Pages

Pages - Menu

ဝိဥာဏ အင်အားဖြည့် စာစုများ ၇ မှ ၉

ဝိဥာဏ အင်အားဖြည့် စာစုများ (၇)

ကျားသဘာဝမှ သင်ခန်းစာတစ်ရပ်
**************************
ဂျင်မ်ကောဘက် (Jim Corbett) သည် ကျားသတ္တ၀ါ၏သဘောသဘာဝကို ကျွမ်းကျင်ပိုင်နိုင်သည့် ပညာရှင်တစ်ဦးဖြစ်၏။ နောင်သောအခါ အိန္ဒိယရှိ နာမည်ကျော်အမျိုးသားဥယျာဉ်ကို သူ့အမည်ဖြင့် ကင်ပွန်းတပ်ခဲ့သည်။ တစ်ခါတွင် သူက “ထိုးဆွလှုံ့ဆော်ခြင်း မခံရပါဘဲလျက် လူသားတို့အား တိုက်ခိုက်သည့်ကျား ဟူ၍ မရှိပါ ” ဟု ရေးသားဖော်ပြခဲ့သည်။ ဂျင်မ်ကောဘက်၏အဆိုမှန်ကန်ကြောင်း ကျားသတ္တ၀ါပေါများရာဒေသရှိလူများက အတည်ပြုထောက်ခံလျက်ရှိသည်။ စင်စစ်၌ ကျားတစ်ကောင်နှင့်မျက်နှာချင်းဆိုင်တွေ့ယုံမျှဖြင့် ဘာမျှဖြစ်ပေါ်လေ့မရှိတတ်ချေ။ ကျားကို သွားမဆွလျှင် သို့မဟုတ် ထိုကျားသည် လူသားများအပေါ်တေးမှတ်ထားသည့်ကျားနာဖြစ်မနေလျှင် ၄င်းသားရိုင်းတိရစ္ဆာန်သည် ဖာသိဖာသာနေလျက် သူ့လမ်းသူသွားမြဲသာ ဖြစ်ပေ၏။

ကျားရိုင်းအချို့ထံ ယင်းသို့ တေးမှတ်သံသယမှုများ မည်သို့ ဖြစ်တည်လာရသနည်း ? ကျားတို့၏ ပင်ကိုယ်သဘာဝ၌ လူသားများအပေါ် အဆိုးမြင်ခြင်း မရှိကြ။ လူသားစားကျားဟု ခေါ်ဆိုနိုင်သည့်အရေအတွက်မှာ အလွန်ပင် နည်းပါးလှ၏။ လူသားစားကျားများအဖြစ်ပြောင်းလဲသွားရသည်မှာ ၄င်းတို့၏ပင်ကိုယ်ချို့ယွင်းချက်ကြောင့် မဟုတ်။ လူသားတို့၏ မိုက်မဲခြင်းပယောဂကြောင့်သာ ဖြစ်သည်။ ပျက်လိုဖျက်ဆီးလက်သရမ်းလိုသော အတွေ့အကြုံမဲ့ မုဆိုးတို့သည် သားကောင်များကို မဆင်မခြင် ပစ်ခတ်လေ့ရှိကြသည်။ သေအောင်မသတ်နိုင်ကြဘဲ ဒဏ်ရာဒဏ်ချက်များကိုသာ ပေးခဲ့ကြသည်။ ထိုအခါ ဒဏ်ရာရသွားသော ကျားနာသည် မနုဿတို့၏ရန်သူအဖြစ် ကူးပြောင်းသွားပါတော့သည်။ လူသားတစ်ဦးဦးကို တွေ့မြင်သည့်အခါတိုင်း တိုက်ခိုက်သတ်ဖြတ်တော့သည်။ သားရဲတိရစ္ဆာန်အများစုမှာ ဤသဘာဝ အတိုင်းသာဖြစ်၏။ မိမိအား ဒဏ်ရာအနာတရဖြစ်စေသူကို ရန်မူတိုက်ခိုက်လေ့ရှိပေသည်။



သဘာဝလောကမှပေးနေသော ဤသတင်းအချက်အလက်က မနုဿလူသားတို့အတွက် ယူတတ်လျှင် သင်ခန်းစာကို ရရှိစေပါသည်။ ထူးခြားမှုကို ဖြစ်ထွန်းစေပါသည်။ အလွန်ရိုင်းပျကြမ်းတမ်းသူများကို မဆိုထားနှင့် - သာမန်လူတစ်ဦးကိုပင်လျှင် ရန်သူ ဟူသော အမြင်ဖြင့် မကြည့်အပ်ပေ။ အကယ်၍ မိမိက သူတစ်ထူးကို ရန်သူအနေဖြင့် ကြည့်မြင်သော် မိမိသည်လည်း ရန်သူကဲ့သို့ ဆက်ဆံခံရတတ်၏။ အကယ်၍ မိမိ၏အရှုနှင့်အတွေး၌ အငြိုး၊ မုန်းတီးမှု ကင်းမဲ့နေပါက ၄င်းတို့ကလည်း မိမိအား ရန်ငြိုးထားမုန်းတီးလိမ့်မည် မဟုတ်။

ရယူနိုင်သည့် ဒုတိယသင်ခန်းစာကား - လုံလောက်ပြည့်ဝသောကြိုတင်ပြင်ဆင်မှု မရှိဘဲ တစ်စုံတစ်ဦးအား လက်ရောက်အရေးယူခြင်း မပြုအပ်ချေ။ အကယ်၍ မိမိ၏ဆောင်ရွက်မှုသည် မသေချာမထိရောက်ခဲ့ပါက တန်ပြန်ဆိုးကျိုးများ မုချ ၀င်ရောက်လာပေမည်။ ထိုရောအခါ ဆန့်ကျင်ဖက်အုပ်စုမှ ထပ်မံကမ်းတက်လာမည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြား တင်းမာမှု နက်ရှိုင်းသထက် နက်ရှိုင်းသွားယုံသာ ရှိပါလေအံ့။

မည်သူပင်ဖြစ်စေကာမူ ဤလောကီ၌ လိုအင်ဆန္ဒ နှင့် လိုအပ်ချက်များ ကိုယ်စီရှိကြ၏။ ထိုအရာများကို ဖြည့်စွမ်းပြည့်ဝစေရေးအတွက် အလုပ်များမြောင်ရှုပ်ထွေးနေကြ၏။ ဘ၀၏လျှို့ဝှက်ချက်များကို ဘ၀လမ်းကြောင်းအတွင်း ရှာဖွေလေ့မရှိတတ်ကြ။

အကယ်၍ အသင်သည် သူတစ်ပါး၏လက်စားချေခြင်းအတွက် မိမိကိုယ်ကို ပစ်မှတ်ဖြစ်လာအောင် ပြုလုပ်မထားခဲ့လျှင် မိမိ၏သွားလမ်းကို သူတစ်ပါးမှပိတ်ဆို့ခြင်းကိုလည်း တွေ့ရလိမ့်မည် မဟုတ်။ လူတိုင်းကို သူတို့ရည်မှန်းချက်အတိုင်းသာ အရောက်သွားပါစေလေ။ ၄င်းတို့(အများစု)သည် သူတစ်ပါး၏အရေးအရာများအား ၀င်ရောက်စွက်ဖက်နှောင့်ယှက်ခြင်း မပြုနိုင်အောင် သက်ဆိုင်ရာကိစ္စများတွင်သာ အာရုံကပ် နစ်မြုပ်နေကြကြောင်း အသင် တွေ့မြင်လာပါလိမ့်မည်။



ဝိဥာဏ အင်အားဖြည့် စာစုများ (၈)

အရှုံးကို လက်ခံနိုင်ပါမှ .............
**************************
အမေရိကန်နိုင်ငံသားတစ်ယောက် ........။ ၁၈၃၁ ခုနှစ်မှာ လုပ်ငန်းလုပ်တယ်။ ၁၈၃၂ ခုနှစ်မှာ စီးပွားပျက်တယ်။ ဒါနဲ့ သူဟာ နိုင်ငံရေးလောကထဲ ရောက်လာတယ်။ အဲ့ဒီအသိုင်းအ၀ိုင်းထဲမှာလည်း လောက်လောက်လားလား အောင်မြင်မှု မရရှိခဲ့ဘူး။ ၁၈၃၄ ခုနှစ်မှာ စီးပွားရေးလောကထဲ တစ်ကျော့ပြန် ခြေစုံပစ်ဝင်ပြန်တယ်။ နောက်တစ်ကြိမ် လုပ်ငန်းရှုံးပြီး စီးပွားပျက်ပြန်ရော။ ၁၈၄၁ ခုနှစ်မှာ အာရုံကြောဝေဒနာခံစားလိုက်ရတယ်။ နာလန်ပြန်ထလာတာနဲ့ နိုင်ငံရေးကြိုးဝိုင်းထဲ ခုန်ဝင်လိုက်တယ်။ သူ့ကို သူ့ပါတီရဲ့ ကွန်ကရက်လွှတ်တော်အမတ်လောင်းအဖြစ် အရွေးခံရဖို့ မျှော်လင့်ချက်နဲ့ပေါ့။ အရွေးခံကိုယ်စားလှယ်ထဲမှာ သူ့နာမည်မပါပြန်တဲ့အခါ မျှော်လင့်ချက်ပြိုကွဲသွားရပြန်တယ်။ ၁၈၅၅ ခုနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် အခွင့်အလမ်းသာခဲ့တယ်။ အထက်လွှတ်တော်(ဆီးနိတ်)အမတ် ဖြစ်လာတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတယ်။ ၁၈၅၈ မှာ ကွန်ကရက်လွှတ်တော်အမတ်အဖြစ် ထပ်မံဝင်ရောက်အရွေးခံတယ်။ ထပ်ရှုံးသွားပြန်တယ်။ ရှုံးပြီးယင်း ရှုံးနိမ့်နေခဲ့ရတဲ့ အဲ့ဒီပုဂ္ဂိုလ်ကျော်ကို သိပါသလား ? အေဗရာဟင် လင်ကွန်း (၁၈၀၉-၁၈၆၅) ပါဘဲ။

သူ့တိုင်းပြည်အတွက်စွမ်းဆောင်ချက်တွေကြောင့် သူဟာ “ခေတ်သစ်အမေရိကရဲ့ဗိသုကာ” လို့ အမည်တွင်ခဲ့တယ်။ အေဗရာဟင် လင်ကွန်းဟာ အမေရိကန်နိုင်ငံရေးနဲ့အမျိုးသားရေးရာဇ၀င်မှာ ဒီလောက်ထိ ဂုဏ်သတင်းကြီးကျယ်အောင် ဘယ်လိုဖြတ်သန်းခဲ့ရပါသလဲ ? အဲ့ဒီလောက် အဆင့်မြင့်မြင့်ထွန်းပေါက်ဖို့ ဘယ်အရာက တွန်းအားပေးခဲ့ပါသလဲ ?
သူ့အောင်မြင်မှုနောက်ကွယ်က လျှို့ဝှက်ချက်ကို ဒေါက်တာ နော်မန် ဗင်းဆင့် ပီးလ် (Dr.Norman Vincent Peel) က
“ သူဟာ အရှုံးကို ကျေကျေနပ်နပ်လက်ခံတတ်ရမယ်လို့ သိနေခဲ့တာကြောင့်ဖြစ်တယ် ” လို့ ပြောပြခဲ့တယ်။

ဘ၀ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်က အရှိတရားကို အမှန်အတိုင်းကြည့်မြင်တတ်ဖို့ပါဘဲ။ အရှိတရားထဲမှာ “ရှုံးနိမ့်မှုကို လက်ခံတတ်ခြင်း”က အဆင့်အမြင့်ဆုံးဖြစ်တယ်။ ဒီအချက်ကို ခံယူတတ်ပါမှ မိမိဟာ သူများရဲ့နောက်မှာ ကျန်ရစ်ခဲ့ပြီ ဆိုတာကို နားလည်နိုင်မယ်။ တစ်နည်းဆိုရယင် ကိုယ်ရောက်နေတဲ့ နေရာမှန်ကို သိသွားမယ်။ အရှုံးကိုလက်ခံပြီ ဆိုတာနဲ့ မိမိရဲ့အနေအထားကို သိရှိသွားပါပြီ။ ဒါကြောင့် မိမိဘ၀ခရီးလမ်းကို အမှန်ပဲ သွေးသစ်လောင်းပြန်စတင်ဖို့ ထပ်ဆင့် သိမြင်နားလည်သွားတော့တာပါဘဲ။ နေရာတစ်ခုကို မရောက်ရှိသေးဘဲ အဲ့ဒီနေရာကနေ စတင်လျှောက်လှမ်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား ?


 ၀ိဥာဏ အင်အားဖြည့် စာစုများ (၉)

သြကာသလောက၏ သြ၀ါဒအဆုံးအမ
*****************************
ကျွန်းသစ်သည် အဆောက်အဦနှင့်ပရိဘောဂများအတွက် အသုံးပြုကြသည့် သစ်မာအမျိုးအစားတစ်ခုဖြစ်သည်။ ၄င်းသည် အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား နှင့် သီရိလင်္ကာနိုင်ငံများတွင် ပေါက်ရောက်သော်လည်း မြန်မာနိုင်ငံမှ အဓိက ထုတ်လုပ်သည်။ ကျွန်းသစ်ကို အိန္ဒိယ၌ အသုံးပြုနေသည်မှာ နှစ်ပေါင်းနှစ်ထောင်ပင် ကျော်လွန်နေပြီဖြစ်သည်။

ကျွန်းသစ်၏ပြိုင်စံရှားအရည်အသွေးမှာ ထူးထူးခြားခြား တာရှည်ခံနိုင်ခြင်း ဖြစ်သည်။ ရှေးခေတ်ကာလများတွင် ဤသစ်မျိုးကို လှေသင်္ဘောနှင့်တံတားတည်ဆောက်ခြင်း၌ အသုံးပြုခဲ့ကြသည်။ အဆောက်အဦများတွင်တွေ့ရသော ကျွန်းသစ်ယက်မများမှာ နှစ်တစ်ထောင်သက်တမ်းရင့်လာသည့်တိုင် အကောင်းအဆုံးအနေအထားအဖြစ် တွေ့ရဆဲ ဖြစ်၏။

ကျွန်းသစ်၏တာရှည်ခံမှုအကြောင်းရင်းက ခြမစားနိုင်ခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရပေမည်။ သစ်သားဟူသည် ခြကောင်များအတွက် အစာအာဟာရ ဖြစ်သည်။ ခြကောင်များ တပ်ချီလာပါက သစ်သားသည် အစိပ်စိပ်အမြွာမြွာ ဖြစ်ရစမြဲပင်။ သို့သော် ၄င်းတို့သည် ယေဘူယျအားဖြင့် သစ်သား၏မဟာရန်သူတော်ဖြစ်သော်လည်း ကျွန်းသစ်ကိုမူ အန္တရာယ်ပေးနိုင်စွမ်းမရှိကြချေ။

ကျွန်းသစ်ကို ခြကောင်များ၏အန္တရာယ်မှ ကင်းဝေးလုံခြုံစိတ်ချစေသည့်အရာကား မည်သည်ပါနည်း ? အဖြေမှာ ရိုးစင်းလွန်းချေ၏။ ကျွန်းသစ်သည် ခါးသက်သော အရသာရှိ၏၊ ခြကောင်များက အခါးဓာတ်ကို မနှစ်သက်ကြပါလေ။

ဤသဘာဝနည်းလမ်း၏ဥပမာအားဖြင့် ဘ၀ရပ်တည်ရေးနည်းလမ်းတစ်ခုကို ကျွန်ုပ်တို့ ရရှိနိုင်ပေသည်။ ခြကောင်တို့၏ ဖျက်ဆီးခြင်းမှ ထိန်းသိမ်းကာကွယ်ရန် သဘာဝတရားသည် တောင်းဆိုချက်မပြု၊ ကန့်ကွက်ချက်လည်း မပေးခဲ့။ အင်းဆက်ပိုးမွှားတို့ဖယ်ခွာသွားစေမည့် အရည်အသွေးတစ်ရပ်ကိုသာ ကျွန်းသစ်အတွင်း၌ ကိန်းအောင်းစေခဲ့ခြင်းသာ။

သစ်သားထံ ခြကောင်ဟူသော ရန်သူတော်ရှိနေသေးလျှင် ကမ္ဘာ့လူသားတို့ထံ၌လည်း လူ့ရန်သူများ ရှိကြမည်မှာ ဓမ္မတာပင်။ လူသားသည် ထိုရန်သူများ၏ဘေးမှကင်းဝေးအောင် ဘာကို ပြုလုပ်ရမည်နည်း ? သဘာဝတရား၏ သင်ရိုးစာအုပ်မှ စာမျက်နှာတစ်ရွက်ကို လှန်လျောကြည့်လိုက်ပါလေ။ ဤသို့တွေ့ရလေအံ့။
မိမိထံမှ ရန်သူများ ဖယ်ခွာသွားစေမည့် ....
မိမိအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ပြုလုပ်နိုင်စွမ်း မရှိစေမည့် ...
အရည်အသွေးမျိုးကို မိမိကိုယ်တွင်းမှ ထွက်ပေါ်လာအောင် အားထုတ်ပြင်ဆင်ထားပါလော့ !


 July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.