Pages

Pages - Menu

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၁၁)

စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၁၁)
************************************************
သာဘိအီးန်ခေတ်ကာလမှ ဟဒီးဆ်တော်၏အနေအထား
( ဟဒီးဆ်ကျမ်းဂန်များ ထွက်ပေါ်ခြင်း၏ အစပျိုးသမိုင်း )
============================

သာဘိအီးန် မျိုးဆက်တို့သည် ဟဒီးဆ်တော်နှင့်ပတ်သက်၍ အထူးအားထုတ်ကြိုးပမ်းသူများ ဖြစ်ကုန်၏။ အစ္စလာမ့်အောင်မြေ တစစ ကျယ်ဝန်းလာသည်နှင့်အမျှ ဟဒီးဆ်တော်တို့သည်လည်း အရှိန်ကောင်းစွာ ပျံ့နှံ့ခဲ့လေသည်။
မုစ်လင်မ်တို့သည် ဟိဂ်ျရီ (၇)ခုနှစ်တွင် အီရတ် နှင့် ဆီးရီးယားကိုလည်းကောင်း၊ ဟိဂ်ျရီ (၂ဝ)ခုနှစ်တွင် ပါးရှန်းအင်ပါယာကိုလည်းကောင်း၊ ဟိဂ်ျရီ (၉၃)ခုနှစ်တွင် ဂျာမဏီနိုင်ငံကိုလည်းကောင်း အစရှိသဖြင့် စိုးမိုးနိုင်ခဲ့ကြသည်။ ဒေသအသီးသီး၊ လူမျိုးအသွယ်သွယ်၌ အစ္စလာမ်ကိုလက်ခံသူများ တိုးတက်မပျက်ဖြစ်လာ၍ မုစ်လင်မ်ခေါင်းဆောင်တို့သည် ပညာရှင်များကို ခွဲဖြန့်စေလွှတ်ရပေသည်။ ပညာရှင်တို့သည်လည်း မိမိတို့နှစ်သက်သင့်တော်ရာဒေသများ၌ အခြေချနေထိုင်လိုက်ကြပြီး သာသနာ့ပညာအား ပို့ချသင်ကြားခဲ့ကြသည်။ သာသနာ့ပညာလိုလားသူတို့က မိမိတို့ဒေသနှင့် အနီးဆုံး ဆွဟာဘဟ်ပညာရှင်များထံအရောက်လာ၍ သင်ကြားနာယူကြလေသည်။
ထိုခေတ်ကာလတစ်လျှောက်လုံး စာသင်ကျောင်း၊ တက္ကသိုလ်ဟူ၍ မရှိသေး၊ ဆွဟာဘဟ်ပညာရှင် တစ်ဦးဦးသည် ဗလီဝတ်ကျောင်းသို့ ရောက်ရှိလျှင် လူအများမှ စုရုံးလိုက်ကြကာ သာသနာ့ပညာကို မေးမြန်းသင်ကြား ခဲ့ကြသဖြင့် ဝတ်ကျောင်းတော်များမှာ ပညာဖြန့်ချိရာဗဟိုဌာနများ ဖြစ်ခဲ့ကြသည်။ ၄င်းပြင် သင်ရိုးညွှန်းတမ်း ဟူ၍လည်း မရှိခဲ့ပေ။ ဆွဟာဘဟ်တို့၏ နှလုံးသား နှင့် အသိဥာဏ် သည်သာ ပညာ့ဘဏ္ဍာတိုက်ကြီးများ ဖြစ်နေပေသည်။ ၄င်းခေတ်၌ ပညာပို့ချဖြန့်ချိခဲ့သော ဗဟိုဌာနကြီး (၆)ခု ရှိခဲ့သည်။

(က) မဒီနဟ် ရွှေမြို့တော်
ဆွဟာဘဟ်ပညာရှင်တို့သည် အစ္စလာမ့်ဘူမိနက်သန်အောင်မြေ ဖြစ်သော မဒီနဟ်မြို့တော်ကို အခြားနေရာများထက် အလေးထားခဲ့ကြသည်။ မလွှဲမရှောင်သာသောကိစ္စများ နှင့် တာဝန်အပ်နှင်းခံရသည်မှအပ ဆွဟာဘဟ်အများစုသည် မဒီနဟ်ကို စွန့်ခွာလေ့မရှိကြချေ။ ထို့ကြောင့် မဒီနဟ်သည် ပညာရေးဌာနချုပ်သဖွယ် ဖြစ်ခဲ့သည်။ ဆွဟာဘဟ်များအနက် ကုရ်အာန်၊ ဟဒီးဆ်၊ ဖိကဟ် ( ကုရ်အာန် နှင့် ဟဒီးဆ်အပေါ် အခြေခံပြီး အစ္စလာမ့်တရားတော် - ယှရီအဟ် ကို သိရှိနိုင်သောပညာ)၌ ကျွမ်းကျင်သူအများအပြားတို့သည် မဒီနဟ်နယ်တွင် စုရုံးနေထိုင်ခဲ့ကြ၏။
ဥပမာ - ကုရ်အာန်စုစည်းမှုခေါင်းဆောင် ဇိုင်းဒ် ဘင်န် ဆာဘိသ် (R)သည် ကုရ်အာန်၊ ဟဒီးဆ်၊ ဖိကဟ်ပညာအရာသာမက သင်္ချာပညာနှင့်အိဂ်ျသိဟာ့ဒ်ပြုရာ၌လည်း အလွန်ကျော်ကြားသူဖြစ်ခဲ့ပြီး၊ ခလီဖဟ်လေးပါးခေတ် တစ်လျှောက်လုံး ဓမ္မသတ်ဖြေကြားခြင်း၊ ကုရ်အာန်ဖတ်ရွတ်ခြင်းအတတ် နှင့် အမွေခွဲဝေခြင်းကဏ္ဍတွင် ဦးဆောင်ခဲ့သည်။ မုအာဝီယဟ် (ရဿွိ)၏ ခိလာဖသ်ကာလအတွင်း ကွယ်လွန်သည်။
မြောက်များလှစွာသော သာဘိအီးန်တို့သည် ၄င်းတို့ထံမှ ပညာရင်နို့သောက်သုံးနိုင်ခဲ့ကြသည်။

(ခ) မက္ကဟ် ရွှေမြို့တော်
မက္ကဟ်ကိုအောင်နိုင်ပြီးနောက် တမန်တော်မြတ် (SAW)သည် မုအာ့ဇ် ဘင်န် ဂျဘလ် (R)အား မက္ကဟ်၌နေထိုင်၍ ပညာသင်ကြားပို့ချရန် စေလွှတ်တော်မူခဲ့၏။ မုအာ့ဇ်သည် ဆွဟာဘဟ်များအနက် ဟလာလ်၊ ဟရာမ် ပညတ်တော်ဆိုင်ရာ၌ အတတ်ကျွမ်းဆုံးသူဖြစ်၏။ ကုရ်အာန်ပညာရှင်လည်း ဖြစ်၏။
ဘဆ်ွရဟ် (အီရတ်) သို့ရောက်ရှိသွားခဲ့သော အဘ်ဒုလ္လာဟ် ဘင်န် အဘ္ဘာ့စ် (R)သည် နောင်သော် မက္ကဟ်သို့အပြီးပြန်လာကာ အခြေချနေထိုင်ခဲ့၏။ အဘ္ဘာ့စ်သည် ဟဒီးဆ်ပညာ၌ အကျော်အမော်ဖြစ်သည့်အပြင် ပညာ့ဘဏ္ဍာတိုက် ဟုပင် တင်စားခေါ်ဝေါ်ခံရသူဖြစ်သည်။ ယင်းပညာရှင်နှစ်ဦးကြောင့် မက္ကဟ်မြို့တော်မှာ သာသနာ့ပညာရေး၌ ထင်ရှားလာခဲ့သည်။ ဟဂ်ျကာလများတွင် ပညာရှင်များ တွေ့ဆုံကြပြီး နှီးနှောဖလှယ်မှုများလည်း နှစ်စဉ်ရှိလာခဲ့သည်။

(၃) ကူဖဟ် မြို့တော်
အီရတ်နိုင်ငံ၊ ကူဖဟ်မြို့တော်သည် မက္ကဟ် နှင့် မဒီနဟ်မှ အစ္စလာမ့်စစ်သည်အများဆုံး အခြေချနေထိုင်ကြသည့် စစ်ဌာနချုပ်မြို့တစ်မြို့ဖြစ်ခဲ့သည်။ ၄င်းမြို့တွင် ခေါင်းချခဲ့သော ဆွဟာဘဟ် အမြောက်အများရှိသည်။ သို့ဖြစ်ရာ ကူဖဟ်သည်လည်း ပညာမြို့တော်တစ်ခုဖြစ်ခဲ့ကြောင်း အလွယ်တကူ ခန့်မှန်းသိရှိနိုင်ပါ၏။ ကူဖဟ်၌ နေထိုင်ခဲ့ကြသည့် အကျော်အမော်အချို့မှာ အလီ၊ စအာ့ဒ် ဘင်န် အဘီ ဝက္ကာ့ဆွ်၊ စအီးဒ် ဘင်န် ဇိုင်းဒ်၊ စလ်မာန် ဖာရိစီ၊ ဟုဇိုင်ဖဟ် ဘင်န် ယမာန်၊ အမ္မာရ် ဘင်န် ယာစိရ်၊ အဘူမူစာ အရှ်အရီ၊ မုဃီရဟ် ဘင်န် ယှုအ်ဘဟ်၊ နုအ်မာန်း ဘင်န် ဘိရှ်ရ်၊ အဘူ ဂျုဟိုင်ဖာ (R) တို့ဖြစ်ကြသည်။
ကူဖဟ်ရောက် ဆွဟာဘဟ်များအနက် ပညာအရှိဆုံး နှင့် အထင်ရှားဆုံးသူမှာ အဘ်ဒုလ္လာဟ် ဘင်န် မတ်စ်အုးဒ် (R)ပင်ဖြစ်သည်။ ဒုတိယခလီဖဟ် အုမရ် (R)မှ သူ့အား ကာဿွီ (တရားသူကြီးချုပ်)အဖြစ် ခန့်အပ်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ထိုရာထူး၌ ဟဂ်ျဂျားဂ်ျ ဆကဖီ လက်ထက်အထိတည်မြဲခဲ့ရာ အခြားပညာရှင် ဆွဟာဘဟ်များထက် ကာလကြာရှည်စွာ နေထိုင်ခဲ့သူ ဖြစ်၏။ သူ၏ပညာသင်တပည့် သာဘိအီးန်များအတွင်း အလွန်ထင်ရှားကျော်စောသည့် ပညာရှင်များစွာ ထွန်းပေါ်လာခဲ့၏။

(၄) ဘဆ်ွရဟ် မြို့တော်
(အီရတ်) ဘဆ်ွရဟ်မြို့တော်တွင် ပညာရှင်တို့၏အကြီးအမှူးသည် တမန်တော်မြတ်(SAW)၏ ဝေယျာဝစ္စ ဆိုင်ရာ ဝန်တော်ထမ်းခဲ့သူ ဟဒီးဆ်ပညာရှင်ကြီး အနတ်စ် ဘင်န် မာလစ်က် (R)ပင် ဖြစ်သည်။ ထိုမြို့တွင် တရားသူကြီး တာဝန်ဖြင့် အဘ်ဒုလ္လာဟ် ဘင်န် အဘ္ဘာ့စ်၊ ၄င်းပြင် အုသ်ဘဟ် ဘင်န် ဃဇ်ဝါန်း၊ အင်မ်ရာန်း ဘင်န် ဟုဆွိုင်းန်၊ အဘူ ဘတ်ကရဟ် (R) စသော ဆွဟာဘဟ်များလည်း နေထိုင်သွားခဲ့ကြသည်။ ယင်းသူတို့အားဖြင့် သာဘိအီးန် ပညာရှင်အများအပြား ထွက်ရှိထွန်းပေါ်လာခဲ့ပေသည်။

(၅) ဆီးရီးယား နိုင်ငံ
ဆီးရီးယား၌ သာသနာ့ထိပ်သီးပညာရှင်မှာ မုအာ့ဇ် ဘင်န် ဂျဘလ် (R) ဖြစ်ခဲ့သည်။ တမန်တော်မြတ် (SAW)သည် မုအာ့ဇ်ကို ပထမဦးစွာ ယမာန် (ယီမင်)သို့ စေလွှတ်တော်မူခဲ့သည်။ မက္ကဟ်ကို အောင်နိုင်သောအခါ မက္ကဟ်သို့စေလွှတ်တော်မူပြန်သည်။ အုမရ် (R)လက်ထက်တွင် ရှာမ် (ဆီးရီးယား)သို့ သာသနာ့ပညာရပ်များ ပို့ချရန် ထပ်မံတာဝန်ပေးခြင်းခံရသူဖြစ်သည်
ဆီးရီးယားသို့ မုအာ့ဇ် (R)နှင့်အတူ အုဘာဒဟ် ဘင်န် ဆွာမိသ်၊ အဘူ ဒရ်ဒါအ် အလ်အန်ဆွာရီ (R) တို့ကိုလည်း စေလွှတ်ခဲ့သည်။ အုဘာဒဟ် (R)သည် ကုရ်အာန်ကို ပြန်လည်စုစည်းမှုတွင် အထူးအားထုတ်ခဲ့သူဖြစ်ပြီး မုအာဝီယဟ် (R)၏လုပ်ရပ်များစွာ၌ ရဲဝံ့စွာအမှားထောက်ပြခဲ့သူ ဖြစ်သည်။
အဘူ ဒရ်ဒါအ် (R)သည်လည်း ဟဒီးဆ်နှင့် ဖိကဟ်ပညာရှင်တစ်ပါးဖြစ်သည်။ ယင်းသူသုံးဦး၏ ပျိုးထောင်မှုဖြင့် ဆီးရီးယား၌ သာဘိအီးန်ပညာရှင် မျိုးဆက်များ ပွင့်လန်းလာခဲ့ကြပေသည်။

(၆) အီဂျစ် နိုင်ငံ
မုစ်လင်မ်တို့သည် အီဂျစ်ကို အောင်နိုင်သောအခါ ဆွဟာဘဟ်အများအပြားတို့သည် ထိုဒေသသို့ သွားရောက်အခြေချခဲ့ကြ၏။ ၄င်းတို့အနက် အကျော်ကြားဆုံးမှာ ဟဒီးဆ်ပညာရှင်ကြီး အဘ်ဒုလ္လာဟ် ဘင်န် အမ်ရ် ဘင်န် အလ် အာ့ဆွ် (R)ပင် ဖြစ်လေသည်။ အဆိုတစ်ခုအရ သူသည် အီဂျစ်မှာပင် ကွယ်လွန်သည်အထိ နေထိုင် သွားခဲ့ကြောင်း သိရသည်။

ဆွဟာဘဟ်ပညာရှင်တို့သည် ကုရ်အာန်၊ ဟဒီးဆ်၊ သာသနာ့ပညာများ လက်ဆင့်ကမ်းရာတွင် အချိန် အခါ၊ နေရာဒေသမရွေး ဆရာစားမချန် အနစ်နာခံကိုယ်ကျိုးစွန့်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ကြကုန်၏။ မိမိ မသိသော ပညာနှင့် ပတ်သက်လာလျှင် မိမိထက်တတ်ကျွမ်းသူများထံ လမ်းညွှန်ပေးလေ့ရှိ၏။ တတ်ယောင်ကား မလုပ်တတ်ကြ။ တစ်ခါတစ်ရံ ကိုယ်တိုင်ကိုယ်ကျပင် ခရီးကြမ်းနှင်ပြီး သွားရောက်တွေ့ဆုံဆွေးနွေးလေ့ရှိခဲ့ပေသည်။ သာဘိအီးန်ပညာသင်တို့အတွက် စံနမူနာပြသနိုင်ခဲ့ကြသည်။ တပည့်ကောင်းများတို့သည်လည်း မိမိတို့လိုအပ်သောပညာများအတွက် ဆရာစွဲမထားဘဲ ဒေသအသီးသီး၊ ပညာရှင်အသီးသီးတို့ထံ ရှာဖွေသွားလာမေးမြန်း သင်ယူခဲ့ကြကုန်၏။ ဤသို့အားဖြင့် သာဘိအီးန်မျိုးဆက်ပညာရှင်များသည် ပြန့်ကျဲနေသော ဟဒီးဆ်တော်များကို ဆွဟာဘဟ်များထံမှတဆင့် စတင်စုဆောင်းမိကြ၏။ ၄င်းပြင် ဟဒီးဆ်ဆင့်ပြန်သော ဆွဟာဘဟ်တို့၏ကိုယ်ရည်ကိုယ်သွေး နှင့် ဖြစ်ရပ်မှန်သမိုင်းများကို လက်တွေ့ကြုံဆုံမှတ်သားနိုင်ခဲ့ကြကာ ပညာရည်အဆင့်အတန်းများလည်း တိုးတက်မြင့်မားလာခဲ့ကြလေသည်။ ယင်းသို့ဖြင့် ခရီးထွက်၍ ပညာရှာမှီးခြင်းဓလေ့ မှာ ခေတ်စားလာခဲ့ပေသည်။ အိဘ်နု အုမရ် (R)၏ ဖော်ပြပါ အဆိုအမိန့်တစ်ခုကို ရှုပါလေ။
'' ပညာရှာမှီးသူ၏ဖိနပ်သည် သံဖိနပ်ဖြစ်သင့်၏။ သို့မှသာ ဖိနပ်ပြတ်ခြင်းဒုက္ခမှ ကင်းဝေး၍ ခရီးများစွာ သွားလာနိုင်မည် ဖြစ်သည် '' ။
သာဘိအီးန်တို့၏ခေတ်တွင် ဟဒီးဆ်အတုများ အားကောင်းစွာ ပျံ့နှံ့သွားကုန်ပြီဖြစ်သဖြင့် စစ်မှန်သော ဓမ္မပညာရှင်တို့မှာ ဟဒီးဆ်အတုထွင်သူများ၊ ဘိဒ်အသ်သီများနှင့် ထိပ်တိုက်တိုးရင်ဆိုင်ကြရတော့သည်။ ဟဒီးဆ်တော် များကို ရှာဖွေမှတ်တမ်းတင်မှုသည် ဤသာဘိအီးန်ခေတ်တွင် စတင်အားကောင်းလာခဲ့၏။ ကျမ်းဂန်များအဖြစ် ထွက်ရှိမလာသေးသော်လည်း ဟဒီးဆ်ကျမ်းဂန်များ၏ နိဒါန်းကာလ ဟုဆိုလျှင် မှားမည်မဟုတ်ပါချေ။
ဟဒီးဆ်ကျမ်းဂန်များသည် ဆွဟာဘဟ်ခေတ်နှင့်သာဘိအီးန်တို့၏ ခေတ်ကာလအလယ်အထိ မပေါ်ထွက်ခဲ့ပါ။ သို့ဖြစ်ရာ ဟဒီးဆ်ကျမ်းကိစ္စ ရှေ့သို့ ထပ်မံမဆက်မီ ဆွဟာဘဟ်များ နှင့် ဟဒီးဆ်/စွန္နဟ်အကြောင်းကို ကြားညှပ်တင်ပြပါအံ့။

** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ
ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏
သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်ပြချက် ဖြစ်ပါသည်။ ငြင်းခုံလိုသူများအနေနှင့် မူရင်းကျမ်းရှင်နှင့် ဆက်သွယ်ငြင်းခုံကြပါကုန် **

အင်န်ရှာ အလ္လာဟ်။ ဆက်လက်ဖော်ပြသွားပါမည်။ အနိုင်ယူငြင်းခုံမှုများအတွက် အချက်အလက်များ ချပြနေခြင်း မဟုတ်ပါ။ လူသိနည်းလွန်းသော အကြောင်းအရာများကို အလွယ်တကူ လေ့လာနိုင်ရန် ကြိုးစားတင်ပြပေးနေခြင်းသာဖြစ်ကြောင်း သိစေအပ်ပါသည်။

No comments:

Post a Comment

Note: only a member of this blog may post a comment.