Pages

Pages - Menu

နှုတ်လျှာနှင့်စပ်လျဉ်းသော သြ၀ါဒတော် ၄၀

နှုတ်လျှာနှင့်စပ်လျဉ်းသော သြ၀ါဒတော် ၄၀
=====================

၁။ အို - နှုတ်လျှာဖြင့်သာ အစ္စလာမ်ကိုသက်ဝင်လက်ခံပြီး နှလုံးသားထဲတွင် အီမာန် မရှိသေးသောသူတို့၊ မုစ်လင်မ်တို့၏အတင်းအဖျင်းကို မပြောကြနှင့်။ ၄င်းတို့၏ချွတ်ယွင်းချက်အနာအဆာတို့ကို မရှာဖွေ မဖော်ထုတ်ကြလင့်။ အဘယ်ကြောင့်ဆိုသော် အကြင်သူသည် မုစ်လင်မ်၏အပြစ်အနာအဆာတို့ကို ရှာဖွေဖော်ထုတ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်က ၄င်းသူ၏ချွတ်ယွင်းချက် အနာအဆာနှင့်အပြစ်များကို ဖော်ထုတ်တော်မူလိမ့်မည်။ အရှင်မြတ်က ၄င်းသူ၏ချွတ်ယွင်းချက်အနာအဆာနှင့်အပြစ်များကို ရှာဖွေ ဖော်ထုတ်ပြီဆိုလျှင်
၎င်းသူမှာ မိမိအိမ်ထဲထိုင်နေလျက်ကပင် အရှက်တကွဲအကျိုးနည်းဖြစ်ပေအံ့။
ဆင့်ပြန်သူ - အဗူဗရ်ဇဟ် အတ်စ်လမီ (ရဿွိ)
( အဗူ ဒါဝူးဒ် ကျမ်း )

၂။ မုစ်လင်မ်များကို ဆဲရေးတိုင်းထွာခြင်းသည် သာသနာမဲ့အလုပ်ဖြစ်သည်။ မုစ်လင်မ်တို့အား သတ်ဖြတ်ခြင်းသည် ကုဖ်ရ် အလုပ်ဖြစ်သည်။
ဆင့်ပြန်သူ - အဗ်ဒုလ္လာဟ် (ရဿွိ)
( ဗုခါရီ ကျမ်း )

၃။ ကွယ်လွန်သူများကို မကောင်းမပြောလေနှင့်။ ယင်းသို့ဖြင့် အသင်တို့သည် ရှင်နေသူများကို ဒုက္ခပေးခြင်း ဖြစ်သည်။
ဆင့်ပြန်သူ - မုဃီရဟ် ဗင်န် ယှုအ်ဗဟ် (ရဿွိ)
( သိရ်မိဇီ ကျမ်း )

၎။ အကြင်လူသားတစ်ယောက်အပေါ် မိမိဖက်မှ (အခြားမုစ်လင်မ်တစ်ဦးအား)
၎င်းသူ၏ဂုဏ် သိက္ခာနှင့်ပတ်သက်ပြီးဖြစ်စေ၊ သို့မဟုတ် အခြား
ဝတ္ထုပစ္စည်းတစ်စုံတစ်ရာနှင့်ပတ်သက်ပြီးဖြစ်စေ တာဝန်ရှိနေခဲ့လျှင် ယနေ့ပင် (၄င်းနေ့မရောက်မီအလျင်) ခွင့်လွှတ်ကြေအေးမှုကို တောင်းခံကြကုန်။ ၄င်းနေ့ (ကိယာမသ်)ရောက်လာပါက ဒီနာရ်၊ ဒရ်ဟမ် ငွေကြေးတို့ အသုံးဝင်မည်မဟုတ်။ ၄င်းနေ့တွင် အပေးအယူစာရင်းအားလုံးကို ကောင်းမှုကုသိုလ် နှင့် မကောင်းမှုများဖြင့်သာ စာရင်းရှင်း ကြလိမ့်မည်ဖြစ်အံ့။ မတရားကျူးလွန်စော်ကားမှုပြုလုပ်ခဲ့သူထံတွင် ကောင်းမှုကုသိုလ်များရှိနေပါက မတရားပြုခံရသူအား ပေးလျော်လိုက်ရမည်ဖြစ်သည်။ အကယ်ရွေ့ ၄င်းသူထံတွင် ကောင်းမှုကုသိုလ်များ မရှိခဲ့ပါမူ မတရားကျင့်ခံရသူ၏
အကုသိုလ်များအား လက်ခံရယူစေခြင်းဖြင့် အစားပေးလျော်စေအံ့။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ)
( ဗုခါရီ ကျမ်း )

၅။ လူသားတစ်ဦးသည် မိမိ၏ ပါးစောင်နှစ်ခုကြားရှိအရာ နှင့် ပေါင်နှစ်ခုကြားရှိအရာကို ထိန်းသိမ်း စောင့်ရှောက်ပါက ငါ(ရစူလ်)ကိုယ်တော်မြတ်သည် ၄င်းသူနှင့်ပတ်သက်ပြီး ဂျန္နသ်သုခဘုံသို့ ၀င်ရောက်ရန်
တာဝန်ယူတော်မူသည်။
ဆင့်ပြန်သူ - စဟလ် ဗင်န် စအဒ် (ရဿွိ)
( ဗုခါရီ ကျမ်း )

၆။ အကြင်သူသည် လူတို့အားသိမ်းသွင်းရန် စကားပြောနည်းအမျိုးမျိုးကို ဆည်းပူးပါက ကိယာမသ်တရားခွင်နေ့တွင် အလ္လာဟ်အရှင်မြတ်က ထိုသူ၏ ဖရဒွ် ကျင့်စဉ်ကိုလည်းကောင်း၊ နဖိလ် ကျင့်စဉ်ကိုလည်းကောင်း လက်ခံတော်မူမည် မဟုတ်။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ)
( အဗူ ဒါဝူးဒ် ကျမ်း )

၇။ မိမိကြားသိထားသောစကားကို မစူးစမ်းဘဲ တစ်ဆင့်ပြန်လည် ပြောလိုက်ခြင်းကပင် လိမ်လည်သူတစ်ယောက်ဖြစ်ရန် လုံလောက်၏။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ)
( မုစ်လင်မ် ကျမ်း )

၈။ ငါတမန်တော်မြတ်၏အွမ္မသ်ထဲတွင် ငါကိုယ်တော်၏ ခေတ်သမယရှိသူမွန်များ (အဆ်ွဟဗ် တော်များ)သည် အကောင်းဆုံးဖြစ်သည်။ ထို့နောက် သာဗိအီများ၊ ထို့နောက် သဗအ် သာဗိအီများ သည် အကောင်းဆုံးသူမွန်များဖြစ်ကြပြီး ထိုခေတ်ကာလသုံးခုနောက်ပိုင်းတွင် မုသားများ ပျံ့နှံ့သွား မည်။ ၄င်းနောက် မည်မျှ ကြောက်စိတ်ကင်းပြီး အသိမဲ့လာကြမည်ဆိုသော် သက်သေမတောင်းခံဘဲ မုသားသက်သေထွက်ဆိုကာ မကျိန်ဆိုခိုင်းဘဲ လိမ်လည်ကျိန်ဆိုကြမည်။
ဆင့်ပြန်သူ - အုမရ် (ရဿွိ)
( သိရ်မိဇီ် ကျမ်း )

၉။ ဗန္ဒဟ် ကျေးကျွန်တစ်ဦးက မုသားပြောဆိုသောအခါ ၄င်းမုသားစကား၏အနံ့ဆိုးကြောင့် ကောင်းကင်တမန်များသည် တစ်မိုင်အကွာအဝေးအထိ ထွက်သွားလိုက်ကြသည်။
ဆင့်ပြန်သူ - အဗ်ဒုလ္လာဟ် ဗင်န် အုမရ် (ရဿွိ)
( မိရှ်ကာ့သ် ကျမ်း )

၁၀။ တစ်ဦးတစ်ယောက်တွင် လေးခုသောအကျင့်စွဲမြဲနေပါက ထိုသူသည် မုနာဖစ်က်အစစ်ဖြစ်ပြီး၊ ထိုအကျင့်လေးခုအနက် တစ်ခုခုရှိပါက ၄င်းစရိုက်ကို မစွန့်လွှတ်သမျှကာလပတ်လုံး ထိုသူ့တွင် မုနာဖစ်က်၏ လက္ခဏာ ရှိမြဲရှိနေအံ့။
၎င်းအကျင့်လေးမျိုးမှာ -
+ မိမိထံ ယုံကြည်စွာ (ပစ္စည်း/စကား/တာဝန်)တစ်စုံတစ်ရာအပ်နှံတိုင်း အလွဲသုံးစားလုပ်မည်။
+ စကားပြောသောအခါတိုင်း မုသားသုံးမည်။
+ ကတိပေးသည့်အခါတိုင်း ကတိမတည်ဘဲ လှည့်စားမည်။
+ ခိုက်ရန်ဖြစ်ပွားသည့်အခါတိုင်း ဆဲရေးတိုင်းထွာမည်။
ဆင့်ပြန်သူ - အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် (ရဿွိ)
( ဗုခါရီ၊ မုစ်လင်မ် ကျမ်း )
( ဆွလာသ်ဝတ်ပြုသူ၊ ရိုဇဟ်စောင့်ထိန်းသူ၊ မိမိကိုယ်ကို မုစ်လင်မ်ဟု ထင်မြင်ယူနေသူပင်ဖြစ်လင့် ကစား အထက်ပါလက္ခဏာများရှိနေသူသည် မုနာဖစ်က်သာဖြစ်၏။ သာသနာ့ပညာရှင်အားလုံး၏ ညီညွတ်သောအဆိုဖြစ်သည် )

၁၁။ လိမ်လည်ကျိန်ဆိုခြင်းသည် ကုန်ပစ္စည်းအရောင်းအ၀ယ်ကို သွက်လက်စေသော်လည်း ဗရ်ကသ် မင်္ဂလာကိုမူကား ပပျောက်သွားစေ၏။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ)
( ဗုခါရီ၊ မုစ်လင်မ် ကျမ်း )

၁၂။ အကြင်သူသည် မုအ်မင်န်တစ်ဦးအား မုနာဖစ်က်၏နှောင့်ယှက်မှုမှ ကယ်တင်ခဲ့ပါက (မတရား စွပ်စွဲသူအား ကန့်ကွက်ခုခံပြောဆိုပြီး မတရားစွပ်စွဲခံရသူကို အားပေးကူညီခဲ့ပါက) ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးအားစေလွှတ်ပြီး ကူညီအားပေးတော်မူအံ့။ သူ၏အသားကို ဂျဟန္နမ်မီး (၏လောင်ကျွမ်းခြင်း)မှ ကယ်တင်ခိုင်းပါအံ့။ ၄င်းနောက် အကြင်သူသည် မုစ်လင်မ်တစ်ဦးအား စွပ်စွဲသမုတ်ခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ အား မိမိစွပ်စွဲသမုတ်သည့်စကားကြောင့် ခံရမည့်ပြစ်ဒဏ်များ ကင်းစင်သည်အထိ ဂျဟန္နမ်၏တံတား ပေါ်တွင် ရပ်နေစေတော်မူအံ့။
ဆင့်ပြန်သူ - မုအားဇ် ဗင်န် အနပ်စ် (ရဿွိ)
( မိရှ်ကာ့သုလ် မဆွာဗီးဟ် ကျမ်း )

၁၃။ မုအ်မင်န် (ဒိဌယုံကြည်သူ)ဟူသည် ကဲ့ရဲ့ရှုတ်ချသူ၊ မဖွယ်မရာစကားပြောသူ၊ အရှက်တရား ကင်းမဲ့သူ မဟုတ်ပေ။
ဆင့်ပြန်သူ - အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿွိ)
( သိရ်မီဇီ ကျမ်း )

၁၄။ ကြီးလေးသော ကုနာဟ် (အကုသိုလ်)ကို ကျူးလွန်သူနှင့်ပတ်သက်ပြီး ချီကျူးပြောဆိုပါက အရှင်မြတ်သည် အမျက်ထွက်တော်မူကာ အရ်ရှ် ပလ္လင်တော်လည်း တုန်ခါသွားပေသည်။
ဆင့်ပြန်သူ - အနတ်စ် (ရဿွိ)
( ဗိုင်ဟကီ ကျမ်း )

၁၅။ လူတွေကတော့ ပျက်စီးသွားကြပြီ ဟု ပြောဆိုသူသည် လူတို့အနက် အပျက်စီးဆုံးသူတည်း။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ)
( မုစ်လင်မ် ကျမ်း )
(ဆိုလိုသည်မှာ - ပျက်စီးမှုကို ပြုပြင်ပေးရန် မစဉ်းစားဘဲ ယင်းအတိုင်း လွှတ်ထားခြင်းက လူမိုက်အားပေးလုပ်ရာရောက်မှုကို ရည်ညွှန်းသည် )

၁၆။ ကြီးလေးသောအပြစ်ဒုစရိုက် - ကုနဟ် ကဗီရဟ်များအနက် အကြီးမားဆုံးအပြစ်တစ်ခုမှာ မုစ်လင်မ်တစ်ဦး၏ဂုဏ်သိက္ခာကို မတရားသဖြင့် စော်ကားခြင်းပင် ဖြစ်သည်။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ)
( အဗူ ဒါဝူးဒ် ကျမ်း )

၁၇။ အကြင်သူသည် မိမိညီနောင်မုစ်လင်မ်တစ်ဦး၏ သောင်ဗဟ်ပြုပြီးသောအပြစ်တစ်ခုခုနှင့် စပ်လျဉ်းပြီး အရှက်ခွဲသိက္ခာချခဲ့လျှင်
၎င်းအရှက်ခွဲသူကိုယ်တိုင် ၄င်းဒုစရိုက်ကို မကျူးလွန်သေးဘဲလျက် သေဆုံးနိုင်မည် မဟုတ်။
ဆင့်ပြန်သူ - မုအာ့ဇ် ဗင်န် ဂျဗလ် (ရဿွိ)
( သိရ်မိဇီ ကျမ်း )

၁၈။ အကြင်သူသည် အခြားသူတစ်ဦးအား ကာဖိရ် သို့မဟုတ် အလ္လာဟ့်ရန်သူ ဟု ခေါ်ဝေါ် သမုတ်ခဲ့လျှင် အခေါ်ခံရသူမှာ ထိုသို့မဟုတ်ခဲ့ပါက ၄င်းသူ၏
ခေါ်ဝေါ်သမုတ်မှုသည် ၄င်းသူထံသို့သာ ပြန်လည်ကျရောက်၏။
ဆင့်ပြန်သူ - အဗူ ဇရ် (ရဿွိ)
( မုစ်လင်မ် ကျမ်း )

၁၉။ အကြင်သူသည် မုစ်လင်မ်ကို ဒုက္ခရောက်စေရန် လှည့်စားသော် ထိုသူသည် လအ်နသ် (ကျိန်စာ) သင့်သူ ဖြစ်၏။
ဆင့်ပြန်သူ - အဗူ ဗကရ် (ရဿွိ)
( သိရ်မိဇီ ကျမ်း )

၂၀။ များစွာကျိန်ဆဲတတ်သူသည် ကိယာမသ်နေ့ဝယ် ခွင့်လွှတ်ချမ်းသာသနားခံရသော ဒုစရိုက်သားများထဲတွင် ပါဝင်မည်မဟုတ်။
သို့သာမက နဗီရစူလ်များ၏ သာသနာ့ဖိတ်ခေါ်မှုသက်သေခံများတွင်လည်း
ပါဝင်ခွင့် ရရှိမည်မဟုတ်။
ဆင့်ပြန်သူ - အဗူ ဒရ်ဒါအ် (ရဿွိ)
( မုစ်လင်မ် ကျမ်း )

၂၁။ နောက်ကွယ်အတင်းပြောခြင်းသည် ဇိနာ အပြစ်ကျူးလွန်ခြင်းထက်
သာပိုဆိုးဝါးလှပေသည်ဟု တမန်တော်မြတ်(ဆွ)မှ အမိန့်ရှိလေရာ အဆ်ွဟဗ်တော်များက - ယာ ရစူလုလ္လာဟ်၊ နောက်ကွယ် အတင်းပြောခြင်းသည် အဘယ်ကြောင့်ဆိုးဝါးရပါသနည်း ဟု မေးလျှောက်လေ၏။ ထိုအခါ ကိုယ်တော်မြတ်က - လူသားသည် ဇိနာကျူးလွန်မိခဲ့ပါက သောင်ဗဟ်ပြုလေ့ရှိ၏။ အလ္လာဟ်အရှင် မြတ်က သူ့သောင်ဗဟ်ကို လက်ခံတော်မူ၏။ သို့သော် နောက်ကွယ်အတင်းပြောခြင်းတွင်မူ အပြောခံ ရသူမှ ခွင့်မလွှတ်သရွေ့ အရှင်မြတ်ကလည်း ခွင့်လွှတ်ချမ်းသာမှု ပေးတော်မူခြင်း မရှိချေ။
ဆင့်ပြန်သူ - အဗူ စအဒ် (ရဿွိ)
( ဗိုင်ဟကီ ကျမ်း )

၂၂။ မိမိအား မှန်ကန်သူဟုယူဆထားသော မုစ်လင်မ်ညီနောင်တစ်ဦးအား လီဆည်/မုသားပြောဆို ခြင်းသည် ကြီးမားသည့်အလွဲသုံးစားပြုခြင်း (ခိယာနသ်)ပင် ဖြစ်သည်။
ဆင့်ပြန်သူ - စုဖ်ယာန်း ဗင်န် အစဒ် (ရဿွိ)
( အဗူ ဒါဝူးဒ် ကျမ်း )

၂၃။ အသင်တို့သည် ကိယာမသ်နေ့တွင် အဆိုးဆုံးလူအဖြစ် မျက်နှာနှစ်ခုပိုင်ရှင်ကို တွေ့ရ လိမ့်မည်။ ထိုသူသည် ထိုသူများထံ မျက်နှာပေးတစ်မျိုးဖြင့်လာပြီး တခြားသူများထံ မျက်နှာပေး တစ်မျိုးဖြင့် သွားလေ့ရှိသည်။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ)
( ဗုခါရီ ကျမ်း )
( သူ့လူကိုယ့်ဖက်သား လျှာနှစ်ခွသမား မုနာဖစ်က်တို့ကို ဆိုလိုခြင်း ဖြစ်သည် )

၂၄။ တစ်ခါက တမန်တော်မြတ်(ဆွ)သည် အဆ်ွဟဗ်တော်တို့အား - သူဆင်းရဲအစစ် မည်သူနည်း ဟု မေးမြန်းတော်မူရာ သာဝကတော်များက - ငွေကြေးဥစ္စာအလျင်းမရှိသောသူကို ဆင်းရဲသားအစစ် ဟု ထင်မြင်ပါသည် ဟု လျှောက်တင်ဖြေကြားကြ၏။ ထိုအခါ ကိုယ်တော်မြတ်မှ မိန့်တော်မူသည်မှာ - ဧကန်မုချ ဆင်းရဲမွဲတေသူအစစ်သည်ကား ကိယာမသ်နေ့တွင် ဆွလာသ်၊ ဆွောင်မ်(ရိုဇာ)၊ ဇကာ့သ် (စသည့်) အကျိုးကုသိုလ်များစွာကို ယူဆောင်လာသော်လည်း
လူ့လောကတွင် တစ်ဦးတစ်ယောက် အား ဆဲရေးတိုင်းထွာခြင်း၊ စွပ်စွဲသမုတ် အသရေဖျက်ခြင်း၊ တစ်ဦးတစ်ယောက်၏ဥစ္စာပစ္စည်းအား မတရားသဖြင့် စား/သုံးခဲ့ခြင်း၊ မတရားသဖြင့် သတ်ဖြတ်ခြင်း၊ ရိုက်ပုတ်ခြင်းတို့ကို ပြုလုပ်ခဲ့သူဖြစ်၏။
သို့ရှိရာ မိမိပြုခဲ့သောကောင်းမှုကုသိုလ်များကို ထိုသူတို့အား ပေးချေလိုက်ရပေမည်။ အကယ်ရွေ့ ထိုသူတို့အား ပြည့်ပြည့်၀၀ မပေးဆပ်လိုက်ရသေးဘဲ ၄င်း၏ ကုသိုလ်များကုန်ခမ်းသွားပါက ယင်းမတရားခံရသူတို့၏အကုသိုလ်များမှာ
ထိုသူ့အပေါ်ပေးခြင်းခံရလျက် ငရဲဘုံအတွင်းထည့်သွင်း လိုက်ပေအံ့။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ)
( မုစ်လင်မ် ကျမ်း )

၂၅။ အသင်တို့သည် မိမိတို့၏အသက်များ၊ သားသမီးများ နှင့် ဥစ္စာပစ္စည်း (ပိုင်ဆိုင်မှု)များအပေါ် ကျိန်ဆဲခြင်း မပြုကြနှင့် (မကောင်းမပြောကြနှင့်)။ ၄င်း မကောင်းဆုတောင်း (ဗဒ် ဒုအာအ်)များမှာ အလ္လာဟ်အရှင်မြတ်မှ ကဗူလ်ပြုသောအချိန်နှင့် တိုက်ဆိုင်သွားလျှင် (ခက်ချေမည်)။
ဆင့်ပြန်သူ - ဂျာဗိရ် (ရဿွိ)
( မုစ်လင်မ် ကျမ်း )

၂၆။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းမှတစ်ပါး
များစွာ စကားမဆို ကြကုန်လင့်။ အကြောင်းသော် ယင်းသို့သောစကားများမှအပ များစွာပြောဆိုခြင်းသည် နှလုံးသား မာမြင်းမှု အကြောင်းခံတစ်ရပ်ဖြစ်သည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် အဝေးဆုံးလူသားသည် နှလုံးသား မာကျောသူဖြစ်၏။
ဆင့်ပြန်သူ - အိဗ်နု အုမရ် (ရဿွိ)
( သိရ်မိဇီ ကျမ်း )

၂၇။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှလွဲပြီး အခြား
ခ၀ပ်ကိုးကွယ်ခံထိုက်သူမရှိ၊ ၄င်းပြင် ငါ ရစူလ်ကိုယ်တော်မြတ်သည် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို လက်ခံယုံကြည်ပြီး နောက် -
၎င်းသူ၏နှုတ်လျှာတွင် ယင်းကလိမဟ်တော်ကို များမြောင်စွာရွတ်ဆိုခြင်းဖြင့် ကျင့်သားကြနေသည့်အပြင် အေးချမ်းပျော်ရွှင်မှုကိုလည်းခံစားရပါက ယင်းသို့သောသူအား ဂျဟန္နမ်၏မီးက လောင်ကျွမ်းနိုင်လိမ့်မည် မဟုတ်။
ဆင့်ပြန်သူ - အဗူ ကသာဒဟ် (ရဿွိ)
( ဗိုင်ဟကီ ကျမ်း )

၂၈။ အကြင်သူသည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ပါမူ
ထိုသူသည် ကျမ်းမြတ်၏ အကြောင်းခံဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်မှသာ တောင်းခံသင့်ပေသည်။ မကြာမီကာလတွင် လူစားတစ်မျိုးပေါ်ပေါက်လာအံ့။ ၄င်းတို့သည် ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်ပြီးနောက် လူတို့ထံတွင် တောင်းခံကြလေအံ့။
ဆင့်ပြန်သူ - အင်မ်ရာန်း ဗင်န် ဟုစိုင်းန် (ရဿွိ)
( သိရ်မိဇီ ကျမ်း )

၂၉။ ဆွာဟစ်ဗ်ကုရ်အာန်သည် ကိယာမသ်နေ့တွင် (အရှင့်ရှေ့တော်သွင်းခံရသောအခါ) ၄င်း ကုရ်အာန်က အရှင်မြတ်အား (၄င်းသူအတွက်)
ဝတ်စုံကိုချီးမြှင့်တော်မူပါဟု တောင်းဆိုရာ အလ္လာဟ် အရှင်မြတ်က ယင်းသူကို
ဝတ်စုံချီးမြှင့်တော်မူအံ့။ တဖန် ၄င်းကုရ်အာန်က ဆင်မြန်းပေးသနားတော်မူပါဟု ထပ်မံလျှောက်တင်ရာ အရှင်မြတ်က ထိုသူအား ဂုဏ်ပြုဝတ်စုံအပြည့်အစုံကို ဆင်မြန်းပေးသနားတော်မူအံ့။ တဖန် ၄င်းကုရ်အာန်က - အို၊ ကျွန်တော်မျိုး၏ဖန်ဆင်းရှင်၊ ၄င်းသူအပေါ် ကြေနပ်နှစ်သက်တော်မူပါဟု ဆက်လက်လျှောက်ထားရာ အရှင်မြတ်က ထိုသူ့အပေါ် ကြေနပ်နှစ်သက်တော်မူပေအံ့။ ပြီးနောက် ၄င်းသူအတွက် ဂျန္နသ်တွင်းမှ အဆင့်အတန်းများကို တစ်ခု ပြီးတစ်ခု မြင့်စွင့်စေတော်မူအံ့။ အာယသ်တော်တစ်ပိုဒ်စီ၏အစား ကောင်းမှုတစ်ခုကျစီ ချီးမြှင့်ပေးသနားတော်မူပေအံ့။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ)
( သိရ်မိဇီ ကျမ်း )
( ဆွာဟစ်ဗ် ကုရ်အာန် ဟူသည် ကုရ်အာန်ကို အာဂုံဆောင်ထားသူ၊ ၄င်းပြင် ကုရ်အာန်ကို အမြဲမပြတ် ဖတ်ရွတ်နေသူ၊ ၄င်းပြင် ကုရ်အာန်ကျမ်းလာအမိန့်အတိုင်း လက်တွေ့လိုက်နာကျင့်သုံးခဲ့ကြသူတို့ကို ခေါ်ဆိုပါသည် )

၃၀။ အလ္လာဟ်အရှင်မြတ်မှ မိန့်မြွက်တော်မူသည်မှာ - အကြင်အခါ ငါ၏ကျွန်သည် ငါအရှင်မြတ်အား တသသတိရနေခဲ့လျှင်၊ ၄င်းပြင် ထိုသူ၏နှုတ်ခမ်းများသည် ငါအရှင်မြတ်အား တသရန် လှုပ်ရှားနေခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့်အတူ ရှိနေတော်မူ၏။
ဆင့်ပြန်သူ - အဗူ ဟုရိုင်ရဟ် (ရဿွိ)
( အိဗ်နိ မာဂျာ ကျမ်း )

၃၁။ ယနေ့ကိယာမသ်နေ့တွင် ဟရှ်ရ်ကွင်းပြင်ဝယ်ရောက်နေသူအပေါင်းမှ ဂုဏ်သိက္ခာကြီးမြင့်သူများကို အလ္လာဟ်အရှင်မြတ်က ကြေငြာစေတော်မူခြင်းဖြင့် သိရှိသွားကြအံ့ဟု တမန်တော်မြတ်(ဆွ)က မိန့်တော်မူ၏။ ထိုအခါ အဆ်ွဟဗ်တော်များက - ယာ ရစူလုလ္လာဟ်၊ ယင်းသို့ ဂုဏ်သိက္ခာကြီးမားမြင့် မြတ်သူများက အဘယ်သူများပါနည်းဟု မေးလျှောက်ကြရာ ကိုယ်တော်မြတ်က - ဗလီဝတ်ကျောင်းတော်တွင်း စုရုံးပြီး ဇိက်ရ် တသမှုပြုလေ့ရှိသော အသိုင်းအ၀ိုင်းများ ဟု အမိန့်ရှိလေသည်။
ဆင့်ပြန်သူ - အဗူ စအီးဒ်ခုဒ်ရီ (ရဿွိ)
( မုစ်နဒ် အဟ်မဒ် ကျမ်း )


၃၂။ ဗန္ဒဟ် ကျေးကျွန်သည် မိမိ၏နှုတ်လျှာကို ကောင်းစွာ မထိန်းသိမ်းနိုင်သရွေ့ အစ္စလာမ် သာသနာ၏အနှစ်သာရကို မရနိုင်သေးချေ။
ဆင့်ပြန်သူ - အနတ်စ် ဗင်န် မာလစ်က် (ရဿွိ)
( သွဗ်ရာနီ ကျမ်း )

၃၃။ ကျွန်ုပ်သည် မိမိ၏နှုတ်လျှာဖြင့် မိမိအိမ်သူအိမ်သားများကို (အကျိုးမဲ့စကားများဖြင့်) များစွာ မကောင်းပြောဆိုမိခဲ့သည်၊ ထို့ကြောင့် ကျွန်ုပ်၏နှုတ်လျှာက ကျွန်ုပ်အား ဂျဟန္နမ်ငရဲဘုံသိုက ဆွဲခေါ် သွားမည်ကို ကြောက်ရွံ့မိပါသည်ဟု ကျွန်ုပ်သည် တမန်တော်မြတ်(ဆွ)၏ထံတော်ပါးတွင် လျှောက်ထားခဲ့ပါသည်။ ထိုအခါ တမန်တော်မြတ်က - အသင်သည် အစ္စသိဃ်ဖာရ်ကို မည်သည့်နေရာတွင်ထားလိုက်သနည်း၊ ငါကိုယ်တော်သည် နေ့စဉ် အစ္စသိဃ်ဖာရ် အကြိမ်တစ်ရာ ဖတ်လေ့ရှိ၏ဟု မိန့်ကြားတော်မူခဲ့ပါသည်။
ဆင့်ပြန်သူ - ဟုဇိုင်ဖဟ် (ရဿွိ)
( ဟာကင်မ်၊ အဟ်မဒ် ကျမ်း )

၃၄။ လူသား၏အများဆုံးသောအမှားသည် ၄င်း၏နှုတ်လျှာကြောင့် ဖြစ်ရသည်။
ဆင့်ပြန်သူ - အဗ်ဒုလ္လာဟ် (ရဿွိ)
( သွဗ်ရာနီ ကျမ်း )

၃၅။ ကောင်းမှုကိုညွှန်ကြားခြင်း သို့မဟုတ် မကောင်းမှုများမှတားဆီးခြင်း
သို့မဟုတ် အရှင်မြတ်အား တသ တမ်းတခြင်းမှအပ လူသား၏ မည်သည့်စကားကိုမဆို စစ်ဆေးမေးမြန်းခြင်း ခံရအံ့။
ဆင့်ပြန်သူ - တမန်တော့်ကြင်ရာတော် အွမ္မိဟဗီဗဟ် (ရဿွိ)
( သိရ်မိဇီ ကျမ်း )

၃၆။ အကြင်သူသည် အလ္လာဟ်အရှင်မြတ် နှင့် နောင်တမလွန်ဘ၀ကို အမှန်တကယ်ယုံကြည်သူ ဖြစ်ပါက ကောင်းသောစကားကိုသာ ပြောဆိုပါ။
သို့မဟုတ်ပါက (မပြောဆိုနိုင်ပါက) ဆိတ်ဆိတ်နေခြင်းသာ သင့်သည်။
ဆင့်ပြန်သူ - အဗူ ဟု၇ိုင်ရဟ် (ရဿွိ)
( ဗုခါရီ ကျမ်း )

၃၇။ လူသုံးမျိုး၏ဒုအာအ်သည် အထူးသီးခြား လက်ခံမှု ခံကြ၇၏။ ကဗူလ်ပြုရာတွင် မည်သည့် သံသယမျှပင် မရှိချေ။ မိဘက (သားသမီးအတွက်) တောင်းဆိုပေးသောဒုအာအ်၊ ခရီးသည်၏ဒုအာအ်၊ မတရားဖိနှိပ်ညှင်းဆဲ/စော်ကားခံရသူ၏ဒုအာအ်
ဆင့်ပြန်သူ - အဗူ ဟု၇ိုင်ရဟ် (ရဿွိ)
( အဗူ ဒါဝူးဒ် ကျမ်း )

၃၈။ လူငါးမျိုး၏ဒုအာအ်မှာ သီးသန့်အထူးကဗူလ်ပြုခြင်း ခံရ၏။
က - ( ပြန်လည်လက်စားချေခြင်းမပြုသော ) မတရားစော်ကားခံရသူ၏ ဒုအာအ်
ခ - ( မိမိနေအိမ်သို့ ပြန်မရောက်မီအချိန်အထိ ) ဟဂ်ျခရီးသည်၏ ဒုအာအ်
ဂ - ( ကျန်းမာရေးပြန်မကောင်းမီအချိန်အထိ ) ရောဂါဝေဒနာဖိစီးနေသူ၏ ဒုအာအ်
ဃ - ( လမ်းခရီးတွင်ရှိနေသော ) သာသနာ့စစ်သည်၏ ဒုအာအ်
င - ( အခြား မုစ်လင်ညီနောင်မောင်နှမအတွက် ) မျက်ကွယ်မှပြုပေးသော ဒုအာအ်
ပြီးနောက် တမန်တော်မြတ်(ဆွ)မှ အမိန့်တော်ရှိလေ၏။ ၄င်းတို့အနက် အမြန်ဆုံး လက်ခံခြင်းခံရသောတောင်းဆုမှာ မုစ်လင်မ်တစ်ဦးတစ်ယောက်အတွက်
၎င်း၏နောက်ကွယ်တွင် ပြုပေးသည့် ဒုအာအ် ဖြစ်သည်။
ဆင့်ပြန်သူ - အိဗ်နု အဘ္ဘာ့စ် (ရဿွိ)
( ဗိုင်ဟကီ် ကျမ်း )

၃၉။ လက်ဝဲဖက်တွင်ရှိသောကောင်းကင်တမန်သည် အပြစ်ငရဲကျူးလွန်သူအတွက် မိမိ၏ ကလောင်တံကို ၁၈ နာရီ (ကာလတစ်ရပ်အထိ) ဟန့်တားထား၏။ အကယ်ရွေ့ ထိုသူသည် မိမိ၏ ကျူးလွန်မှုမှ အရှက်ရကာ အရှင်မြတ်ထံပါးတွင်
အမှားဝန်ချတောင်းပန်လိုက်ပါက ထိုကောင်းကင်တမန်သည် အပြစ်ငရဲအား ယင်းမှဖယ်ရှားလိုက်လေ၏။ ထိုသို့မပြုခဲ့သော အပြစ်ငရဲ တစ်ခုအဖြစ် ရေးမှတ်လေ၏။
ဆင့်ပြန်သူ - အဗူ အုမာမဟ် (ရဿွိ)
( သွဗ်ရာနီ၊ ကန်ဇုလ်အွမ္မာလ်၊ ဟာကင်မ် ကျမ်း )

၄၀။ ယှိုင်သွာန်မိစ္ဆာကောင် အိဗ်လီစ်းက (လောကသို့နှင်ထုတ်ခြင်းမခံရမီ) အလ္လာဟ်အရှင်မြတ်အား - အို၊ ကျွန်တော်မျိုး၏ဖန်ဆင်းရှင်၊ အရှင့်ကျွန်စေလူသားများ၏ ခန္ဓာကိုယ်အတွင်း ၀ိညာဉ်ရှိနေ သမျှကာလတစ်လျှောက်လုံး ကျွန်တော်မျိုးသည် နည်းလမ်းအသွယ်သွယ်ဖြင့် လမ်းမှားအောင် မြူဆွယ်ဖြားယောင်းလျက်သာရှိနေပါအံ့ ဟု တိုင်တည်လျှောက်တင်လေရာ အလ္လာဟ်အရှင်မြတ်က - ငါအရှင်၏ ဂုဏ်သိက္ခာ နှင့် ကြီးကျယ်မြင့်မြတ်ခြင်း၏ ကစံမ်၊ ဗန္ဓာဟ်များသည် ငါအရှင့်ထံတော်ပါးမှ လွတ်ငြိမ်းချမ်းသာခွင့်ကိုတောင်းဆိုနေသမျှကာလပတ်လုံး ငါသည် ခွင့်လွှတ်ချမ်းသာမှုပေးနေမည်သာ ဖြစ်ပေအံ့ ဟု မိန်ကကြားတော်မူခဲ့၏။
ဆင့်ပြန်သူ - အဗူ စအီးဒ် ခုဒ်ရီ (ရဿွိ) 

 ( မိရှ်ကာ့သ်၊ သရ်ဃီးဗ် ကျမ်း )

July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.