Pages

Pages - Menu

ဝိဥာဏ အင်အားဖြည့် စာစုများ (၂)

ဝိဥာဏ အင်အားဖြည့် စာစုများ (၂)

မျှော်လည်းမျှော်ပါ လုပ်လည်းလုပ်ပါ
***************************
ဖန်ဆင်းရှင်သည် အဖန်ဆင်းခံဝေနေယျအပေါင်းကို ပေးကမ်းကျွေးမွေးတော်မူလျက်ရှိသည်ဟူသော အချက်အား ယုံကြည်ရန် ခါးခါးသည်းသည်း ငြင်းဆန်သူတစ်ဦးရှိ၏။ သူ့မိတ်ဆွေများက သူ့အား နားလည်လာအောင် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း အကြောင်းမထူးခဲ့ချေ။ နောက်ဆုံးသော ထိုသူက မိတ်ဆွေများ နှုတ်ပိတ်သွားအောင် ဤကိစ္စကို လက်တွေ့စမ်းသပ်ပြမည်ဟု ဆုံးဖြတ်လိုက်၏။ သူသည် နံနက်စောစောတွင် အိမ်မှထွက်၍ တောသို့ဝင်၏။ သစ်ပင်တစ်ပင်ပေါ်တက်နားစဉ် ဤသို့ စဉ်းစားလိုက်၏ “ ဖန်ဆင်းရှင်က သူ့ကျွန်စေတွေကို ပေးကမ်းကျွေးမွေးရိုးမှန်ယင် ငါ့အတွက်ရိက္ခာကို ငါ့ဆီအရောက် ပို့ပေးလိမ့်မယ် ”။

အောက်ပြန်မဆင်းတော့ဘဲ သစ်ပင်ပေါ်တစ်နေကုန်ထိုင်စောင့်နေသည့်တိုင် မည်သည့်အစာရေစာကိုမျှ မတွေ့ရချေ။ နံနက်၊ နေ့လည်၊ ညဥ့်စာ အားလုံးလွတ်ကုန်သောကြောင့် ယင်းအဆိုမှာ အဓိပ္ပာယ်မဲ့လှသည်ဟု မှတ်ယူလိုက်လေ၏။ သို့နှင့် အောက်သို့ဆင်း၍ အိမ်ပြန်ကာနီးဆဲဆဲတွင် ညအိပ်နားမည့် ခရီးသည်တစ်စုသည် သူရှိရာ သစ်ပင်အောက်သို့ ရောက်လာကြ၏။ ထိုအခါ သူသည် မိမိရှိနေကြောင်းအသိမခံဘဲ ဘာဆက်ဖြစ်မည်ကိုစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ ခရီးသွားအာဂန္တုတို့သည် ယင်းသစ်ပင်အောက်တွင် တဲထိုးလိုက်ကြပြီး ထင်းကောက်၍ ထမင်းဟင်းချက်ပြုတ်ကြ၏။ စားသောက်ရန်အသင့်ဖြစ်သောအခါ ငရုတ်သီးကြော်စီမံရန် ဆီပူထဲ ငရုတ်သီးလက်တစ်ဆုပ်စာ ထည့်လိုက်သည်တွင် အနံ့မွှန်တက်လာသောကြောင့် သစ်ပင်ပေါ်မှလူသည် နှာချေမိပါတော့သည်။ ထိုရောအခါမှ သစ်ပင်ထက်၌ လူရှိနေကြောင်း ခရီးသွားတို့သိရှိသွားကြပြီး ၄င်းတို့နှင့် အတူတစ်ကွ စားသောက်ရန် ဖိတ်ခေါ်လိုက်လေသည်။



သူသည် ပျော်ရွှင်ကြေနပ်စွာ အိမ်ပြန်လာခဲ့သည်။ နောက်တစ်နေ့နံနက်တွင် သူ့မိတ်ဆွေများကို သူမှ ပြောလိုက်သည်မှာ “ မင်းတို့ပြောတာ အတော့်ကို မှန်တာဘဲကွ။ ဒါပေမယ့် မင်းတို့က ငါ့ကို ဇာတ်လမ်းဆုံးအောင် မပြောပြခဲ့ကြဘူး၊ ဖန်ဆင်းရှင်က စားနပ်ရိက္ခာပေးတာကတော့ မှန်တာပေါ့။ ဒါပေမယ့် နှာလည်းချေရဦးမယ်၊ သစ်ပင်အောက်ကိုလည်း ဆင်းလာရဦးမယ်ဆိုတာကို မင်းတို့ ချန်ထားခဲ့ကြတယ် ” ဟူသတတ်။

ဤပုံတိုပတ်စလေးမှာ ရယ်ရွှန်းပတ်ရွှန်းမျှသာဖြစ်သော်လည်း အဓိပ္ပာယ်ရှိလှ၏။ မိမိကိုယ်ကိုကူညီသူအား ဖန်ဆင်းရှင်မှ ကူညီသည် ဟူသော ပဓာနအချက်အပေါ် ပုံဆောင်ပြထားခြင်းဖြစ်၏။ လူသား၏(လုပ်ဆောင်ချက်)အခန်းကဏ္ဍမှာ အသေးအဖွဲပင်ဖြစ်လင့်ကစား မရှိမဖြစ် လိုအပ်လှပေသည်။ လူသားအဖို့ ဖန်ဆင်းရှင်၏ ပေးကမ်းမှုဝေစု၌ မိမိကိုယ်ကို ထိုက်တန်အောင်လည်း ပြုရပါလိမ့်မည်။ ဤအချက်အား ဘယ်သောအခါမျှ ကျွန်ုပ်တို့ မမေ့လျော့အပ်ပါလေ။

( M.W.Khan ၏ Doing One's Bit ကို ပြန်ဆိုရေးသားခြင်းဖြစ်သည် )
 July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.