကို တီထွင်သတ်မှတ်ပေးသနားတော်မူခဲ့၏။ ကုရ်အာန် ( ၅၅း ၁- ၇ )

ရှေ့ဆက်လာသောအာယသ်တော်နှစ်ပါးက ချိန်တွယ်မှု (အပေးအယူ)၌ တရားမျှတသည့် ကိုယ်ကျင့်တရားထားရှိရန် ပြဆိုထား၏။

အသင်တို့သည် ချင်တွယ်ချိန်စက်ရာ၌ မတရားဖောက်ပြန်မှု အလျဉ်းမပြုကြကုန်နှင့်။ သို့ဖြစ်လေရာ အသင်တို့သည် ချိန်စက်ချင်တွယ်ရာ၌ တရားမျှတမှုရှိကြကုန်လော့။ ၄င်းပြင် ယုတ်လျော့ ဖြတ်နှုတ်ခြင်း မရှိကြစေနှင့်။ ကုရ်အာန် ( ၅၅း ၈-၉ )

ဆက်လက်လာရှိသော အာယသ်တော်သုံးခု၌ ဖန်ဆင်းရှင်၏ သက်သေလက္ခဏာတော်များကို တဖန် ဖော်ပြထားပြန်၏။

ထိုအရှင်မြတ်သည်ပင် သက်ရှိသတ္တဝါအပေါင်း၏အကျိုးငှာ မြေပထဝီကို ဖြန့်ကျက်ထားတော်မူ၏။ ၄င်းမြေကမ္ဘာတွင်းဝယ် သစ်သီးဝလံများ၊ ငုံဖူးညှာတံများဖြင့်အုပ်လျက်ရှိသော စွန်ပလွံပင်များသည်လည်းကောင်း - ကောက်ရိုးပြုရန် ရိုးတံနှင့်အရွက်များပါသော ကောက်ပဲသီးနှံများနှင့် ရနံ့ရသာကောင်းမွန်သည့်အပင်များသည်လည်းကောင်း (ပေါများစွာ) ရှိကြကုန်၏။ ကုရ်အာန် ( ၅၅း ၁ဝ-၁၂ )

နောက်ဆုံးတွင်ကား ကိုယ်ကျင့်တရားအတွက် မေးခွန်းတစ်ရပ်ကို စူရဟ်တစ်ခုလုံးအတွင်း (၃၁) ကြိမ်တိုင်တိုင် မေးမြန်းထားပါသည်။

သို့ပါလျက် ( ဤ၍ဤမျှ ချီးမြှင့်ထားပါလျက်) အသင်တို့သည် မိမိတို့အား ဖန်ဆင်းထိန်းသိမ်းထားတော်မူသော အရှင်သခင်၏မည်သည့်ကျေးဇူးတော်များကို (အရှင်မြတ်၏ပေးကမ်းမှုမဟုတ် ဟု) ငြင်းပယ်ကြရသနည်း ? ကုရ်အာန် ( ၅၅း ၁၃ )

ဤလောကရှိ ဖန်ဆင်းရှင်၏အံ့ဖွယ်သက်သေလက္ခဏာတော်များက ဤမေးခွန်းကြီးကို ထင်ရှားစွာ မေးမြန်းနေပေသည်။ ဤမေးခွန်းသည် ဖတ်ရှုလေ့လာသူများစွာထံ၌ နက်ရှိုင်းသည့်အတွေးအခေါ်၊ အသိဥာဏ်ရောင်စဉ် နှင့် ကျေးဇူးသိတတ်မှုကို ဖြစ်ပေါ်ရရှိစေသည်။

(ခ) ဥပဒေစည်းမျဉ်းများ
----------------------------
အချို့စူရဟ်များတွင် ကိုယ်ကျင့်တရားသစ္စာ နှင့် ဥပဒေသများကို တစ်ခုပြီးတစ်ခု တင်ပြထားသည်။ ယင်းအမှန်တရားနှင့်ဥပဒေများက စူရဟ်၏အစပိုင်း အာယသ်တော်အနည်းငယ်တွင် ကျင့်ဝတ်စည်းမျဉ်းတစ်ရပ်အဖြစ် တင်ပြထားလေ့ရှိသည်။ လူ့အခွင့်အရေး နှင့် သားချင်းနှောင်ကြိုးတို့အတွက် သင်ခန်းစာများလည်း ပေးထားလေ့ရှိ၏။ ဤပုံသဏ္ဍာန်ရှိစူရဟ်များသည် စာရိတ္တဆိုင်ရာပြဿနာအချို့ကိုတင်ပြ၍ ယေဘူယျကျသည့်အချက်နှင့်ပေါင်းစပ်ကာ စည်းမျဉ်းအသွင် ဖြစ်လာစေ၏။
ဥပမာအားဖြင့် စူရဟ်အမှတ်စဉ် ၄ - အန် နိစာ့အ်၌ ကိုယ်ကျင့်တရားကိုသွန်သင်ပြီးနောက် ကျင့်ဝတ်စည်းမျဉ်းသတ်မှတ်သည်ကို တွေ့ကြရပေမည်။

အို - လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းပျိုးထောင်တော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ခန့်ညားကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား အသက်ဝိညာဉ်တစ်ခုတည်းမှပင် ၄င်း၏ကြင်ရာကြင်ဖက်အား ထုတ်ယူဖန်ဆင်းတော်မူပြီးနောက် ၄င်းတို့နှစ်ဦးထံမှ မရေတွက်နိုင်လောက်သော အမျိုးသားနှင့်အမျိုးသမီးတို့ကို ပြ့န့်ပွားစေတော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်တို့အတွင်း အပြန်အလှန် တောင်းဆိုကြကုန်သောအခွင့်အရေးများ၊ ဆွေမျိုးသားချင်းတို့ (နစ်နာသွားစေမည့်) အခွင့်အရေးများနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်ကို အကြောက်တရားထားရှိကြကုန်။ အကြောင်းသော်ကား ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အပေါ် အခါခပ်သိမ်း စောင့်ကြပ်ကြည့်ရှုနေတော်မူခြင်းကြောင့်တည်း။ ကုရ်အာန် ( ၄း ၁ )

အပြန်အလှန်အခွင့်အရေးအကြောင်းပြောဆိုထားသော ဤစာပိုဒ်မှသည် လူ့အဖွဲ့အစည်းအတွင်းရှိ အနိမ့်ကျဆုံးအုပ်စုဖြစ်သည့် မိဘမဲ့ကလေးငယ်များအတွက် လူ့အခွင့်အရေးကိုတင်ပြပြီးသည့်နောက်ဝယ် ဥပဒေသစည်းမျဉ်းများအား တသီးတသ့် ချမှတ်လေ၏ (၄း၂-၉)။ ဤဥပဒေသစည်းမျဉ်းများ တင်ပြပြီးသည်နှင့် ကိုယ်ကျင့်တရားမှန်ကန်မှု (သမာဓိရှိရေး)အတွက် ဖော်ပြသည်မှာ -

မိဘမဲ့/ဖသက်ဆိုးများ၏ပိုင်ဆိုင်မှုကို မတရားဝါးမျို (စားသောက်)ကြသူများသည် မုချဧကန် မိမိ၏ခန္ဓာကိုယ်တွင်းသို့ မီးတစ်ရပ်ကို ဝါးမျို (ထည့်သွင်း)လိုက်ခြင်းသာတည်း။ ထိုသူတို့သည် များမကြာမီ အလျှံပြောင်ငြီး (ငရဲ)မီးအတွင်း၌ ကာလကြာရှည် နေရပေအံ့။ ကုရ်အာန် ( ၄း ၁ဝ )

ဆက်လက်၍ ကျင့်ဝတ်စည်းမျဉ်းကို အမွေခံဥပဒေဖက်သို့ ဦးတည်ထား၏။ ပထမဦးစွာ သွေးသားဆက်နွှယ်မှုကို ပြသသည်။ ဤဥပဒေသည် မိသားစုဝင်တို့အကြား ကွယ်လွန်သူ၏မျိုးဆက်များအတွင်း တရားမျှတစွာ အမွေကိုခွဲဝေစေသည် (၄း၁၁-၁၂)။ တဖန် ဤသို့သောတရားမျှတမှုကို လက်ကိုင်ပြု၍ အလ္လာဟ်အရှင်မြတ်နှင့် အသျှင့်စေတမန်တော်တို့၏ ပြဋ္ဌာန်းချက်ဥပဒေသများအပေါ် တသွေမတိမ်းနာခံကျင့်သုံးကြသူများထံ၌ ကံကြမ္မာကောင်း ရှိနေခြင်းကို ဆက်လက်ရှင်းပြထားသည် (၄း၁၃-၁၄)
ဤသည်မှရှေ့ဆက်ကာ မိသားစုဘ၀၏စိတ်ဓာတ်ရေးရာကို ခြိမ်းခြောက်နေသော မတရားကာမှုဆိုင်ရာဥပဒေအား စတင်ဖော်ထုတ်၏။ ယင်းသို့အားဖြင့် မိသားစုအရေးကို တည်ငြိမ်မှုရှိစေသည် (၄း၁၅-၁၈)။ ထို့နောက် အမျိုးသားများသည် မိမိတို့၏ဇနီးများအပေါ် တရားမျှတစွာ၊ ကြင်နာစွာ ဆက်ဆံကြရန် ညွှန်ကြားချက်ဖြင့် အပြန်အလှန်ရှိနေသော အခွင့်အရေး (နှင့်) မိသားစုဘ၀တန်ဖိုးထားရေးကို ညွှန်ကြားထား၏ (၄း၁၉-၂၁)။ ထို့ပြင် မိသားစုမျိုးဆက်သန့်စင်ရေးအလို့ငှာ မုစ်လင်မ် အမျိုးသား (၀ါ) အမျိုးသမီးအဖို့ ထိမ်းမြားလက်ထပ်ခွင့်မရှိသောသူများ၏စာရင်းကို ထပ်မံထုတ်ဖော်ရှင်းပြထားလေသည် (၄း၂၂-၂၅)။
ရှေ့ဆက်ပြန်သော် “ဥပဒေကိုလိုက်နာရသည့် ကိုယ်ကျင့်တရားအဆင့်” မှ “သစ္စာတရားပေါ်ထားရမည့် ကိုယ်ကျင့်တရားအဆင့်” ကို ကုရ်အာန်က ခေါ်ယူသွား၏။ အလ္လာဟ်အသျှင်မြတ်သည် လူသားမျိုးနွယ်တို့အား ကောင်းမြတ်သောဘ၀သို့လမ်းညွှန်ရည်စူးတော်မူသော်လည်း လူတို့မှာကား မိမိတို့၏နိမ့်ကျဆန္ဒကိုသာ လိုက်စားယင်းဖြင့် တရားလမ်းမှန်မှလွဲချော်သွားကြကြောင်း၊ လူသားသည် ချည့်နဲ့အားနည်းစွာ ဖန်ဆင်းခံထားရခြင်းနှင့်အညီ အလ္လာဟ်အသျှင်မြတ်သည် လူသားတို့အတွက် ဥပဒေများကို လွယ်ကူစေရန်
(၀န်ပေါ့စေရန်)သာ ရည်စူးတော်မူကြောင်း ရှင်းလင်းထားပါသည် (၄း၂၆-၂၈)။

(ဂ) အတိတ်ကာလဖြစ်အင်များ
---------------------------------
ဤပို့ချချက်ပုံစံတွင် ကိုယ်ကျင့်တရားဆိုင်ရာသွန်သင်မှုတစ်ရပ်ရပ်ဖြင့် စတင်၏။ ၄င်းနောက် တမန်တော်တို့၏ဖြစ်အင်များ သို့မဟုတ် အခြားသောစရိုက်သဘာဝများဖော်ပြ၍ သစ္စာတရားအပေါ်ထားရှိရမည့် ကိုယ်ကျင့်တရားအကြောင်းတစ်ရပ်ရပ်ဖြင့် အဆုံးသတ်ထားလေ့ရှိပေသည်။ ဥပမာအားဖြင့် စူရဟ် ဟူးဒ်၌ တမန်တော်များ၏ဖြစ်အင်ပေါ်မူတည်၍ အခြေခံစာရိတ္တအားကောင်းလာစေရန် ကုရ်အာန်က တင်ပြထား၏။ ၄င်းမှ စဦးအာယသ်များမှာ ကျင့်ဝတ်သင်ခန်းစာအဖြစ် တွေ့ရပေမည်။
(ကုရ်အာန်မှသင်ကြားသည်မှာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှအပ မည်သည့်အရာကိုမျှ မကိုးကွယ်ကြကုန်နှင့်။ ဧကန်စစ်စစ် ငါ(ကုရ်အာန်)သည် အသျှင်မြတ်ထံတော်မှ သတိပေးနှိုးဆော်သူ နှင့် ကောင်းသတင်းကို အသင်တို့အဖို့ ဆောင်ယူလာသူဖြစ်သည်။ အသင်တို့၏ဖန်ဆင်းရှင်ထံ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံကြကုန်။ ၄င်းပြင် ထိုအရှင့်ထံ နောင်တသံဝေဂဖြင့် ပြန်လှည့်ကြကုန်။ သို့ဖြစ်ရာ ထိုအရှင်သည် အသင်တို့အား သတ်မှတ်ထားသောကာလအပိုင်းအခြားအတွက် စည်းစိမ်ကောင်းများကို ချီးမြှင့်တော်မူပြီး စာရိတ္တကောင်းမြတ်သူ အားလုံးအပေါ် ကရုဏာတော်လှိုင်လှိုင် ကျရောက်ပေအံ့။ သို့ရာတွင် အကယ်၍ အသင်တို့မှရှောင်ဖယ်သွားကြပါလျှင် ငါသည်ကြီးကျယ်သော ပြစ်ဒဏ်ခတ်မှုကို အသင်တို့အဖို့ စိုးရိမ်ရပေသည်။ အသင်တို့၏ပြန်လှည့်ခြင်းသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့သာ ဖြစ်ကြကုန်။ အမှန်ပင် ထိုအရှင်မြတ်သည် အရာခပ်သိမ်းအပေါ် သြဇာလွှမ်းမိုးတော်မူသော အသျှင်သခင်ဖြစ်သတည်း။ ကုရ်အာန် ( ၁၁း ၂ - ၄ )

၎င်းနောက် ထိုသူတို့၏ဖုံးကွယ်ထားကြသည်များ၊ ထင်ရှားစွာရှိစေသည်များမှန်သမျှ အလ္လာဟ်အရှင်မြတ်က အကြွင်းမဲ့သိတော်မူရာ များမကြာမီကာလဝယ် ထိုဖန်ဆင်းရှင်သည်ပင် စီရင်ဆုံးဖြတ်ချက်ချမှတ်တော်မူမည့်အကြောင်း အာယသ်များက ဖော်ပြ၏ ( ၁၁း ၅ - ၈ )။ ဤနေရာမှစ၍ ဤစူရဟ်က လူသားတို့၏သဘာဝကို သရုပ်ဖော်လေသည်။ လူတို့သည် ဝမ်းမြောက်မှုနောက်တွင် ဝမ်းနည်းမှုကြုံရပါက စိတ်ပျက်အားလျော့တတ်ခြင်း၊ ဝမ်းနည်းဒုက္ခကြုံရပြီး ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာ အသျှင့်ချီးမြှင့်မှုကြုံရသော် ဘဝင်မြင့်ပလွှားခြင်း ဖြစ်တတ်ကုန်၏။ သို့သော် ယင်းအရေခြုံသဘောသဘာဝ (စရိုက်ဆိုး)မှရုန်းထွက်၍ သည်းခံကြံ့ခိုင်ခြင်း၊ အကျင့်သီလကောင်းဖြင့် ဘဝဆောက်တည်ခြင်း ပြုကြသူတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့် နှင့် ကြီးကျယ်လှသည့် အကျိုးဆုလဒ် ချီးမြှင့်ခံကြရမည်ဖြစ်ပေသည်။
ကုရ်အာန် ( ၁၁း ၉ - ၁၁ )
ဆက်လက်ပြီး နိစ္စသစ္စာကိုပယ်လှန်သူတို့၏ ယုံကြည်မှုနှင့်လုပ်ရပ်များကဲ့သို့ ထုတ်ပြန်ပို့ချခံရသည့် အမိန့်တော်များအနက် (အချို့ကိုလက်ခံ၍) အချို့ကိုစွန့်လွှတ်ခြင်း မပြုကြရန် သတိပေးထားလေသည်။ ၄င်းနောက် နိစ္စသစ္စာတရားတစ်ခုတည်းကိုသာဖြန့်ချိသည့် ကုရ်အာန်၏သန့်စင်ထွဋ်မြတ်မှုအား ကာကွယ်ချေပထားသည်ကို တွေ့ရပေမည်။ ထိုသူတို့မှ ဖန်ဆင်းရှင်အားကိုးကွယ်ခဝပ်ရန်ငြင်းဆန်ခြင်းအပေါ် လီဆယ်မုသားဆိုသူများ နှင့် အလ္လာ့ဟ်လမ်းတော်၌ နှောင့်ယှက်ကြသူများ ဖြစ်ကြသည်။ ကုရ်အာန် ( ၁၁း ၁၂ - ၁၃ )
အထက်ပါအချက်များကိုမူတည်၍ ရှင်းလင်းပြတ်သားသော ပုံဆောင်ချက်ဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ သင်ခန်းစာကို ဤသို့ ပေးအပ်ထားပါသည်။

(ယုံကြည်သူနှင့်ဖီဆန်သူ) အုပ်စုနှစ်မျိုး၏ဥပမာကား မျက်စေ့ကန်းသူနှင့်နားပင်းသူ၊ မျက်စေ့မြင်သူနှင့် နားကြားသူကဲ့သို့တည်း။ နှိုင်းယှဉ်ကြည့်က ထိုသူတို့မှာ တူညီပါသလော။ သို့ဖြစ်ပါလျက် အသင်တို့သည် အသိတရား မရကြလေသလော ? ကုရ်အာန် ( ၁၁း ၂၄ )

ဤစူရဟ်က (ဤနေရာအထိ) ပြဆိုထားသော လိုရင်းအချက်မှာ -
အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ကြရမည်၊ ဝမ်းမြောက်ဖွယ်မင်္ဂလာ အောင်ပန်းဆွတ်ခူးနိုင်ရန် စိတ်ရှည်သည်းခံရမည်၊ ကြံ့ခိုင်ရမည်၊ ကောင်းမှုကျင့်ရပ်များပြုရမည်၊ မာန်မာန ကင်းရှင်းရမည် ဖြစ်ပေသည်။ သို့ရာတွင် ခန္တီစ ကင်းမဲ့ခြင်း၊ မောက်မာပလွှားခြင်း၊ သစ္စာကိုပယ်လှန်ခြင်း၊ အလ္လာဟ့်လမ်းတော်လျှောက်လှမ်းမှုအပေါ် တားဆီးခြင်းပြုကြသူများအဖို့ နောက်တမလွန်၌ ပြစ်ဒဏ်ပေးခံရခြင်းမှအပ အခြားမရှိလေပြီ။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment

Note: only a member of this blog may post a comment.