မျက်နှာမူခြင်းသည်(သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်
သေးပေ။ ကောင်းမြတ်သောသီလရှိသူသီလ၀န် ဂုဏ၀န်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်
ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ကောင်းကင်တမန်များကို လည်းကောင်း၊
(အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော်များ
ကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏
ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကိုကြည်ညို
မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား၎င်း၊ မိသက်ဆိုး ဖသက်ဆိုးများအားလည်းကောင်း၊ အထီးကျန်သူဆင်းရဲများ အား၎င်း၊ ခရီးသည်များအား၎င်း၊ ဖုန်းတောင်း ယာစကာများ အား
၎င်း၊ ကြေးကျွန်များကို ကျွန်ဘ၀မှ လွတ်မြောက်စေရာ၌ ၎င်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။
ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ၀တ်ပြုကြ၏။ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေး
လှူကြ၏။ ယင်းသူတို့သည်ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ်ဝန်ခံချက်များကို အတည်ပြု
ကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့်အခါ၌
လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ
စွာစောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များသည်သာ
လျှင်သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ဤသူမွန် သူမြတ်တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို)
ကြောက်ရွံ့ရိုသေမြတ်နိုးသောသီလ၀န်ဂုဏ၀န်များ ဖြစ်ကြ ကုန်၏။
(ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် အလ်ဗကရဟ်-၂းအာယသ်တော် ၁၇၇)
ကျွန်ုပ်တို့မွတ်စ်လင်မ်များ ကျင့်သုံးလျှောက်လှမ်းနေကြသည့်ဘဝ တည်ဆောက်မှုလမ်းစဉ် (သို့) အစ္စလာမ်သာသနာတော်သည် လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု ၊ ယဉ်ကျေးမှု တစ်ရပ်ရပ် အတွက် သာသင့်တော်လှသောသာသနာတစ်ရပ်မဟုတ်ဘဲ၊ စကြဝဠှာဆိုင်ရာသာသနာတော်တစ်ရပ်
သာဖြစ်ကြောင်းဦးစွာပြောကြားလိုပါသည်။ စကြဝဠှာဆိုင်ရာသာသနာတော်ကို လက်ဝယ်ရရှိ
ကျင့်သုံးနေကြရသည့်တိုင်ကျွန်ုပ်တို့မွတ်စ်လင်မ်များ သည် ထိုသာသနာတော်၏ ပင်မ အုတ်မြစ်ဖြစ်သောကျမ်းတော်မြတ်ကုရ်အာန်၏ အမိန့်ပြဋ္ဌာန်းသင်ကြားချက်အချို့
ကိုသတိလက်လွတ်ဖြစ်နေကြသည် (သို့တည်းမဟုတ်) အလေးထားဖွယ်ရာမဟုတ်ဟု ထင်မှတ်နေကြသည် ကို ဝမ်းနည်းဖွယ်ရာမြင်တွေ့ရလျှက်ရှိသည်။
ယနေ့ကမ္ဘာတစ်ခွင်လုံးတွင်သာမက ၊ မိမိတို့နေထိုင်ရာဝန်းကျင်ကိုပင်လျှင် တစေ့
တစောင်းလေ့လာအကဲခတ်မိမည်ဆိုပါက၊ ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများ၊ အမိအဖမဲ့
ကလေးသူငယ်များ၊ ဓနဥစ္စာမရှိနည်းပါး၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်တို့
အဖက်ဖက်မှ နိမ့်ကျနေသော လူသားညီအစ်ကိုမောင်နှမများ၊ ခိုကိုးရာမဲ့နေရှာသော
အမျိုးသမီးထုတို့အားတတ်နိုင်သ၍ ကယ်ဆယ်ကူညီစောင့်ရှောက်မြှင့်တင်နေသော လူ့အစုအဝေးအဖွဲ့အစည်းများအနက် မွတ်စ်လင်မ်တို့၏အရေအတွက်သည်ကား
လုံးဝမရှိဟုမဆိုအပ်သော်ငြား၊ ရာခိုင်နှုန်းအားဖြင့် အလွန်တရာမှ နည်းပါးလှသည်ဟု ရိုးသားစွာ မြင်မိပါသည်။အထက်တွင်ဖော်ပြခဲ့သောသက်ကြီးရွယ်အို၊မရှိနွမ်းပါးခိုကိုးရာမဲ့
လူသားများအား ကယ်ဆယ်ကူညီစောင့်ရှောက်ပံ့ပိုးခြင်းလုပ်ငန်းတို့သည် အစ္စလာမ်
သာသနာက ပြဋ္ဌာန်းထားသည့်အလွန်အရေးကြီးသောတာဝန်ဝတ္တရားတို့ဖြစ်သည်ဟု
သာသိကြပါက ကျွန်ုပ်တို့၏သာသနာ့သွေးချင်း မွတ်စ်လင်မ်တို့သည် ထိုလုပ်ငန်း
တို့ကို အလုံးအရင်းဖြင့်အားတက်သရောသူ့ထက်ငါအလုအယက်ဆောင်ရွက်လာကြမည်
မှာ မြေကြီးလက်ခတ်မလွဲပမာပင်။ သို့ဖြစ်ရာ-
ဤစာစဉ်၏အစအဦး၌ တင်ပြ ခဲ့သည့် အာယသ်တော်တွင်မိန့်ဆိုထားသည့်အတိုင်း၊
စစ်မှန်သောမွတ်စ်လင်မ် တစ်ဦးအနေဖြင့်ကအ်ဗဟ် ကျောင်းတော်ရှိရာအရပ်ဖက်သို့
မျက်နှာမူ၍ အလ္လာဟ်အရှင်မြတ်အားပုံမှန် (စဂ်ျဒဟ်) ဦးချခြင်းပြုရုံ (တစ်နည်း) ဆွလားသ်
ဝတ်ပြုရုံမျှသည် "ဗိရ်" ဟုခေါ်သည့် "ကောင်းမြတ်ခြင်းအမှု"မမည်သေးပေ။ အထက်ပါ
အာယသ်တော်တွင်ပြဋ္ဌာန်းထားသည့် အမှုကိစ္စအလုံးစုံတို့ကိုစိတ်စေတနာဖြူစင်စွာဖြင့်
ပြုမှုဆောက်တည်မှသာလျှင် ထိုသို့သောသူတို့သည် "မုသ်သကီ" သူမွန်သူမြတ်
များဖြစ်ကြသည်ဟု အလ္လာဟ်အရှင်မြတ်မှ အဓိပ္ပာယ်ဖွင့်ဆို ကင်ပွန်းတပ်တော်မူထားလေသည်။
အာယသ်တော်တွင် ဖော်ပြထားသည့် အချို့သောအကြောင်းအရာတို့မှာ ယုံကြည်မှုဆိုင်
ရာ ပြဋ္ဌာန်းချက်တို့နှင့်ပတ်သတ်နေလေသည်။ (ဥပမာ-နောက်ဆုံးနေ့၊ ကောင်းကင်တမန်၊
ကျမ်းဂန်များ၊ နဗီတမန်တော်များကို ယုံကြည်သက်ဝင်ခြင်း) ကျန်ရှိသော အမှုတို့မှာမူလူသား
အချင်းချင်းပြုကျင့်ရမည့်ကိစ္စရပ်များဖြစ်လေသည်။ထို့ကြောင့်ထိုအာယသ်တော်တစ်ရပ်လုံးကို
စေ့ငှစွာလေ့လာကျင့်သုံးမည်ဆိုပါကအလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့ရိုသေခန့်ညား
ချစ်ကြည်မြတ်နိုးကြသည့် ကောင်းမြတ်သောအမူအကျင့်ပိုင်ရှင်မွတ်စ်လင်မ်တစ်ဦး
အနေဖြင့် ယုံကြည်မှုပိုင်းဆိုင်ရာအကြောင်းအရာတို့ကိုဦးညွတ်လက်ခံပြီး၊ ဆွလားသ်ဝတ်ပြုခြင်း၊
ဇကားသ်ပေးဆောင်ခြင်းကတိသစ္စာတည်ကြည်ခြင်း၊သည်းခံခြင်းတရားကိုစောင့်စည်းထားရှိခြင်း
တို့နှင့်အတူ ဆွေမျိုးညာတိကာ၊ မိသက်ဆိုးဖသက်ဆိုး (orphans) ၊ အထီးကျန်သူဆင်းရဲများ
(Aged, Poor & Needy,Disabled) စသူတို့ကို ပေးကမ်းလှူဒါန်းကူညီစောင့်ရှောက်ရမည်မှာ တာဝန်တစ်ရပ်ပင်ဖြစ်သည်။
ထိုသို့ပြဋ္ဌာန်းရာတွင် မိမိနှင့်ဘာသာအယူဝါဒတူအချင်းချင်းကိုသာ ကူညီစောင့်ရှောက်
ရမည်ဟုအာယသ်တော်တွင်လုံးဝ မပါရှိပေ။သို့အတွက်ကြောင့် အစ္စလာမ်သာသနာကို
သက်ဝင်ယုံကြည်သောသူတို့ အနေဖြင့်မည်သည့်ဘာသာဝင် မည်သည့် လူမျိုးကို မဆိုပေးကမ်းကူညီထောက်ပံ့စောင့်ရှောက်လှုဒါန်းရန် "ဖွရဇ်"တာဝန်တစ်ရပ်
ပင် ဖြစ်နေပေတော့သည်။ ဘာသာအယူတူသူအချင်းချင်းကို ကူညီပေးကမ်းလှုဒါန်းစောင့်
ရှောက်ခြင်းအမှုကိုမူဤအာယသ်တော်တွင်ပင် သီးခြား ပြဋ္ဌာန်းတော်မူထားလေသည်။
ဤသို့ဆိုလျှင် အထက်ပါအာယသ်တော် အရ ဥစ္စာဓနပိုင်ဆိုင်သူတို့၌သာလျှင် မိဖမဲ့ ၊ အထီးကျန်သူဆင်းရဲတို့အားကူညီစောင့်ရှောက်ရန် တာဝန်ရှိပါသလော၊ ဓနဥစ္စာမရှိ
ဆင်းရဲနွမ်းပါးသောသူတို့၌မှု ထိုထိုသည့်တာဝန်တို့မရှိသလော ဟု စဉ်းစားလာနိုင်စရာ
အကြောင်းရှိနေပေသည်။ အမှန်မူကား၊ ဓနဥစ္စာရှိသူတို့သည်မိမိတို့၏ဓနအင်အားဖြင့် ကူညီစောင့်ရှောက်ရမည်ဖြစ်သလို ဓနဥစ္စာနွမ်းပါးသူမွတ်စ်လင်မ် တို့သည် တစ်ဖက်
တွင် ထောက်ပံ့ကူညီမှုတို့ကို လက်ခံရယူသည့်အပြင် ကျန်တစ်ဖက်တွင်လည်းမိမိနှင့်
ဘဝ တူ လူသားတို့အားမိမိတို့စွမ်းနိုင်သည့် ကာယ၊ဥာဏ အားတို့ဖြင့် ကူညီစောင့်ရှောက်
ရမည်ဖြစ်ကြောင်းအောက်ပါ အာယသ်တော်က ညွှန်ကြားထားပြန်သေးသည်။
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားခ၀ပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။
၎င်းပြင် အသင်တို့သည်မည်သည့် တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ခြင်း
ကို မပြုကြကုန်လင့်။ ထိုမှတစ်ပါးတုံအသင်တို့သည် အမိအဘ နှစ်ပါးတို့နှင့်၎င်း၊ ဆွေမျိုးနီးစပ်
တို့နှင့်၎င်း၊ ဘမဲ့ကလေးတို့နှင့်၎င်း၊ အထီးကျန်သူဆင်းရဲတို့နှင့်၎င်း၊ (အိမ်ချင်း) နီးကပ်သော (တစ်နည်း) ဆွေမျိုးတော်စပ်သော အိမ်နီးချင်းတို့နှင့်၎င်း၊ (အိမ်ချင်း)ဝေးလံသော (တစ်နည်း)
ဆွေမျိုးတော်စပ်ခြင်းမရှိ သော အိမ်နီးချင်းတို့နှင့်၎င်း၊ (မိမိတို့နှင့်အတူနေထိုင်သွားလာကြ
ကုန်သော)အပေါင်းအဖေါ်တို့နှင့်၎င်း၊ ခရီးသည်တို့နှင့်၎င်း၊ မိမိတို့၏လက်အောက်ဖြစ်သော
(၀ါ)မိမိတို့ပိုင်ဆိုင်သော ကြေးကျွန်တို့ နှင့်၎င်း၊ ကောင်းစွာဆက်ဆံပြုစုကြလေကုန်။ ဧကန်
စင်စစ် အလ္လာဟ်အရှင်မြတ်သည်မာနထောင်လွှားသောသူ၊ ၀ါကြွားပြောဆိုသောသူ
ကို နှစ်သက်တော်မူသည် မဟုတ်ပေ။
(ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် အန် နိစာအ်-၄းအာယသ်တော် ၃၆)
အထက်ပါ အာယသ်တော်တွင် မိန့်တော်မူထားသော "အိဟ်စာန်" ဟူသော ဝေါဟာရ ၏ အနက်မှာ ကောင်းစွာပြုစုဆက်ဆံခြင်းဟု ရလေသည်။ ဓနဥစ္စာနွမ်းပါးသော မွတ်စ်လင်မ် တို့
သည်လည်း မိမိတို့တတ်အားသောကာယ၊ ဥာဏ အင်အားတို့ဖြင့် အမိအဖအပါဝင် အခြားလိုအပ်ချက်ရှိသော လူသားတို့အားကူညီစောင့်ရှောက်ရမည်သာဖြစ်ပေမည်။ မိမိ သည်နွမ်းပါးသူဖြစ်၍ တစ်ပါးအင်အား၏ အကူအညီကိုသာအစဉ်အမြဲ လက်ခံရယူနေရမည်
ဟူသည် အစ္စလာမ်သာသနာ၏ အဆုံးအမ လုံးဝမဟုတ်ပါ။ မိမိတတ်နိုင်သော မိမိ ၏ လုပ်အား ၊
အချိန်၊ ပညာ တို့ကို အသုံးချ၍ ကူညီစောင့်ရှောက်ခြင်းလုပ်ငန်းတို့တွင် အားတက်သရော ပါဝင်နေရမည်သာဖြစ်ပေသည်။ စင်စစ်ကား အစ္စလာမ်သာသနာ ၏ အလှုဒါနဆိုင်ရာအဓိပ္ပာယ်
ဖွင့်ဆိုချက်သည် ချမ်းသာမှလှုမည်၊ ဆင်းရဲနေ၍ မလှုဟူ၍ ခွဲခြားမထားပေ။ ချမ်းသာလျှင်
မိမိအတိုင်းအတာအလျှောက်လှုဒါန်းရန်နှင့် ဆင်းရဲလျှင်လည်းမိမိအချိန်အဆ အရလှူဒါန်းရန်
သာ အားပေးတိုက်တွန်းထားကြောင်း အောက်ပါအာယသ်တော်ကသက်သေပင်။
ထိုသူတော်စင်များသည် စီးပွားတိုးတက်ချောင်လည်စွာရှိသော အချိန်အခါများ၌လည်းကောင်း၊
ဆင်းရဲဒုက္ခရောက်ရှိသောအခါများ၌လည်းကောင်း (အချိန်အခါမရွေး)ပေးကမ်းစွန့်ကြဲ လှူဒါန်းကြ
ကုန်၏။ (ထိုသူတော်စင်များသည်)အမျက်ဒေါသကို ချုပ်တည်းမျိုသိပ်သောသူများလည်းဖြစ်ကြ
ကုန်၏။ လူသားတို့အားခွင့်လွှတ်သူများလည်း ဖြစ်ကြကုန်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းသို့)ကောင်းမှုပြုလုပ်သောသူများအားနှစ်သက်တော်မူချေသတည်း။
(ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် အာလိအင်မ်ရာန်-၃ ၊ အာယသ်တော် ၁၃၄)
အထက်ပါ အာယသ်တော်အရလည်း မိမိ၌လှုဒါန်းရန် ဓနဥစ္စာအနည်းငယ်မျှပင်မတတ်
စွမ်းနိုင်သောငြား မိမိတတ်နိုင်သော အင်အား၊ အချိန်၊ ပညာတို့ကို လှူဒါန်းရမည်ဟု
သာ ပေါ်လွင်လှပါသည်။
အလ္လာဟ်အရှင်မြတ်၏သာသနာတော်ကားမည်မျှပြီးပြည့်စုံ လှသနည်းဟူမူ၊ ယနေ့ကမ္ဘာပေါ်
ရှိလူမှုအဖွဲ့အစည်းအားလုံးလိုလိုက အထူးတလည်ဂရုမူနေကြသည့်လူမှုဖွံ့ဖြိုးတိုးတက်ရေး
(Social Development) နှင့် လူသားဆိုင်ရာအကျိုးပြုလုပ်ငန်း (Humanitarian Work) တို့
အတွက် ပင် ဟာကွက်ဟူ၍စိုးစဉ်းမျှ မရှိပေ။
ဆက်ရန်-အစ္စလာမ်မှပြဋ္ဌာန်းသော Philanthropy (လူသားအကျိုးမြတ်နိုးခြင်း)- ၂
No comments:
Post a Comment
Note: only a member of this blog may post a comment.