Pages

Pages - Menu

အစ္စလာမ့်အလင်းစကားများ ( ၃ )

အစ္စလာမ့်အလင်းစကားများ ( ၃ )
***********************
“ အစၥလာမ္ဘာသာ/မူစလင္ဘာသာ၊ အစၥလာမ္လူမ်ဳိး/မူစလင္လူမ်ဳိး၊
မဟာမေဒင် စသဖြင့် အမျိုးမျိုးဖြစ်နေတာ နားမလည်လို့ပါ ” တဲ့။

ဒီကိစ္စက ကျွန်တော်တို့ဆီက အစ္စလာမ့်အတွင်းအပြင်နှစ်ဖက်လုံးမှာလည်း
ရောထွေးနေတဲ့ကိစ္စဖြစ်ပါတယ်။ ရောထွေးတယ်ဆိုတဲ့နေရာမှာ
စကားလုံး/အသုံးအနှုန်း/အခေါ်အဝေါ်ရောထွေးနေမှု နဲ့ လူမျိုး နဲ့ ဘာသာ မကွဲပြားမှု လို့ဆိုရပါလိမ့်မယ်။

အစ္စလာမ် ဆိုတာကို စပြောပါမယ်။ “ အစ္စလာမ် ” ဆိုတာ ဘာသာတရားရဲ့အမည်နာမ ဖြစ်ပါတယ်။ အရဗီဘာသာစကား စလာမ် (စ,လ,မ)ကနေ ဆင်းသက်လာပါတယ်။ စလာမ်ဆိုတာ ငြိမ်းချမ်းခြင်း၊ ငြိမ်းချမ်းရေး လို့အဓိပ္ပာယ် ရပါတယ်။ အစ္စလာမ် ဆိုတာ ငြိမ်းချမ်းရေးဘ၀လမ်းစဉ် လို့အနက်ဖွင့်နိုင်သလို အမိန့်နာခံခြင်းလို့လဲ အနက်ယူလို့ရပါတယ်။ ဖန်ဆင်းရှင်ရဲ့အမိန့်ကို နာခံလိုက်နာခြင်း ဆိုတဲ့သဘောတရားပါ။ အနန္တကရုဏာတော်ရှင် ဖန်ဆင်းရှင်ဟာ မိမိဖန်ဆင်းထားတဲ့ ဝေနေယျအပေါင်းရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အရေးအရာအပေါင်းကို သတ်မှတ်သိရှိတော်မူပြီးဖြစ်တဲ့အတွက် အဖန်ဆင်းခံတွေအပေါ် ချမှတ်တော်မူတဲ့လမ်းစဉ်က အမှားအယွင်းမရှိဘူး၊ ပူလောင်မှုကနေ ကင်းစင်ပါတယ်။ အရှင်ချမှတ်တဲ့ အမိန့်/လမ်းစဉ်ကို နာခံခြင်းဖြင့် ငြိမ်းချမ်းမှု/ငြိမ်းချမ်းရေးကို မလွဲမသွေရရှိမှာဖြစ်တာကြောင့် အစ္စလာမ် လို့အမည်ပညတ်ထားခြင်းဖြစ်ပါတယ်။ အများသုံးစကားအရ ဘာသာတရားလို့ ပြောကြပေမယ့် စင်စစ်မှာ အစ္စလာမ်က သာသနာ(ဘ၀တည်ဆောက်မှုလမ်းစဉ်)တစ်ရပ်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သာသနာကို “ အစ္စလာမ် ” လို့သာခေါ်ဆိုပါတယ်။ ဒီဘာသာတရားရဲ့အမည်ကို မူစလင်/မူဆလင်/မွတ်စလင်/မဟာမေဒင် လို့ခေါ်ဆိုတာ မမှန်ကန်ပါဘူး။


စ,လ,မ၊ စလာမ်၊ အစ္စလာမ် ကနေ ထပ်မံဆင့်ပွားဆင်းသက်လာတဲ့
ဝေါဟာရတစ်ခု “ မွတ်စ်လင်မ် ” ဖြစ်ပါတယ်။
အဓိပ္ပာယ်ကတော့ အမိန့်နာခံသူ (တစ်နည်း) ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်လျှောက်လှမ်းသူ/ဖော်ဆောင်သူ လို့ ဖွင့်ဆိုရမှာပါ။ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ဆည်းကပ်ကိုးကွယ်ပြီး အစ္စလာမ်သာသနာကို သက်ဝင်လက်ခံသူကို “ မွတ်စ်လင်မ် ”လို့ခေါ်ဆိုပါတယ်။ အစ္စလာမ်ဘာသာဝင်လို့ လွယ်လွယ်ကူကူ နားလည်နိုင်ပါတယ်။ အစ္စလာမ်သာသနာဟာ နိုင်ငံတစ်ခု၊ လူမျိုးတစ်စု၊ ယဉ်ကျေးမှုတစ်ခုတည်းအတွက် မဟုတ်တဲ့အတွက် ဘယ်နိုင်ငံသားဖြစ်ဖြစ်၊ ဘာလူမျိုးဖြစ်ဖြစ်၊ မည်သည့်ယဉ်ကျေးမှုကျင့်သုံးသူဖြစ်စေ အယုတ်အလတ်အမြတ်မရွေး ဖြူဖြူမည်းမည်း အစ္စလာမ်သာသနာကို
သက်ဝင်ယုံကြည်သူမှန်သမျှ - အစ္စလာမ်ဘာသာဝင်မှန်သမျှ မွတ်စ်လင်မ် ဆိုတဲ့ စကားတစ်လုံးတည်းကိုသာ သုံးနှုန်းပါတယ်။ အနီးစပ်ဆုံးနှိုင်းယှဉ်ပြရယင် ယေရှုသခင်(ငြိမ်းချမ်းမှုခညောင်းပါစေသား)ဟောကြားတော်မူတဲ့ ခရစ်တော်တရားကို လက်ခံသက်ဝင်သူမှန်သမျှ ဘယ်လူမျိုး၊ ဘယ်နိုင်ငံသားကိုမဆို “ခရစ်ယာန်”လို့ ခြုံငုံသုံးနှုန်းတဲ့ သဘောမျိုးပါဘဲ။ ဒီနေရာမှာ နောက်ထပ်တူညီတဲ့ ပုံဟန်တစ်ခုရှိတယ်။ အဲ့ဒါကတော့ လူမျိုးအလိုက်ခွဲခြားခေါ်ဆိုတာပါ။ ဥပမာ - ကချင် ခရစ်ယာန်၊ ကရင်ခရစ်ယာန်၊ ရှမ်းခရစ်ယာန်၊ တရုတ်ခရစ်ယာန်၊ အိန္ဒိယခရစ်ယာန်၊ အင်္ဂလိပ်ခရစ်ယာန် စသဖြင့်ပေါ့။ အစ္စလာမ့်လောကထဲမှာလည်း ထိုနည်းလည်းကောင်း အိန္ဒိယမွတ်စ်လင်မ်၊ တရုတ်မွတ်စ်လင်မ်၊ ဗမာမွတ်စ်လင်မ်၊ အင်္ဂလိပ်မွတ်စ်လင်မ်၊ အာရဗ်မွတ်စ်လင်မ်၊ ပြင်သစ်မွတ်စ်လင်မ် စသဖြင့် ခွဲခြားပြီး ခေါ်ဆိုလေ့ရှိကြပါတယ်။ မွတ်စ်လင်မ် လူမျိုးဆိုတာ သီးသန့်မရှိသလို အစ္စလာမ်လူမျိုးဆိုတာလည်း မရှိပါဘူး။ အစ္စလာမ်ဘာသာဝင်ဖြစ်လာယင် မွတ်စ်လင်မ် ဖြစ်သွားပြီလို့သာ ပြောလို့ရတာပါ။ မွတ်စ်လင်မ်လူမျိုးဖြစ်သွားပြီလို့ ပြောလို့မရပါဘူး။ (လက်ရှိ) အစ္စလာမ်သာသနာ ပေါ်ထွန်းလာရာဒေသက ဆော်ဒီအာရေဗျ(အသံထွက်အမှန် စအူဒီအရဗီးယဟ်) ၊ ဒီလမ်းစဉ်ကို လက်တွေ့ကျင့်သုံးချပြ လမ်းညွှန်သူက အာရဗ်လူမျိုး မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား) ဖြစ်တာမှန်ပေမယ့် အာရဗ်လူမျိုးတိုင်းက မွတ်စ်လင်မ် မဟုတ်သလို၊ မွတ်စ်လင်မ်တိုင်းကလည်း အာရဗ်လူမျိုး မဟုတ်ပါဘူး။ ခရစ်ယာန်ဘာသာဝင်ဖြစ်တာနဲ့ အင်္ဂလိပ်လူမျိုး သို့မဟုတ် ဥရောပသား ဖြစ်မသွားပါဘူး။ ဒီသဘောတရားမှာ တူညီကြပါတယ်။

လူအများစုနားလည်မှုလွဲမှားနေတဲ့အချက်တစ်ချက် ကြားညှပ်ပြောပါရစေ။ အစ္စလာမ် ဆိုတာ တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)က တီထွင်ချပြခဲ့တဲ့ သာသနာမဟုတ်ပါဘူး။ သာသနာအသစ်တစ်ရပ်လည်း မဟုတ်ပါဘူး။ အစ္စလာမ် နဲ့ မွတ်စ်လင်မ် ဆိုတဲ့ ဝေါဟာရကို ပထမဆုံး စတင်အသုံးပြုခဲ့သူဟာ တမန်တော် အစ်ဗ်ရာဟီမ် Abraham (ငြိမ်းချမ်းမှုခညောင်းစေသား) ဖြစ်ပါတယ်။ ဒီတမန်တော်ကို ဂျူး(ရေ၀တီ)၊ ခရစ်ယာန် နဲ့ အစ္စလာမ် ဘာသာတရားကြီးသုံးရပ်စလုံးက တူညီစွာယုံကြည်ကြပါတယ်။ နှစ်ပရိစ္ဆေဒများစွာကြာပြီး ဒီအသုံးအနှုန်း တိမ်ကောသွားခဲ့ပါတယ်။ ဒီတမန်တော်ကြီးရဲ့ အသုံးအနှုန်းနဲ့လမ်းစဉ်ကို တမန်တော် မုဟမ္မဒ်က နောက်ထပ်ကျ ရောက်လာသော ဗျာဒိတ်တော်နဲ့တစ်ကွ ပြန်လည်ဖော်ဆောင်ချပြခဲ့ခြင်းသာလျှင် ဖြစ်ပါတယ်။ ခေတ်ကာလအသီးသီးမှာ ပွင့်တော်မူခဲ့တဲ့ (လူသားဘုရား)တမန်တော်အသီးသီးမှာ သက်ဆိုင်ရာနောက်လိုက်ကိုယ်စီ ရှိခဲ့ကြပါတယ်။ နည်းတာနဲ့ များတာ - ဒါဘဲကွာခြားကြပါတယ်။ မွတ်စ်လင်မ်တိုင်းက မုဟမ္မဒ်ရဲ့နောက်လိုက်သားတွေ ဖြစ်ကြပါတယ်။ အနောက်တိုင်းသားအချို့က မွတ်စ်လင်မ်လို့မခေါ်ဘဲ မဟာမေဒင်လို့ မိမိတို့ဖာသာ ကင်ပွန်းတပ်ခဲ့ကြတယ်။ အဲ့ဒီကနေ မဟာမေဒင် ဆိုတာ မုဟမ္မဒ်ကို ကိုးကွယ်သူများဆိုပြီး တလွဲအဓိပ္ပာယ်ကောက်မိတာမျိုးလည်း ရှိခဲ့ဖူးပါတယ်။ တကယ်တမ်းကျတော့ မွတ်စ်လင်မ်တွေက တမန်တော်မုဟမ္မဒ်ကို လူသားတွေအနက် အထွဋ်အမြတ်အထားဆုံးဖြစ်ရပေမယ့် ကိုးကွယ်ရာအဆင့်မှာ မထားရှိရပါဘူး။ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ရာအဖြစ် စွဲမြဲခံယူရပါတယ်။ ဒါကြောင့် မဟာမေဒင် လို့ သုံးနှုန်းခြင်းကလည်း မမှန်ပါဘူး။

တစ်ခါ ဘာသာတရားတိုင်းမှာ သာသနာ့ယဉ်ကျေးမှုရှိကြတယ်။ လူမျိုးတိုင်းမှာလည်း သက်ဆိုင်ရာယဉ်ကျေးမှုတွေ ရှိကြပါတယ်။ သာသနာ့ယဉ်ကျေးမှုနဲ့လူမျိုးယဉ်ကျေးမှု သီးခြားဖြစ်တာမျိုးရှိသလို ယဉ်ကျေးမှုနှစ်မျိုး ရောထွေးပေါင်းစပ်တာမျိုးလည်း ရှိတတ်ပါတယ်။ အမြင်သာဆုံးဥပမာလေးတစ်ရပ်ပြရယင် တရုတ်၊ အိန္ဒိယ၊ ဗမာ မွတ်စ်လင်မ်သုံးဦးရှိမယ်။ ဒီသုံးဦးစလုံးက ၀တ်ပြုခြင်းအပါအ၀င်
သာသနာ့တာဝန်များအပေါ် လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ ကျင့်ဝတ်တွေမှာ တစ်ထပ်တည်းတူချင်တူကြပါလိမ့်မယ်။ အဲ့ဒါ သာသနာ့ယဉ်ကျေးမှု ဖြစ်ပါတယ်။ အဲ့ - စားသောက်တဲ့ နေရာမှာကျတော့ တရုတ်မွတ်စ်လင်မ်က တူ၊ ပန်းကန်လုံးသုံးပြီး ခေါက်ဆွဲ၊ ပေါက်စီကို စားပါလိမ့်မယ်။ အိန္ဒိယမွတ်စ်လင်မ်တွေကလည်း ချာပါတီ၊ ထပ်တရာ၊ တိုရှည်စတာတွေကို လက်နဲ့အားပါးတရ ဖဲ့စားပါလိမ့်မယ်။ ဗမာမွတ်စ်လင်မ်ဖြစ်သူကလည်း ငါးပိရည်၊ တို့စရာအစုံနဲ့ မြိန်ရည်ယှက်ရည် စားပါလိမ့်မယ်။ ထို့နည်းတူ ၀တ်စားဆင်ယင်မှုပုံစံမှာလည်း သိသိသာသာကွဲပြားနေပါလိမ့်မယ်။ ဒါဟာ လူမျိုးယဉ်ကျေးမှုပါ။ လူမျိုးနဲ့ဘာသာ မကွဲပြားမှု၊ သာသနာ့ယဉ်ကျေးမှုနဲ့လူမျိုးဒေသဆိုင်ရာယဉ်ကျေးမှု မကွဲပြားခြင်း ... ဒီပြဿနာကတော့ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ နည်းများမဟူ တွေ့ကြရပါလိမ့်မယ်။ အသိဥာဏ်မြင့်မားသူများက သဟဇာတဖြစ်အောင် နေထိုင်ကျင့်သုံးတတ်ပေမယ့် အသိဥာဏ်နည်းပါးသူများက တစ်သမတ်တည်းယူနီဖောင်းဆိုတဲ့ အမြင်မျိုး ၀င်လာတတ်ကြပါတယ်။

ဒီဘာသာဝင်ဆို ဒီလူမျိုး၊ ဒီယဉ်ကျေးမှုဘဲ ဖြစ်ရမယ် - ဒီယဉ်ကျေးမှုကိုလက်ခံယင် ဒီဘာသာကိုဘဲ ကိုးကွယ်သူဖြစ်ကိုဖြစ်ရမယ် စသဖြင့် အစွန်းရောက်ကုန်တာပေါ့ဗျာ။ ပင်ကိုအရ ကွဲပြားနေမှုအပေါ် ခွဲခြားတာမျိုးလည်း ရှိကြပါတယ်။ အဲ့ဒီမှာ ငါနဲ့မတူ ငါ့ရန်သူ အတွေးအခေါ်တွေဝင်ပြီး မလိုလားအပ်တဲ့ ပဋိပက္ခတွေ အရင်းတည်လာကြတော့တာပါဘဲလို့ သုံးသပ်မိပါတယ်။

အသင်တို့လူသားများအားလုံးကို မိခင်တစ်ဦး၊ ဖခင်တစ်ဦး (အာဒံနဲ့ဧ၀ကိုဆိုလိုတာပါ)ကနေ ပေါက်ဖွားလာစေပြီး လူမျိုးအသီးသီး၊ ယဉ်ကျေးမှုအသွယ်သွယ်နဲ့ ဖြစ်ပေါ်လာစေတာက အသင်တို့ တစ်ဦးကိုတစ်ဦး မှတ်မိသိရှိစေဖို့သာ ဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်ထံတော်မှာ အမြင့်မြတ်ဆုံးသူကတော့ ကိုယ်ကျင့်တရားအရာမှာ အကောင်းမွန်ဆုံးသူသာလျှင်ဖြစ်တယ် ဆိုတဲ့ အကြောင်းကို ကုရ်အာန် ကျမ်းတော်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)ကလည်း - အလ္လာဟ့်ထံတော်ပါးမှာ လူသားအားလုံးက တန်းတူသာဖြစ်တယ်။ လူဖြူက လူမည်းထက်မသာ၊ လူမည်းကလည်း လူဖြူထက်မသာ။ လူနီက လူဝါထက်မမြတ်၊ လူဝါလည်း လူနီထက်မမြင့်မြတ်။ အဆင့်အတန်းမြင့်မားမှုကို သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့သာ တိုင်းတာမှာဖြစ်တယ် ဆိုတဲ့(အလားတူအဓိပ္ပာယ်ထွက်) စကားရပ်များနဲ့ ဆုံးမသွန်သင်ခဲ့ပါတယ်။

နိဂုံးချုပ်ရယင်တော့ ပညတ်ချည်းသက်သက် ပရမတ်ချည်းသက်သက် မရပ်တည်နိုင်သလို၊ ပညတ် နဲ့ ပရမတ်ကိုလည်း ကွဲပြားဖို့ လိုအပ်ကြောင်းပါ။







No comments:

Post a Comment

Note: only a member of this blog may post a comment.